<

တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတဲ့ ကူသူကယ်သူမဲ့ မြန်မာ့ရေဘေး

မော်လမြိုင်မြို့ တောင်ဝိုင်းရပ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို ဇွန် ၁၇ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုဝင်း)

၂၀၁၅ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံတွင် မိုးတွင်းကာလသို့ ရောက်ရှိလာသည်နှင့် ဒေသအသီးသီးတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလာသည်။ ယခုနှစ်တွင်လည်း ဇွန်လအစ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုများကို ကြုံတွေ့ခဲ့ရသည်။

၂၀၁၅ ခုနှစ်တွင် ပြည်နယ်နှင့် တိုင်း ၁၂ ခု၌ ရေကြီးရေလျှံမှုကြောင့် မြစ်ချောင်းအနီးရှိ မြို့များသာမက ကုန်းတွင်းမြို့များပါ ရေကြီးရေလျှံမှု ကြောင့် လူဦးရေ ၁၇ သိန်းကျော် ရေဘေးသင့်ခဲ့ပြီး ၁၈၁ ဦး သေဆုံး ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခု တွင် ထပ်မံရေကြီးရေလျှံမှုကြောင့် ပြည်သူငါးသိန်းကျော် ရေဘေးသင့်ခဲ့ပြီး ၂၀၁၇ ဇူလိုင်တွင်  ပြည်နယ် ၁၁ ခုတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ သောကြောင့် လူသေဆုံးမှုများလည်း ရှိခဲ့သည်။

ရေကြီးရေလျှံမှုကြောင့် သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ

၂၀၁၈ မေ ၂၉ ရက်တွင် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပွားခဲ့သည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မိုးရွာသွန်းမှုသည် ပြည်နယ်နှင့် တိုင်းဒေသကြီး အနှံ့တွင် ဖြစ်ပွားခဲ့သည်။ ယခုကဲ့သို့ မိုးရွာသွန်းမှုကြောင့် မြစ်ချောင်းများတွင် ရေများပြည့်လျှံနေပြီး ဇွန် ၁၀ ရက်တွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းတစ်ခု ထပ်မံဖြစ်ပွားပြီး ၎င်းနှင့်အတူ မုတ်သုံလေ အားကောင်းခြင်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးခြောက်ခုတွင် ရေကြီးရေလျှံခဲ့ခြင်းဖြစ်သည်။

“ဒီနှစ်ရေကြီးရေလျှံတာ စောတာပေါ့။ လက်ရှိမှာ မြန်မာနိုင်ငံ အထက်ပိုင်းဒေသနဲ့ အလယ်ပိုင်း ဒေသမှာ မိုးအားလျော့လာပြီ။ မုတ်သုံကလည်း ရခိုင်ကမ်းရိုးတန်းမှာ အားအတင့်အသင့်လောက်ပဲ ရှိတော့တယ်။ ၂၀၁၅ ကနေစပြီးတော့ ရေကြီးတာ တောက်လျှောက် ဖြစ်လာတယ်။ အဓိက ပြောရမယ်ဆိုရင် ရာသီဥတု ပြောင်းလဲလာတဲ့အတွက် မိုးရွာသွန်းမှုတွေ ပြောင်းလဲလာတယ်။ ဒီနှစ်ထူးခြားတာက အရင်နှစ်တွေဆိုရင် ရခိုင်တစ်လှည့် တနင်္သာရီတစ်လှည့် မုတ်သုံအားကောင်းတယ်။ ဒီနှစ်မှာတော့ မုတ် သုံက နှစ်ခုလုံးမှာ တစ်ပြိုင်တည်းမှာ အားကောင်းတာ ရက်တော်တော်ကြာကြာ ဖြစ်တယ်။ အရင်ကဆိုရင် တစ်ပတ်မှာ နှစ်ရက်သုံးရက်လောက် ဖြစ်တာ။ အခုတစ်ပတ်လုံးနီးပါး မုတ်သုံအား အလွန်ကောင်းတဲ့ အနေအထားရှိတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန် ၁၁ ရက်တွင် မကွေး-ကန်ပြား- နေပြည်တော်လမ်းရှိ ချောင်းရေကျော်ကာ ရေစီးအလွန်သန်သောကြောင့် ခရီးသည်တင်ယာဉ် အများစု စောင့်ဆိုင်းခဲ့ရပြီး လူနာယာဉ် တစ်စီးပေါ်တွင် ပါရှိလာသည့် မွေးလူနာတစ်ဦး ကလေးအသေ မီးဖွားမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

“ကားတွေပိတ်မိနေတုန်း ကျွန်တော်တို့ စီးလာတဲ့ကားကို ဆရာတွေပါလားဆိုပြီး အကူအညီတောင်းတယ်။ လူနာက ဆရာဝန်တွေ ရောက်လာတဲ့အချိန်မှာ အသေမွေးပြီးသွားပြီ။ ဆရာဝန်က အချင်းကို ချပေးတယ်။ ကလေးအမေရဲ့အသက်ကိုတော့ ကယ်လိုက်နိုင်တယ်” ဟု ရန်ကုန်မှ မကွေးသို့ ပြန်လာစဉ် ချောင်းရေကျော်မှုကို စောင့်ဆိုင်းခဲ့ရသည့် ဒေါက်တာညီညီအောင်က ပြောကြားသည်။

