w ဗိသုကာ ရသ - Eleven Media Group <

ဗိသုကာ ရသ

(၁)

ထိုနေ့က ကျွန်တော်သည် ဗိသုကာလက်ရာတို့၏ နောက်ကွယ်မှ စိတ်ခံစားမှုများ အကြောင်းကို တွေးနေမိပါသည်။ ထိုမှ တစ်ဆက်တည်း ဗိသုကာလက်ရာတို့က ပေးသည့် အလှတရား အကြောင်းကိုလည်း ဆက်တွေးနေမိပါသည်။ တကယ်တော့ ဗိသုကာလက်ရာတို့က ပေးသည့် အလှတရားကိုပင် ‘ဗိသုကာရသ’ ဟု ခေါင်းစဉ်တပ်လိုက်ရခြင်း ဖြစ်သည်။

ဗိသုကာလက်ရာတွေကပေးသည့် အလှတရား (၀ါ) ရသ ဆိုသည်မှာ ဘာကိုခေါ်ပါသလဲဟု မေးချင်ကြပေလိမ့်မည်။ ‘ဗိသုကာလက်ရာ၏ ရသမှာ ခံစားတတ်သူ ရှုမြင်တတ်သူ၏ အနုပညာဆိုင်ရာ အတွေ့အကြုံ၊ လေ့လာမှု၊ ဆည်းပူးမှုတို့နှင့်သာ သက်ဆိုင်ပါသည်’ ဟု ဒေါက်တာလွင်အောင် (ဗိသုကာ) က သူ၏ ‘ဗိသုကာလက်ရာသရုပ်နှင့် ရသ’ ဆောင်းပါးထဲမှာ ရေးသားခဲ့ပါသည်။

ထို့ကြောင့် ဗိသုကာလက်ရာကို ကြည့်ရှုခံစားသည့် ကျွန်တော်တို့၏ အတွေ့အကြုံနှင့် လေ့လာမှု အနုအရင့်၊ အတိမ်အနက်ပေါ် မူတည်ကာ ရသခံစားမှုလည်း အနုအရင့်၊ အတိမ်အနက် ကွဲပြားနိုင်သည်ဟု ဆိုရပါမည်။ မည်သို့ဆိုစေ သေချာသည့် အချက်ကတော့ ဗိသုကာလက်ရာတို့၏ နောက်ကွယ်မှာ ပုန်းကွယ်နေသည့် အလှတရားများ မုချမလွဲမသွေ တည်ရှိနေသည့် အချက်ပင်ဖြစ်သည်။ ထိုအလှတရားများကို မြင်နိုင်သမျှ မြင်အောင် အစွမ်းရှိသမျှ ကြိုးစားကြည့်ရမည်က ကျွန်တော်တို့ တာဝန်ပင် ဖြစ်သည်။ ထိုတာဝန်ကို ကျေပွန်ပြီဆိုလျှင် ဗိသုကာအလှ (၀ါ) ရသကို ကျွန်တော်တို့ မြင်ပါပြီ။

(၂)

ဗိသုကာလက်ရာတွေက ပေးသည့် အသိတရားအကြောင်းကို ရှင်းပြဖို့ရန်အတွက် အကောင်းဆုံး ဥပမာသည် မြန်မာလူမျိုးတိုင်း နှစ်သက်သဘောကျသည့် ပုဂံမှစေတီပုထိုး ဂူဘုရားများပင် ဖြစ်ပါသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့  ကျွန်တော် လေးခေါက်ရောက်ဖူးသည်။ ရောက်တိုင်းလည်း အံ့သြရသည်။ ကြည်နူးရသည်။ ကြည်ညိုရသည်။ ပီတိဖြစ်ရသည်။ လေးခေါက်စလုံး ထိုကဲ့သို့ပင် ခံစားရသည်။ ဒါက ပုဂံကပေးသည့် ခံစားမှု။ ပုဂံရသ ဖြစ်သည်။

ပုဂံဒေသရှိ ဘုရားကြို ဘုရားကြား လျှောက်သွားခိုက်မှာ ရှေးပုဂံခေတ်ကို ပြန်ရောက်သွားကဲ့သို့ ခံစားရသည်။ ပုဂံနှင့်ပတ်သက်သည့် စာတွေ၊ ကဗျာတွေ သတိရသည်။ ပုဂံခေတ်က ရှင်ဘုရင်တွေ၊ မိဖုရားတွေ၊ မှူးမတ်သေနာပတိတွေ၊ တိုင်းသူပြည်သား ပုဂံသားတွေကို လွမ်းဆွတ်မိသလိုလို ခံစားရသည်။

