ဆရာမ ဖြစ်ချင်သူတစ်ဦး၏ မျှော်လင့်ချက်နှင့် အဓိပ္ပာယ်ရှိသော နေ့ရက်များ

ဆရာမ ဖြစ်ချင်သူတစ်ဦး၏ မျှော်လင့်ချက်နှင့် အဓိပ္ပာယ်ရှိသော နေ့ရက်များ
Published 18 June 2018

အရွတ်ကင်ဆာ ဝေဒနာရှင် ချမ်းအား ခွဲစိတ်ခန်းမဝင်မီပုံနှင့် အလယ်တန်း ကျောင်းသူဘ၀ ချမ်း (ခေါ်) မအိချမ်းမြေ့အောင်၏ပုံအား တွေ့ရစဉ်

အနီရောင်တွေ ခြယ်သထားသည့် ကိုလိုနီခေတ် ယဉ်ကျေးမှုလက်ရာ အဆောက်အအုံတွေက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ပြယုဂ်ပင်ဖြစ်သည်။ ဆေးရုံတစ်ခုထက် ကျောင်းတစ်ကျောင်းနှင့် ပိုဆင်တူသည့် အဆောက်အအုံများကိုဖြတ်ပြီး လျှောက်လာသည့်အခါ အဆောက်အအုံ တစ်ခုရှိနေပြီး သိမ်းဆည်းထားသည့် လူသားများ၏ အငွေ့အသက်တွေကြောင့် နွမ်းလျလျ ဖြစ်နေသည်ဟု ထင်ရသည်။ ကင်ဆာရောဂါကုဌာနဆိုသည့် ဆိုင်းဘုတ်တစ်ခု၏ ကြိုဆိုမှုက အဆောက်အအုံ အတွင်းက ဘဝတွေကို အကျဉ်းချုပ် ထင်ဟပ်ပြသနေသကဲ့သို့ပင်။ စစ်ပွဲအတွင်းက ဒဏ်ရာရ စစ်သားတွေနှင့် အလားတူစွာ ပြင်းထန်သည့် ဝေဒနာများကို အန်တုထားရသည့် မျက်နှာများက အဝင်ကနေ ထပ်မံဆီးကြိုနေသည်။

ညည်းညူသံများ၊ မိန်းမောမှုများ၊ နွမ်းနယ်မှုများ၊ ဝေဒနာများ ရောယှက်နေသည့်  လူသားများ၏ အကြားတွင် ရုပ်ဝတ္ထုပစ္စည်း ကြွယ်ဝမှုကိုလည်း ရှာဖွေ့မတွေ့ပေ။ ၁၀ ပေဝန်းကျင် လောက်သာရှိမည့် နေရာအပိုင်းတွေ၌ သေခြင်းတရား၏ အပြင်းအထန် ထိုးစစ်ဆင်မှုကို ရောဂါသည်များက  ကုသတုံ့ပြန့် ခံစစ်ပြင်နေကြရသည်။ ဝေဒနာရှင်များ နားခိုနေသည့် ခုတင်များ၏ ပတ်ပတ်လည်တွင်  မိသားစုဝင်များက ကိုယ်စီကိုယ်စီ စောင့်ကြပ်နေကြရပြီး ခြေချစရာနေရာကိုတောင် တစ်ခါတစ်ရံ ရှာဖွေရခက်နိုင်သည်။ ခပ်ဆင်ဆင်တူသည့် နွမ်းလျအားလျော့ဖွယ် မြင်ကွင်းများအကြားက ကွဲထွက်မှု တစ်ခုကို ရှာတွေ့လိုက်သည်။ ဒီနေရာတွင် မရှိနိုင်လောက်ဘူး ထင်ခဲ့သည့် မျှော်လင့်ချက်များ ပြည့်နေသည့် မျက်ဝန်း၊ ပေါ့ပါးလန်းဆန်းသည့် အပြုံးတွေနှင့်အတူ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တစ်ဦး ထိုင်နေသည်။ သူမ၏ ဘေးတွင်ရှိသည့် လူသားများ၏ ပူဆွေးမှုတွေကို မြင်တွေ့ရခြင်း မရှိ။ ပကတိ ကလေးငယ် တစ်ဦး၏ ဖြူစင်ခြင်း သက်သက်သာ သူမမှာ ရှိနေသည်။ ထိုမိန်းကလေးငယ်၏ အမည်က အိချမ်းမြေ့အောင် ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ချမ်းလို့ သုံးနှုန်းတတ်သူလည်း ဖြစ်သည်။