ရေကြီးရေလျှံမှုကြောင့် ဇွန် ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် နောင်ပိုအောင်ဆပ်ကယား ကြိုးတံတား ပျက်စီးပြီး ကျေးရွာ ၁၀ ရွာခန့် သွားလာရေးများ ခက်ခဲခြင်း၊ တမူးမြို့တွင်လည်း မြို့ပေါ်ရပ်ကွက်များအတွင်း နေအိမ်အချို့ ရေနစ်မြုပ်မှုနှင့် ကြုံတွေ့ခဲ့ရခြင်း၊ မောင်တောမြောက်ပိုင်းသွား ကားလမ်းပိုင်းအချို့ ပျက်စီးခဲ့ခြင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း တောင်ကျချောင်း ရေလျှံမှုကြောင့် မြို့နယ်နှစ်ခုတွင် ကျောင်း ၆၉ ကျောင်းပိတ်ခဲ့ရခြင်း၊ မင်းဘူးမြို့တွင် မန်းချောင်းနှင့် နွားကူးချောင်း ရေ၀င်ရောက်မှုကြောင့် တစ်နှစ်ကျော်အရွယ် ကလေးသေဆုံးခြင်း၊ ပေါင်းတည်မြို့ ရန်ကုန်-ပြည်ကားလမ်း အရှည်တစ်မိုင်နီးပါးခန့် ရေကျော်ခဲ့သဖြင့် မြို့ ပေါ်ရပ်ကွက် ၁၂ ရပ် ကွက်နှင့် ကျေးရွာပေါင်း ၂၀၀ ကျော် တွင် ရေလွှမ်းခြင်းတို့ ဖြစ်ပွားခဲ့သည်။

ယင်းအပြင် ဇွန် ၁၃ ရက်တွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် ဟုမ္မလင်း၊ အင်္ဂပူ၊ စကု၊ စလင်း၊ ဒီးမော့ဆိုမြို့၊ ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် ကျောက်တော်မြို့တို့တွင် ဆည်ရေကြီးခြင်း၊ တောင်ကျရေ မြင့်တက်ခြင်းနှင့် တာပေါင်ကျိုးခြင်းများ ဖြစ်ပွားခဲ့သည်။ ဇွန် ၁၄ ရက်တွင်လည်း မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ ဖောင်တော်ဦးဘုရား ရင်ပြင်တော်ပေါ် တွင် အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ပြီး မြေပြိုမှုကြောင့် အိမ်လေးလုံး ပျက်စီးကာ လူငါးဦး သေဆုံးခဲ့သည်။

“နှစ်စဉ်တော့ ရေကြီးရေလျှံမှုတွေ ကြုံလာတဲ့ အနေအထား ရှိတဲ့အတွက် မြစ်ကမ်းအနီးမှာ နေတဲ့သူတွေက ဘေးလွတ်တဲ့နေရာ ရွှေ့ပြောင်းသင့်တယ်။ နိုင်ငံတော်ဘက်က တတ်နိုင်သလောက် မြစ်ကမ်းပါးပြိုတာတွေ ဆောင်ရွက်နေတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဆောင်ရွက်နိုင်သေးတဲ့ အချိန်ကျတော့ မဆောင်ရွက်နိုင်သေးတဲ့ အပိုင်းမှာဆိုရင် ရေစီးတိုးပြီး မြစ်ကမ်းပါး ပြိုတာတွေဖြစ်တယ်။ မကွေးတိုင်းမှာလည်း အဲဒီလိုဖြစ်စဉ်တွေရှိတယ်။ ပြည်သူတွေအနေနဲ့ ရေကြီးရေလျှံမှု ဖြစ်လာရင် ဘေးလွတ်ရာ ရွှေ့ပြောင်းသင့်တယ်” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

၂၀၁၈ ဇွန်လဒုတိယပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် အဓိကဆည်ကြီးခြောက်ခု တွင် ကန်ရေပြည့်အမှတ်များကျော် လွန်ပြီး မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်း၊ မဒေးချောင်းများ ရေကြီးမှုဖြစ်ပွားကာ မင်းဘူးနှင့် သရက်ခရိုင်အတွင်းရှိ ကျေးရွာအချို့ ရေကြီးနစ်မြုပ်ခဲ့ရပြီး လမ်းများ၊ တံတားများ၊ လယ်ယာမြေများနှင့် စိုက်ပျိုးထားသောသီးနှံများ ပျက်စီး ဆုံးရှုံးခဲ့ရသည့်အပြင် လူငါးဦး အသက်ဆုံးရှုံးခဲ့ကာ ရခိုင်ပြည်နယ် တွင် ဇွန် ၁၂ ရက်မှ ၁၅ ရက်အတွင်း သဘာဝဘေးကြောင့် လူရှစ်ဦး သေဆုံးခဲ့သည်။

ယခုလတ်တလော ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ငဖဲ၊ ကံမ၊ စကု၊ မင်းတုန်း၊ ပွင့်ဖြူနှင့် စေတုတ္တရာ မြို့နယ်များတွင် လမ်း၊ တံတား၊ တာတမံ၊ လူနေအိမ် အဆောက်အဦ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လယ်ယာမြေ ပျက်စီးဆုံးရှုံးမှု ကနဦး ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၂၂,၇၂၀ ခန့် ရှိကြောင်း၊ ဆုံးရှုံးမှုစာရင်းများ ရှိနိုင်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဆုံးရှုံးမှုစာရင်းများ၏ အသေးစိတ် အချက်အလက်များကို ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဒုတိယရေကြီးကာလ ဇူလိုင်၊ သြဂုတ်တွင် ရေကြီးရေလျှံနိုင်

မြန်မာနိုင်ငံတွင် ရေကြီးမှု သဘာဝဘေးအန္တရာယ်ကို သတိပြုရသည့်ကာလ သုံးခုရှိပြီး မိုးဦးကာလ ဇွန်လ၊ မိုးလယ်ကာလ ဇူလိုင်နှင့် သြဂုတ်လ၊ မိုးနှောင်းကာလ စက်တင်ဘာလနှင့် အောက်တိုဘာလ တို့ဖြစ်သည်။ အဆိုပါ ကာလသုံးခုအနက် ဇူလိုင်နှင့် သြဂုတ်လတွင် မြစ်ရေကြီးခြင်းသည် အများဆုံး ဖြစ်ပွားသည့် ကာလဖြစ်သည်။

