<

ခင်မောင်ရင် ကွယ်လွန်ခြင်း လေးနှစ်ပြည့် အမှတ်တရ

ဆရာဦးခင်မောင်ရင်နှင့် သူ၏ လက်ရာပန်းချီကားတစ်ခု(ပီးကြုံ Facebook မှ)

“သမိုင်း၌ အနုပညာပြောင်မြောက်ခဲ့ သောခေတ်၊ အနုပညာ ဆုတ်ယုတ်ခဲ့သော ခေတ်ဟူ၍ ရှိစမြဲပင်၊ အနုပညာပြောင်မြောက်သည့်ခေတ်၌ အနုပညာရှင်သည် ခေါင်းဆောင်နိုင်ခဲ့သည်။ အနုပညာဆုတ်ယုတ်  သောခေတ်၌အနုပညာရှင်သည် နောက်လိုက်ဖြစ်ခဲ့၏။ ကျွန်တော်တို့ခေတ်၌ အနုပညာရှင်များခေါင်းဆောင်နေသည်။ နောက်လိုက်ဖြစ်နေသည်ဆိုသည်မှာ သမိုင်းက မှတ် တမ်းတင်ပေလိမ့်မည်” ဟု ပန်းချီဦးခင်မောင်ရင်က ဆိုခဲ့သည်။

‘ပြောင်မြောက်သော အနုပညာလုပ်ရပ်များသည် ကမ္ဘာ့အနုပညာရေစီးကြောင်းကို လွှမ်းမိုးစမြဲပင်။ တစ်ပါးသူများကို လွှမ်းမိုးနိုင်အောင် လုပ်စရာမလို။  မိမိဘာသာ ထွန်းပြောင်ရန်သာ လုပ်စရာလိုပေမည်။ ထို့ကြောင့်  ကျွန်တော်တို့၏အနုပညာများ မထွန်းကား မပြောင်မြောက်သည်မှာ အနုပညာသတ္တိရှိ သူများရှားပါးနေပြီလားဟု ကျွန်တော်တွေးမိသည်’ဟုလည်း အနုပညာစံဆောင်းပါးတွင်  ရေးသားခဲ့သည်။ ပန်းချီဆရာကြီး ခင်မောင်ရင်သည် အရောင်ကိုအသုံးချ၍ အနုပညာကို ဖန်တီးခဲ့သည်။ အရောင်နှင့်စကားပြောခဲ့သည်။ သူ၏အချစ်သည် အရောင်ဖြစ်ခဲ့သည်။ “အရောင်ဟာ ပန်းချီ၊ ပန်းချီဟာ အရောင်” ဟု ဆိုခဲ့လေသည်။

ဦးခင်မောင်ရင် (ဟင်နရီ) ကို ၁၉၃၈ ခုနှစ်တွင် ပဲခူးတိုင်း၊ သာယာကုန်းရွာတွင် မွေးဖွားခဲ့သည်။ မိဘများမှာအိုင်းရစ်ကပြား ဖရန့်ဆီဝဲလ်နှင့် ဒေါ်မြသီတို့ဖြစ်ကြသည်။အဘိုးဖြစ်သူမှာ မြန်မာပြည်ကိုသိမ်းစဉ်က အင်္ဂလိပ်စစ်တပ်၏ဗိုလ်မှူးဂျွန်ဆီဝဲလ်ဖြစ်သည်။ ဦးခင်မောင်ရင်သည် အသက် တစ်နှစ်ခွဲအရွယ်ကပင် ဖခင်၏အစ်မဖြစ်သူ ဒေါ်ခင်သက်တင် ( ရန်ကုန်မြို့တော်ခန်းမ ပုံစံထုတ်သူ ဗိသုကာပညာရှင် ဦးတင်၏ ဇနီး) နှင့်အတူ ၈၂ အင်းလျားလမ်းတွင်နေထိုင်သည်။ ဗိသုကာပညာရှင်ဦးတင်မှာ ဦးခင်မောင်ရင်၏ဖခင် ဖရန့်ဆီဝဲလ်နှင့်ကျောင်းနေဘက်များဖြစ်ကြပြီး ဖရန့်ဆီဝဲလ်ထံ လာလည်ရင်း ဒေါ်ခင်သက်တင်နှင့် မေတ္တာမျှခဲ့ ခြင်းဖြစ်သည်။ ဦးခင်မောင်ရင်သည် TTC တွင် စတင်ပညာသင်ကြားခဲ့ပြီး ပန်းချီသင်ကြားပေးသည့်ဆရာမှာ ပန်းချီဦးလှဘော် ဖြစ်သည်။ ပန်းချီဦးလှဘော်ထံမှ ပန်းချီသင်ခန်းစာသာမက ရိုးသားမှန်ကန်မှု၊ တိကျပြတ်သားမှု၊ ရိုးသားမှု၊ မိမိကိုယ်မိမိ အရှိအတိုင်း မြင်နိုင်မှု စသည့် ဘ၀သင်ခန်းစာများပါ သင်ယူခဲ့သည်။ ‘ထိုဆရာ၏ ရိုးသားမှု၊ ပြတ်သားမှု၊ ရှင်းလင်းမှုနှင့် မေတ္တာတရားများကို ကျွန်တော်ရရှိခဲ့သည်။ ထိုဆရာကို မည်သူမျှမသိ။ အောင်စိုး၏ ဆရာလည်းဖြစ်ခဲ့၏’ဟု ဆိုခဲ့သည်။

