တွေခနဲသြခက်စတြာ

တွေခနဲသြခက်စတြာ
Published 17 June 2018

Photo: Fine Art America

တစ်ရက်သောတစ်ရက်မှာပါပဲ။ ပြတင်းပေါက်ကနေ ခေါင်းပြူပြီး အိမ်အောက်ကို ကွမ်းတံတွေး ထွေးချလိုက်မိတယ်။

ချွဲကျိနီရဲနေတဲ့ ကွမ်းတံတွေးတွေ အိမ်အောက်က မြေသားပေါ် ကျမသွားခင်လေထဲက ကြားကာလမှာ မြင်လိုက်ရတဲ့မြင်ကွင်းတစ်ခုက လူကို တွေခနဲဖြစ်သွားစေခဲ့တယ်။ အဲဒီလို တွေခနဲဖြစ်သွားတဲ့ အခိုက်အတန့်ကို ဘယ်လိုနာမည်ပေးရမလဲ။ တွေခနဲဟာ ခေတ်ဉာဏ်အလင်းပွင့်မှုလား။ တွေခနဲဟာ ရဲနီနေတဲ့ မီးစကို ရုတ်တရက် ကောက်ကိုင်လိုက်မိသလိုလား။ တွေခနဲရဲ့ ဖွင့်ဆိုမှုတွေထက်၊ တွေခနဲရဲ့ ပြည့်သိပ်ကျပ်တင်းသော အခိုက်အတန့်က ပိုအရေးကြီးမယ်ထင်ပါရဲ့။ တွေခနဲဟာ တစ်နံတလျား တွေးခေါ်ပြီး ဘယ်အရပ် ီ ရောက်သွားမှန်းမသိတဲ့ စိတ်အခြေအနေကို ဆိုလိုခြင်း မဟုတ်ပါ။ ထိုင်နေရင်း အိပ်ပျော်သွားတဲ့ အနေအထားကို တွေခနဲလို့ ပြောချင်တာလည်း မဟုတ်ဘူး။ တွေခနဲအတွက် ကျွန်တော့်မှာ ပြောပြချင်တာတွေ ရှိနေခဲ့တာတော့ သေချာနေပါပြီ။

တွေခနဲဟာ နိုင်ငံတော်အသစ် တည်ထောင်ဖို့ စိတ်ကူးသစ်တွေ ကွန့်မြူးနေတာလည်း မဟုတ်ဘူး။ တွေခနဲဟာ စစ်ပွဲတွေကို ငြှိမ်းသတ်ပေးမယ့် ငြိမ်းချမ်းရေးရေစင်လည်း မဟုတ်ဘူး။ ဒါဖြင့် တွေခနဲက ဘာလဲ။ ဘာမှမဟုတ်တဲ့ တွေဝေခြင်းအတွက် ငါတို့လှေကားတွေကို ရိုက်ချိုးမလို့လား။ ဒါမှမဟုတ် ငါတို့ ရရှိထားတဲ့နာရီတွေကို ခိုးဝှက်ဖို့ ကြိုးစားနေတာလား ဒီလိုမေးခွန်းတွေအတွက်လည်း တည်ငြိမ်ခံ့ညားတဲ့ လိမ်လည်စရာအဖြေ တစ်ခုတလေမှ ကျွန်တော့်မှာ မရှိပါဘူး။ တွေဝေခြင်းဟာ ကူလီထမ်းနေတဲ့ အလုပ်သမားကြီး အတွက် ဓာတ်ဆားရည်တစ်ထုပ်လောက်တောင် အသုံးမဝင်ပါဘူး။ တွေဝေခြင်းဆိုတာ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိဘဲ ထိုင်းမှိုင်း လေးလံနေတာလို့ အဓိပ္ပာယ်ထွက်ရင် အဲဒီတွေဝေခြင်းနဲ့ ကျွန်တော့်တွေခနဲဟာ ဘာမှမပတ်သက်ဘူး။ တွေခနဲဟာ ကျွန်တော့်ရဲ့ အလေအလွင့် နေ့တာတစ်ခုကို ကျောက်ချစေခဲ့တယ်။ တွေခနဲဟာ အခွံသက်သက်ဖြစ်နေတဲ့ ကျွန်တော့်စိတ်တွေကို လိုဏ်သံမြည်စေခဲ့တယ်။ တစ်နည်းအားဖြင့် ပြောရရင် တွေခနဲဟာ အရာရာ မှိန်ဖျော့နေတဲ့လူတစ်ယောက်ကို စွန်းပေအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အခိုက်အတန့်ငယ်တစ်ခု ဖြစ်ခဲ့တယ်။