ရေကြီးခြင်းသည် မိုးတွင်းကာလ၌ မြစ်ဝှမ်းဒေသတွင် အချိန်ကြာကြာ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်းဖြတ်ကျော် ၀င်ရောက်စဉ် မိုးထစ်ချုန်း ရွာသွန်းခြင်း၊ မြစ်ဖျားဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဆည်၊ ရေကာတာကြီးများ ကျိုးပေါက်ခြင်းတို့ကြောင့် ဖြစ်သည်။

ယခုလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားခဲ့သည့် မုန်တိုင်း၊ မုတ်သုံလေအား အလွန်ကောင်းခြင်းနှင့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းနောက်တွင် တိမ်တိုက်ကြီး တစ်ခုသည် မြန်မာ့ကမ်းရိုးတန်းသို့ မိုးရွာသွန်းမည့် တိမ်တိုက်များ ပို့ပေးကြောင်း၊ ထို့ကြောင့် ဧရာဝတီတိုင်း ဒေသကြီးမှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မိုးများနေခဲ့ခြင်းဖြစ်ကြောင်း မိုးလေ၀သပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

“အဲဒီတော့ ကျွန်တော်တို့ စိုးရိမ်တာက ဒီလိုမျိုးပုံစံက လာမယ့် ဇူလိုင်လမှာ ဘင်္ဂလားပင်လယ်အော်မှာ ကိုးမန်းဆိုတဲ့ မုန်တိုင်းလေးဖြစ်ပြီးတော့ ရခိုင်ကမ်းရိုးတန်းမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ဖြတ်ပြီးတော့ ပြည်နယ်နဲ့တိုင်း ၁၂ ခု ရေ ကြီးခဲ့တယ်။ အဲဒီလိုမျိုး ဖြစ်မှာလားဆိုပြီး လူတွေစိုးရိမ်နေတယ်။ ကျွန်တော်တို့ ကြည့်တဲ့အခါကျတော့ ဇူလိုင်လက မေ၊ ဇွန်ထက် မိုးများမယ်။ မုန်တိုင်းဖြစ်မဖြစ်ကတော့ ကြိုမပြောနိုင်သေးဘူး။ မိုးများမယ့် အကြောင်းက မုတ်သုံလေအား ကောင်းလို့လည်း မိုးများနိုင်တယ်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ မုတ်သုံမုန်တိုင်းငယ်လို့ ခေါ်တဲ့ မုန်တိုင်းငယ်လေးတွေကြောင့်လည်း မိုးများနိုင်တယ်။ အဲဒီလိုမျိုး ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဇူလိုင်၊ သြဂုတ်မှာ မုန်တိုင်းငယ် ဖြစ်တာများမယ်ဆိုရင် မြန်မာနိုင်ငံ အလယ်ပိုင်း၊ အထက်ပိုင်း မိုးများမယ်။ အဲဒီလိုမိုးများရင် ရေတော့ အထိုက်အလျောက် ကြီးမှာပဲ။ ဇူလိုင်၊ သြဂုတ်ကလည်း ရေကြီးရာသီဖြစ်တယ်။ ရေကြီးရာသီမှာ မိုးက ထပ်များသေးတယ်ဆိုရင် ပုံမှန်အားဖြင့် ရေကြီးရာသီ ဖြစ်တယ်ဆိုရင် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဇူလိုင်၊ သြဂုတ်က မိုးများတယ်။ အဲဒီကရွာတဲ့ မိုးတွေက ဧရာဝတီ၊ ချင်းတွင်းဆင်း လာပြီးတော့ အလယ်ပိုင်းတို့ အောက်ပိုင်းတို့မှာ ရေကြီးတယ်။ ဒါက ပုံမှန် အခုက ဇူလိုင်၊ သြဂုတ်မှာ လေဖိအားနည်းရပ်ဝန်းတို့ မုန်တိုင်းငယ်တို့ဖြစ်ရင် အထက်ပိုင်းလည်း မိုးရွာမယ်။ အလယ်ပိုင်းလည်း မိုးရွာမယ်။ အောက်ပိုင်းလည်း မိုးရွာမယ်။ အဲဒီလိုရွာရင် အပေါ်ပိုင်းကရွာတဲ့ မိုးရေက မြစ်ထဲကို ဆင်းလာချိန်မှာ အလယ်ပိုင်းကလည်း ထက်ရွာရင် ရေပိုကြီးသွားမယ်။ အဲဒါကို သတိပြုဖို့လိုတယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

ထို့ပြင် ယခုနှစ်အတွင်း မုတ်သုံမိုးရွာသွန်းမှုသည် ထူးခြားမှုတစ်ခု ဖြစ်ခဲ့ကြောင်း၊ ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေအား အလွန်ကောင်းပါက အလယ်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုနည်းပါးသော်လည်း ဇွန်လတွင် အလယ်ပိုင်း ဒေသများတွင်ပါ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မိုးလေ၀သပညာရှင်များက လေ့လာဆန်းစစ်မှုများ ပြုလုပ်နေသည်။