ကျွန်တော့်အမြင်မှာတော့ ပုဂံသည် ဘုရားဖူးသလို ရှိခိုးဦးချပြီး ထပြန်ရသည့် နေရာမဟုတ်။ ပုဂံရှိ စေတီပုထိုး ဂူဘုရားများ၏ အံ့သြဘနန်း ဆန်းကြယ်လှသည့် ဗိသုကာလက်ရာများကို ငေးမောရင်း တစိမ့်စိမ့်ခံစား ပျော်ဝင်ရသည့် နေရာမျိုးဖြစ်သည်။ ပုဂံဗိသုကာအလှသည် ကြည့်လေ ကြည့်လေ နက်ရှိုင်းလာလေ စီးမျောနစ်ဝင်လို့ မဆုံးလေသော အလှတရား တစ်မျိုးဖြစ်သည်။ ပုဂံ၏ အလှထဲသို့ ကျွံဝင်သွားပြီဆိုလျှင် ပြန်ဆွဲနှုတ်လို့ မလွယ်တော့လောက်အောင် ပုဂံက ညှို့ချက်ပြင်းလှသည်ဟု ဆိုရမည်။ ပုဂံစေတီပုထိုးတို့၏ အုတ်ချပ်များ၊ ကနုတ်ပန်းများ၊ ဇာပြတင်းများ၊ အလင်းပေါက်များ၊ အထွတ်အတင် အချွန်အတက်၊ အကွေးအမော့ အကော့အပျံ စသော ဗိသုကာ လက်ရာဟန်တို့သည် ရောက်လာသူတို့၏ မျက်လုံးအစုံကို လွှဲဖယ်မသွားနိုင်အောင် ညှို့လေတော့၏။ ထို့အပြင် စိတ်သိညာဉ် တစ်ခုလုံးကိုလည်း သိမ်းကျုံးဆွဲငင် ထားလေတော့၏။ ပုဂံသည် ကျွန်တော်တို့ကို လက်ယပ်ခေါ်၏။ အနားမှာ ထိုင်ခိုင်း၏။ စကားတတွတ်တွတ် ဆို၏။ ထိုအခါ ကျွန်တော်တို့မှာ ပါးစပ်အဟောင်းသားနှင့် ငေးနေရပါတော့သည်။ တကယ်တော့ ပုဂံသည် တို့ဆေးနှင့် တူ၏။ ပုဂံတို့ဆေးမိလျှင် ရုန်းထွက်ဖို့ မလွယ်တော့ချေ။

ဗိသုကာ အလှတို့ဆေး။ ဗိသုကာ ရသတို့ဆေး။

(၃)

ပုဂံဗိသုကာ အလှအကြောင်း စဉ်းစားမိသည့်အခါ ဗိသုကာ ဝေဖန်ရေးဆရာကြီး တစ်ယောက်ကို ကျွန်တော် သတိရသွားသည်။ အင်္ဂလိပ် အနုပညာနှင့် သုခုမဝေဖန်ရေး ဆရာကြီး ဂျွန်ရပ်စကင်းဖြစ်သည်။ သူသည် ၁၈၁၉ ခုနှစ်မှာမွေးပြီး ၁၉၀၀ ပြည့်နှစ်မှာ ကွယ်လွန်ခဲ့ပါသည်။ သူကိုယ်တိုင်က ပန်းချီဆရာ တစ်ဦးဖြစ်ပြီး ပန်းချီဝေဖန်ရေး၊ ပန်းပုဝေဖန်ရေး၊ ဗိသုကာဝေဖန်ရေး ကျမ်းပေါင်းများစွာ ပြုစုခဲ့သူလည်းဖြစ်သည်။ သူ့အကြောင်းကို ဆရာမြသန်းတင့် ဘာသာပြန်သည့် ‘ဧကရာဇ်တို့၏ ဘဏ္ဍာတိုက်များ’ စာအုပ်ထဲမှာ ကျွန်တော်ဖတ်ရခြင်း ဖြစ်ပါသည်။