ချမ်းဆိုတဲ့ ဆယ်ကျော်သက် အမျိုးသမီးငယ်မှာ လူတစ်သိန်းတွင် တစ်ယောက်သာ ဖြစ်ပွားနိုင်ခြေရှိသည့် အရွတ်ကင်ဆာကို ခံစားနေရသူဖြစ်သည်။ သေမင်းတမန်ရောဂါနှင့် တိုက်ပွဲဆင်နွှဲ နေရဆဲဖြစ်သည်။ ရောဂါနှင့် စစ်ခင်းနေသည့် လူတစ်ဦးဖြစ်ပေမယ့် ယခုနှစ် တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့သည်။ ကင်ဆာရောဂါအတွက် ပြင်းထန်သည့် ကုထုံးများ အကြားမှာ အောင်မြင်ဖို့ အခွင့်အရေး နည်းပါးတဲ့ စာမေးပွဲကို ကျော်ဖြတ်နိုင်ခဲ့သူ တစ်ဦးဖြစ်သည်။

အတိတ်က ကျန်းမာခြင်းတွေကို သတိရနေကြပြီး အနာဂတ်အတွက် အပြင်းအထန် တိုက်ပွဲဝင်နေသူတွေ အပြည့်ရှိနေတဲ့ ဒီနေရာနှင့် ချမ်းဆိုသည့် မိန်းကလေးငယ် မည်သို့မျှ သက်ဆိုင်ခြင်း ရှိနိုင်မည်မဟုတ် ထင်မြင်မိကြမည်ဖြစ်သည်။ နားကြပ်နှစ်ဖက်တပ်ရင်း ဖုန်းဖြင့် ချမ်းသီချင်း နားထောင်နေပုံရသည်။ တီရှပ်ခပ်ပွပွနှင့် ချည်သားဘောင်းဘီ ဝတ်ဆင်ထားသည့် သူမ၏ ရုပ်ပုံတွင် ဆယ်ကျော်သက် အတော်တော်များများမှာ တွေ့ရတတ်တဲ့ အပူနှောသည့် မေတ္တာတရား မျိုးကိုလည်း မတွေ့ရပေ။ အိမ်ပြန်လာမည့် မိခင်ကို ဧည့်ခန်းတွင် ဆော့ကစားရင်း စောင့်မျှော်နေသည့် ကလေးငယ် တစ်ဦး၏ အသွင်မျိုးကို မြင်တွေ့ရသည်။ အမှတ်တမဲ့ မြင်တွေ့သူတိုင်းအတွက် ချမ်းဟာ ဆေးရုံတင်ထားရသည့် ဆွေမျိုးတစ်ဦးအား လာရောက်ကြည့်ရှုသည့် ကလေးငယ် တစ်ဦးပင် ဖြစ်သည်။ ဒီအဆောက်အအုံ တစ်ခုလုံးတွင် သူမအနားတွင်သာ ပျော်ရွှင်မှုတွေ ခစားဝန်းရံနေသလိုပင် ထင်မှတ်ရသည်။

သို့သော် သူမ၏နံဘေးတွင် ဆေးသွင်းသည့် တိုင်တစ်ခုရှိနေပြီး လက်ဖျံတွင် ပိုက်တပ်ဆင် ထားရသည်။ သူမ၏ ယာဘက်ခြေထောက်က အခြားတစ်ဘက်ထက် သိသာစွာ သေးငယ်နေပြီး ဒူးခေါက်ကြောတွင် ခွဲစိတ်ကုသမှုကို ကြိမ်ဖန်များစွာ ခံယူထားရသည့် လက္ခဏာများကို အထင်အရှား မြင်တွေ့ရသည်။ ဆေးသွင်းပိုက် တပ်ထားရသည့် လက်တွင်လည်း ခွဲစိတ်ဓားဒဏ်ရာတွေမှရတဲ့ အမာရွတ်တွေက သူမခံစားနေရသည့် ရောဂါ၏ အတိမ်အနက်ကို ခန့်မှန်းကြည့်ရှုနိုင်ရန် ဖန်တီးထား သကဲ့သို့ ဖြစ်နေ၏။ ချမ်းကတော့ ဒီဝေဒနာတွေအတွက် ထူးထူးခြားခြား စိတ်ပူပန်ခြင်း မရှိသည့် ပုံစံမျိုးပင်။