TTC တွင် ငါးတန်းအောင်ပြီးနောက်  ပြင်ဦးလွင်ရှိ စိန့်မိုက်ကယ်ကျောင်းတွင် ဆက်လက်ပညာဆည်းပူးခဲ့သည်။ ၁၉၅၅ ခုနှစ် မက်ထရစ်အောင်သောအခါ ရန်ကုန်စက်မှု တက္ကသိုလ်တွင် ဗိသုကာပညာကို သင်ကြားခဲ့သည်။ အတန်းထဲတွင် စာတော်သော၊ ထူးခြားသော ကျောင်းသားတစ်ဦးအဖြစ် အများက သဘောကျခဲ့ကြသည်။  ဗိသုကာသင်ဆရာ  ဂျွန်ဆင်ဆီမှ မွန်ဒရီယန်ပန်းချီဆွဲပုံကို ကြားသိခဲ့ရပြီး မွန်ဒရီယန်ကိုနှစ်သက်လာခဲ့သည်။ မွန်ဒရီယန်၏ပန်းချီကားများကို တုပရေးဆွဲ ပြီး အတန်းထဲတွင် ချိတ်ထားခဲ့သည်။ ဂျက်ဆင်ပိုလော့၊ မိုဒီကလျာနီတို့လည်း ကြိုက်နှစ်သက်ခဲ့သည်။ ကျောင်းပိတ်ရက်များတွင် ဦးလေးဖြစ်သူ ဗိသုကာဦးတင်၏ ကုမ္ပဏီတွင် အလုပ်ဝင်သည်။ နောက်ဆုံးနှစ်ကျောင်းသားဘ၀တွင် စာရေးဆရာကြီးသိန်းဖေမြင့်၏  အိမ်ဒီဇိုင်းကို ဆွဲပေးခဲ့သည်။ ထိုစဉ်က အစ်မ၀မ်းကွဲ ဆယ်လီက မြန်မာနိုင်ငံ၊ ဗဟိုဘဏ်အကြီးအကဲ ဦးစံလင်းနှင့် အိမ်ထောင်ကျရာ ဦးခင်မောင်ရင်သည် ဦးစံလင်းထံမှ အနောက်တိုင်း ဂန္ထ၀င်ဂီတ ဗဟုသုတများကိုကြား သိခဲ့ရသည်။

ပန်းချီဦးနန်းဝေထံ မကြာခဏသွားလည်ခဲ့ပြီး မော်ဒန်ပန်းချီအကြောင်းများကို သိခဲ့ရသည်။ ထိုစဉ်က စာပေဗိမာန်ပန်းချီပြပွဲများကိုလည်း သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ ရန်ကုန်ဘဆွေ၏ ဖဆပလ တိုက်ခန်းများရှိ ကလေးများ ခွေလှိမ့်နေပုံပန်းချီကိုအား “အဲဒါ ကျွန်တော့်၏ Inspiration ပဲ”ဟု ဆိုခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ဗိသုကာ ဘွဲ့ခဲ့ပြီးဗိသုကာဦးတင်၏ကုမ္ပဏီတွင် လစာကောင်းကောင်းဖြင့် အလုပ်ဝင်ခဲ့သည်။ ဦးတင်၏ကုမ္ပဏီတွင် လအနည်းငယ်သာလုပ်ခဲ့ပြီး အိမ်ပုံစံတစ်ခုစီအတွက် ငွေ ၃၀၀၀ ဖြင့် အိမ်ပေါင်းများစွာအတွက် ဒီဇိုင်းဆွဲပေးခဲ့သည်။ ရသည့်ငွေများကို ဆီဆေးနှင့် စုတ်တံများဝယ်ယူရာ တွင်အသုံးပြုခဲ့သည်။ ဦးခင်မောင်ရင်၏ပထမဆုံး ဆီဆေးကားကို စာရေးဆရာကြီးသိန်းဖေမြင့်ကပင် ၀ယ်ယူသွားခဲ့သည်။ ဒက္ကာ (ယခု-ဘင်္ဂလားဒေ့ရှ်) ရှိ အမေရိကန်ဗိသုကာ ကုမ္ပဏီရုံးခွဲတစ်ခုတွင် ၁၈ လကြာ အလုပ်လုပ်ခဲ့သည်။ ဒက္ကာတွင်ရှိစဉ်  အားလပ်ချိန်များတွင် ရုပ်ရှင်များအတွက် အချိန်ပေးခဲ့သည်။  အိန္ဒိယဒါရိုက်တာကြီး  Satyajit Ray ၏  The World of Apu ကိုကြည့်ကာ ရန်ကုန်ပြန်ရောက်လျှင် ရုပ်ရှင်ရိုက်မည်ဟု ရည်ရွယ်ခဲ့သည်။ ရန်ကုန်သို့  ပြန်ရောက်သောအခါ ၈၂ အင်းလျားလမ်းတွင် မနေတော့ဘဲ ဗိသုကာ ရောင်းရင်းများ တည်ထောင်ထားသည့် Al (Architetcs Incorporated) သို့ သွားနေခဲ့သည်။

