အငြင်းပွားစရာဖြစ်နေတဲ့ မြန်မာအမျိုးသမီးတွေအတွက် သင်္ဘောသားလက်မှတ်

အငြင်းပွားစရာဖြစ်နေတဲ့ မြန်မာအမျိုးသမီးတွေအတွက် သင်္ဘောသားလက်မှတ်
Published 18 June 2018

မြန်မာအမျိုးသမီးများအား သင်္ဘောသားလက်မှတ်နှင့် (Seaman Book) နှင့် Seaman Passport ပြုလုပ်ပေးနိုင်ရန် ညှိနှိုင်းအစည်းအဝေး ပြုလုပ်နေစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

မြန်မာအမျိုးသမီးတွေကို Lady Seafarers အနေနဲ့ တရားဝင် အလုပ်လုပ်ခွင့်ပေးဖို့ လိုအပ်နေပြီလားဆိုတာ လက်ရှိရေကြောင်းလောကမှာ အငြင်းပွားဖွယ် ရှုထောင့်အမျိုးမျိုးနဲ့ ဆွေးနွေးငြင်းခုံမှုတွေ ဖြစ်နေပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒုတိယသမ္မတတို့ တွေ့ဆုံပွဲမှာလည်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်က (Lady Seafarers) တွေ ခွင့်ပြုဖို့ တင်ပြချက်ကို ဒုသမ္မတက လမ်းညွှန်ချက်ပေးခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသားလွှတ်တော်မှာလည်း မြန်မာအမျိုးသမီးတွေကို နိုင်ငံတကာ ပင်လယ်ရေကြောင်းလောကမှာ အမျိုးသမီးသင်္ဘောသား (Lady Seafarers) အဖြစ် အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ဆောင်ရွက်ရန် ရှိ မရှိဆိုတဲ့ မေးခွန်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက လွှတ်တော်မှာ ကြယ်ပွင့်ပြ မေးခွန်းအနေနဲ့ ပေးပို့မေးမြန်းခဲ့ပါတယ်။ အဲဒီမေးမြန်းချက်ကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဒီ Issue ကို အစိုးရအဖွဲ့က ဆက်စပ် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးသွားဖို့ ရှိတယ်လို့ ဇွန် ၁၃ ရက်က အမျိုးသားလွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

အမျိုးသားလွှတ်တော်မှာ ဒုတိယဝန်ကြီးရဲ့ ဖြေကြားချက်အပြီး ဇွန် ၁၄ ရက်မှာပဲ သိမ်ဖြူလမ်းမှာရှိတဲ့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)မှာ မြန်မာအမျိုးသမီးများ Lady Seafarers အနေဖြင့် တရားဝင် အလုပ်လုပ်ခွင့်ရရှိရန် သင်္ဘောသားလက်မှတ် (Seaman Book) နှင့် Seaman Passport ပြုလုပ်ပေးနိုင်ရန် ညှိနှိုင်း အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်၊ အဆိုတင်သွင်းခဲ့သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲ့တပ်ဖွဲ့၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ သင်္ဘောသားသင်တန်းကျောင်းများနဲ့ သင်္ဘောသားသမဂ္ဂများစတဲ့ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

