ကလေးလုပ်သား ပြဿနာအတွက် အဖြေမရှိသေးပါ

ကလေးလုပ်သား ပြဿနာအတွက် အဖြေမရှိသေးပါ
Published 18 June 2018

ရန်ကုန်မြိုရှိ စားသောက်ဆိုင်တစ်ခုတွင် လုပ်ကိုင်နေသော ကလေးငယ်များအား တွေ့ရစဉ်

အလုပ်သမားတန်းလျားတစ်ခုက ၁၀ ပေပတ်လည် အခန်းကျဉ်းထဲမှာ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ယောက် လဲလျောင်းနေပါတယ်။ ညာဘက်ခြေထောက်မှာ ကျောက်ပတ်တီးစည်းထားပြီး အခန်းထဲမှာ လဲလျောင်းနေရပေမယ့် သူ့ရဲ့မျက်လုံးတွေက အိမ်ထရံပေါက်ကနေ အပြင်ဘက်မှာ ပြေးလွှားဆော့ကစားနေတဲ့ သူနဲ့ရွယ်တူ ကလေးတွေဆီ ရောက်နေပါတယ်။ သူ့အနေနဲ့ ခြေထောက်မှာ ထိခိုက်ဒဏ်ရာရပြီး အိပ်ရာထဲလဲနေတာ နှစ်လကျော် ကြာနေပြီ ဖြစ်ပါတယ်။

ဘာကြောင့် သူ့ခြေထောက်မှာ ဒဏ်ရာရခဲ့ပါသလဲ။ လွန်ခဲ့တဲ့နှစ်လကျော်က တောင်ဒဂုံမြို့နယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေချိန် မတော်တဆ ကွန်ကရစ်တုံးက သူ့ခြေထောက်ပေါ် ပိကျခဲ့လို့ ညာဘက်ခြေသလုံးရိုး ကျိုးသွားတာပဲ ဖြစ်ပါတယ်။

သူတို့ မိသားစုက ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်ဇာတိဖြစ်ပြီး နယ်မှာ နေထိုင်စားသောက်ရတာ အဆင်မပြေတဲ့အတွက် ရန်ကုန်ကိုတက် အလုပ်လုပ်တာ နှစ်လကျော်ပဲ ရှိပါသေးတယ်။ ရန်ကုန်မြို့ရဲ့ ကြီးမြင့်တဲ့ စားဝတ်နေရေး အခက်အခဲကြောင့် သူ့အဖေနဲ့ အစ်ကိုတို့ရဲ့ လုပ်အားခနဲ့ မိသားစုငါးဦး စားသောက်နေရတာ အဆင်မပြေတဲ့အတွက် အသက်ငယ်ငယ်နဲ့ အလုပ်ဝင်လုပ်ရာကနေ အခုလို မတော်တဆဖြစ်ပြီး ခြေထောက်ကျိုးသွားခဲ့တာပါ။

“ကျွန်မတို့မှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်။ ကလေးကလည်း ကျွန်မတို့မှာ မရှိတာသိတဲ့အတွက် သူကိုယ်တိုင် အလုပ်ဝင်လုပ်တာ။ အလုပ်လုပ်တာ နှစ်ရက်ပဲ ရှိသေးတယ်။ အခုလိုဖြစ်တာပဲ။ တစ်ခါတလေ ကလေးက သူများတွေ သဲပုံပေါ် တက်ဆော့နေတာမြင်ရင် ငိုတယ်။ သူလည်း သွားချင်၊ ဆော့ချင်မှာပေါ့။ အိပ်ရာထဲ လဲနေတာလည်း နှစ်လတောင်ကျော်ပြီလေ” လို့ မောင်မောင် (အမည်လွဲ) ရဲ့မိခင်က ပြောပါတယ်။