မှော်ဘီ အ.ထ.က (၁) အ တွက် အနာဂတ်၏ ကြယ်တစ်ပွင့်အဖြစ် တင်စားခြင်း ခံခဲ့ရသည့် မအိမ့်ချမ်းမြေ့အောင်အတွက် ၂၀၁၅ ခုနှစ်မှာ ကံဆိုးခြင်းများ ယူဆောင်လာသည့် နှစ်ဖြစ်သည်။ ချမ်း၏ ညာဘက်ခြေထောက်တွင် အကျိတ်တစ်ခု စတင်ဖြစ်ပွားခဲ့ခြင်းက အဋ္ဌမတန်း ဖြေဆိုအပြီးတွင် ပြုလုပ်သည့် မြို့နယ်လုံးဆိုင်ရာ ဘက်စုံထူးချွန်ဆုပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်တွင် သတိလစ် လဲကျခဲ့သည်။ ဆေးစစ်ချက်များစွာ ပြုလုပ်အပြီးတွင် ချမ်း၏ခြေထောက်မှ အကျိတ်ကို ခွဲစိတ်ခဲ့သည်။

စစ်ဆေးချက်၏ ရလဒ်က နုနယ်သည့် ချမ်းအတွက် ပြင်းထန်လွန်းခဲ့ပြီး လူတစ်သိန်းတွင်မှ တစ်ယောက် ဖြစ်နိုင်ခြေရှိသည့် အရွတ်ကင်ဆာ ဖြစ်ပွားနေခြင်း ဖြစ်သည်။ အသက်အရွယ်နှင့် မမျှသည့် ရောဂါကြောင့် သမီးငယ် စိတ်ဓာတ်ကျဆင်းမည်ကို စိုးရိမ်သဖြင့် မိခင်ဖြစ်သူက ကင်ဆာရောဂါဌာနတွင် ပြောင်းလဲကုသရမည့် ချမ်းအား သူမ၏ ရောဂါအခြေအနေကို ဖုံးကွယ်ထားခဲ့ရသည်။ သူငယ်ချင်းများနှင့် ဆရာ၊ ဆရာမများ လာရောက် ကြည့်ရှုသည့်အခါတွင် ချမ်းက သူမသည် ကင်ဆာရောဂါ ကာကွယ်ရန်အတွက် ဆေးသွင်းနေရခြင်း ဖြစ်သည်ဟု မိခင်ဖြစ်သူ ပြောပြမှုအတိုင်း ပြန်လည်ပြောပြရာ သူမကို ချစ်ခင်ကြသူများ ငိုပွဲဆင်ခဲ့ရသည်။ အသက် ၁၄ နှစ်သာ ရှိသေးသည့် ကလေးငယ်သည် ဓာတ်ရောင်ခြည်ဖြင့် ကုသမှု ကြိမ်ဖန်များစွာ၊ ခွဲစိတ်ကုသမှု များစွာတို့ကို မိခင်၏ စကားသံဖြင့် စိတ်တင်းခံခဲ့ပြီး ဆေးကုသမှုများ ပြီးဆုံးသည့် အခါတွင် ကျောင်းသို့ သွားရောက်၍ ပညာသင်ကြားနိုင်ရန်အတွက် လုံလောက်သည့် ကျန်းမာရေး အခြေအနေ မရှိတော့ပေ။