“ဒီနေ့အစည်းအဝေးက မြန်မာအမျိုးသမီးများကို Lady Seafarers အဖြစ်နဲ့ နိုင်ငံတကာ ခရီးသည်တင် အပျော်စီးသင်္ဘောတွေပေါ်မှာ တာဝန်ထမ်းဆောင်နိုင်ဖို့ သင့် မသင့်နဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း အမျိုးသမီး Seafarers များ မွေးထုတ်ပေးခြင်းနဲ့ ပတ်သက်လို့ ပြည်သူတွေက လက်ခံဖို့လိုတယ်။ လွှတ်တော်မှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် လက်ခံဖို့လိုတယ်။ အမျိုးသမီး Seafarers တွေခန့် သင့် မသင့်ကို အမျိုးသမီးကိစ္စတွေ ဆောင်ရွက်နေတဲ့ NGO တွေနဲ့လည်း ဆွေးနွေးပြီး ဆောင်ရွက်သင့်တယ်လို့ လမ်းညွှန်တဲ့အတွက် အခုလို အစည်းအဝေးကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်” လို့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က အစည်းအဝေး အဖွင့်အမှာ စကားမှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာပင်လယ်ရေကြောင်းလောကမှာ အမျိုးသမီးသင်္ဘောသား (Lady Seafarers) အဖြစ် အမျိုးသားသင်္ဘောသားတွေနဲ့ ရင်ပေါင်တန်းပြီး အလုပ်လုပ်ကိုင်နိုင်ဖို့ဆိုတာ မြန်မာအမျိုးသမီးတွေအတွက်တော့ ကြီးမားတဲ့ စွန့်စား စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ အဲဒီအစည်းအဝေး တက်ရောက်လာတဲ့ အဖွဲ့အစည်း အသီးသီးက ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ မြန်မာအမျိုးသမီးတွေက ယဉ်ကျေးမှု ဓလေ့ထုံးစံအရကို ယဉ်ကျေးသိမ်မွေ့စွာနဲ့ ကြီးပြင်းခဲ့ရသူတွေဖြစ်ပြီး၊ မိဘအုပ်ထိန်းမှု၊ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ အိမ်ထောင်ဦးစီး ခင်ပွန်းဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာ နေထိုင်ကြီးပြင်းကြသူတွေဖြစ်တဲ့အတွက် လုပ်ငန်းခွင်မှာ ကိုယ့်တာဝန် ကိုယ်ယူပြီး အဆင်ပြေပြေ လုပ်ကိုင်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်ခဲ့ကြပါတယ်။

“လက်ရှိ နိုင်ငံတကာသင်္ဘောတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသားတချို့တောင် လူမျိုးခြားတွေနဲ့ အတူတကွ တာဝန်ထမ်းဆောင်တဲ့အခါ အကြောက်တရားတွေ ရှိပါတယ်။ ကိုယ့်အခွင့်ရေးအတွက် မတောင်းဆိုရဲတာ၊ ဘာသာစကား အခက်အခဲ စတဲ့ အချက်တွေမှာပေါ့။ ပြဿနာတစ်ခုခု ဖြစ်လာရင် နှုတ်နဲ့ဖြေရှင်းတာမျိုးထက် မခံနိုင်တဲ့ အဆုံးမှာ လက်သီးနဲ့ထိုးပြီး ဖြေရှင်းတာတို့၊ ဓားနဲ့ထိုးပြီး ဖြေရှင်းတာတို့ လုပ်ခဲ့တဲ့အတွက် အလုပ်ကို ထိခိုက်တာမျိုးတွေလည်း ရှိနေပါတယ်။ အဓိက လုပ်ငန်းခွင်မှာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင်ရပ်တည် ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ပြဿနာတစ်ခုခုဖြစ်ပြီးသွားမှ၊ နစ်နာပြီးသွားမှ ဖြေရှင်းရတာမျိုးထက်စာရင် ကိုယ်တိုင်ပဲ ချက်ချင်း ရင်ဆိုင်ဖြေရှင်းနိုင်တာမျိုး ရှိသင့်ပါတယ်” လို့ ဦးသောင်းကြိုင်က ပြောပါတယ်။