မောင်မောင်ဟာ မိသားစုထဲမှာ သားအလတ် ဖြစ်ပါတယ်။ မိသားစု စီးပွားရေး အဆင်မပြေတာကြောင့် စတုတ္ထတန်းနဲ့ ကျောင်းထွက်ခဲ့ရပြီး သူ့အဖေနဲ့ သူ့အစ်ကိုတို့ လုပ်ကိုင်နေကြတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ မိသားစု စားဝတ်နေရေးအတွက် အလုပ်ဝင်လုပ်ခဲ့တာပါ။ နောက်ပြီး လသားအရွယ် ကလေးတစ်ယောက်ရှိတာကြောင့် သူ့မိခင်က အလုပ်မလုပ်နိုင်ပါဘူး။ ဒါကြောင့်လည်း မိသားစုငါးယောက်ရဲ့ စားဝတ်နေရေး ပြေလည်စေဖို့ လုပ်ငန်းခွင်ထဲကို မောင်မောင်တစ်ယောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

မောင်မောင်တို့မိသားစုနေတဲ့ အလုပ်သမားတန်းလျားက ရန်ကုန်မြစ်ကမ်းဘေးက ကုမ္ပဏီတစ်ခုပိုင်တဲ့ နေရာလေးမှာပါ။ အဲဒီမှာ အလုပ်သမားတန်းလျား ခုနစ်ခုရှိတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးစတဲ့ နယ်ပေါင်းစုံကနေ အခက်အခဲ အမျိုးမျိုးကြောင့် ရန်ကုန်ကိုတက်လာတဲ့ ရွှေ့ပြောင်းမိသားစုတွေ နေထိုင်ကြပါတယ်။

ကုမ္ပဏီကပေးထားတဲ့ အလုပ်သမားတန်းလျားမှာ နေထိုင်ရင်း သူတို့တွေဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပန်းရန်၊ လူကြမ်းစတဲ့ အလုပ်တွေကို လုပ်ကြပါတယ်။ ကုမ္ပဏီကနေ မိသားစုရှိတဲ့ အလုပ်သမား တစ်ယောက်အတွက် အမိုး၊ အကာ၊ အခင်းပါတဲ့ ၁၀ ပေပတ်လည် နေရာလေးတစ်ကွက် ပေးပါတယ်။ တစ်ခန်းနဲ့ တစ်ခန်းကြားမှာ ကတ်ထူစက္ကူ၊ ဆာလာအိတ်တို့နဲ့ ကာထားတာကို တွေ့ရပါတယ်။

တန်းလျားရဲ့အမိုးက မိုးရေမလုံတဲ့အပြင် ထရံကလည်း ပေါက်ပြဲနေသလို ကျဉ်းကျပ်လှတဲ့ အခန်းလေးမှာတော့ မောင်မောင်တစ်ယောက် လူးလှိမ့်ရင်း၊ ထိုင်ရင်း၊ ထရံပေါက်ကနေ အပြင်ကို ငေးမောရင်းနဲ့ သူ့ရဲ့ နေ့စဉ်ဘဝကို ခက်ခဲစွာ ဖြတ်သန်းနေရပါတယ်။

မောင်မောင့်လို အသက်မပြည့်သေးဘဲ အလုပ်လုပ်နေရတဲ့ကလေးတွေ ကမ္ဘာတစ်ဝန်းမှာ ရှိပါတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတဲ့ အလုပ်တွေမှာ ရုန်းမထွက်နိုင်ဘဲ စေခိုင်းခံရတဲ့ ကလေးသူငယ်တွေ တစ်ကမ္ဘာလုံးမှာ ၁၆၈ သန်း လောက်ရှိတဲ့အပြင် ဘေးအန္တရာယ်ရှိတဲ့လုပ်ငန်းတွေမှာ လုပ်နေရတဲ့ ကလေးက ၈၅ သန်းလောက်ရှိတယ်လို့ ILO ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေ၊ ကျွန်အဖြစ် ခိုင်းစေတာတွေ၊ လူကုန်ကူးတာတွေရှိတဲ့အပြင် လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ အဆိုးရွားဆုံးပုံစံတွေနဲ့ ခိုင်းစေခြင်း ခံနေရတာတွေ ရှိတယ်လို့ ILO ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာလည်း အသက်ငါးနှစ်ကနေ ၁၇ နှစ်အထိ ကလေးဦးရေ ၁၂ သန်းကျော်ရှိတဲ့အနက် အန္တရာယ်ရှိတဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်နေရတဲ့ ကလေးလုပ်သား ခြောက်သိန်းရှစ်ထောင်ရှိတယ်လို့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်တဲ့ ၂၀၁၇ ခုနှစ် နှစ်စဉ် လုပ်သားအင်အားစစ်တမ်း ပထမသုံးလပတ် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ကလေးလုပ်သားအဖြစ် စေခိုင်းခံရတဲ့ကလေးအများစုက ကျေးလက်ဒေသတွေမှာနေတဲ့ ကလေးတွေဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ရေလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြရပါတယ်။

