ဂရုမစိုက်ခြင်း အနုပညာ

ဂရုမစိုက်ခြင်း အနုပညာ
Published 14 June 2018

Photo : AFP

မကြာသေးမီက ဂရုမစိုက်ခြင်း အနုပညာဆိုတဲ့ ဘာသာပြန်စာအုပ် တစ်အုပ်ဟာ လူတွေနှစ်ခြိုက်ပြီး အကြိမ်ကြိမ် ပြန်ရိုက်ရတယ်လို့ သိရတယ်။ (သူ့ရဲ့ခေါင်းစဉ် အတိအကျကိုတော့ ကျွန်တော် မေ့နေပါတယ်) ဒီစာအုပ်ဟာ အောင်မြင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒီခေတ်မှာ ရန်ကုန်ပတ်လည် အုပ် ၈၀ ဆိုပြီး စကားတွင်နေတယ်။ အဲဒါက စာအုပ်အသစ်တစ်အုပ် ထွက်လာရင် အုပ်ရေ ၈၀ လောက်သာ ရောင်းရတယ်လို့ ပြောကြတာပါ။ စာအုပ်ရောင်းမကောင်းကြောင်း ဖော်ပြတဲ့ စကားပဲပေါ့။

ဒါပေမဲ့ ဂရုမစိုက်ခြင်း အနုပညာ စာအုပ်ကတော့ အောင်မြင်ပါတယ်။ ဘာလို့ အောင်မြင်ရတာလဲ။ ကျွန်တော် ဆန်းစစ်ကြည့်မိတယ်။

စည်းကမ်းရှိတဲ့ကမ္ဘာ

ကျွန်တော်တို့ ကမ္ဘာကြီးမှာ လူတွေများလာတာနဲ့အမျှ စည်းကမ်းတွေဟာ ပိုပြီးတင်းကျပ်လာတယ်။ စည်းမဲ့ကမ်းမဲ့ အမှိုက်မပစ်ရ။ ပစ်တော့ဘာဖြစ်လဲ။ လူတွေအထင်သေးတယ်။ ဒဏ်ငွေဆောင်ရတယ်။ ဒါဆိုရင် မမြင်ကွယ်ရာမှာ ပစ်ရင်ကော။ လူတွေ အထင်မသေးဘူး။ ဒဏ်ငွေလည်း မဆောင်ရဘူး။ ဒါဆိုရင်လည်း မိမိစိတ်ထဲကနေ အပြစ်ဖြစ်တယ်လို့ ခံစားရတယ်။ အနောက်တိုင်းက လူတွေဟာ ဒီလိုလုပ်ရင် အပြစ်လို့ ခံစားရအောင် ကျောင်းတွေက သင်ထားပေးတယ်။ လူကြီးတွေက ဆုံးမထားတယ်။ ကျောင်းမှာ ကျောင်းစည်းကမ်း။ အိမ်မှာ အိမ်စည်းကမ်း၊ လမ်းပေါ် လမ်းစည်းကမ်း။ စည်းကမ်းတွေနဲ့ နေတာ အကျင့်ပါလာတယ်။

လူတွေဟာ စက်ရုပ်လို ဖြစ်လာတယ်။ သံပတ်ပေးထားသလို ခံစားလာကြရတယ်။ ဒီအပြစ်လေးကို ငါကျူးလွန်ကြည့်ရင် ဘာဖြစ်မလဲ။ မပြည့်စုံတဲ့သူတွေတင် မကပါဘူး။ လောကမှာ လိုလေသေးမရှိတဲ့ သန်းကြွယ်သူဌေးတွေရဲ့သားသမီးတွေအနေနဲ့ မမှန်မကန် လုပ်လာကြတယ်။ သူတို့ဟာ မူးယစ်ဆေးတွေကို စားသုံးလာကြတယ်။ ပြီးတော့ လူ့လောကရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်လာတယ်။ မမှန်ကန်တဲ့ လိင်မှုတွေ ကျူးလွန်လာတယ်။ သူတို့တွေထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေတောင် ရှိလာကြတယ်။