“အရင်ပုံသေနည်းတွေအရ မုတ်သုံလေအားကောင်းရင် အလယ်ပိုင်း မိုးသိပ်မရွာဘူး၊ အခုမုတ်သုံလေ အားကောင်းပြီး အလယ်ပိုင်းလည်း မိုးတွေရွာတယ်။ အလယ်ပိုင်းမှာ မုတ်သုံလေအားကောင်း မိုးရွာတာက ရခိုင်ဘက်မှာ မုတ်သုံလေ အားကောင်းရင် အလယ်ပိုင်း မိုးရွာတာကို တွေ့ရတယ်။ တနင်္သာရီဘက်မှာ မုတ်သုံလေအားကောင်းရင် အလယ်ပိုင်းမှာ မိုးသိပ်မရွာဘူး ဆိုတာကို တွေ့ရတယ်။ ဒါကို အတည်ပြုချက်တွေတော့ မလုပ်ရသေးဘူး” ဟု ဦးချစ်ကျော်က ပြောကြားသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပွားပြီး မုတ်သုံလေအားကောင်းကာ မိုးရွာခဲ့ကြောင်း၊ သို့သော် တစ်ပြိုင်တည်း မြန်မာနိုင်ငံ အနောက်မြောက်မှ မြန်မာနိုင်ငံအလယ်ပိုင်းသို့ လေပွေလှိုင်းလေးတစ်ခု တိုးဝင်လာခဲ့ကြောင်း၊ ယင်းလေပွေလှိုင်း တိုးဝင်လာမှုကြောင့် မိုးရွာမှု ဖြစ်ပွားခြင်း သို့မဟုတ် မုန်တိုင်းငယ်လေး အရှိန်ကြောင့် မိုးရွာခြင်းဆိုသည်နှင့် ပတ်သက်ပြီး သုံးသပ်နေကြောင်း ဦးချစ်ကျော်က ဆိုသည်။

“ပြန်သုံးသပ်ကြည့်တဲ့ အချိန်မှာ မုန်တိုင်းငယ်လေးတိုက်တဲ့ အချိန်မှာ လေကပြင်းတယ်။ ပြင်းတဲ့အတွက်ကြောင့် ရေငွေ့တွေက ရခိုင်ရိုးမကိုကျော်ပြီး အလယ်ပိုင်းအထိ ရောက်သွားတယ်။ အဲဒီကောင်က ပုံမှန်အားဖြင့် အလယ်ပိုင်းကို ကျော်ပြီးတော့ ရှမ်းနဲ့ ကချင်ကိုသွားရွာတယ်။ ဒါပေမဲ့ လေပွေလှိုင်းလေး တိုးဝင်လာတဲ့အတွက်ကြောင့် လေပွေလှိုင်းက ကချင်ဘက်ကို မသွားနိုင်အောင် တားလိုက်လို့ အလယ်ပိုင်းမှာ မိုးတွေပိုရွာသွားသလား ဆိုတဲ့ကောက်ချက်ကို သုံးသပ်နေတယ်။ အခုလိုဖြစ်ရပ်က ပြောင်းလဲလာတဲ့ ရာသီဥတုရဲ့ အကျိုးသက် ရောက်မှုကို ထင်ထင်ရှားရှား စိန်ခေါ်နေပြီ။ အဲဒီဟာကို ပညာရှင်တွေလည်း အဖြေရှာနေတယ်။ အဲဒီလိုအဖြေရှာတာက ပြည်သူလူထုကို ပိုမိုကောင်းမွန်တဲ့ သတိပေးချက်လေး ပေးနိုင်ဖို့ဖြစ်တယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

ပုသိမ်-ချောင်းသာ ကားလမ်းတစ်လျှောက် တောင်ကျရေ စီးဆင်းမှုကြောင့် လမ်းပိုင်းအချို့ ရေနစ်မြုပ် နေသည်ကို ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – မင်းသူဝင်းထွဋ်)

သစ်တောပြုန်းတီးမှု၏ အကျိုးဆက်

လေးနှစ်ဆက်တိုက် ရေကြီးရေလျှံမှုပြဿနာ၏ ဇာစ်မြစ်ကို ပြန်လည်ရှာဖွေပါက ဆယ်စုနှစ်ကြာ တရားမ၀င် သစ်မှောင်ခိုထုတ်ယူမှုများ၊ စနစ်တကျ သစ်ထုတ်ယူမှုများ မရှိခြင်းကြောင့် သစ်တောများ ပြုန်းတီးမှုကြောင့်ဖြစ်ကြောင်း၊ သစ်တောများ ပြုန်းတီးမှုကြောင့် မြေပြိုမှုများဖြစ်ပွားကာ မြစ်ချောင်းများတွင် နုန်းပို့ချမှုများလာပြီး မိုးသည်းထန်စွာ ရွာသွန်းသည်နှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

“ပြောရမယ်ဆိုရင်တော့ အကုန်လုံးကပတ်သက်ပြီး ဆက်နွှယ်နေတာ။ သစ်တောပြုန်းတီးတာ တစ်ခုတည်းတော့ မဟုတ်ဘူး။ မြစ်ကြမ်းပြင်တွေ မြင့်တက်လာတာ၊ သစ်တောတွေပြုန်းတီးတဲ့ အတွက်ကြောင့် မိုးရွာတဲ့အခါ မြေသားတွေ တိုက်စားပြီးတော့ မြစ်ကြမ်းပြင်တွေ မြင့်တက်လာတယ်။ အဓိကဖြစ်တာကတော့ ချောင်းငယ်၊ မြောင်းငယ်လေးတွေမှာ ဖြစ်တာများတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ဆိုသည်။