မြန်မာနိုင်ငံမှာ ကလေးလုပ်သားနဲ့ ပတ်သက်ပြီး တရားဝင် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသေးပါဘူး။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသက် ၁၄ နှစ်ကနေ ၁၈ နှစ်အထိကို ကလေးလုပ်သားလို့ သတ်မှတ်ခြင်းမရှိဘဲ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်ရှိတဲ့ကလေး (Working Children) လို့ သတ်မှတ်ထားပါတယ်။ အသက် ၁၄ နှစ်ကနေ ၁၆ နှစ်အထိ ကလေးတွေ အလုပ်လုပ်ချင်တယ်ဆိုရင် ဆရာဝန်ခွင့်ပြုချက်နဲ့ တစ်ရက်လေးနာရီ လုပ်လို့ရပါတယ်။ ဒါပေမဲ့ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်းမှာ လုပ်လို့မရပါဘူး။ အသက် ၁၆ နှစ်ကနေ ၁၈ နှစ်အထိ ကလေးတွေအနေနဲ့ ဆရာဝန်ရဲ့ ဆေးစာထောက်ခံချက်ရှိမယ်ဆိုရင် လူကြီးအလုပ်တွေမှာ လုပ်လို့ရတယ်လို့ သိရပါတယ်။ အသက် ၁၄ နှစ်အောက် ကလေးတွေကို ကလေးလုပ်သားလို့ သတ်မှတ်ပြီး အလုပ်လုပ်ခွင့် မပေးထားပါဘူး။

ဒီလို ၁၄ နှစ်အောက်ကလေးတွေကို ကလေးလုပ်သားအဖြစ် အလုပ်လုပ်ခွင့် မပေးထားပေမယ့် မိသားစုစီးပွားရေး အဆင်မပြေမှု၊ ဝင်ငွေနည်းပါးမှု၊ နိုင်ငံဆင်းရဲမွဲတေမှုစတဲ့ အခက်အခဲမျိုးစုံကြောင့် ကလေးငယ်တွေဟာ ပညာရေးတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ပြီး အလုပ်လုပ်နေရပါတယ်။

အထင်ရှားဆုံးကတော့ ရန်ကုန်မြို့ရဲ့ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုး လုပ်ကိုင်နေကြတဲ့ ကလေးလုပ်သား အများအပြားကို တွေ့ရမှာပါ။ ဒါ့အပြင် အိမ်ဖော် အလုပ်ကိုလုပ်နေရတဲ့ ကလေးတွေ၊ မီးပွိုင့်နဲ့ လမ်းဆုံလမ်းခွတွေမှာ ပန်းရောင်း၊ ဆေးလိပ် ကွမ်းယာနဲ့ ရေသန့်ဘူးရောင်းနေတဲ့ ကလေးတွေ၊ အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ ကလေးတွေက နေရာပေါင်းစုံမှာ ရှိနေပါတယ်။