ကံကြမ္မာက မည်သို့ပင် ရက်စက်သော်လည်း ချမ်းအတွက် မမှုခဲ့ပေ။ မီးလျှံထဲမှ ဖီးနစ်ငှက်ကဲ့သို့ပင် သေမင်းတမန်ရောဂါနှင့် ပထမအကြိမ်တိုက်ပွဲ အပြင်းအထန်ဆင်နွှဲ အပြီးတွင် သူမပြန်လည် နိုးထလာနိုင်ခဲ့သည်။ ပညာသင်နှစ်တစ်နှစ် အောက်ခဲ့ရသော်လည်း စိတ်မပျက်ဘဲ နဝမတန်း တက်ရောက်ရန် အသင့်ဖြစ်နေခဲ့ပြီဖြစ်သည်။ ၂၀၁၆ ခုနှစ် ဇွန်လတွင် ချမ်းသည် နဝမတန်းသို့ စတင်တက်ရောက် ပညာသင်ကြား ရမည်ဖြစ်ပြီး ထိုလတွင်ပင် ခြောက်လတစ်ကြိမ် ပုံမှန်စစ်ဆေးနေကျ ဆေးစစ်မှုကို ပြန်လည်စစ်ဆေးရမည်ဖြစ်ပြီး နောက်ဆုံးတစ်ကြိမ် စစ်ဆေးမှုတွင် သူမ၏ ရောဂါအခြေအနေသည် ကောင်းလုနီးပါး အခြေအနေတွင် ရှိနေခဲ့သည်။

အဖြူနှင့်အစိမ်း ကျောင်းဝတ်စုံဖြင့် ချမ်းတစ်ယောက် လန်းဆန်းတက်ကြွ နေခဲ့သော်လည်း ဆေးကုသမှု၏ ဘေးထွက်ဆိုးကျိုးက ပြင်းထန်သည့်အတွက် လမ်းလျှောက်နိုင်ခြင်းအတွက် လုံလောက်သည့် ခွန်အား အခြေအနေမျိုးတွင် မရှိတော့ပေ။ မိခင်ဖြစ်သူ၏ ကျောပေါ်တွင် ချီပိုးလိုက်ပို့မှုဖြင့် တက်ကြွစွာ ကျောင်းသို့သွားရောက်နေသည့် ချမ်းနှင့် သူမ၏ မိခင်တို့၏ ပုံရိပ်က မြင်ရသူတိုင်း၏ရင်ကို ကရုဏာ သက်စေသည်။ ပီတိကြည်နူးမှုကို ရိုက်ခတ်လာစေသည်။ သို့သော် ချမ်းသည် ယခင်ကကဲ့သို့ ကျန်းမာလန်းဆန်းနေသည့် ကလေးတစ်ယောက် မဟုတ်တော့ပေ။ ရောဂါနှင့် ဆေးကုသမှုမှ ရရှိသည့် ဘေးထွက်ဆိုးကျိုးတွေက လူအများနှင့် ပညာသင်ကြားရာတွင် အဆင်ပြေနိုင်ခြင်း မရှိနိုင်တော့။ ချမ်းနှင့် ကင်ဆာရောဂါတို့ ဒုတိယအကြိမ် တိုက်ပွဲဆင်နွှဲရန် ပြင်ဆင်နေပြီ ဖြစ်သည်ကို ချမ်းတစ်ယောက် သိရှိခဲ့ခြင်း မရှိသလို သူမတွင် ကင်ဆာဖြစ်ပွား နေသည်ကိုလည်း မသိရှိရသေးပေ။

ဒုတိယအကြိမ် ဆင်နွှဲရသည့် တိုက်ပွဲက ချမ်းအတွက် ပိုမိုပြင်းထန်ခဲ့ပြီး ခွဲစိတ်မှု အကြိမ်အရေအတွက် များက ပိုမိုစိပ်လာခဲ့သည်။ အခြေအနေကို ဖွင့်ပြောမှ ဖြစ်တော့မည် ဖြစ်သဖြင့် မိခင်က ချမ်းအား အမှန်အတိုင်း ပြောပြခဲ့ရပြီဖြစ်သည်။ သို့သော် မိခင်စိုးရိမ်သကဲ့သို့ ချမ်း၏ စိတ်ဓာတ်များ ပျက်ပြားကျဆင်း ခဲ့ခြင်းမရှိ။ ကျန်းမာမှ ပညာဆက်လက် သင်ကြားနိုင်မည် ဖြစ်သည့်အတွက် သူမ၏ ရည်မှန်းချက်အတွက် အားအင်အပြည့်ဖြင့် ဝေဒနာကို စိန်ခေါ်ခဲ့သည်။