သူ၏ ၁၈၄၉ ခုနှစ်ထုတ် ‘ဗိသုကာပညာအတွက် မီးအိမ်ခုနစ်လုံး’ ကျမ်းသည် ဗိသုကာနှင့် ပတ်သက်လျှင် စံပြုရသော ကျမ်းတစ်စောင်ဟု ဆိုကြပါသည်။ ရပ်စကင်းသည် အဆိုပါ ကျမ်းထဲမှာ အနုပညာလက်ရာ တစ်ခုကို ဝေဖန်သည့်အခါ လက်ရာသတ်သတ်တင်မဟုတ် ဖန်တီးသူ အနုပညာရှင်၏ စိတ်ပိုင်းဆိုင်ရာကိုလည်း ထည့်သွင်း အကဲဖြတ်နည်းသည် ရပ်စကင်းက စတင်အသုံးပြုခဲ့သောနည်းဟုလည်း ဆိုကြပါသည်။

ဆရာဇော်ဂျီက ‘ပုဂံမြို့ဟောင်းနှင့် ကျွန်တော်’ အက်ဆေးထဲမှာ ရွှေတိဂုံစေတီနှင့် ရွှေစည်းခုံစေတီနှစ်ဆူ၏ ဗိသုကာလက်ရာများကို နှိုင်းယှဉ်သုံးသပ် ပြခဲ့ပါသည်။ ဆရာဇော်ဂျီ၏ အဆိုပါ သုံးသပ်ချက်တွင် ရပ်စကင်း၏ အနုပညာ ဝေဖန်ရေး နိဿရများ၏ လွှမ်းမိုးမှု ပါဝင်နေသည်ဟု ဆရာမြသန်းတင့်က သူ၏စာအုပ်ထဲမှာ ထည့်သွင်းရေးသား ထားသည်ကို ဖတ်လိုက်ရသောအခါ ကျွန်တော် အံ့သြသွားပါသည်။

ထို့ကြောင့် ဆရာဇော်ဂျီ၏ ‘ပုဂံမြို့ဟောင်းနှင့် ကျွန်တော်’ အက်ဆေးကို ကျွန်တော် စိတ်ဝင်စားသွားပါသည်။ ပုဂံ၏ ဗိသုကာအလှကို ဆရာ မည်ကဲ့သို့ မြင်ခဲ့ပါသနည်း။

(၄)

ဆရာဇော်ဂျီသည် ပုဂံသို့ ရောက်ခဲ့သည်။ ထို့နောက် ရွှေစည်းခုံသို့သွားသည်။ ရွှေစည်းခုံကို တစိမ့်စိမ့် ကြည့်သည်။ ထိုအခါ ဆရာ့အတွေးထဲ ပေါ်ပေါက်လာပုံကို “ရွှေစည်းခုံစေတီတော်သည် သပ္ပာယ်လှပါပေသည်။ ကျွန်တော်သည် ရွှေစည်းခုံစေတီကို ကြည်ညိုနေရာမှ ရွှေစည်းခုံသပ္ပာယ်ပုံကို ဆင်ခြင်နေမိသည်။ ရွှေစည်းခုံ၏ သပ္ပာယ်ပုံသည် ရွှေတိဂုံ၏ သပ္ပာယ်ပုံနှင့် မတူပါတကား။ ယှဉ်ကြည့်လေလေ မတူလေလေပါတကား” ဟု ရေးပြခဲ့ပါသည်။

ဤသို့ဖြင့် ရွှေစည်းခုံနှင့် ရွှေတိဂုံကို နှိုင်းယှဉ်ကြည့်သည်။ ထိုကဲ့သို့ နှိုင်းယှဉ်ရာမှ ဘုရားနှစ်ဆူ၏ နောက်ခံသမိုင်း တို့ကိုပါ ပြန်ကြည့်သည်။ ဘုရားတည်သည့်ခေတ် နှစ်ခေတ်ကို စူးစမ်းသည်။

‘ရွှေတိဂုံ၏ ပုံတော်သည် ပြေပြစ်သည်။ နွဲ့နှောင်းသည်၊ စိတ်ချမ်းမြေ့ဖွယ်ဖြစ်သည်။ ရွှေတိဂုံကို မွမ်းမံတည်ဆောက်သော ခေတ်သည် အကြေရပ်တွင် စစ်မက်မရှိသော ခေတ်ဖြစ်သည်။ တိုင်းသူပြည်သားတို့ စိတ်အေး လက်အေး နေကြရသော ခေတ်ဖြစ်သည်’ ဟု သုံးသပ်သည်။ ‘ရွှေတိဂုံစေတီ၏ ပုံတော်ပြေပြစ်ခြင်း၊ နွဲ့နှောင်းခြင်း၊ စိတ်ချမ်းမြေ့ဖွယ် ဖြစ်ခြင်းတို့သည် ထိုခေတ်၏ သဘောကိုလည်းကောင်း၊ ထိုတိုင်းသူ ပြည်သားတို့၏ သဘောကိုလည်းကောင်း၊ ထိုမင်း၏ သဘောကိုလည်းကောင်း မလွန်ဆန်နိုင်သော ပန်းရံပျံတို့၏ လက်ရာပင် ဖြစ်လေစွ’ ဟု ကောက်ချက် ချလိုက်ပါသည်။