“သမီးက မုံရွာဇာတိ။ နယ်မှာ မိသားစုက စီးပွားရေးအဆင်မပြေလို့ ရန်ကုန်တက်လာပြီး လက်ဖက်ရည်ဆိုင်မှာ လာလုပ်တာ။ လက်ဖက်ရည်ဆိုင်ဆိုတော့ မနက်ပိုင်းလုပ်ရင် ညနေပိုင်းနားရတယ်။ ညနေပိုင်း အလုပ်လုပ်ရင် မနက်ပိုင်းနားရတယ်။ စလုပ်လုပ်ချင်း ကျပ်ငါးသောင်းရတယ်။ အခု ကျပ်ရှစ်သောင်းရတယ်။ တစ်ခါတလေ နယ်ကိုပြန်ပြီး ကျောင်းတက်ချင်တယ်။ မိဘနဲ့ ပြန်နေချင်တယ်။ ဒါပေမဲ့ အဖေနဲ့အမေက ဆိုင်ပိုင်ရှင်ဆီက ပိုက်ဆံကြိုထုတ်ထားတဲ့အတွက် မလုပ်ချင်ပေမယ့်လည်း လုပ်နေရတယ်” လို့ သာကေတမြို့နယ် လက်ဖက်ရည်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ မပြည့်ပြည့် (အမည်လွှဲ) က ပြောပါတယ်။

မိသားစုစီးပွားရေး အဆင်မပြေတဲ့အတွက် မိဘတွေက အသက် ၁၂ နှစ်အရွယ် သူ့ကိုကျောင်းထုတ်ပြီး ကလေးလုပ်သားအဖြစ် ခိုင်းစေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မိဘတွေအနေနဲ့ လက်ဖက်ရည်ဆိုင် လုပ်ငန်းနဲ့ အိမ်ဖော်လုပ်ငန်းတွေဆီ သူတို့ကလေးတွေကို လုပ်ကိုင်စေရာမှာ ဆိုင်ရှင်နဲ့ အိမ်ရှင်တွေဆီကနေ ခြောက်လစာ၊ တစ်နှစ်စာမျိုး လစာကြိုထုတ်တာတွေ ရှိပါတယ်။ ဒါကြောင့်ကလေးတွေက မိဘတွေ ကြိုထုတ်ထားတဲ့ လစာမပြည့်မချင်း အလုပ်လုပ်နေရပြီး ပြည့်တဲ့အခါမှာလည်း မိဘတွေက လစာကိုထပ်ပြီး ကြိုထုတ်နေတာတွေရှိတဲ့အတွက် အဲဒီလုပ်ငန်းတွေမှာ ကလေးတွေက သံသရာလည်နေရပါတယ်။

