တရုတ်ကို ဖယ်ထုတ်၍မရသော မြောက်ကိုရီးယားအရေး

တရုတ်ကို ဖယ်ထုတ်၍မရသော မြောက်ကိုရီးယားအရေး
Published 18 June 2018

ဇွန် ၁၅ ရက်က ဆိုးလ်မြို့ရှိ အမေရိကန်သံရုံးအနီး၌ တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများက ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်စဲရန် တောင်းဆိုသည့် ဆန္ဒပြပွဲ ပြုလုပ်စဉ် (Photo: AFP)

ဒေါ်နယ်ထရန့်နဲ့ ကင်ဂျုံအွန်တို့ တွေ့ကြတဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်ရဲ့ အခန်းကဏ္ဍမပါပါဘူး။ ဒါပေမဲ့ တရုတ်ဟာ မဟာဗျူဟာအရ အောင်ပွဲတစ်ရပ် ရရှိခဲ့တယ်လို့ ဆိုနိုင်ပြီး ဘယ်သူမှ တရုတ်ကို ဖယ်ထုတ်လို့ မရဘူးဆိုတဲ့ မက်ဆေ့ချ်ကိုလည်း ရှင်းရှင်းလင်းလင်း ပေးနိုင်ခဲ့ပါတယ်။

အစောပိုင်း လအနည်းငယ်မှာ အမေရိကန်က မြောက်ကိုရီးယားနဲ့ အမေရိကန်အကြား တိုက်ရိုက်ဆက်သွယ်မှုကို ထူထောင်ပြီး မြောက်ကိုရီးယားနဲ့ စေ့စပ်ညှိနှိုင်းရာမှာ တရုတ်ကို ဖယ်ထုတ်ပစ်လိုက်သလိုပါပဲ။

ဒါပေမဲ့ တရုတ်ဟာ သူ့အတွက် ရေရှည်လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားရှိနေတဲ့ ကိုရီးယားကျွန်းဆွယ်နဲ့ပတ်သက်ပြီး ဖယ်ထုတ်မခံခဲ့ပါဘူး။ တရုတ်ကို ပစ်ပယ်လို့ မရဘူးလို့ အမေရိကန်ကိုရော မြောက်ကိုရီးယားကိုပါ တရုတ်အာဏာပိုင်တွေက သတိပေးဖို့ အလျင်အမြန် လှုပ်ရှားခဲ့ပါတယ်။

ပြီးတော့ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ဒေါ်နယ်ထရန့်က တောင်ကိုရီးယားနဲ့ ပူးတွဲပြုလုပ်နေကျဖြစ်တဲ့ ကြီးမားလှတဲ့ စစ်ရေးလေ့ကျင့်မှုကြီးကို ရပ်ဆိုင်းမယ်လို့ အံ့ဖွယ် ကြေညာခဲ့ပါတယ်။ အဲ့ဒါဟာ တရုတ်အတွက် ဟိုးရှေးရှေးကတည်းက ရည်မှန်းထားတဲ့ ပန်းတိုင်တစ်ရပ်ပါ။ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး တရုတ်က အမှတ်ယူနိုင်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ထရန့်-ကင် တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင်ပင်းအပြင် တခြားထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ တရုတ်မြို့တော်ကို အပြေးအလွှား သွားခဲ့ရတဲ့အခါ သိသာထင်ရှားတဲ့ နောက်ထပ် အလှည့်အပြောင်းတစ်ရပ်က ပေါ်လွင်လာပါတယ်။

“စင်ကာပူထိပ်သီးဆွေးနွေးပွဲရဲ့ ရလဒ်တွေက တရုတ်ရဲ့ မျှော်လင့်ချက်တွေနဲ့ အခြေခံသဘောအရ ကိုက်ညီပါတယ်” လို့ ရှန်ဟိုင်းမြို့ ဖူဒန်တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးကျွမ်းကျင်သူ ဝူဆင်ပိုက ဆိုပါတယ်။

“ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား အပြီးဖျက်သိမ်းရေးနဲ့ ကျွန်းဆွယ်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ် ထူထောင်ရေးဟာ တရုတ်ရဲ့ အစဉ်အမြဲ တောင်းဆိုချက်နဲ့ ကိုက်ညီပါတယ်” လို့လည်း ဝူဆင်ပိုက ဆိုပါတယ်။