“ရာသီဥတု ပြောင်းလဲလာမှုက အဓိကကတော့ သစ်ပင်မရှိလို့ပဲ။ သစ်ပင်ရှိရင် ဘယ်ရာသီဥတုမှ မပြောင်းဘူး။ ရေပိုရေလွှဲနယ်တွေ မှာ စက်ရုံတွေ ဆောက်ပစ်ရင် ဆောက်ပစ်တယ်။ တည်းခိုခန်း တွေလည်း ဆောက်ရင်ဆောက်ပစ်တယ်။ ရာသီဥတုနဲ့ပတ်သက်ရင် မရေရာတဲ့ဘ၀ကြီး၊ သဘာဝဘေး အန္တရာယ်နဲ့ပတ်သက်ရင် မမျှော်မှန်းနိုင်တဲ့ဘ၀ကြီး၊ ခန့်မှန်းချက် ထုတ်ဖို့တောင်ခက် နေတယ်။ အဲဒါ မိုးလေ၀သသမားတွေညံ့လို့ မဟုတ်ဘူး။ သိထားတဲ့ အညွှန်းဘောင်ကိုကျော်ပြီး ရာသီဥတု ဖောက်ပြန်မှုက ဖြစ်နေတယ်။ ပြောင်းလဲလာတဲ့ ရာသီဥတုကို ပြည်သူလူထုတွေ နားလည်လာဖို့ လိုတယ်။ အဲဒါကြောင့် ပြည်သူလူထုက ဘယ်သူ့ကိုမှ အပြစ်မတင်တော့ဘဲနဲ့ နားလည်အောင်လုပ်ပြီး ကိုယ်အသက်ရှည်အောင် နေထိုင်ဖို့လိုတယ်” ဟု ဦးချစ်ကျော်က ဆိုသည်။

လက်ရှိအချိန်တွင် သဘာဝတောတောင်၊ ရေမြေတွေက ပျက်စီးနေပြီး ထိန်းသိမ်းရန် ခက်ခဲနေကြောင်း၊ မြို့ပြမှုထက် အားကြီးဖွံ့ဖြိုးတိုးတက်ဖို့ထက် ရေ၊ မြေ၊ တောတောင်တွေဖြစ်သည့် သဘာဝကို အရင်ထိန်းသိမ်းမှ အဆင်ပြေမည် ဖြစ်ကြောင်း၊ နာဂစ်ပြီးသည့်နှစ်မှ စတင်ကာ အစိုးရ အဆက်ဆက်မှ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ကြိုးစားဆောင်ရွက် နေကြသော်လည်း အဆင်ပြေခဲ့ခြင်း မရှိကြောင်း၊ ရာသီဥတုသည် ကမ္ဘာနှင့်ချီပြီး ကုစားရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ဥပဒေများဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း မြန်မာ့အစိမ်းရောင်ကွန်ရက်မှ ဒေါ်ဒေ၀ီသန့်စင်က ဆိုသည်။

“တိုက်တာအဆောက်အအုံတွေ ဆောက်လိုက်လို့ လယ်ယာတွေ ကျုံ့သွားတာကတစ်မျိုး၊ နောက်တစ်ခုက သဘာဝတရားကြောင့် ရေကြီးတာကြောင့် စိုက်ပျိုးရေးအတွက် အဆင်မပြေတာက တစ်မျိုး။ အဲဒီအခါကျရင် ရာသီဥတုက တားလို့မရဘူး။ ကမ္ဘာကြီးပူနွေးမှုကြောင့် ရာသီဥတု ဖောက်ပြန်တယ်ဆိုတော့ နိုင်ငံတိုင်း နိုင်ငံတိုင်း တက်ညီလက်ညီ လုပ်မှရတာ။ ဒါပေမဲ့ ကိုယ့်တိုင်းပြည် အတွင်းမှာကျတော့ ကိုယ်ကလုပ်လို့ရတယ်။ ဘယ်ဟာကို ဦးစားပေးလုပ်မလဲ။ ဘယ်ဟာကို သင့်တင့်မျှတအောင် လုပ်မလဲ။ ရာသီဥတုက ကမ္ဘာနဲ့ချီပြီး ကုစားရမှာ။ ဖွံ့ဖြိုးတိုးတက်ဖို့ လိုတယ်။ လိုအပ်သလောက်ကို လုပ်ပါ။ ဒီအစိုးရကို အရမ်းအားကိုး ယုံကြည်ပြီး ပုံအပ်ထားတာ။ စဉ်းစဉ်းစားစားနဲ့ လုပ်စေချင်တယ်။ အခုလိုဖြစ်တာက မြေတွေပြိုနေတာက၊ သဲတွေတူးတာတွေ၊ သစ်တောပြုန်းတာတွေ၊ ရွှေကျင်နေတာတွေကြောင့် ဖြစ်တယ်။ သဘာဝတရားက မနိုင်မနင်းနဲ့ ပျက်စီးနေပြီ။ ဒါကို လက်တွေ့ကျကျ ထိရောက်အောင် စာအုပ်တွေထဲမှာ ဟောပြောပွဲတွေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့တွေမှာ ပြောတာမျိုး မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ကို တကယ်လုပ်မှရမယ်။ ဥပဒေတစ်ရပ်နဲ့ ထိန်းကျောင်းဖို့လိုတယ်။ ဒီမှာက ဥပဒေကို အာဏာသက်ဝင်အောင် မလုပ်တဲ့အတွက် ဒုက္ခဖြစ်နေတာ” ဟု ဒေါ်ဒေ၀ီသန့်စင်က ဆိုသည်။

ဒုတိယရေကြီးကာလနဲ့ အနာဂတ်အတွက် အစိုးရ ဘာတွေပြင်ဆင်ထားလဲ

ရေကြီးခြင်းကဲ့သို့သော သဘာဝဘေးဒဏ် ခံခဲ့ရမှုများအတွက် ကာလသုံးခု သတ်မှတ်ထားပြီး ယင်းကာလများတွင် အရေးပေါ်ကာလ၊ တဖြည်းဖြည်း ပြန်ကောင်းအောင် ပြုလုပ်သည့်ကာလ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်သည့် ကာလများရှိကြောင်း သိရသည်။