မြန်မာအမျိုးသမီးတွေကို နိုင်ငံတကာ ပင်လယ်ရေကြောင်းလောကမှာ အမျိုးသမီး သင်္ဘောသား (Lady Seafarers) အဖြစ် အလုပ်လုပ်ကိုင်နိုင်ဖို့ သင်္ဘောသားလေ့ကျင့် မွေးထုတ်ပေးဖို့ကတော့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ အဆင်သင့်ပဲလို့ သိရပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ သင်္ဘောသား လေ့ကျင့်မွေးထုတ်ပေးတဲ့ ပုဂ္ဂလိကသင်တန်းကျောင်းပေါင်း ၃၀ ကျော်နဲ့ နိုင်ငံပိုင်တက္ကသိုလ်နဲ့ ကောလိပ်နှစ်ခု ဖွင့်လှစ်ထား ရှိပြီးလည်း ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးများတွေကို Lady Seafarers အနေနဲ့ တရားဝင် အလုပ်လုပ်ကိုင် ခွင့်ပြုဖို့ဆိုတာ မြန်မာနိုင်ငံအနေနဲ့ Very sensitive Issue ဖြစ်တဲ့အတွက် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ခွင့်ပြုပေးဖို့ စောင့်ဆိုင်းနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အမျိုးသမီးသင်္ဘောသားတွေအတွက် ပေးရမယ့် သင်တန်းတွေအနေနဲ့ ကျွန်တော်တို့ ဌာနတွင်းအစည်းအဝေးမှာ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ အမျိုးသမီးတွေကို နိုင်ငံတကာခရီးသည်တင် အပျော်စီးသင်္ဘောတွေပေါ်မှာ အလုပ်လုပ်ခွင့်ကို ပထမဆုံးအနေနဲ့ ခွင့်ပြုပေးသင့်တယ်။ ဒါဆိုရင် အမျိုးသမီး သင်္ဘောသားတွေ အနေနဲ့ အမျိုးသားတွေလိုပဲ မဖြစ်မနေ တက်ရောက်ရမယ့် သင်တန်းသုံးခုပဲရှိတယ်။ ပထမဆုံးက 4 Tickets ပေါ့။ သင်တန်းလေးခုကိုအောင် လက်မှတ်တစ်စောင်တည်း ထုတ်ပေးတာ။ နောက်တစ်ခုက Crowd Management ပေါ့။ သင်္ဘောပေါ်မှာ တစ်စုံတစ်ခုဖြစ်ခဲ့ရင် ခရီးသည်တွေကို ဘယ်လိုထိန်းသိမ်း ကိုင်တွယ်ရမလဲဆိုတဲ့ သင်တန်း၊ နောက်တစ်ခုက SSA လို့ခေါ်တဲ့ Ship Security Awareness သင်တန်း။ ဒီသင်တန်းသုံးခုက IMO Convention အရ မဖြစ်မနေ လိုအပ်တယ်။ ဒီသင်တန်းတွေ အောင်မြင်ပြီးရင် SIRB လို့ခေါ်တဲ့ Seafarers Identity Record Book ကို DMA က ထုတ်ပေးမယ်။ ပတ်စ်ပို့ကတော့ ပြည်ထဲရေးက ထုတ်ပေးမယ်။ ကျွန်တော်တို့ဘက်ကတော့ ရယ်ဒီပဲ။ ဘာလို့မလုပ်ပေးသေးသလဲဆိုရင် ဒီ Lady Seafarers ဆိုတာ မြန်မာနိုင်ငံအနေနဲ့ Very Sensitive Issue ဖြစ်တဲ့အတွက် အခုလို လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်က ဒါဟာလိုအပ်တဲ့ Issue ဖြစ်တယ်။ ဘာလို့မလုပ်သေးတာလဲဆိုတဲ့ အသံကို စောင့်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ပေးရမယ့် သင်တန်းတွေ ဖွင့်လှစ်ပေးဖို့က အားလုံးအဆင်သင့်ပါ။ မျှော်လင့်ချက်တွေတော့ မပေးချင်ဘူး။ အမျိုးသမီးတွေကို သင်္ဘောသား ဖြစ်ခွင့်ပေးလိုက်တဲ့အတွက် အမျိုးသမီးတွေအနေနဲ့ ငါကတော့ သင်္ဘောတက်ခွင့်ရမှာပါလားဆိုတဲ့ မျှော်လင့်ချက် ဖြစ်လာမယ်။ အဲဒီတော့ ကျွန်တော်တို့က ခွင့်ပြုပေးခဲ့ရင်တောင်မှ ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့အပိုင်းက အရမ်းအရေးကြီးလာပြီ” ဟု ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

လက်ရှိတွင် နိုင်ငံတကာ အပျော်စီး သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်နေကြသည့် မြန်မာအမျိုးသမီးအချို့လည်း ရှိနေကြပြီး၊ မြန်မာနိုင်ငံမှ တရားဝင် Lady Seafarers အဖြစ် သင်္ဘောတက်ခွင့် မရှိခြင်းကြောင့် နစ်နာမှုတွေ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။