တစ်နှစ်နီးပါး အပြင်းအထန် ကုသမှုများ အပြီးတွင် ချမ်း၌ကင်ဆာဆဲလ် ပြန့်ပွားမှု မရှိသလောက် အခြေအနေ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ပြင်းထန်သည့် ဆေးသွင်းကုသမှု၊ ဓာတ်ရောင်ခြည် သက်ရောက်မှုများက ချမ်း၏ ဆံပင်များ ကျွတ်ထွက်ခြင်း ကဲ့သို့သော ဆိုးကျိုးများကို ဖြစ်စေခဲ့သော်လည်း ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ခဲ့သည်က ကံကောင်းမှုတစ်ခုပင် ဖြစ်လာစေသည်။ နဝမတန်းစာမေးပွဲကို သီးသန့်ဖြေဆိုခဲ့ရပြီး အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့ ပြန်သည်။ ကင်ဆာသည် ဒုတိယအကြိမ်တွင်လည်း ချမ်းကို အနိုင်မယူနိုင်ခဲ့ပေ။

နဝမတန်း အောင်မြင်ပြီးဖြစ်သည့် ချမ်းသည် ၂၀၁၇ ခုနှစ် ဇွန်လတွင် တက္ကသိုလ်ဝင်တန်းကို တက်ရောက်ရတော့မည် ဖြစ်သည်။ သွားသွားလာလာ ပြုလုပ်နိုင်ခြင်း မရှိတော့သည့် သမီးငယ်အတွက် မိခင်ဖြစ်သူက အိမ်တွင် စာသင်ဝိုင်း စီစဉ်ပေးခြင်းဖြင့် ချမ်း၏ ပညာသင်ကြားရေးကို ဂရုတစိုက် အားပေးခဲ့သည်။ ကင်ဆာဝေဒနာမှ သက်သာလာပြီ ဖြစ်သော်လည်း ပုံမှန်ဆေးစစ်မှုကို ခံယူနေရဆဲဖြစ်ပြီး တစ်သက်တာလုံးတွင်လည်း ပုံမှန်ဆေးစစ်မှုကို ခံယူရမည်ဖြစ်သည်။

ဒီတစ်ကြိမ်တွင်လည်း ကံကြမ္မာက ရက်စက်ကြမ်းတမ်း ခဲ့ပြန်ပြီဖြစ်သည်။ ပျောက်လုနီးပါး ဖြစ်နေသည့် အရွတ်ကင်ဆာ ဆဲလ်များက ပြန်လည်ပြန့်ပွား နေခဲ့သည်ကို ဆေးစစ်မှု ရလဒ်များတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် တစ်ဦးအတွက် သေမင်းနှင့် တတိယအကြိမ် တိုက်ခိုက်ရတော့မည်ဖြစ်သည်။ ခွဲစိတ်မှု ခံယူရလွန်းသဖြင့် နာကျင်မှုသည် ချမ်းအတွက် မထူးဆန်းတော့။ ထို့ပြင် သူမသည် တက္ကသိုလ်ဝင်တန်း တက်ရောက်နေရသည့်အတွက် ရည်မှန်းချက်အတွက် ပညာသင်ကြားရန် အရေးကြီးဆုံး အချိန်ကို ရောက်နေပြီ ဖြစ်သည်ဟု ခံယူထားပြီး ကင်ဆာနှင့် တိုက်ပွဲအပြင် စစ်မျက်နှာ နှစ်ဖက်ကို တစ်ပြိုင်တည်း ဖွင့်တိုက်ရန် ရည်ရွယ်ထားခဲ့ပြီးလည်း ဖြစ်သည်။ ကုသမှုတွေကတော့ ရှေ့နှစ်ကြိမ်ကအတိုင်း ပြင်းထန်ဆဲပင် ဖြစ်သည်။ သို့သော် ချမ်းကတော့ ပိုမိုရင့်ကျက်လာခဲ့ပြီး ဆေးရုံတက်ရောက်နေစဉ် အတွင်းမှာပင် ပညာကို လက်ဖျားခါလောက်အောင် သင်ယူလေ့လာ နိုင်ခဲ့သည်။ ဆေးရုံတွင် သူမနှင့် ဘဝတူ ကင်ဆာရောဂါသည် ဆရာမများထံမှ ရသည့်အချိန်တွင် ရသလို သင်ယူခဲ့သည်။ အိမ်တွင် ပြန်လည် နေထိုင်ရသည့် အချိန်တွင်လည်း မိသားစုဝင်များ တားမြစ်ရသည်အထိ ပညာရေးကို ဦးစားပေး လေ့လာခဲ့သည်။ အိမ်မှစာသင်ဝိုင်းတွင်ပင် ရက်မှန်အောင် တက်ရောက်နိုင်ခြင်း မရှိသည်အထိ ဝေဒနာ ခံစားနေရသော်လည်း ဝေဒနာ လျော့ပါးသည်နှင့် ပညာရေးအတွက် လေ့လာမှုကို မနေမနား ပြုလုပ်ခဲ့သည်။