မိဘတွေ ကိုယ်တိုင်က ကလေးတွေကို ခိုင်းစေမှုတွေ ရှိနေတဲ့အတွက် အစိုးရအနေနဲ့ အသက် ၁၄ နှစ်အောက်ကလေးတွေကို လုပ်ငန်းခွင်တွေထဲကနေ ဖယ်ရှားနိုင်ဖို့ ဦးစားပေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ပညာသင်ယူရမယ့် အသက်အရွယ်မှာရှိနေတဲ့ ကလေးတွေကို လုပ်ငန်းခွင်ထဲမှာ မရှိဖို့အတွက် ပထမဦးစားပေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ် ၁၄ နှစ်ရဲ့အောက်ပိုင်းကို နိုင်ငံတကာစံနှုန်းအရရော ကျွန်တော်တို့ နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရရော အလုပ်လုပ်ခွင့်မရှိပါဘူး။ ပထမက အလုပ်လုပ်ခွင့်ရှိတဲ့ Working Children တွေကို အလုပ်ခွင်ထဲက ဖယ်ရှားနိုင်ရေးကို ဦးစားပေး ဆောင်ရွက်သွားမယ်။ ပြီးမှ ၁၄ နှစ်အောက် ကလေးငယ်တွေကို ဘယ်လုပ်ငန်းခွင်မှာမှ အလုပ်မလုပ်ဖို့ အုပ်ထိန်းသူရော မိဘတွေကရော မခိုင်းဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင်တွေမှာ တစ်ပတ်ကို ၄၄ နာရီထက်ကျော်ပြီး အလုပ်လုပ်နေရတဲ့ အသက် ၁၄ နှစ်ကနေ ၁၈ နှစ် အတွင်းမှာရှိတဲ့ ကလေးအလုပ်သမားတွေနဲ့ လူရွယ်အလုပ်သမားတွေဟာ အပူအအေးလွန်ကဲခြင်း၊ ဆူညံသံများခြင်း၊ အခိုးအငွေ့၊ ဖုန်မှုန့်များနဲ့ ထိတွေ့လုပ်ကိုင်ရခြင်း၊ အလုံပိတ်အခန်းနဲ့ အမြင့်တက်လုပ်ကိုင်နေရခြင်း၊ လေးလံကုန်ပစ္စည်းများ သယ်ပိုးရခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပတ်ဝန်းကျင် အနေအထားမှာ လုပ်ကိုင်ရခြင်း၊ မတော်မတရားပြုမှုနဲ့ ခေါင်းပုံဖြတ်မှုများရှိတဲ့ ဒါမှမဟုတ် ပညာသင်ယူခွင့်ကို ပိတ်ပင်တဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြတဲ့ ကလေးအလုပ်သမားတွေကို အလေးထားဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အသက် ၁၄ နှစ်အောက် ကလေးအလုပ်သမားတွေကို တွေ့ရှိပါက သတင်းပေးကြဖို့ကိုလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

“ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ဆိုရင် ကလေးလုပ်သားကို တွေ့တဲ့သူက သတင်းပေးရမယ်။ ကလေးက မိဘရှိရင် မိဘဆီ ပြန်အပ်မယ်။ ပညာရေးကို ဆက်လုပ်ဖို့အတွက် ကျောင်းပြင်ပ ပညာရေးလိုမျိုး ဆောင်ရွက်ပေးရမယ်။ အဲဒါအားလုံးကို အခုတော့ အသေးစိတ် မလုပ်နိုင်သေးဘူး” လို့ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရူပါမြက ဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်တွေမှာ အသက် ၁၄ နှစ်အောက် ကလေးအလုပ်သမားတွေကို တွေ့ရှိပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကနေ အလုပ်ရှင်တွေကို ပထမဆုံးအနေနဲ့ ပညာပေးခြင်း၊ သတိပေးခြင်းတို့ ပြုလုပ်မှာဖြစ်ပြီး လိုက်နာခြင်းမရှိပါက အရေးယူသွားမယ်လို့ သိရပါတယ်။

အစိုးရအနေနဲ့ ကလေးလုပ်သားတွေ ပပျောက်ဖို့အတွက် ILO My-PEC အစီအစဉ်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ၂၀၁၇ ခုနှစ် ဇူလိုင်လကုန်အထိ ဆောင်ရွက်ခဲ့တဲ့အပြင် ၂၀၁၉ ခုနှစ် ဇွန်အထိ ထပ်ပြီးသက်တမ်းတိုး လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာ ဒုတိယသမ္မတဦးမြင့်ဆွေ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို အဖွဲ့ဝင် ၃၇ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး ကလေးလုပ်သားတွေ ပပျောက်ဖို့ လုပ်ငန်းတာဝန်ရှစ်ခုနဲ့ ဆောင်ရွက်နေပါတယ်။