ရေဘေးကြိုတင် ကာကွယ်ရေးအတွက် တာတမံများ ကြံ့ခိုင်ရေးဆောင်ရွက်ခြင်း၊ ပန်းတာများ ပြုလုပ်ခြင်း၊ မြစ်ချောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ခြင်း၊ သဲအိတ်များဖြင့် တာဖို့ခြင်း၊ မြေထိန်းနံရံများ ပြုလုပ်ခြင်း၊ ရေပြွန်များ၊ ရေကာတာများ ပြုလုပ်ခြင်း၊ ပြည်သူများ ဘေးကင်းစေရန်အတွက် စက်လှေများ၊ အသက်ကယ် အင်္ကျီများအပြင် ဘက်စုံသုံး ဆိပ်ခံဘောတံတား ရေယာဉ်တို့ကိုပါ ထောက်ပံ့ထားပါကြောင်း၊ အသိပညာပေး ရုပ်သံဇာတ်လမ်းများ၊ စာစောင်များနှင့် လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခြင်းများကိုလည်း တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆောင်ရွက်ထားရှိပါကြောင်းနှင့် ကြုံတွေ့ရမည့် သဘာဝဘေးအန္တ ရာယ်များကိုလည်း သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့များ၊ ၀န်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ ယခုရက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုသည် အချိန်တိုအတွင်း အပျက်အစီးများပါကြောင်း၊ ပြန်လည်ထူထောင်ရေးအတွက် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ရေကြီးရေလျှံပြီးနောက် အဓိက အရေးကြီးဆုံးမှာ ရေနှင့် စနစ်တကျ အညစ်အကြေး စွန့်ခြင်းဖြစ်သည်။ သန့်ရှင်းသော ရေရရှိရေးနှင့် စနစ်တကျ အညစ်အကြေးစွန့်ခြင်းများ ပြုလုပ်နိုင်မှသာ ကူးစက်ရောဂါများကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

“စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက်လည်း စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုတွေ လုပ်ပေးသင့်တယ်။ ဒါလည်း ပြန်လည်ထူထောင်ရေးမှာ အရေးကြီးတဲ့ အရာဖြစ်တယ်” ဟု မိုးလေ၀သပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

ထို့ပြင် ပြန်လည်ထူထောင်ရေးအတွက် စပါးမျိုး၊ စိုက်ပျိုးစရိတ်၊ ရေတွင်းရေကန် ပြုပြင်သန့်ရှင်းရေး၊ လူ၊ တိရစ္ဆာန် ကျန်းမာရေး စောင့်ရှောက်ရေး၊ ကျောင်း၊ ဆေးခန်းပြုပြင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ပြန်လုပ်ရေးများတွင် အဓိကထား ဆောင်ရွက်သင့်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းသည် လယ်ယာစိုက်ပျိုး၊ သား၊ ငါးမွေးမြူရေး ကဏ္ဍသည် အဓိကကျသည့် စီးပွားရေးကဏ္ဍ ဖြစ်နေကြောင်း၊ ယင်းစီးပွားရေး လုပ်ငန်းများသည် ရာသီဝင်ငွေပေါ်တွင် မူတည်သဖြင့် ရာသီဥတု ပြောင်းလဲမှုပေါ်တွင် များစွာတည်မှီနေကြောင်း၊ ရာသီဥတု ပြောင်းလဲမှုအား တိုက်ရိုက်ထိန်းချုပ်၍ မရသော်လည်း အတိုင်းအတာ တစ်ခုအထိ ကာကွယ်၍ရကြောင်း၊ ရေကြီးရေလျှံမှုများသည် နှစ်စဉ်ဖြစ်ပွားနေသဖြင့် ကာကွယ်ရန် ဆည်များဖြင့် ကာကွယ်နည်းများ၊ သစ်တောသစ်ပင်များ ပြန်လည်စိုက်ပျိုးမှုများ ပြုလုပ်သင့်ကြောင်း၊ လယ်ယာစိုက်ပျိုးရေး၊ သား၊ ငါးမွေးမြူရေးကို အဓိက စီးပွားရေးအဖြစ် မပြုလုပ်သင့်ဘဲ အခြားသော စီးပွားရေးကဏ္ဍများကို စဉ်းစားသင့်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင်များကို ကာကွယ်ပြီး စီးပွားရေး ကဏ္ဍများ တည်ဆောက်ရန် လိုအပ်ကြောင်း၊ လက်ရှိစီးပွားရေးသည် တိုးတက်သင့်သလောက် မတိုးတက်ကြောင်း၊ လွန်စွာတိုးတက်မှု မြန်ဆန်ပါကလည်း အခြားသော ကုန်ကျစရိတ်များ ဖြစ်လာကြောင်း၊ ဥပမာအားဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများဖြစ်ကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ဆိုသည်။