သို့ပေမယ့် ချမ်းအတွက် လွယ်ကူခြင်းတော့ မရှိခဲ့ပေ။ ခွဲစိတ်မှုပေါင်း မြောက်မြားစွာကြောင့် နာကျင်မှုဒဏ်ကို ခံနိုင်ရန် ခန္ဓာကိုယ်အတွင်း ထိုးသွင်းခဲ့ရသည့် မေ့ဆေးများ၏ အရှိန်များက ချမ်း၏ မှတ်ဉာဏ်စွမ်းအားကို အပြင်းအထန် ထိုးနှက်ခဲ့သည်။

“သမီးလေးက စာကျက်ရင် မေ့တတ်လာတယ်။ အစ်မတို့ တားယူရလောက်အောင် သမီးလေးက စာအရမ်း ကျက်ခဲ့တာပါ။ ဒါပေမဲ့ ခွဲစိတ်တိုင်း ခွဲစိတ်တိုင်းမှာ ထိုးခဲ့ရတဲ့ မေ့ဆေးဒဏ်တွေကို သမီးက ကလေးဆိုတော့ ပိုခံရတယ်။ သူအခုကျက်လို့ ရပြီးသား စာတွေကို ခဏနေကျရင် အစဖော်မရတာမျိုး ခဏခဏ ဖြစ်လာတယ်။ အဲဒီလို မေ့သွားတာမျိုး ဖြစ်လာရင် သမီးလေးက မေ့ဦးဟာ၊ မေ့ဦးဟာဆိုပြီး သူ့ခေါင်းသူ ထုနှက်နေလို့ မနည်းကြီး အားပေးခဲ့ရတယ်။ ဒါပေမဲ့ သမီးလေး ကြိုးစားနိုင်ခဲ့တယ်” ဟု မအိမ့်ချမ်းမြေ့အောင်၏ မိခင်က ပြောသည်။

၂၀၁၇ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲများ ဖြေဆိုရန် အချိန်နီးကပ်လာပြီဖြစ်သည်။ ချမ်း၏ ယာဘက်ခြေထောက်တွင် အကျိတ်တစ်ခု ပြန်လည်ဖြစ်ပွား လာခဲ့သည်။ မိမိ၏ ခမ်းနားသည့် ရည်မှန်းချက်များ မပြည့်ဝမည်ကို စိုးရိမ်သဖြင့် စာမေးပွဲ မဖြေဆိုဘဲ ကျန်းမာသည်အထိ စောင့်ဆိုင်းရန် ချမ်းဆုံးဖြတ်ခဲ့သေးသည်။ မိခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် ဝင်ရောက်ဖြေဆိုရမည် ဖြစ်သော်လည်း ရလဒ်မကောင်းမည်ကို ချမ်းစိုးထိတ်နေခဲ့မိသည်။ ထိုစိုးထိတ်မှုက သူမ၏ ဝေဒနာအပေါ် ထားရှိသည့် စိုးထိတ်မှုထက် များပြားသည်က အသေအချာပင်ဖြစ်သည်။ အခြေအနေတွေက စိုးရိမ်စရာများသာ ဖြစ်ခဲ့ခြင်း ဖြစ်သော်လည်း ဆယ်ကျော်သက် မိန်းကလေးငယ်၏ စိတ်ဓာတ်နှင့် ခံနိုင်ရန်၊ စိတ်အားထက်သန်မှုများက ကျော်ဖြတ်နိုင်ခဲ့သည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုနိုင်ခဲ့သည်။ ပြင်းထန်သည့် ကုသမှုတွေကြားမှ ရရှိသည့် အချိန်ကို အံ့အားသင့်စရာ အသုံးချနိုင်ခဲ့သည်။ ရလဒ်များ ထွက်ပေါ်ခြင်း မရှိသေးသော်လည်း ချမ်းအတွက် အလွန်စိတ်စောနေခဲ့ပြီး သေမင်းတမန် ကင်ဆာနှင့် တတိယအကြိမ် တိုက်ပွဲကလည်း ယခင်နှစ်ကြိမ်ထက် ပိုမိုပြင်းထန်လာပြန်သည်။ ချမ်းမမှုပါ။ ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် သူမအနိုင်ယူထားပြီးသား ဖြစ်သည့်အတွက် မည်မျှ အားကောင်း ပြင်းထန်ပါသော်လည်း ကင်ဆာဆိုသည် ချမ်းအတွက် အနိုင်ယူနေကျ ငယ်နိုင်ပင် ဖြစ်နေခဲ့၏။