အဲဒီလုပ်ငန်းစဉ်ရှစ်ခုကတော့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးစီမံကိန်းအတွက် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းခြင်း၊ စီမံကိန်း ရည်မှန်းချက်များကို ဆောင်ရွက်ရာမှာ အရေးကြီးတဲ့ လုပ်ငန်းများကို မူဝါဒချမှတ်ပေးခြင်း၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်း၊ ကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ခြင်း၊ လုပ်ငန်းကော်မတီတွေရဲ့ ဆောင်ရွက်ချက်တွေအပေါ် ခြောက်လတစ်ကြိမ် ပြန်လည်သုံးသပ်ပြီး လိုအပ်သလို လမ်းညွှန်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ဖို့ ကြီးကြပ်ခြင်း၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်ပအဖွဲ့အစည်း၊ အလှူရှင်များ၊ ပြည်တွင်းအဖွဲ့အစည်းများမှ ထည်‌့ဝင်လှူဒါန်းတဲ့ ငွေကြေး၊ ပစ္စည်းဥစ္စာနဲ့ နည်းပညာများကို ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်းနဲ့ စီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်မှုကို ပြည်ထောင်စုအစိုးရအဖွဲ့ထံ တစ်နှစ် တစ်ကြိမ်အစီရင်ခံ တင်ပြခြင်းတို့ ဖြစ်ပါတယ်။

ဒီလို ကလေးလုပ်သား ပပျောက်ရေးတွေကို အစိုးရအနေနဲ့ လုပ်နေတာ နှစ်နဲ့ချီ ကြာနေပြီဖြစ်ပေမယ့်လည်း တိုးတက်မှု နှေးကွေးနေသလို ကလေးလုပ်သား ဥပဒေရေးကိုလည်း ရေးဆွဲနိုင်ခြင်းမရှိသေးဘူးလို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS) အတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောပါတယ်။

“ကလေးလုပ်သား ပပျောက်ရေး လုပ်လာတာ ၂၀၁၂၊ ၂၀၁၃ ခုနှစ်ကတည်းက တောက်လျှောက်လုပ်လာတာ။ ကလေးလုပ်သား ဘယ်လောက်လျော့သွားပြီလဲ။ အခုဟာက လျော့ဖို့မဟုတ်ဘူး။ ကလေးလုပ်သား ဘယ်နှယောက်လျော့ဖို့ ဘာတွေလုပ်မလဲဆိုတဲ့ အဆင့်မှာပဲ လည်နေတယ်လို့ ကျွန်တော်မြင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ရှေ့ဆက်တိုးစေချင်တယ်။ ကလေးလုပ်သားကိစ္စ လုပ်တာကို ပြန်သုံးသပ်ပါ။ ဒီထက် ပိုကောင်းတဲ့ ရလဒ်ထွက်လာဖို့ ကျွန်တော် အမြဲတမ်း တိုက်တွန်းလေ့ရှိပါတယ်။ ကလေးလုပ်သားဥပဒေ မရှိဘူး။ နောက်တစ်ခုက စာရင်းမရှိဘူး။ အရိုးသားဆုံးပြောရရင် အလုပ်သမားဝန်ကြီးဌာနက သူတို့မှာ လုံလောက်တဲ့ Capacity မရှိဘူး။ သူတို့ကိုယ်သူတို့ Capacity ဖြည့်နိုင်အောင် အချိန်ယူခဲ့ရတာရှိတယ်။ နိုင်ငံတကာရဲ့ အတွေ့အကြုံ ယူနေတာတွေရှိတယ်။ ဒါတွေက အချိန်တွေ ကြာနေတဲ့ အနေအထားတွေ” လို့ ဦးသက်နှင်းအောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၅၁ ခုနှစ် အလုပ်ရုံအက်ဥပဒေနဲ့ ၂၀၁၆ ခုနှစ်ဆိုင်များနှင့် အလုပ်ဌာနများဥပဒေတွေမှာ ကလေးအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းပြဋ္ဌာန်း ထားတာတော့ ရှိပေမယ့် ကလေးလုပ်သား ဥပဒေကိုတော့ သီးသန့်ပြဋ္ဌာန်းထားတာ မရှိသေးပါဘူး။ ဒါကြောင့်လည်း အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေဖြစ်တဲ့ ရေလုပ်ငန်းတွေ၊ သတ္တုတွင်းလုပ်ငန်းတွေ၊ ရေနံတူးဖော်ရေး လုပ်ငန်းတွေ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေမှာ ကလေးလုပ်သားတွေကို အကာအကွယ်ပေးမယ့် ဥပဒေမရှိသေးတာကြောင့် ကန့်သတ်ချက်တွေ ရှိနေတယ်လို့ မြန်မာနိုင်ငံ ကလေးလုပ်သားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ တွဲဖက်အတွင်းရေးမှူး၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောပါတယ်။