သိဒ္ဓတ္ထမင်းသား ပမာထား

အဲဒီစာအုပ်ထဲမှာ သိဒ္ဓတ္ထမင်းသားကိုလည်း အင်မတန်ပြည့်စုံတဲ့သူအနေနဲ့ ဘာလို့ တောထဲမှာ သွားရောက် တရားကျင့်ရတာလဲဆိုပြီး စာရေးသူက သူ့ရဲ့ယူဆချက်နဲ့ တင်ပြထားတယ်။ ဘာသာရေးနဲ့ ကြည့်ရင်တော့  သိပ်မကောင်းလှဘူး။ ဒါပေမဲ့ ပြည့်စုံနေတဲ့ သူတစ်ယောက်ဟာ မပြည့်စုံရင် ဘာဖြစ်မလဲ ဆိုတာကို သိချင်တယ်ဆိုပြီး ရေးထားတာ သိပ်တော့မဆိုးဘူးလို့ ယူဆမိတယ်။ (သူပြောတဲ့ အတိုင်းကတော့ ဘယ်ဗုဒ္ဓဘာသာဝင်ကမှ လက်ခံမှာ မဟုတ်ဘူး) လောကကြီးမှာ ဒီလိုပုဂ္ဂိုလ်မျိုးကို ကျွန်တော်တို့ ပြေးရှာလို့ မတွေ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ဗုဒ္ဓဖြစ်လာတဲ့ သိဒ္ဓတ္ထနောက် လိုက်ကြတာပဲ။ သူ့ရဲ့ တရားတွေကို ယုံကြည်လေးစားတယ်။ ဒီတရားတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ သံဃာတော်တွေအတွက် ဆွမ်းကျောင်းတွေကို လှူဒါန်းကြတယ်။ ကျွန်တော်တို့အနေနဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်ရတာ အရတော်လေခြင်းဆိုပြီး လက်ခံကြပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ ငါးပါးသီလကိုတောင် အမြဲမစောင့်ရှောက် နိုင်ကြဘူး။ မုသားတွေ ပြောသင့်တယ်ထင်ရင် ပြောတာပဲ၊ ခြင်လို သတ္တဝါတွေကို သတ်သင့်ရင် သတ်တာပဲ၊  သူများမပေးတဲ့ ဥစ္စာတွေကိုလည်း မတရားယူတာတွေလည်း ရှိတာပဲ။ ဒါကြောင့်လည်း တရားရုံးတွေကို ရောက်ရတာတွေ ရှိတာပဲပေါ့။ ဒါပေမဲ့ လူကြီးတွေကတော့ ဥပုသ်နေ့တွေမှာ ဘုန်းတော်ကြီးကျောင်းတွေ ရိပ်သာတွေကို သွားကြတယ်။ သီလစောင့်ထိန်းကြတယ်။ ဒါဟာလည်း ၂၅ ရာခိုင်နှုန်းလောက်ထက် မပိုပါ။ အဲဒီလိုကျောင်းတွေ၊ ရိပ်သာတွေ၊ ဇရပ်တွေမှာ ဥပုသ်စောင့်တာတွေနဲ့အတူ လူမှုရေး လုပ်တာတွေကလည်း အတော်လေးကိုများတယ်။ သားရေး သမီးရေး တိုင်ပင်တာတွေ၊ ရောင်းရေး ဝယ်ရေး စီးပွားရေး တိုင်ပင်တာတွေလည်း ရှိတယ်။ အာဏာရှိသူတွေဆီကို ဝင်ထွက်နိုင်တဲ့ခွင်တွေ ရှာတာတွေတောင် ရှိတတ်ပါတယ်။