၂၀၁၈ ခုနှစ် ဇွန် ၁ ရက်တွင် တက္ကသိုလ်ဝင်တန်း ရလဒ်များ ထုတ်ပြန်ခဲ့ပြီး ကိုယ်တိုင် သွားရောက်နိုင်ခြင်း မရှိခဲ့သော်လည်း မောင်နှမအရင်းနှင့် မခြားသည့် ဝမ်းကွဲအစ်ကိုက ချမ်း၏ အောင်မြင်မှု သတင်းကို သွားရောက်ရယူ ပေးခဲ့သည်။ ငယ်စဉ်ကတည်းက ထူးချွန်မှုတွေဖြင့် အသားကျနေခဲ့သည့် ချမ်းအတွက် ဂုဏ်ထူးမဲ့နေသည့် အောင်စာရင်းရလဒ်က စိတ်ထိခိုက် ခံစားစေခဲ့ရသည်။ ခွဲစိတ်မှုများစွာ၊ ဓာတ်ရောင်ခြည် ကုသမှုများစွာ ဝေဒနာခံစား ရမှုများကြောင့် မျက်ရည်မကျခဲ့သည့် ချမ်း ငိုကြွေးခဲ့သည်။

“အမှတ်စာရင်းက ဒီလောက် ရမယ်လို့လည်း မထင်ထားဘူး။ ဒါပေမဲ့ ဒီလောက်ပဲ ရတာကိုလည်း သမီးမကျေနပ်ဘူး။ သမီးတက်ချင်တဲ့ကျောင်းကို တက်လို့မရတော့ဘူး။ သမီးသာ နေကောင်းနေခဲ့ရင် အနည်းဆုံး ဂုဏ်ထူးလေးခုကတော့ အသေအချာပဲ” ဟု မအိချမ်းမြေ့အောင်က ပြောသည်။

ကင်ဆာဝေဒနာ အပြင်းအထန် ခံစားရင်း တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့သည့် မအိချမ်းမြေ့အောင်၏ ရည်ရွယ်ချက်မှာ ကျောင်းဆရာမအဖြစ် လုပ်ကိုင်ခွင့်ရရေး ဖြစ်သည်။ လက်တွင် ဆေးသွင်းပိုက် တပ်လျက်ဖြင့် ဆေးရုံခုတင်ပေါ်တွင် ပြုံးရွှင်စွာထိုင်ရင်း ချမ်းတစ်ယောက် သူမ၏ ရည်မှန်းချက်များကို ပြောပြနေခဲ့သည်။

“သမီးကျောင်းဆရာမ ဖြစ်ချင်တယ်။ သမီးကလေးတွေကို ပညာတွေ သင်ကြားပေးချင်တယ်။ ဒါပေမဲ့ သမီးလေ ဆရာဝန်တော့ အရင်ကတည်းက မဖြစ်ချင်ခဲ့ဘူး။ သမီးဆေးရုံတွေကို မုန်းတယ်။ ခွဲစိတ်ဓားတွေကို မုန်းတယ်။ ဆေးထိုးအပ်တွေကို မုန်းတယ်။ ဆေးရုံကား အသံကိုလည်း  မကြားချင်ဘူး။ မေမေ့ကို မှာထားတယ်။ တစ်ခုခု ဖြစ်ရင်တောင် သမီးကို ဆေးရုံကားနဲ့ မခေါ်ပါနဲ့လို့” ဟု အရွတ်ကင်ဆာ ခံစားနေရသည့် မအိမ့်ချမ်းမြေ့အောင်က ပြောသည်။

 

Most Read

Most Recent