“အဲဒါတွေ မဖြစ်အောင် GDP တိုးတက်မှုက ခြောက်နဲ့ ခုနစ် ရာခိုင်နှုန်းလောက်မှာ ရှိတယ်။ ၇-၈-၉ လောက်ရှိရင် ပိုကောင်းတယ်။ ၁၀ ကျော်သွားရင် တိုးတက်မှုမြန်ပြီး ကျသွားလည်း ထိုးကျသွားမှာ စိုးရိမ်တယ်။ ပုံမှန်လေး တက်နေပြီးတော့ သွားနေနိုင်တယ် ဆိုရင်ကောင်းတယ်။ ရေကြီးရေလျှံတာ နှစ်တိုင်းဖြစ်နေတဲ့အတွက် ဘာရင်ဆိုင်ရလဲဆိုရင် လယ်ယာစိုက်ပျိုး၊ မွေးမြူရေးကဏ္ဍမှာ နှစ်တိုင်း ထိခိုက်တာပေါ့။ ဒါတွေက GDP အတွက် ဆိုးကျိုးတွေပေါ့။ နောင်နှစ်လာမယ့်ဘေးတွေ အတွက်ကို ရေတိုရေရှည် စီမံကိန်းတွေ လုပ်ဖို့လိုတယ်။ ရေရှည်ကတော့ ဘတ်ဂျက်ခွဲဝေမှုကို မူတည်ပြီးတော့ နှစ်တိုင်းနှစ်တိုင်း လုပ်သွားရမှာပေါ့။ တစ်နှစ်တည်းနဲ့တော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကာကွယ်နိုင်မှာ မဟုတ်ဘူး။ အဲဒါအတွက် ဘက်စုံစဉ်းစားရမယ်။ အခွန်ကိုလည်း ရိုးရှင်းလွယ်ကူစွာ လုပ်ပေးရမယ်။ စီးပွားရေး လုပ်ငန်းတွေ လျင်မြန်ဖို့ပေါ့။ လုပ်သာကိုင်သာရှိတဲ့ အခွန်နှုန်းထားတွေပေါ့။ တစ်ဖက်က စီးပွားရေး ကျသွားနိုင်ခြေ ရှိရင်တောင် ပြန်တည့်မတ်နိုင်တာပေါ့။ ရေကြီး ရေလျှံ ဖြစ်တဲ့အခါ နိုင်ငံတော်ဘဏ္ဍာနဲ့ စိုက်ထုတ်သုံးစွဲတဲ့အခါ အဖြစ်နိုင်ဆုံး နိုင်ငံတွင်း၊ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ပစ္စည်းနဲ့ သုံးစွဲနိုင်ရင် ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ခေါက်ဆွဲခြောက်တို့၊ စောင်တို့ လိုအပ်တာရှိတယ်။ တရုတ်တို့၊ ထိုင်းတို့က သွင်းရင် တရုတ်တို့၊ ထိုင်းတို့ကိုပဲ စီးဝင်သွားမယ်။ မိအေးနှစ်ခါနာမယ်။ ရေကြီးရေလျှံဖြစ်လို့ ဆုံးရှုံးတယ်။ တစ်ဖက်ကလည်း နိုင်ငံဝင်ငွေဆုံးရှုံးတယ်။ ဒါကြောင့် ဖြစ်နိုင်သမျှ ပြည်တွင်းက ပစ္စည်းတွေနဲ့ ၀ယ်ယူအစားထိုးနိုင်ရင် ပိုကောင်းမယ်” ဟု ဒေါက်တာအောင်ကိုကိုက ပြောသည်။

ထို့ပြင် နှစ်စဉ် မိုးလေ၀သဖြစ်စဉ်များကို မှတ်တမ်းပြုလုပ်နေသည့် အဖွဲ့အစည်းများကို အားဖြည့်ပေးရန် လိုအပ်ကြောင်း၊ မိုးလေ၀သနှင့် ပတ်သက်သည့် ရေဒါ၊ ဂြိုဟ်တုများကို အားဖြည့်ရန် လိုအပ်ကြောင်း၊ ရေကြီးရေလျှံ ဖြစ်ပေါ်လာသည့် အချိန်တွင် ရေချိန်ထိန်းသိမ်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဝေခြင်းများကို ပြုလုပ်သင့်ကြောင်း၊ နိုင်ငံတကာတွင် ရေချိုဆုံးရှုံးမှုများ ဖြစ်နေကြောင်း၊ မိုးရေများကို အကျိုးရှိသည့် ရေအရင်းအမြစ်အဖြစ် ပြန်လည်အသုံးပြုနိုင်ရန် ဆောင်ရွက်သင့်ကြောင်း ဒေါက်တာအောင်ကိုကိုက ဆိုသည်။

“အခွန်စနစ် ပြောင်းရမယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ၊ ကုမ္ပဏီ ဥပဒေတွေက အသစ်ထွက်ပြီးပြီ။ အဲဒါတွေကို အကျိုးသက်ရောက်မှု ပိုမိုမြင့်မားသွားအောင် အခွန်စနစ်နဲ့တွဲပြီး ထားပေးရမယ်။ ယဉ်ကျေးမှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ထိခိုက်စေမယ့် လုပ်ငန်းတွေကလွဲပြီး ကျန်တဲ့လုပ်ငန်းတွေကို ရိုးရှင်းလွယ်ကူစွာနဲ့ ကောက်ခံရမယ်။ တရုတ်ဆိုရင် GDP တိုးတက်မှုတွေ တောက်လျှောက်မြင့်ပြီးတော့ အခုဆိုရင် ပေးဆပ်နေရတယ်။ သဘာဝပတ်ဝန်းကျင်ကြီးက တော်တော်များများ ထိခိုက်သွားတယ်။ အဲအပေါ်မှာ ဘီလျံပေါင်းများစွာ သုံးစွဲနေရတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်လို့ဆိုပြီး စက်ရုံအလုပ်ရုံတွေ ပိတ်လိုက်ရတာ ရှိတယ်။ အဲဒါကို ဖွံ့ဖြိုးဆဲနိုင်ငံတွေ သတိထားရတယ်။ စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်ရေးဆိုရင် သဘာဝ ပတ်ဝန်းကျင်ကို အလေးထားရမယ်။ ဒီနေ့ ရေကြီးရေလျှံ ဖြစ်တာကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းလို့ဖြစ်တာ။ လယ်ယာကဏ္ဍကို ထိခိုက်တဲ့အခါ အခြားတွေကိုလည်း အနည်းနဲ့အများ ထိခိုက်တယ်။ ဒါတွေက ကြိုပြီးပြင်ထားရမှာ” ဟု ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