မြန်မာတို့စရိုက်

လူတွေက မြန်မာတွေကို စည်းကမ်းမရှိသူတွေလို့ ပြောကြတယ်။ ရန်ကုန်မြို့ကြီးရဲ့ လမ်းတွေပေါ်မှာ အမှိုက်တွေ ပွနေတယ်။ ရေမြောင်းတွေထဲ အမှိုက်တွေပစ်တယ်။ ရန်ကုန်မြို့လို နေရာတွေရဲ့ နောက်ဖေးလမ်းကြားတွေဟာ အမှိုက်တွေနဲ့ ပွနေတာပဲ။ ယနေ့မြို့တော်စည်ပင်က နောက်ဖေးလမ်းကြားတွေ သန့်စင်အောင် ကြိုးစားတယ်။ အခက်အခဲတွေ အများကြီးပဲ။ “ဒီလူတွေဟာဗျာ၊ လုံး၀ မြို့ကြီးသား မပီသဘူး” လို့ တစ်ယောက်က ပြောတာကို ကြားဖူးပါတယ်။ သူဆိုလိုတာက မြို့ကြီးသားတွေဟာ ‘တာဝန်ယူမှု တာဝန်ခံမှု ရှိတယ်’ ဆိုတာပါပဲ။ ကျွန်တော်တို့ကတော့ လစ်ရင်လစ်သလို အမှိုက်တွေ ပစ်ကြတယ်။ ကွမ်းတံတွေးတွေ ထွေးကြတယ်။ လူတိုင်း လူတိုင်းဟာ လမ်းကိုကူးချင်တဲ့နေရာက ဖြတ်ကူးတာပဲ။ ထူးခြားတာက အဲဒီမြန်မာပြည်သားတွေဟာ နှစ်နာရီ သုံးနာရီ လေယာဉ်စီးပြီး စင်ကာပူကို ရောက်သွားတာနဲ့ မြို့ကြီးသား ဖြစ်သွားလေတယ်။ သူတို့ဟာ စင်ကာပူလေ ဆိပ်ရောက်တာနဲ့ တန်းစီပြီး လူဝင်မှုကြီးကြပ်ရေး (Immigration) ကို ဖြတ်ကြတယ်။ ဘယ်သူမှ ကျော်မတက်ရဲဘူး။ ဘယ်သူမှ လိုင်းမဖြတ်ဘူး။ လမ်းပေါ် တံတွေးမထွေးရဲဘူး။ အမှိုက်မပစ်ရဲဘူး။ လူကူးမျဉ်းကျားနဲ့ သတ်မှတ်ထားတဲ့ နေရာကလွဲရင် လမ်းကိုမကူးကြဘူး။ အံ့သြစရာ ကောင်းတာပဲ။ လူကြိုက်များတဲ့သူတွေ ဂရုမစိုက်ခြင်း အနုပညာကို တကယ်မဟုတ်ပါဘူး။ စိတ်ကူးယဉ်တယ်လို့ အချို့က ထင်ကြတယ်။ ဒါပေမဲ့ ဒါဟာ လူတိုင်းရဲ့ စိတ်ထဲမှာရှိတဲ့ အတွင်းစိတ် ဆိုတာကတော့ သေချာတယ်။ ဇွန် ၁၂ ရက်က စင်ကာပူမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်။ BBC ကတော့ ဒီတွေ့ဆုံပွဲကို ၂၁ ရာစုမှာ အကြီးအကျယ်ဆုံး သမိုင်းတွင်တဲ့ ဆွေးနွေးပွဲ (Historic Summit) လို့ပြောပါတယ်။ တကယ်လည်း စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ကင်ဂျုံအန်းက စင်ကာပူကို ဆွေးနွေးပွဲမတိုင်မီ နှစ်ရက်ကြိုရောက်လာတယ်။ သူဟာ တရုတ်လေယာဉ်နဲ့ ရောက်လာတာဖြစ်တယ်။ သတင်းထဲမှာတော့ သူ့ဆီမှာ စင်ကာပူကို ရောက်အောင်လာဖို့ လေယာဉ်တောင် မရှိရှာဘူးလို့ ရေးထားတယ်။ တစ်ဖက်ကလည်း သူ့ဆီမှာ တရုတ်ကျောထောက်နောက်ခံရှိတယ် ဆိုတာကို ပြတာလည်း ဖြစ်နိုင်ပါတယ်။ ဒေါ်နယ်ထရမ့်ကတော့ တစ်ရက်ကြိုရောက်တယ်။ သူတို့ကို စင်ကာပူသားတွေနဲ့ စင်ကာပူကို ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေက လှိုက်လှဲပျူငှာစွာ ကြိုတာကို တွေ့ရတယ်။ စင်ကာပူက  ဝန်ကြီးချုပ် လီရှန်လုံးက တွေ့ဆုံနှုတ်ဆက်တယ်။