“နိုင်ငံတကာအပျော်စီး သဘောၤတွေမှာ မြန်မာအမျိုးသမီး Seafarers တွေ တရားဝင် တာဝန်ထမ်းဆောင်နိုင်ဖို့ဆိုတာ ကျွန်တော်တို့နိုင်ငံယဉ်ကျေးမှုအရ မဖြစ်မနေ ပညာပေးရမှာ ဖြစ်ပါတယ်။ အလုပ်တိုင်းမှာတော့ Risk ဆိုတာရှိပါတယ်။ တချို့ပြောကြတယ်။ မိန်းကလေးတွေ သင်္ဘောပေါ်တင်ပေးလိုက်ရင် မလိုလားအပ်တဲ့ လူမှုရေးပြဿနာတွေ ရှိလာနိုင်တယ်။ ဒါတွေက နိုင်ငံခြား သင်္ဘောကုမ္ပဏီတွေမှာ Rules တွေ ရှိပြီးသားပါ။ သင်္ဘောမတက်ခင်မှာ မိန်းကလေးရော၊ ယောကျ်ားလေးပါ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ရပါတယ်။ သင်္ဘောပေါ်မှာလည်း သူ့နေရာနဲ့သူ စည်းခြားထားတာတွေ ရှိပါတယ်။ ဝန်ဆောင်မှုအပိုင်းနဲ့ နေမှု၊ ထိုင်မှု၊ ပြောမှု၊ ဆိုမှု၊ စားမှု၊ သောက်မှုအပိုင်းတွေမှာလည်း သတ်မှတ်ချက်တွေ၊ ကဏ္ဍခွဲခြားမှုတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ မတူညီနိုင်တာတွေလည်း ရှိပါတယ်။ သူတို့ ယဉ်ကျေးမှုနဲ့ မတူတဲ့အချက် အချို့ကြောင့်သာ Lady Seafarers တွေကို ခွင့်ပြုမပေးဘူးဆိုရင် သူတို့တွေရဲ့အမြင်၊ တိုးတက်မှု အပိုင်းတွေမှာ အများကြီးနှောင့်နှေးသွားနိုင်ပါတယ်။ ခုလက်ရှိအပြင်မှာ ဘာဖြစ်နေသလဲဆိုရင် မြန်မာမိန်းကလေးအချို့က နိုင်ငံတကာက ဟိုတယ်ကြီးတွေမှာ အလုပ်လုပ်ခဲ့ကြတယ်။ ပြီးတော့ လစာကောင်းတဲ့ နိုင်ငံတကာ အပျော်စီးသင်္ဘောတွေမှာ အလုပ်လုပ်ချင်တဲ့အခါ သူတို့ကိုယ်တိုင် သူတို့ရဲ့ အဆက်အသွယ်နဲ့ သွားနေကြရတယ်။ သူတို့က မြန်မာနိုင်ငံက နိုင်ငံကူးလက်မှတ် Seaman Passport နဲ့ Job Passport နှစ်မျိုးမှာ သူတို့ တရားဝင် ကိုင်ဆောင်ပြီးသွား ရတာက Job Passport ဖြစ်တဲ့အတွက် သင်္ဘောပေါ်မှာ အလုပ်လုပ်ရတဲ့အခါ သူတို့ခမျာ သင်္ဘောကမ်းကပ်တဲ့အခါ တချို့နိုင်ငံတွေမှာ Seaman Book မရှိလို့ Go Shore မဆင်းရတာတွေ၊ နောက်တစ်ခု တကယ်လို့များ သူတို့အလုပ်လုပ်နေတဲ့ သင်္ဘောက မြန်မာပြည်ကို ဝင်လာခဲ့ရင် တောင်သူတို့မှာ သင်္ဘောတက်ခွင့်၊ သင်္ဘောဆင်းခွင့်မရှိပါဘူး။ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးရပါတယ်။ အမှန်တိုင်းပြောရရင် နိုင်ငံတကာက ခရီးသည်တင်အပျော်စီး သင်္ဘောတွေပေါ်မှာ မြန်မာ Lady Seafarers တွေက ရှိနေကြပြီးသား။ ကျွန်တော်တို့က ဒီမြန်မာအမျိုးသမီးတွေကို အကာအကွယ် ပေးချင်တာ။ ဒီလို အကာကွယ်ပေးနိုင်ဖို့က Lady Seafarers တွေ အနေနဲ့ Seaman book နှင့် Seaman Passport ရှိကို ရှိရမယ်။ ဒါတွေမရှိတဲ့အတွက် Lady Seafarers တွေဘက်မှာ အများကြီးနစ်နာမှုတွေ ရှိနေတယ်” ဟု မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးဆန်းဦးက ပြောကြားသည်။