လက်ရှိဖြစ်ပွားနေသည့် ရေကြီးမှုကာလ သုံးခုရှိသည့်အနက် ပထမ ရေကြီးကာလဖြစ်ပြီး ထပ်မံ ဖြစ်ပွားနိုင်သည့် ရေကြီးရေလျှံမှုများကို ကာကွယ်ခြင်း မပြုနိုင်သော်လည်း ကြိုတင်ပြင်ဆင်မှုများ အနေဖြင့် မိုးလေ၀သ သတင်းများအား အစဉ်အမြဲ နားထောင်ကာ စားနပ်ရိက္ခာများ ကြိုတင်စုဆောင်းပြီး ဒေသအာဏာပိုင်များ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာန၊ မိမိမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ထံမှ အကြံဥာဏ်များ တောင်းခံကာ ရေကြီးမှုအန္တရာယ်မှ သက်သာအောင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်ရေကြီးရေလျှံမှုသည် တာဝန်ရှိသူအချို့ သုံးသပ်နေသလို သာမန်ရေကြီးရေလျှံ ဖြစ်သည့်အဆင့် မဟုတ်တော့သည်ကို သတိပြုရန် လိုအပ်မည် ဖြစ်သည်။ ပုံမှန်ရေကြီးနေကျဆိုကာ ပစ်ထားမည်ဆိုပါက ၁၉၅၈ ခုနှစ် စင်ကာပူ Jurong မြို့နယ်တွင် ဒီရေတက်နေကျ အချိန်များ၌ ပုံမှန်ရေကြီးနေသည်ကို စင်ကာပူအစိုးရက မည်သို့ကိုင်တွယ်ခဲ့သည်ကို လေ့လာရန် လိုအပ်သည်။ အစိုးရက ရခိုင့်အရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ဗိုလ်ချုပ်ရုပ်ရှင်များနှင့် ထာဝရ ငြိမ်းချမ်းရေးစေတီ တည်ရန် စဉ်ဆက်မပြတ် အလှူခံခြင်း၊ နှစ်စဉ်ပိုမို များပြားလာသော သဘာဝဘေးများနှင့် ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် မြန်မာနိုင်ငံ တစ်ဝန်းမှ သဘာဝဘေး နှင့် လူလုပ်သည့် ဘေးဒဏ်ခံ ပြည်သူများသို့ အလှူခံမှုများ နေ့စဉ်ရှိနေခြင်းကြောင့်လည်း ပြည်သူများအကြား လှူဒါန်းနိုင်စွမ်း လျော့ကျနေသည်။ ထို့ပြင် စီးပွားရေး ကျပ်တည်းမှုကလည်း ထပ်ဆင့်ထိုးနှက်နေသည့် အခြေအနေတွင် အစိုးရအနေဖြင့် ဆီးသီးဗန်းမှောက် ဘတ်ဂျက်များ စိစစ်ကာ ရေကြီးရေလျှံမှုများ အတွက် ရန်ပုံငွေတစ်ရပ်ပင် ထူထောင်ထားရန် လိုအပ်မည့် အခြေအနေ ဖြစ်ပေါ်နေပြီဖြစ်သည်။ သာဓကအားဖြင့် ၂၀၁၅ ခုနှစ် ပြည်နယ်နှင့် တိုင်း ၁၂ ခုတွင် ရေကြီးရေလျှံခဲ့စဉ်က ပြည်တွင်းပြည်ပ ကူညီမှုများရရှိကာ သမ္မတ၏ သဘာဝဘေး ရန်ပုံငွေမှာ ကျပ် ၁၂ ဘီလျံ စိုက်ထုတ်သုံးစွဲခဲ့ရပြီး ၂၀၁၆ ခုနှစ် ရေကြီးရေလျှံမှုတွင် ပြည်တွင်းကူညီမှုဖြင့် အားဖြည့်ကာ ၂၀၁၆ ခုနှစ် သြဂုတ်အထိ ရေဘေးအတွက် ကျပ်သန်း ၅၆၀ သုံးခဲ့ပြီး ကျပ် ၁၇ ဘီလျံကျော် ကျန်နေသေးကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင်မူ ကူညီမှုများ တိတ်ဆိတ်ခဲ့သည်။ နှစ်စဉ်ရေကြီးရေလျှံမှုများတွင် ပြည်သူ ထူခဲ့၊ ထခဲ့ရမှုများ ရှိသော်လည်း အချို့သော သဘာဝဘေးဒဏ်ခံ ဒေသများမှာ ယနေ့အထိ ပြန်လည်ထူမနိုင်မှု အားနည်းနေခြင်းမှာလည်း ပြည်သူ့လှူဒါန်းနိုင်မှုစွမ်းအား လျော့ကျနေသည့် ဖြစ်စဉ်ကို မီးမောင်းထိုးပြနေသလို အစိုးရ၏ စီမံခန့်ခွဲခြင်း အားနည်းမှုများကိုလည်း သက်သေခံနေသည်ဟု ဆိုရမည်ဖြစ်သည်။ ထိုသို့သော အခြေအနေများကို မျက်နှာမူကာ ဒုတိယနှင့် တတိယ ရေကြီးရေလျှံ ကာလများအတွက် ကြိုတင်ပြင်ဆင်မှုများအပြင် နှစ်စဉ်ခံလာရနိုင်သည့် သဘာဝဘေးဒဏ်များကို ယခင်ထက်ပို၍ ကြိုတင်ပြင်ဆင်ရန် လိုအပ်မည်ဖြစ်ကြောင်း တိုက်တွန်းလိုပါသည်။

June 17, 2018














Copy Protected by Chetan's WP-Copyprotect.