တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ (၇)

တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ (၇)
Published 16 June 2018

ဦးသိန်းသန်းဦး (မြန်မာနိုင်ငံရှေ့နေများကွန်ရက်)

(၁၉၄၈-၁၉၆၂) ပါလီမန်ဒီမိုကရေစီခေတ် တရားစီရင်ရေး

၁၉၄၇ ခုနှစ် ဇွန် ၁၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော တိုင်းပြုပြည်ပြုလွှတ်တော် (Constituent Assembly)  က လွတ်လပ်သော သမ္မတမြန်မာနိုင်ငံကို ပြည်ထောင်စုမြန်မာနိုင်ငံ  (Union of Burma) ဟု ခေါ်ဆိုမည်ဖြစ်ကြောင်းနှင့် အခြေခံဥပဒေတွင်ပါဝင်ရမည့် အချက်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်မည့် ပြည်နယ်များ၊ တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေး၊ တရားစီရင်မှုများနှင့် အပြည်ပြည်ဆိုင်ရာဆက်ဆံရေး စသည်တို့ကို အသေးစိတ်ပါဝင်ပြဋ္ဌာန်းခဲ့ပါသည်။

ထို့ပြင် ၁၉၄၈ ခုနှစ် ပြည်ထောင်စု တရားစီရင်ရေးအက်ဥပဒေ (Union Judiciary Act 1948) ပြဋ္ဌာန်းခဲ့ရာ လွတ်လပ်ရေးနေ့ (၄-၁-၁၉၄၈) တွင် စတင်အသက်ဝင်အာဏာ တည်ခဲ့သည်။ ယင်းဥပဒေအရ တရားလွှတ်တော် (High Court) နှင့် တရားလွှတ်တော်ချုပ် (Supreme Court) ကို တည်ထောင်ဖွဲ့စည်းခဲ့သည်။ တရားလွှတ်တော်ချုပ် (Superme court)  ကို နိုင်ငံတော်တရားဝန်ကြီးချုပ်က ဦးဆောင်ပြီး နိုင်ငံတော်သမ္မတ လိုအပ်သော တရားရေးဝန်ကြီးများ ခန့်အပ်ရမည်။ သို့ရာတွင် ပါလီမန်၏ ထောက်ခံချက်မရပါက တရားရေးဝန်ကြီး လေးဦးထက်ပို၍ မခန့်အပ်ရဟု ကန့်သတ်ထားသည်။ အပိုင်း လေးပိုင်းနှင့် ပုဒ်မပေါင်း ၃၇ ခု ပါဝင်သည်။ တရားလွှတ်တော်ချုပ် တရားသူကြီးများသည် အသက် ၆၅ နှစ်အထိလည်းကောင်း၊ တရားလွှတ်တော်တရားသူကြီးများသည် အသက် ၆၀ နှစ်အထိလည်းကောင်း တာဝန်ထမ်းဆောင်ခွင့်ရှိသည်။ ယင်းဥပဒေတွင် တရားမခရိုင် တရားသူကြီးနှင့်ပတ်သက်၍ သီးခြားအဓိပ္ပာယ် ဖွင့်ဆိုသည်။

၁၉၅၀ ပြည့်နှစ် အက်ဥပဒေအမှတ် ၅၅ ဖြင့် ၁.၄.၁၉၅၁ ရက်စွဲပါ ၁၉၅၀ ပြည့်နှစ် တရားရုံးများ အက်ဥပဒေထပ်မံပြဋ္ဌာန်းသည်။

ဤ အက်ဥပဒေအရ

(က) ခရိုင်တရားမရုံး

(ခ) ရာဘက်ခရိုင် တရားမရုံး

(ဂ) နယ်ပိုင် တရားမရုံးနှင့်

(ဃ) မြို့နယ် တရားမရုံးတို့ကို ထူထောင်သည်။

တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာကိုလည်း အတိအကျသတ်မှတ်သည်။ ထို့ပြင် ၁၅-၁-၁၉၅၂ ရက်တွင် ၁၉၅၁ ခုနှစ် အက်ဥပဒေအမှတ် ၂၃ အဖြစ် အထူးတရားမရုံး အက်ဥပဒေကို ပြဋ္ဌာန်းသည်။