“မြန်မာအမျိုးသမီးတွေကို Lady Seafarers အနေ့နဲ့ တရားဝင် အလုပ်လုပ်ခွင့်ပြုဖို့ဆိုတာ ကျွန်တော်တို့ ယဉ်ကျေးမှုအရ အရမ်းစိမ်းနေတယ်။ လက်ကိုမခံနိုင်သလိုဘဲ တချို့ပြောနေကြတာတွေက။ ဒါကို ကျွန်တော်တို့က လူထုနားလည် သဘောပေါက်အောင် လုပ်ဖို့တော့လိုတယ်။ ဒါပေမဲ့ လူထုအားလုံးလက်ခံမှ လုပ်ရမယ်လို့တော့ ကျွန်တော်ဆိုလိုနေတာ မဟုတ်ပါဘူး။ လက်မခံနိုင်တဲ့ကိစ္စကို လုပ်ပြရင်းနဲ့ နားလည်အောင် လုပ်ရမယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ အထူးတလည် စဉ်းစားဖို့လိုတဲ့ အချက်ကတော့ လူကုန်ကူးမှု ပြဿနာကိုတော့ အစိုးရတာဝန်ရှိသူတွေ အနေနဲ့ အကာကွယ်အပြည့်အ၀ ပေးနိုင်ဖို့လိုပါတယ်။ ဒီလိုအပ်ချက်တွေကို စဉ်းစားလုပ်ကိုင်ပြီးရင်တော့ Lady Seafarers တွေကို ခွင့်ပြုပေးသင့်ပါတယ်။ ဆောလျင်စွာ ဆောင်ရွက်ပါလို့လည်း တိုက်တွန်းချင်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကော်မတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က ပြောကြားသည်။