တွေခနဲကို ကျွန်တော် ဝယ်ယူရရှိခဲ့တာ မဟုတ်ဘူး။ တွေခနဲဟာ စာတိုက်ကနေ ရောက်လာတဲ့ ဘယ်သူ ပို့လိုက်မှန်းမသိရတဲ့ ပါဆယ်ထုပ်တစ်ထုပ်လည်း မဟုတ်ဘူး။ တွေခနဲကို အရှင်းဆုံး နားလည်အောင်ပြောရရင် တွေခနဲဟာ တွေခနဲပဲ ဖြစ်ပါတယ်။ ဒီလောက်ပေါပေါပဲပဲနိုင်လှတဲ့ တွေခနဲအကြောင်းကို ဘာလို့ ဒီလိုစာတစ်စောင်ပေတစ်ဖွဲ့ ရေးပြနေရတာလည်းလို့ အချဉ်ပေါက်ပြီးမေးလာမယ့် မေးခွန်းတွေအတွက် အကောင်းဆုံး ဖြေရှင်းချက်ကလည်း ကျွန်တော် တွေခနဲဖြစ်သွားခဲ့မိလို့ ပါပဲလို့သာ ကျွန်တော် ပြောနိုင်ပါလိမ့်မယ်။ တွေခနဲကို အနီးစပ်ဆုံး သရုပ်ဖော်ရရင် လမ်းလျှောက်ရင်း ကိုယ့်နာမည်ခေါ်သံလိုလို ကြားမိတဲ့အခါ ခြေလှမ်းတွေ တုံ့နှေးသွားရသလိုမျိုး။ တီးခတ်နေရင်း ထောက်ခနဲကြိုးပြတ်သွားတဲ့ ဂီတာလိုမျိုး။ ကြွေကျလာတဲ့ သစ်ရွက်ကလေးကို လမ်းတစ်ဝက်မှာတင် လက်နဲ့ဖမ်း ဆုပ်ရမိလိုက်သလိုမျိုး။ တွေခနဲဟာ မလှဘူးလား။ ဒါပေမဲ့ တွေခနဲက ဟောင်နေရင်း ကားတက်ကြိတ်ခံလိုက်ရတဲ့ ခွေးတစ်ကောင်လည်း ဖြစ်နိုင်တာပဲ။ ရုတ်တရက်သွေးတွေနဲ့ နီရဲသွားတဲ့ ကတ္တရာလမ်းမကြီးကလည်း တွေခနဲရဲ့ အဓိပ္ပာယ် ဖြစ်သွားနိုင်တယ်။

တွေခနဲရဲ့ ဇာစ်မြစ်ကိုပြန်တူးဖော်ရရင် ပြတင်းပေါက်ကနေငုံ့ပြီး ကွမ်းတံတွေး ထွေးလိုက်တဲ့အချိန်မှာ ထွေးလိုက်တဲ့ ကွမ်းတံတွေးတွေ မြေပြင်ပေါ်မကျခင်ကလေးမှာ နီရဲနေတဲ့ အကွက်ကြီးတစ်ကွက်ကို မြေပြင်ပေါ်မှာ မြင်တွေ့လိုက်ရခြင်းပါပဲ။ ရေညှိတွေနဲ့ ညို့စိမ်းနေတဲ့ အိမ်အောက်က မြေပြင်ပေါ်က အနီရောင် အဝိုင်းကွက်ကြီးက ကျွန်တော့်ကို တွေခနဲဖြစ်အောင် ပြုစားလိုက်တယ်။ တစ်နည်းအားဖြင့် ကျိန်စာတိုက်လိုက်တာ။

တစ်နည်းအားဖြင့် မီးခလုတ်ကို နှိပ်လိုက်တာ။ စသည်ဖြင့် ဥပမာ ဥပမေယျတွေ ကိုတဖျစ်ဖျစ် စွဲလောင်ပြီး တွေခနဲဟာ တောက်ပလို့နေလေရဲ့။ တွေခနဲဟာ ခေါင်းထဲကို သန်းတစ်ကောင်လို ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေတယ်။