အင်္ဂလိပ်ပုံစံ တရားစီရင်ရေးစနစ် အခြေကျလာခြင်း

လွတ်လပ်ရေးရပြီးနောက် တည်ထောင်ခဲ့သည့် တရားရုံးများက ကိုလိုနီခေတ်တွင် အခြေစိုက်ခဲ့သော အင်္ဂလိပ်ရိုးရာတရားစီရင် ရေးစနစ်ကို မြန်မာမှုပြုကာ ဆက်လက်ထိန်းသိမ်းခြင်းပင် ဖြစ်သည်။ အင်္ဂလိပ်တို့၏ရိုးရာ ဥပဒေစနစ် (Common Law System) ဆိုသည်မှာ အင်္ဂလန်တွင် ခရစ်နှစ် ၁၀၆၆ က တည်းက အခြေစိုက်ခဲ့သော (Stare decisis)  ဟုခေါ်သော ရှေ့ကတရားစီရင်ထုံးများက လမ်းညွှန်အဖြစ် နောက်ပိုင်းအမှုဖြစ်ရပ်များ အပေါ်တွင် ကိုးကားဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ (Judicial Precedent) ဟုလည်းကောင်း၊ (Judge made law) သို့မဟုတ် (Case law) ဟုလည်း ခေါ်ကြသည်။

မြန်မာတရားသူကြီးများက ယင်းဓလေ့ ထုံးစံကိုဆက်ခံ၍ တရားစီရင်ဆုံးဖြတ်ခြင်း၊ စီရင်ထုံးများထုတ်ဝေခြင်းဖြင့် အဆင့်ဆင့်သော တရားရုံးများက အာဏာသုံးရပ်တွင် အထောက်အကူပြုရာ ပွင့်သစ်စ အမျိုးသား နိုင်ငံတော်၏ ဖြစ်ထွန်းမှုကို အထောက်အကူပြုခဲ့သည်။

ဦးသက်ဖေ၊ ဦးဘိုးသာ စသည့် ထင်ရှားသော တရားသူကြီးများ၊ ဦးသန်းအောင်၊ ဦးဘစိန်၊ ဒေါက်တာမောင်မောင်ကျော်၊ ဒေါက်တာဘမော်၊ ဒေါက်တာဘဟန်၊ ပန်တနော်ဦးအေးမောင် စသည့်ဥပဒေပညာရှင်ရှေ့နေများ၊ ဝတ်လုံတော်ရများ ပေါ်ထွန်းခဲ့သည်။

ဤခေတ်ကို မြန်မာ့တရားစီရင်ရေး၏ ရွှေခေတ်ဟု ခေါ်ဆိုနိုင်မည်ထင်သည်။

စိန်မှန်ကင်းအစစ် ထင်းဖြစ်ခဲ့ခြင်း (သို့မဟုတ်)

ပထမအာဏာရှင်ခေတ် တရားစီရင်ရေး

(၁၉၆၂-၁၉၈၈)

၁၉၅၈ ခုနှစ်တွင် စော်ဘွားများ အာဏာစွန့်ရန် ပြဿနာနှင့် မြောက်ဥက္ကလာပဗလီ မီးရှို့မှုကိုအကြောင်းပြု၍ ဗမာ့တပ်မတော် အတွင်းရှိ ဆိုရှယ်လစ်တပ်မှူးကြီးများက ပေးစာနှစ်စောင်ဖြင့် နိုင်ငံတော်အာဏာကို ယာယီသိမ်းပိုက်ခဲ့ကြသည်။

သမိုင်းတွင်သည့် ယင်းဖြစ်ရပ်ကို သတင်းစာဆရာ၊ စာရေးဆရာကြီးကွယ်လွန်သူ (ဗန်းမော်တင်အောင်) က နန်းတွင်းလုပ်ကြံမှုကြီးဟု ကမ္ပည်းထိုးခဲ့သည်။