ထွက်ပေါ်လာတဲ့ရလဒ်က တရုတ်ကို မဟာဗျူဟာအရ အောင်နိုင်သူ ဖြစ်သွားစေတယ်လို့ အမည်မဖော်လိုတဲ့ အနောက်တိုင်း သံတမန်တစ်ဦးက ပြောပါတယ်။

“အရင်ကဆို ထရန့်က တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်စဲဖို့ပြီးတော့ အနာဂတ်မှာ တောင်ကိုရီးယားကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းဖွယ်ရှိလာမယ့် အရိပ်အယောင်ကို တွေ့ရဖို့ သူတို့ အိပ်မက်တောင် မမက်နိုင်ပါဘူး” လို့ အဲဒီအနောက်တိုင်းသံတမန်က ပြောပါတယ်။

ထိပ်သီးဆွေးနွေးပွဲရလဒ်အပေါ် တရုတ်ရဲ့ သြဇာသက်ရောက်မှုရှိတယ်ဆိုတာ မြေကြီးလက်ခတ်မလွဲတဲ့ ကောက်ချက်ချမှုပါပဲ။

နှစ်အတန်ကြာအောင် တရုတ်ဟာ ကင် အစိုးရ ပြိုကျသွားမှာကို စိုးရိမ်တာမို့ နိုင်ငံတကာက ဖိအားပေးမှုကို ရင်ဆိုင်နေရချိန်မှာ မြောက်ကိုရီးယားစီးပွားရေးကို ကျားကန်ပေးထားခဲ့ပါတယ်။ တောင်ကိုရီးယားမှာ အမေရိကန်တပ်တွေရှိနေတာကို မဟာဗျူဟာမြောက် ပြန်ထောက်ထားဖို့ရာ မြောက်ကိုရီးယားဟာ တရုတ်အတွက် အရေးကြီးပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်အတွင်း မြောက်ကိုရီးယားက နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေ အထပ်ထပ် ပြုလုပ်နေတာကို တရုတ်က လျစ်လျူမပြုနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကုလသမဂ္ဂက ပိတ်ဆို့မှုတွေလုပ်တာကို ထောက်ခံဖို့ ရွေးချယ်ခဲ့ပြီး မြောက်ကိုရီးယားကနေ ကျောက်မီးသွေး၊ အထည်အလိပ်နဲ့ တခြားကုန်ပစ္စည်းတွေ တင်သွင်းတာကို ဖြတ်တောက်ခဲ့ပါတယ်။

အမေရိကန်ဟာ တရုတ်မပါဘဲနဲ့လည်း ဆက်သွားမယ်လို့ ရည်ရွယ်ထားပုံရတာကို တွေ့ရတော့ တရုတ်က အသာကလေး လွှတ်ပေးလိုက်တာပါပဲ။

မတ်လမှာ ထရန့်က ကင်ဂျုံအွန်နဲ့ တွေ့ဆုံမယ့် သူ့အစီအစဉ်ကို ကြေညာလိုက်တဲ့အခါ အမေရိကန်အနေနဲ့ ကြားပွဲစားကိုဖျောက်ပြီး ကင်ဂျုံအွန်နဲ့ တိုက်ရိုက်ဆက်ဆံဖို့ စီစဉ်နေတယ်ဆိုတာ သိသာလာပါတယ်။ ဒါပေမဲ့ တရုတ်ဟာ ကစားပွဲထဲကနေ သူ့ဘာသာ အသာပြန်လျှိုသွားဖို့ ကြိုးပမ်းခဲ့ပါတယ်။

နှစ်အတန်ကြာအောင် ဝိုင်းပယ်ခံထားရတဲ့ ကင်ဂျုံအွန်ဟာ ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် ရုတ်တရက်ကြီး ပေကျင်းကို သွားပါတယ်။ သိပ်မကြာခင်မှာပဲ တရုတ်ဆိပ်ကမ်းမြို့ ဒါလီယန်မှာ ရှီကျင်ပင်းနဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံပါတယ်။

ဒီအချက်မှာက အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု အဆုံးသတ်သွားရေးဟာ မြောက်ကိုရီးယားအတွက် တကယ်က ဦးစားပေး မဟုတ်ဘူးဆိုတာကို ပြနေပါတယ်လို့ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး ဝါရှင်တန်ဌာနက အာရှအကြီးတန်းအကြံပေးပုဂ္ဂိုလ် ဘွန်နီဂလေဆာက ပြောပါတယ်။