မြန်မာနိုင်ငံ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရေကြောင်းပညာတက္ကသိုလ်မှ မြန်မာအမျိုးသမီးများအား Seafarers အဖြစ် တရားဝင် တာဝန်ထမ်းဆောင်နိုင်ရန် မွေးထုတ်ပေးရမည်မှာ လွယ်ကူပေမယ့် အလုပ်ကိုင်ရရှိမှု အခြေအနေမှာတော့ ခက်ခဲနေတယ်လို့ ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ တက္ကသိုလ်မှာ နှစ်စဉ် ကျောင်းသားဦးရေ ၃၂၀ လောက် ခေါ်ပါတယ်။ အဲဒီထဲမှာ ၂၀ ရာခိုင်နှုန်းက အမျိုးသမီးပါ။ တစ်နှစ်ကို မိန်းကလေး ၆၀ ကျော် ပါပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကျောင်းမှာ သင်ကြားပေးနေတဲ့ ဘာသာရပ် ခုနစ်ခုရှိပါတယ်။ အဲဒီထဲမှာ သင်္ဘောသားနဲ့ သက်ဆိုင်တာ တိုက်ရိုက်ပတ်သက်တဲ့ ဘာသာရပ် သုံးခုရှိပါတယ်။ Nautical Sciences ဆိုတာ သင်္ဘောကပ္ပတိန်လိုင်းပါ။ Marine Engineering ဆိုတာ သင်္ဘော Chief Enginner လိုင်းပေါ့။ အမျိုးသားများသာ လက်ခံပါတယ်။ ခုနောက်ပိုင်း ကျွန်တော့်ကျောင်းမှာ Electrical & Electronic ကလည်း သင်္ဘောသားနဲ့ သက်ဆိုင်သွားတဲ့ ဘာသာရပ်ဖြစ်သွားတဲ့အချိန်မှာ အဲဒီဘာသာရပ်ကို အမျိုးသမီးတွေ လက်ခံနေရာကနေ ဖြုတ်ပစ်လိုက်ပါတယ်။ ကျွန်တော် Gender ခွဲခြားတာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆို ကျွန်တော့်ကျောင်းကို သင်္ဘောသား အလုပ်ကိုင်အတွက် ခေါ်ယူတဲ့ ကုမ္ပဏီတွေက အမျိုးသားတွေကိုပဲ ခေါ်ပါတယ်။ အမျိုးသမီးတွေကို လုံးဝမခေါ်ပါဘူး။ အဲဒီအတွက် ဘာစဉ်းစားလဲဆိုတော့ ခုကျောင်းသားတွေက ဘယ်ကျောင်းတက်ရင် ဘာအလုပ်ရမလဲဆိုတာကို မေးနေတဲ့အတွက် ကျွန်တော်တို့က ခုလက်ရှိမှာ သင်္ဘောလိုင်း မြောက်မြားစွာနဲ့ ချိတ်ဆက်ပြီး ကျောင်းဆင်းထားသူတွေကို ၇၅ ရာခိုင်နှုန်းလောက် အလုပ်ကိုင် ရှာဖွေပေးနိုင်ပါတယ်။ အမျိုးသမီးတွေကို ဂျပန်နိုင်ငံ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင် ရှာဖွေပေးနေပါတယ်။ ပြည်တွင်းမှာလည်း ရှာဖွေပေးနေပါတယ်။ အမျိုးသမီးတွေကို ရေကြောင်းပညာ တက္ကသိုလ်ကနေ Seafarers အနေနဲ့ မွေးထုတ်ပေးလို့ ရတယ်။ ဒါပေမဲ့ အလုပ်ရှာမပေးနိုင်ပါဘူး။ အလုပ်ကိုင်ရဖို့အတွက် အာမမခံနိုင်ပါဘူး။ ယောကျ်ားလေးဆို ရာခိုင်နှုန်း ၇၀ လောက် အာမခံနိုင်ပါတယ်။ ကျွန်တော် သိသလောက် နိုင်ငံတကာသင်္ဘောတွေမှာ Lady Seafarers အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတွေက ဂျပန်အမျိုးသမီးဆို ဂျပန်သင်္ဘောလိုင်းတွေမှာပဲ လိုက်တယ်။ ကိုရီးယားဆို ကိုရီးယားသင်္ဘောလိုင်းတွေမှာပဲ လိုက်တယ်။ သူတို့ရဲ့ National Shipping Lines တွေမှာပဲလိုက်တယ်။ အရမ်းလုံခြုံတယ်။ သူတို့အချင်းချင်း စောင့်ရှောက်ကြတယ်။ ကျွန်တော်တို့က National Shipping Lines လုံး၀ မရှိဘူး။ အဲဒီတော့ ပြောချင်တာ နိုင်ငံတကာ အပျော်စီးသင်္ဘောတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတွေကို ဥပဒေကြောင်းအရ တရားဝင်ဖြစ်ဖို့ စဉ်းစား ခွင့်ပြုပေးတာက အကြောင်းမဟုတ်ဘူး။ အသစ်တင်ဖို့ကတော့ စဉ်းစားဖို့ လိုပါတယ်။ နောက်တစ်ခုက တစ်ကမ္ဘာလုံးမှာ Lady Seafarers က ရာခိုင်နှုန်း ၂၀ ပဲ ရှိတယ်။ လူဦးရေက နှစ်သောင်းကျော်ပဲရှိတယ်။ မြန်မာနိုင်ငံက Lady Seafarers တွေ ဖြစ်သင့်လားဆိုတော့ Gender အရတော့ မခွဲခြားသင့်ပါဘူး။ အဲဒီတော့ ဖြစ်ချင်တဲ့သူတွေကို အကာကွယ်ပေးနိုင်မယ့် G to G Law လိုမျိုး ရှိသင့်တယ်။ အဓိက Lady Seafarers တွေ ခွင့်ပြုပေးလိုက်လို့တစ်ခုခု ဖြစ်လာရင် ခေါင်းပေါ်ကျမှာ တာဝန်ခံရမှာက လွှတ်လိုက်တဲ့သူတွေပဲ တာဝန်ခံရမှာ။ လုပ်သင့်တဲ့၊ ခွင့်ပြုပေးသင့်တဲ့ အလုပ်တစ်ခုမှန်သော်လည်း ကိုယ့်ဘက်ကို ပြန်လက်ညှိုးမထိုးအောင် လုံလုံခြုံခြုံလေးဖြစ်အောင် အချိန်ယူ စဉ်းစားပြီးမှ ဖြည်းဖြည်းချင်းသွားဖို့ သင့်တော်မယ်လို့ ထင်ပါတယ်” ဟု ရေကြောင်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ပြောကြားပါတယ်။