ဆိုရှယ်လစ်တပ်မှူးကြီးများ တစ်နည်းအားဖြင့် ဒို့ဗမာအစည်းအရုံးသခင်ဗစိန် ဂိုဏ်းသားများက ၁၉၅၈ နိုင်ငံတော်အာဏာသိမ်းပိုက်ရန် ဝတ်စုံပြည့် ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ပြီးနောက် ၁၉၆၂ ခုနှစ် မတ် ၂ ရက်တွင် ဖက်ဒရယ်မူကို ခွဲထွက်မှုဟု အဓိပ္ပာယ်ဖွင့်ဆိုကာ နိုင်ငံတော်အာဏာကို အပြီးအပိုင် သိမ်းပိုက်ခဲ့ကြသည်။

တော်လှန်ရေးကောင်စီ ခေတ်ပြောင်းတော်လှန်ရေး၊ မြေရှင် အရင်းရှင်ဆန့်ကျင်ရေးဟူသည့် ရွှေရည်စိမ်စကားလုံးများနှင့်အတူ တရားစီရင်ရေးနှင့် ပညာရေးကိုပါ ကြိုးကိုင်ခြယ်လှယ်လာခဲ့ကြတော့သည်။

အဦးအစ ခြေလှမ်းများ

အာဏာသိမ်းဆိုရှယ်လစ် ဗိုလ်ချုပ်ကြီးများက လုပ်သားပြည်သူအပေါင်းအား အကျိုးပြုသော တရားစီရင်ရေးစနစ်တည် ဆောက်ရန်ဟုဆိုကာ အသွင်ကူးပြောင်းရန် အကြောင်းပြုပြီး အောက်ပါဥပဒေများကို ပြဋ္ဌာန်းခဲ့ကြသည်။

တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ် အက်ဥပဒေအမှတ် ၄၄ ဖြင့် အောက်ပါ ရာဇဝတ်တရားရုံးများကို တည်ထောင်ခဲ့ သည်။

(က) စက်ရှင်တရားရုံးများ၊

(ခ) ခရိုင်ရာဇဝတ်တရားသူကြီးရုံးများ၊

(ဂ) တွဲဖက်ခရိုင် ရာဇဝတ်တရားသူကြီး ရုံးများ၊

(ဃ)ပထမတန်း ရာဇဝတ်တရားသူကြီး ရုံးများ၊

(င) ဒုတိယတန်း ရာဇဝတ်တရားသူကြီး ရုံးများနှင့်

(စ) တတိယတန်း ရာဇဝတ်တရားသူ ကြီးရုံးများဖြစ်သည်။

တရားစီရင်ရေးနယ်ပယ်ကို စစ်တပ်က

အာဏာသိမ်းပြီ

တို့ဗမာအစည်းအရုံးတွင် သခင်ဗစိန် ဂိုဏ်သားဖြစ်ခဲ့သည့် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဆိုရှယ်လစ်ပါတီတပ်မှူးကြီးများက နိုင်ငံတော်အာဏာကို သိမ်းပိုက်ပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ အက်ဥပဒေအမှတ်-၁၅ အဖြစ် ၁၉၆၂ ခုနှစ် အထူးရာဇဝတ်ရုံး ဥပဒေဆိုသည်ကို ချက်ချင်းအာဏာတည်ရန် ပြဋ္ဌာန်းလိုက်သည်။ ဤသည်မှာ အာဏာသိမ်းစစ်ကောင်စီက တရားစီရင်ရေးအာဏာကို ဗြောင်ကျကျ သိမ်းပိုက်လိုက်ခြင်းပင် ဖြစ်သည်။