“အခုက ကလေးလုပ်သားပပျောက်ဖို့ အသိပညာပေး ဆွေးနွေးတာပဲ ရှိသေးတယ်။ ကလေးလုပ်သားဆိုတဲ့ အဓိပ္ပာယ်က တိတိကျကျဖွင့်ဖို့ အခုချိန်ထိမပြီးသေးဘူး။ ၁၄ နှစ်အောက်ကလေးကိုတော့ အလုပ်လုပ်ခွင့် မပေးထားဘူး။ အလုပ်သမားဝန်ကြီးဌာနကတွေ့တဲ့ ကလေးတိုင်းကို နေရာတကာ သွားဖမ်းဆီးတာလို့ လုပ်လို့မရဘူး။ ၁၉၅၁ အလုပ်ရုံများအက်ဥပဒေရှိတယ်။ ၂၀၁၆ ဆိုင်ခန်းနဲ့ အလုပ်ဌာနများ ဥပဒေရှိတယ်။ ဒီဥပဒေနှစ်ခုမှာပဲ ရှိတဲ့ဟာကို စစ်ဆေးလို့ရတယ်။ အရေးယူလို့ရတယ်။ ပညာပေးလို့ရတယ်။ ရေလုပ်ငန်းတွေ၊ သတ္တုတွင်းလုပ်ငန်းတွေ၊ ရေနံတူး ဖော်ရေးလုပ်ငန်းတွေ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေ၊ အိမ်အကူလုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ နှစ်ရှည်လုပ်ငန်းတွေ၊ ရာသီသီးနှံလုပ်ငန်းတွေမှာ ကျွန်တော်တို့ ဥပဒေမှမရှိတာ။ ဒါတွေကို သွားလုပ်လို့ မရဘူး။ သွားလုပ်လို့မရတဲ့ ကန့်သတ်ချက်တွေ ရှိပါတယ်” လို့ ဦးညွန့်ဝင်းက ဆိုပါတယ်။

ဆက်လက်ပြီး မိသားစုဆင်းရဲနွမ်းပါးမှုနဲ့ ပညာရေးနိမ့်ပါးမှုက ပညာသင်ကြားရမယ့် ကလေးတွေကို လုပ်ငန်းခွင်ထဲတွန်းပို့နေတဲ့ အဓိကအချက် နှစ်ချက်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“မိဘတွေ ဝင်ငွေနည်းပါးမှုကြောင့် ကလေးတွေ ပညာသင်ကြားဖို့ အခွင့်အလမ်း နည်းပါးသွားသလို ဆက်ပြီးတော့ ပညာရည်နိမ့်ကျတဲ့ ကလေးတစ်ယောက်ဟာ အရွယ်ရောက်လို့ မိသားစုကိုဦးဆောင်ရချိန်မှာ ဝင်ငွေကောင်းတဲ့ သိက္ခာရှိတဲ့အလုပ်ကို လုပ်ကိုင်ခွင့်ရဖို့ ခဲယဉ်းမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဆင်းရဲခြင်းနဲ့ ကလေးအလုပ်သမားပြဿနာဟာ အစမှ အဆုံး၊ အဆုံးမှ အစ သံသရာလည်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး ဆောင်ရွက်ရာမှာ ပညာရည်နိမ့်ပါးမှုနဲ့ ဆင်းရဲနွမ်းပါးခြင်းဟာ အဓိက အကြောင်းရင်း ဖြစ်ပါတယ်” လို့ ညွှန်ကြားရေးမှူးဦးညွန့်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမား ခိုင်းစေခြင်းဆိုင်ရာ သဘောတူညီချက် ILO Convention 182 ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ အကောင်အထည်ဖော်မှု အစီရင်ခံစာကို ILO ဆီ တင်သွင်းခဲ့ပါတယ်။ ဒီလို ၂၀၁၃ ခုနှစ်ကတည်းက အဆိုးရွားဆုံး ပုံစံဖြင့် ကလေးအလုပ်သမား ခိုင်းစေခြင်းဆိုင်ရာ သဘောတူညီချက်ကို မြန်မာနိုင်ငံ အနေနဲ့ လက်မှတ်ရေးထိုးထားပေမယ့်လည်း အချိန် လေးနှစ်ကျော်ကြာတဲ့အထိ ကလေးအလုပ်သမားတွေဟာ လုပ်ငန်းခွင်တွေမှာ အဆိုးရွားဆုံးပုံစံနဲ့ ခိုင်းစေခံနေရဆဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ကလေးအလုပ်သမားပြဿနာကို ဖြေရှင်းရာမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ခက်ခဲကြာရှည်စွာ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေမှာ ကလေးလုပ်သားတွေက မိသားစုရဲ့ ဝင်ငွေ တစ်စိတ်တစ်ပိုင်း၊ ဒါမှမဟုတ် မိသားစုဝင်ငွေကို အဓိက ရှာပေးနေကြသူတွေ ဖြစ်ပါတယ်။ သူတို့ကို လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ခွင့်ကို ပိတ်ပင်လိုက်ပါက သူတို့မိသားစု စားဝတ်နေရေးကို ဘယ်လိုဖြေရှင်းပေးမလဲ ဆိုတာ အစိုးရက စဉ်းစားဖို့လိုပါတယ်။