“ရှီကျင်ပင်းနဲ့ ကင်ဂျုံအွန်တို့ ဒါလီယန်မှာ တွေ့ဆုံပြီးတဲ့နောက် ရုတ်တရက်ကြီး ကျွန်တော်တို့အနေနဲ့ မြောက်ကိုရီးယားတွေနဲ့ ရင်ဆိုင်ရဖို့ ဖြစ်လာတာပါပဲ” လို့ ဂလေဆာက ပြောပါတယ်။

လွန်ခဲ့တဲ့လက ဒါလီယန်တွေ့ဆုံမှုဟာ ကင်ဂျုံအွန် ပေကျင်းကို သွားပြီးတဲ့နောက် သီတင်းခြောက်ပတ်အတွင်း ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်ပါတယ်။

“ဖြစ်ရပ်တစ်ခုလုံးဟာ ကင်ဂျုံအွန် အတွက်သာ အောင်ပွဲမဟုတ်ပါဘူး၊ ရှီကျင်ပင်းအတွက် ပိုလို့တောင် ကြီးမားတဲ့ အောင်ပွဲဖြစ်ပါတယ်” လို့လည်း ဂလေဆာက ဆိုပါတယ်။

“ဒေသတွင်းကနေ အမေရိကန်တပ်တွေ တကယ်ထွက်သွားနိုင်ပါ့မလားလို့ တရုတ်တွေက ဟိုးရှေးရှေးကတည်းက ယုံကြည်ထားတာပါ။ ဒါဟာ ဒေသတွင်းမှာ အမေရိကန် သြဇာလွှမ်းမိုးမှုကို အကြီးအကျယ် လျှော့ချရေးအတွက် အဓိကအချက်ဖြစ်ပြီး တရုတ်ကို ပိုပြီးဗဟိုပြုတဲ့ ဒေသတစ်ရပ် ဖန်တီးရေးကို အရှိန်မြှင့်ပေးနိုင်မှာပါ။

စင်ကာပူထိပ်သီးဆွေးနွေးပွဲပြီးတဲ့နောက်မှာ တရုတ်ဟာ စေ့စပ်ညှိနှိုင်းမှုတွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ဖို့ ရည်ရွယ်ထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။

အမေရိကန်မှာက ရွေးချယ်စရာ တခြားလမ်းရှိပုံမရပါဘူး။ ဒီအတိုင်း ဆက်သွားရုံပါပဲ။

“အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား အောင်မြင်တဲ့ ဖြေရှင်းနိုင်မှုတစ်ရပ်ရှိတယ်ဆိုရင် အဲဒီမှာ တရုတ်က မပါမဖြစ်ပါပဲ” လို့ တရုတ်နိုင်ငံမှာ ဗြိတိသျှသံအမတ်လုပ်ခဲ့ဖူးပြီး အခု ဗြိတိန်အခြေစိုက် RUSI ဆိုတဲ့ အကြံပေးအဖွဲ့မှာ အလုပ်လုပ်နေသူ ချာလီပါတန်က ဆိုပါတယ်။

“နယ်မြေချင်း ထိစပ်နေပြီး မြောက်ကိုရီးယားရဲ့ စီးပွားရေးကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဧရာမ အင်အားကြီးနိုင်ငံကို လျစ်လျူပြုလို့ မရနိုင်ပါဘူး” လို့လည်း ပါတန်က ဆိုပါတယ်။

“တရုတ်ရဲ့ ထောက်ပံ့မှုမရှိဘဲ မြောက်ကိုရီးယားဟာ နျူကလီးယားဖျက်သိမ်းရေးကို ဘေးကင်းလုံခြုံစွာ မြှင့်တင်နိုင်မှာ မဟုတ်ပါဘူး။ မြောက်ကိုရီးယားအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို အာရုံစိုက်ရေးဆီ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ကူးပြောင်းနိုင်မှာလည်း မဟုတ်ပါဘူး” လို့ ဝူကလည်း ထောက်ခံခဲ့ပါတယ်။

အခုတော့ တရုတ်ဟာ စေ့စပ်ညှိနှိုင်းရေးထဲ သူ့ဘာသာ အောင်အောင်မြင်မြင် ပြန်လည်ဝင်ရောက်လာနိုင်ခဲ့ပြီး အမေရိကန်နဲ့ တခြားကဏ္ဍတွေက ဆက်ဆံရေး အရှိန်အဝါအတွက် သူ့အနေအထားကို အသုံးပြုလာဖွယ်ရှိတယ်လို့ ဝူက ဆိုပါတယ်။

Most Read

Most Recent