၁၉၆၂ ခုနှစ် အထူးရာဇဝတ်ရုံးဥပဒေ

ဤဥပဒေတွင် ပုဒ်မပေါင်း ၂၁ ခုနှင့် ဇယားတစ်ခုပါရှိသည်။ နာယကတစ်ဦးနှင့် အခြားအဖွဲ့ဝင်ပါရှိသော အထူးရာဇဝတ်ရုံးကို ပုဒ်မ -၃ အရ မိမိကြိုက်သလောက် အမိန့်ကြော်ငြာစာဖြင့်တည်ထောင်ဖွဲ့စည်းရန် မိမိကိုယ်မိမိ ပြန်လည်အာဏာအပ်နှင်းသည်။ အထူးရာဇဝတ်ရုံးသည် သေဒဏ်၊ နှစ်အကန့် အသတ်မရှိ တစ်ကျွန်းဒဏ်၊ ခုနစ်နှစ်အောက် မလျော့သော အလုပ်ကြမ်းနှင့်ထောင်ဒဏ်။ ဤပြစ်ဒဏ်ကို ငွေဒဏ်နှင့်ပါ ပူးတွဲချနိုင်ခွင့်ရှိသည်။ နောက်ဆက်တွဲဇယားတွင် ဖော်ပြထားသည့် ဇယားဝင်ပြစ်မှုများကို အထူးရာဇဝတ် ရုံးကသာ စစ်ဆေးစီရင်ခွင့်ရှိသည်။ ရာဇဝတ် ကျင့်ထုံးဥပဒေတွင် မည်သို့ပင်ရှိစေကာမူ အထူးရာဇဝတ်ရုံး၏ အမိန့်ကို ပြင်ဆင်မှုတင်သွင်းခွင့်မရှိ။

အထူးရာဇဝတ်ရုံး၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်များကို အတည်ပြုရန် ‘အတည်ပြု အာဏာပိုင်အဖွဲ့ကို အမိန့်ကြော်ငြာစာ’ ဖြင့် ဖွဲ့ခွင့်ပြုသည်။ အတည်ပြုအာဏာပိုင်တွင် အယူခံရုံး၏ အခွင့်အာဏာရှိသည်။ အတည်ပြုအာဏာပိုင်ထံ ရောက်ရှိသည့်အမှုတွင် အမှုသည် ကိုယ်တိုင်ဖြစ်စေ၊ ရှေ့နေဖြင့်ဖြစ်စေ လျှောက်လဲတင်ပြခွင့်မရှိ၊ အတည်ပြုအာဏာပိုင်အဖွဲ့က လိုအပ်သည်ထင်မြင်မှသာ ထိုသို့ ကြားနာခြင်း ပြုနိုင်သည်။

အယူခံ အခွင့်အရေး

အထူးရာဇဝတ်ရုံးက စီရင်သည့်အမှုများတွင် အတည်ပြုအာဏာပိုင်က အတည်ပြုပြီးသော ခုနစ်နှစ်နှင့် ခုနစ်နှစ်ထက်ပိုသော ထောင်ဒဏ် (သို့မဟုတ်) သေဒဏ်ကိုသာ နိုင်ငံတော် တရားရုံးချုပ်သို့ အယူခံတင်သွင်းနိုင်သည်။ ၁၉၄၈ ခုနှစ် ပြည်ထောင်စုတရား စီရင်ရေး ဥပဒေပုဒ်မ (၆) အရ အထူးအယူခံခွင့် အခွင့်အရေးကိုလည်းမပေး၊ အခြားပြစ်ဒဏ်များတွင် အယူခံခွင့်မရှိ။

ဥပဒေပါ အခွင့်အရေးများကို ရုပ်သိမ်းခြင်း

အထက်တွင် တင်ပြခဲ့သည့်အတိုင်း အမှုသည်များသည် ပြင်ဆင်ခွင့် အခွင့်အရေး (Revision right) နှင့် အယူခံအခွင့်အရေး (Right of Appeal) တို့ကို ဖျက်သိမ်းကန့် သတ်မှုသာမက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ - ၄၉၈၊ ၅၂၆၊ ၅၂၈ တို့ကို အထူးရာဇဝတ်ရုံးက စီရင်သော ပြစ်မှုများတွင် လျှောက်ထားသုံး စွဲခွင့်မရှိ။

ထို့ပြင် ယဉ်ကျေးသည့် တရားဥပဒေစိုးမိုးသည့် လူ့အဖွဲ့အစည်းများက လိုက်နာသည့် သက်သေခံဥပဒေပါ သက်သေထင်ရှားပြရန် တာဝန် (Burden of proff) ကို ဖျက်သိမ်းသည်။ ဤဥပဒေပုဒ်မ ၁၂ (၁) တိုက်ပွဲဖြစ်ရာ တွင် လက်နက်ခဲယမ်းဖြင့်ဖြစ်စေ၊ လက်မဲ့ဖြစ်စေ ဖမ်းဆီးရမိသူ မည်သူကိုမဆို နိုင်ငံတော် ပုန်ကန်ရန် ရည်ရွယ်ချက်ဖြင့် မတရားအသင်း၌ ပါဝင်သူမဟုတ်ကြောင်း တရားခံက သက်သေထင်ရှားမပြနိုင်သမျှ ထိုသူသည် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်သူဟု မှတ်ယူရန် ပြဋ္ဌာန်းထားသည်။