အိမ်အောက်ကို သိချင်စိတ်နဲ့ ဆင်းကြည့်တော့ တခြားဟုတ်ပါရိုးလား။ ကျွန်တော့် တွေခနဲရဲ့ မူလဘူတ အနီရောင်အကွက်ကြီးက နိစ္စဓူ၀ ကျွန်တော် ထွေးချခဲ့တဲ့ ကွမ်းတံတွေးတွေ။ မြေကြီးပေါ်မှာ အနီရောင် အကွက်ကြီးက ဝိုင်းဝန်းပြီး မာဂလောက်ကြီး ဖြစ်နေပြီ။ အဲဒီခြောက်သယောင်းနေတဲ့ အနီရောင်အကွက်ကြီးပေါ် စောစောက ကျွန်တော်ထွေးချလိုက်တဲ့ လတ်လတ်ဆတ်ဆတ် ကွမ်းတံတွေးအနီရောင်က ထပ်မံစွန်းပေလို့နေတယ်။ တွေခနဲကို အရောင်ခြယ်တဲ့အခါ အနီရောင်ကို မပါမဖြစ် ထည့်သုံးရမယ်လို့ ကျွန်တော်သာ ပန်းချီရေးတတ်ခဲ့ရင် တွေးမိမယ်ထင်ပါတယ်။

တွေခနဲရဲ့ ဖန်ဆင်းရှင်အနီရောင် ကွမ်းတံတွေးကွက်ကြီးက နိစ္စဓူဝအရည်မရ အဖတ်မရ အချည်းနှီးလုပ်ရပ်တွေအတွက် အထိမ်းအမှတ် ကျောက်တိုင်ကြီးလို ဖြစ်နေတယ်လို့ ခံစားမိတယ်။ မြေသားပေါ်မှာတောင် အဲဒီလို အသွင်အပြင်ရှိရင် ကျွန်တော့်ဝမ်းဗိုက်ထဲ ဘယ်လိုရှိနေမလဲ။ တွေးမိတော့ ကျောစိမ့်လာသလိုလိုပဲ။ ငယ်ငယ်က ဖတ်ရတဲ့ဇာတ်လမ်း တစ်ခုကလည်း တီကောင်တစ်ကောင်လို အတွေးထဲ တိုးထွက်လာတယ်။ သူ စွန့်ပစ်ခဲ့တဲ့တံ ပူပုံကြီးကို အမှတ်တမဲ့ ကြည့်မိရင်းကနေ ကျည်ပွေ့အတက်ပေါက်သွားခဲ့တဲ့ ဦးကျည်ပွေ့အကြောင်းပေါ့။ သူလည်း တွေခနဲထဲကနေ အမြတ်အစွန်းရသွားတဲ့လူပဲ ဖြစ်ရမယ်လေ။ မြေပြင်ပေါ် နေ့စဉ်နေ့တိုင်း ကွမ်းတံတွေး ထွေးချခဲ့သလို စာတွေကို နေ့စဉ်နေ့တိုင်း သင်ယူခဲ့ရင်ကော။ အင်္ဂလိပ်စာကို တစ်ရက်တစ်နာရီ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခဲ့ရင်ကော။

နေ့စဉ်နေ့တိုင်း ကဗျာတစ်ပုဒ်ကို အာဂုံဆောင်ခဲ့ရင်ကော။ နေ့စဉ်နေ့တိုင်း စုဘူးထဲ ငွေတွေစုဖြစ်ခဲ့ရင်ကော။ တွေခနဲဟာ အဲဒီလို ခေါင်းလောင်းတီးခဲ့တယ်။ ဖြောင့်တန်းတဲ့ မျဉ်းကြောင်းတစ်ကြောင်းကိုရဖို့ ပန်းချီဆရာဟာ ကောက်ကွေးတဲ့ မျဉ်းကြောင်းတွေကို အထပ်ထပ် အခါခါ ရေးခြစ်ခဲ့ရတယ်။ လှပတဲ့ ဂီတသံစဉ်များကိုရဖို့ ဂီတာသမားဟာ သူ့လက်ချောင်းတွေကို နိစ္စဓူ၀ မောင်းနှင်ခဲ့ရတယ်။ ဒေးဗစ်ဘက်ခမ်းက သပ်ရပ်တိကျတဲ့ ဖရီးကစ်ကိုရဖို့ တာယာကွင်းထဲကို ဘောလုံးပေါင်းမြောက်မြားစွာကို ကန်သွင်းခဲ့ရတယ်လို့ ကျွန်တော် ဖတ်ခဲ့ဖူးပါတယ်။ ပါရမီဆိုတာ အဖန်ဖန် အထပ်ထပ် လေ့ကျင့်ခြင်းဆိုတဲ့ အဓိပ္ပာယ်ထွက်ကြောင်းကိုလည်း ကျွန်တော် မှတ်သားခဲ့ရဖူးပါတယ်။ အထပ်ထပ်အခါခါ ပွတ်တိုက်ဆေးကြောလိုက်တော့ မည်းညစ်နေတဲ့ကြေးခွက်ဟာ အရောင်တဖိတ်ဖိတ် ဝင်းလက်လာပါလိမ့်မယ်။ ဒါဟာ ကောင်းမွန်တဲ့ လူတစ်ယောက်ရဲ့ ကောင်းမွန်တဲ့ အလေ့အကျင့်ကို ပြောလိုရင်းဖြစ်ပါတယ်။ ဒီနေရာမှာ စနိုက်ပါသမားတစ်ယောက်ရဲ့ နိစ္စဓူ၀ ပစ်မှတ်တွေအကြောင်းကို ကျွန်တော် ချီးမွမ်းခန်းဖွင့်မှာ မဟုတ်ပါဘူး။

ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ ဇာတ်တော်ထဲက ပုံတစ်ခုကို ပြောပြချင်ပါသေးတယ်။ ရိုင်းစိုင်း ကြမ်းကြုတ်ခြင်းကို ဝါသနာပါတဲ့ မင်းသားတစ်ပါးကို ဒိသာပါမောက္ခဆရာကြီးက သင်ပြတဲ့ ပုံကလေးပါ။ အရင်ဆုံး မြက်ပင်ကလေးကို ဆွဲနုတ်ခိုင်းတော့ မင်းသားက အလွယ်တကူပဲ ဆွဲနုတ်ပြလိုက်တယ်။ နောက်ထပ်တစ်ဖန် ဒူးလောက်အမြင့်ရှိတဲ့ အပင်ကို နုတ်ခိုင်းတယ်။ မင်းသားက အလွယ်တကူပဲ ဆွဲနုတ်ပြလိုက်တယ်။ နောက်ထပ်နောက်ထပ်ဆက်၍ ဆင့်ဆင့်ပြီး ကြီးမားသွားတဲ့သစ်ပင်တွေကျ မင်းသား ဆွဲမနုတ်နိုင်တော့ဘူး။ အဲဒီမှာ ဆရာကြီးက အကျင့်ဆိုးဆိုတာ သေးငယ်တုန်းပဲ ဖျောက်လို့ရနိုင်တယ်၊ အားကောင်းမောင်းသန် ကြီးမားလာတဲ့အခါကျ ဘယ်လိုမှ မပယ်သတ်နိုင်တော့ဘူးလို့ ဆရာကြီးက ဆုံးမပါတယ်။ အတိအကျ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ မှတ်မိသလောက် ကျွန်တော် ပြောပြခြင်းပဲ ဖြစ်ပါတယ်။
တွေခနဲ အခိုက်အတန့်မှာ အတွေးထဲဝင်လာတဲ့ ပုံဝတ္ထုတစ်ခုကို တစ်ဆက်တည်း ပြောပြလိုက်တာပါပဲ။

ကျွန်တော့်တွေခနဲဖြစ်တည်ရာ အနီရောင်ကွမ်းတံတွေးကွက်ကြီးဟာ ကျွန်တော့်ရဲ့ အထပ်ထပ် အဖန်ဖန် ပြုလုပ်ခဲ့တဲ့အလုပ်ရဲ့ ပြယုဂ်ပဲ မဟုတ်ပါလား။ အကောင်းဆုံး ဖတ်စာအုပ် မဟုတ်ပါလား။ ရသမျိုးစုံရော ပြွမ်းနေတဲ့ ရုပ်ရှင်ရော မဖြစ်နိုင်ဘူးလား။ အနီရောင် ကွမ်းတံတွေးကွက်ကြီးလို ကျွန်တော့်ရဲ့ နေ့စဉ်ဘဝထဲ အမှားအယွင်းတွေ၊ အပြစ်တွေ ဘယ်အထိ ထူထဲကြီးမားလို့နေလေမလဲ။ ငိုသံတွေဆီကနေ ခရီးထွက်လာခဲ့ပြီးတဲ့နောက် နောက်ထပ်ငိုသံတွေဆီအသွားမှာ ချေးညော် အထပ်ထပ်နဲ့ နေ့တာတွေကို ဆင်ခြင်မိပါတယ်။

တွေခနဲရဲ့ ချောက်ချားဖွယ်ရာတွေ။ တွေခနဲရဲ့မီးရောင်တွေ။ တွေခနဲရဲ့ ဥသြသံတွေ။ တွေခနဲရဲ့မီးပွိုင့်တွေ။ အခွင့်သင့်တဲ့အခါ ခင်ဗျားတို့ရဲ့ တွေခနဲတွေအကြောင်းကို ကျွန်တော်လည်း နားထောင်ချင်ပါသေးတယ်။

Most Read

Most Recent