မြန်မာပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ်မှ မြန်မာအမျိုးသမီးများအား သင်္ဘောသားမှတ်ပုံတင်စာအုပ် (စီဒီစီ) ထုတ်ပေးခြင်းကိစ္စသည် မြန်မာ့ရေကြောင်း လောကအတွက် သင့်တင့်လျောက်ပတ်သည့် မူဝါဒဥပဒေ၊ နည်းဥပဒေများ မပေါ်ထွန်းမီ အဆောတလျင် လုပ်ဆောင်ရန် သင့်လျော်သည့် အချိန်အခါ မဟုတ်သေးခြင်းကြောင့် လူမှုစီးပွားအတွက် ကောင်းကျိုးထက် ဆိုးကျိုးများစွာ ဖြစ်ပေါ်လာနိုင်မည်ဖြစ်သောကြောင့် အပြင်းအထန် ကန့်ကွက်ပါကြောင်း ကြေညာချက်တစ်ရပ်အား ဇွန် ၁၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယခုလက်ရှိအခြေအနေက ကမ်းနီးငါးဖမ်းသင်္ဘောများပေါ်တွင် လူကုန်ကူးခံရခြင်း၊ လုပ်ခလစာများအပေါ် ခေါင်းပုံဖြတ်ခံရခြင်းများ ရှိနေသည့်အတွက် အမျိုးသားများအား စေလွှတ်ရန်ပင် မူဝါဒများ ဆွေးနွေးနေရသည့် အချိန်ဖြစ်နေကြောင်း၊ ပင်လယ်ကူး သင်္ဘောသားအလုပ်သည် ကမ်းဝေးလုပ်ငန်းဖြစ်သည့်အတွက် ဆက်သွယ်ရန် မလွယ်ကူခြင်း၊ လုပ်သားများ၏ ရပိုင်ခွင့်၊ အခွင့်ရေးများနှင့် ပတ်သက်ပြီး စည်းကြပ်ရန် ခက်ခဲခြင်း၊ လူမှုရေးပြဿနာ၊ အလုပ်သမား ပြဿနာများစွာ ရှိနိုင်ခြင်းကြောင့် ပင်လယ်ရေကြောင်း အလုပ်အကိုင်များတွင် မြန်မာအမျိုးသမီးများအား သင်္ဘောသားအဖြစ်နဲ့ စေလွှတ်သွားရန် အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ်။

လက်ရှိ မြန်မာသင်္ဘောသား ဈေးကွက်မှာဆိုရင်လည်း အလုပ်ကိုင်ရရှိမှု အခွင့်အလမ်းက အတော်လေး နည်းပါးနေတယ်လို့ ဆိုပါတယ်။ အစဉ်အလာနဲ့ လုပ်ကိုင်ခဲ့တဲ့ နာမည်ကြီးသင်္ဘောကုမ္ပဏီကြီးတွေတောင် သင်္ဘောအစီးရေ လျှော့ချလိုက်ရလို့ မြန်မာသင်္ဘောသား အလုပ်ကိုင် ရရှိမှု အခက်အခဲတွေ ဖြစ်နေတာကိုလည်း သိရှိရပါတယ်။ ဒီလိုအချိန်မှာ မြန်မာအမျိုးသမီးတွေကို Lady Seafarers အနေနဲ့ တရားဝင် အလုပ်လုပ်ခွင့်ရဖို့ အမှန်တကယ် ခွင့်ပြုပေးဖို့ လိုအပ်နေပြီလားဆိုတာကတော့ ရေကြောင်းလောကမှာ အငြင်းပွားဖွယ် ရှုထောင့်အမျိုးမျိုးနဲ့ ဆွေးနွေးငြင်းခုံစရာ အကြောင်းအရာ တစ်ခုဖြစ်နေတာ အမှန်ပါ။

Most Read

Most Recent