အပိုဒ် (၂) တွင် သက်သေခံဥပဒေနှင့် အခြားတည်ဆဲဥပဒေများတွင် မည်သို့ပင်ပါ ရှိစေကာမူ ရဲအချုပ်၌ရှိသူ တရားခံ၏ ထုတ် ဖော်ပြောကြားချက်အရ လက်နက် (သို့) စာ ရွက်စာတမ်း တစ်ခုရရှိပါက ထိုသူ၏ ထုတ် ဖော်ပြောကြားချက်သည် ဖြောင့်ချက်သဘော သက်ရောက်သည်ဖြစ်စေ၊ မသက်ရောက်သည်ဖြစ်စေ၊ သက်သေထင်ရှားပြသနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

သက်သေဥပဒေပုဒ်မ-၂၇ တွင် ပြဋ္ဌာန်းထားချက်မှာအချုပ်၌ရှိသူ၏ ထုတ်ဖော်ပြောကြားချက်အရ ပစ္စည်းတစ်စုံတစ်ရာ တွေ့ရှိပါက ၎င်း၏ ညွှန်ပြချက်အရ ပစ္စည်းတွေ့ရှိကြောင်းသာ ကန့်သတ်ထားသည်။ ဖြောင့်ချက်သဘော သက်ရောက်ပါကလည်း လက်ခံနိုင်သည်ဟူ၍ ဥပဒေတိုးချဲ့၊ ချိုးဖောက်လိုက်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဥပဒေသိပ္ပံပညာ၏ အခြေခံတရားကိုယ် (Doctrine) မူ (Principle) ဖြစ်သော ‘အပြစ်ရှိသူ ၁၀ ယောက် လွတ်မြောက်သွားနိုင်စေကာမူ အပြစ်မရှိသူတစ်ယောက်အား မှားယွင်းအပြစ် မပေးမိစေရ’ ဟူသော အချက်ကို အာဏာရှင်တို့က ပြောင်းပြန်ကျင့်သုံးခြင်းပင် ဖြစ်သည်။ ဥပဒေသဘောအရ ဖမ်းဆီးစစ်ဆေးခံရသူ ၁၀ ဦးအနက် တစ်ဦးမှာ ပြစ်မှုကျူးလွန်သူဖြစ်နိုင်သည့် အနေအထားတွင် သက်သေအ ထောက်အထားမရှိ၍ ၁၀ ဦးလုံး လွှတ်ပစ်ပါက အပြစ်မဲ့သူ ကိုးဦးအား မှားယွင်းအပြစ်ပေးခြင်း မဖြစ်နိုင်တော့ဟူသည့် အခြေခံပင် ဖြစ်သည်။ စစ်အာဏာရှင်တို့ကမူ ဖမ်းခံရသူ ၁၀ ဦးအနက် တစ်ဦးမှာ ပြစ်မှုကျူးလွန်သူဖြစ် နိုင်ရာ ၁၀ စဦးလုံးကို အပြစ်ပေးလိုက်ပါက အမှန်အပြစ်ရှိသူတစ်ယောက် လွှတ်မပေးနိုင်ဟူသည့် အတွေးအခေါ် ဖော်ပြချက်ပင်ဖြစ်သည်။

အထူးရာဇဝတ်ရုံးအဖွဲ့ဝင်များအား ပြစ်မှုကြောင်း၊ တရားမကြောင်းအရ တရားစွဲဆို ခွင့်မရှိစေရန် ကာကွယ်ပေးထားသည့်အပြင် ယင်းတို့၏ ဆုံးဖြတ်ချက်ကို မခိုင်လုံဟုငြင်းပယ်ခွင့်မရှိစေရန် ပြဋ္ဌာန်းထားသည်။

ဆက်လက်ဖော်ပြပါမည်။

Most Read

Most Recent