ဒါကြောင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနစတဲ့ ဝန်ကြီးဌာနတွေကပါ ပူးပေါင်းပါဝင်ပြီး ကလေးလုပ်သားတွေအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ပေးဖို့လိုတယ်လို့ ကလေးအလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ သင့်တော်တဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ ဘေးအန္တရာယ်ကင်းရှင်းတဲ့ လုပ်ငန်းခွင်အပြင် ခိုင်မာအားကောင်းတဲ့ အလုပ်သမားဈေးကွက်နဲ့ ကလေးလုပ်သားတွေကို အကာအကွယ်ပေးတဲ့ဥပဒေ ခိုင်ခိုင်မာမာရှိမှသာ ကလေးအလုပ်သမား အမြစ်ပြတ် ဖယ်ရှားဖို့အတွက် အထောက်အပံ့ဖြစ်စေနိုင်မယ်လို့ ကလေးအလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။

“လက်ရှိအချိန်မှာတော့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေက အားရကျေနပ်စရာ မကောင်းသေးပါဘူး။ ကလေးလုပ်သားပြဿနာအတွက် ခိုင်မာတိကျတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်နေပါသေးတယ်။ မြန်မာနိုင်ငံမှာ ကလေးလုပ်သားပြဿနာက မုန့်လုံးစက္ကူကပ်သလို ဂျာအေးသူ့အမေရိုက် ဖြစ်နေတာပေါ့။ ကျွန်တော်ပြောချင်တာက ကလေးလုပ်သားပြဿနာကို တည်ဆဲဥပဒေကို လိုက်နာရင်တောင်မှ ကလေးတွေကို အကာအကွယ်ပေးလို့ ရပါတယ်။ ကျန်တဲ့ဟာက တိုင်းပြည်ကဖွံ့ဖြိုးမှ လွှတ်တော်နဲ့ အစိုးရက အကာအကွယ်ပေးမှ ဖြစ်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၄ မှာ အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရမယ့်တာဝန် နိုင်ငံတော်မှာရှိတယ်။ ဒါပေမဲ့ လက်တွေ့မှာ ကာကွယ်စောင့်ရှောက်မှု အားနည်းနေတယ်” လို့ We Generation Network ရဲ့ ဥပဒေအကြံပေး၊ တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောပါတယ်။

Most Read

Most Recent