ထို့အတူ ရွှေစည်းခုံကို သုံးသပ်ရာတွင်လည်း ရွှေစည်းခုံကို ရှင်အရဟံနှင့် အနော်ရထာတို့ ဦးဆောင်တည်ခဲ့ကြောင်း၊ ထိုအချိန်က တိုင်းသူပြည်သားတို့သည် နိုင်ငံရေး၊ သာသနာရေးတို့တွင် စိတ်ဓာတ် တက်ကြွနေကြကြောင်း ရေးပြရင်း ‘မုခ်ဦးခြသေ့င်္ရုပ် ပြည့်ဖြိုးခြင်း၊ ခွန်အားကြီးခြင်းတို့သည် ထိုခေတ်၏ သဘောကိုလည်းကောင်း၊ ထိုတိုင်းသူပြည်သားတို့၏ သဘောကိုလည်းကောင်း၊ ထိုမင်းနှစ်ပါး၏ သဘောကိုလည်းကောင်း မလွန်ဆန်နိုင်သော ပန်းရန်ပျံတို့၏ လက်ရာပင် ဖြစ်လေစွ။ ရွှေစည်းခုံစေတီ၏ ပုံတော်ကြံ့ခိုင်ခြင်း၊ ထက်မြက်ခြင်း၊ တက်ကြွအားရဖွယ် ဖြစ်ခြင်းသည်လည်း ထိုသို့သော ပန်းရန်ပျံတို့၏ လက်ရာပင် ဖြစ်လေစွ။’ ဟု ကောက်ချက်ဆွဲပြ လိုက်ပါသည်။

ဆရာဇော်ဂျီသည် ဗိသုကာလက်ရာကို ဦးစွာကြည့်သည်။ ထို့နောက် နောက်ခံသမိုင်းကြောင်းကို ပြန်လည် ခြေရာကောက်သည်။ ထို့နောက်မှ ဗိသုကာပညာရှင်နှင့် အလှူရှင်မင်းတို့၏ စိတ်နေစိတ်ထားကို သုံးသပ်ဆင်ခြင်ခြင်းသည်။ တစ်နည်းပြောရလျှင် ဗိသုကာလက်ရာ (အကျိုး) သည် ပညာရှင်နှင့် မင်းတို့ ၏ စေတနာ (အကြောင်း) ကြောင့် ဤသို့ ဤပုံ ပေါ်ထွက်လာရခြင်း ဖြစ်သည်ဟု ဆရာဇော်ဂျီက ရှင်းပြနေခြင်း ဖြစ်ပါသည်။

ဤသို့ဖြင့် ပုဂံ၏ ဗိသုကာလက်ရာအလှသည် ငုပ်ရာမှ ပေါ်လာသည်။ မှောင်ရာမှ လင်းလာသည်။ မထင်မရှား မှုန်ဝါးနေရာမှ ပြတ်ပြတ်သားသား ထင်ရှားလာပါသည်။

ဒါသည်ပင်လျှင် ပုဂံအလှ၊ ပုဂံရသ၊ ဗိသုကာအလှ၊ ဗိသုကာရသ။

(၅)

နောက်တစ်ခေါက် ပုဂံကိုရောက်လျှင် ဂျွန်ရပ်စကင်း လေ့လာနည်းကို ဆရာဇော်ဂျီ အသုံးပြုပြီး ကြည့်သလို ပုဂံကို ပြန်ကြည့်မည်ဟု ကျွန်တော် စိတ်ထဲမှာ တေးထားလိုက်ပါသည်။

တကယ်တော့ ပုဂံမှမဟုတ် ဗိသုကာလက်ရာမှန်သမျှကို ကြည့်တတ်အောင် ဆရာကြီးနှစ်ဦးစလုံးက ရှေ့ဆောင်လမ်းပြပြီးပြီ မဟုတ်ပါလား။

June 14, 2018














Copy Protected by Chetan's WP-Copyprotect.