နောက်ခံသမိုင်းကြောင်းတွေ

တစ်ကမ္ဘာလုံးက စောင့်ကြည့်ရအောင်  သူတို့ဘာတွေလုပ်ခဲ့လို့လဲ၊ ဘာတွေလုပ်နိုင်လို့လဲ။ ပထမ ပြောရရင်တော့ ဒီနှစ်တွေထဲမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဒုံးကျည်တွေကို ဂျပန်ကိုကျော်ပြီး ပင်လယ်ပြင်ထဲကို လွှတ်တယ်။ အမေရိကန်ရဲ့ အချို့နေရာတွေကို သူ့ရဲ့ဒုံးကျည်တွေ ရောက်နိုင်တယ် လို့ဆိုတယ်။ သူ့ရဲ့ဒုံးကျည်တွေဟာ တစ်ခါတစ်ခါ လိုတဲ့ခရီးကို မရောက်ဘူး။ ထွက်ထွက်ချင်း ပျက်တာတွေလည်း ရှိတယ်။ လမ်းတစ်ဝက်ပျက်ရင်ရော ဒီတော့ ဂျပန်က ကြောက်တာပေါ့။ သူ့အပေါ် ကျော်လွှတ်ပေမယ့် မကျော်ဘဲ မြို့ကြီးတွေကိုကျရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့သူက ထင်ရာမြင်ရာ လုပ်တယ်။ ဂျပန်တွေကိုလည်း ပြန်ပေးဆွဲထားတယ်။ မလွှတ်သေးဘူး။ ပြီးတော့ အဏုမြူဗုံးကိုလည်း လုပ်နေတယ်။ သူ့ရဲ့အစ်ကို (Half – brother) ကို မလေးရှားက ကွာလာလာမ်ပူလေဆိပ်မှာ အဆိပ်စပရေးနဲ့ သတ်ခိုင်းတယ်လို့လည်း ကျော်စောနေတာကို တွေ့ရတယ်။ သူ့ဦးလေးကို ခွေးစာကျွေးတယ်၊ မမှန်မကန် လုပ်တာတွေ အများကြီးပဲ။ ဒီတော့ သူ့နိုင်ငံကို စီးပွားရေး ပိတ်ဆို့ကာ အရေးယူထားတယ်။ ဒေါ်နယ်ထရမ့်ကရော၊ သူ့ကို သတင်းသမားတွေက မကြိုက်ကြဘူး။ သူကလည်း သတင်းသမားတွေကို အားမကိုးဘူး တွီတာ (Twitter) နဲ့ပဲ သတင်းတွေထုတ်ပြန်တယ်။ သူဟာ ရုရှားနဲ့ပေါင်းပြီး မဲလိမ်မဲခိုးကာ ရွေးကောက်ပွဲ အနိုင်ရတယ်ဆိုပြီး စွပ်စွဲတာကိုလည်း ခံနေရတယ်။ သူဟာ မိန်းမရှုပ်တယ်။ သက်သေပြနိုင်တယ်။ ဒါပေမဲ့ ငွေပေးကာ ကျေအေးခဲ့တယ်။ သူ့ရဲ့ စီးပွားရေးဟာလည်း အင်မတန် ရှုပ်ထွေးတယ်။ သူ့ရဲ့ ကုမ္ပဏီဟာ ဒေဝါလီခံသွားရတယ်။ ဒေဝါလီခံတဲ့ အချိန်မှာ သူကုမ္ပဏီက ထွက်ထားတယ်။ လူလည်ကြီးပေါ့။ ယနေ့တိုင် သူအကြွေးတွေကို မဆပ်နိုင်သေးဘူး။ သူရဲ့ အကြွေးဟာ ဒေါ်လာသန်းထောင်ချီရှိတယ်။ ဘီလျံချီ အကြွေးတင်နေတာပေါ့။ ဒီတော့ကြွေးရှင်တွေက သူ့ကိုကြောက်နေရတယ်။ (သူမဆပ်နိုင်ရင် သူတို့ကြွေးတွေဆုံးမှာကိုး) သူကသံမဏိနဲ့  အလူမီနီယံ တင်သွင်းမှုအပေါ် အခွန် ၂၅ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်း အသီးသီးကောက်ဖို့ ဆုံးဖြတ်ထားတယ်။ ဒါဟာ ကုန်သွယ်ရေးစစ်ပွဲ စတာပဲပေါ့။ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီနဲ့ ယူကေတို့က အထိနာမှာ စိုးနေရတယ်။ သူတို့လည်း တုံ့ပြန်ဖို့ ကြိုးစားနေတယ်။ အကောင်းတစ်ခုကတော့ ထရမ့် လက်ထက်မှာ အမေရိကန်ရဲ့ အလုပ်လက်မဲ့ဦးရေ အနည်းဆုံး ဖြစ်တာပါပဲ။

နိဂုံး

မိန်းမပဲရှုပ်ရှုပ်၊ မမှန်မကန် စီးပွားရေးပဲလုပ်လုပ်၊ လူပဲသတ်သတ်၊ အဏုမြူဗုံးကိုပဲ လုပ်လုပ်၊ ပြန်ပေးပဲ ဆွဲဆွဲ အဆင်ပြေနေတာကို တွေ့နိုင်တယ်။ တစ်ည ဒေါ်လာတစ်သောင်းတန် အခန်းမှာ တည်းနေကြတယ်။ စင်ကာပူက သူတို့အတွက် လုံခြုံရေးနဲ့ အခြားစရိတ်စက  ဒေါ်လာသန်း၂၀ သုံးဖို့ ဘတ်ဂျက်ထုတ်ထားတယ်။ ဘယ်လောက် ကောင်းထားလဲ။ သင်ကြုံကြိုက်တဲ့အခါ အဲဒီစာအုပ်ကို မြည်းကြပါ။

ခင်ဗျားတို့ခေတ်မှ ဂရုမစိုက်ခြင်းဟာ အနုပညာ ဖြစ်ရသလားလို့။

Most Read

Most Recent