အိမ်မှလူကြီးများက အစိုးရ၀န်ထမ်း လုပ်စေချင်သော်လည်း ဦးခင်မောင်ရင်က လျှောက်လွှာကို ရက်လွန်မှ သွားတင်ခဲ့သည်။ ရောင်းရင်းများက အိမ်ဒီဇိုင်းပုံစံများဆွဲနေချိန်တွင် ဦးခင်မောင်ရင်က ဂန္ထ၀င်တေးသွားများဖွင့် ကာ ပန်းချီကို စိတ်အားထက်သန်စွာရေးဆွဲနေခဲ့သည်။ AI သို့ လာရောက်ကြသောစာပေ၊ ပန်းချီ၊ ရုပ်ရှင်၊ ဂီတအနုပညာအသိုင်းအ၀ိုင်း မှပုဂ္ဂိုလ်များနှင့်ဦးခင်မောင်ရင်သည် ရင်းနှီးသည့်မိတ်ဆွေများဖြစ်သွားခဲ့ကြသည်။  ဗိသုကာဦးဘိုကြီးက “ဒီလိုဗျာ ခင်မောင်ရင်က AI ရဲ့ လုပ်ဖော်ကိုင်ဖက်မဟုတ်ဘူး။ သူက အဲဒီမှာ ဗိသုကာအနေနဲ့မရှိဘူး။ သူက ဗိသုကာအလုပ် မလုပ်ဘူး။  အဲဒီမှာနေတာပဲရှိတယ်။ နောက်တော့ သူ့မိတ်ဆွေအသိုင်းအ၀ိုင်းကျယ်ပြန့်လာတယ်။ သူတို့အဖွဲ့တွေနဲ့ အခန်းထဲမှာငါးပိသိပ်၊ ငါးချဉ်သိပ်ပဲ။ သူ့လူတွေ က ကျွန်တော်တို့ ရုံးခန်းကိုသိမ်းပိုက်လိုက်တာ”ဟုအမှတ်ရခဲ့သည်။ သံတမန်အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း AI သို့ လာကာ ဦးခင်မောင်ရင်၏ပန်းချီကားများကို ၀ယ်ယူခဲ့ကြသည်။ ပုံတူပန်းချီများ အပ်ခဲ့ကြသည်။ အင်္ဂလိပ်စကားကိုကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်၊ ဗဟုသုတလည်းကြွယ်ဝသည့် ဦးခင်မောင် ရင်ကိုအပေါင်းအသင်းများက သဘောကျခဲ့ကြသည်။ ၁၉၆၂  ခုနှစ်တွင် ဦးခင်မောင်ရင်၏ ပထမဆုံးပန်းချီပြပွဲကို အမေရိကန်ကောင်စစ်ဝင် မစ္စတာရှနေးအိမ်တွင် ပြသခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ဂျာမန်အင်ဖော်မေးရှင်းစင်တာ ဂိုထေးဟောက်စ်တွင် ပန်းချီအောင်စိုး၊ ဦးခင်မောင်(ဘဏ်)၊ ကိုရွှေအောင်သိမ်း၊ အုပ်ကြီးတို့နှင့်တွဲ၍ ပြပွဲပြုလုပ်ခဲ့သည်။  ပထမဆုံး မော်ဒန်သီးသန့်ပြပွဲဟု လူသိများခဲ့သည်။ ထိုပွဲပြသခဲ့သော ဦးခင်မောင်ရင်ကားများနှင့် ပတ်သက်၍ ဆရာပေါ်သစ်က “ခင်မောင်ရင်သည် ဗိသုကာအတတ်ဖြင့် အသက်မွေးသူဖြစ်၏။ သူ့လက်ရာအားလုံးတွင် ဗိသုကာတစ်ယောက်၏အမြင်သည် အထင်းသားပေါ်နေသည်။ ဗိသုကာတစ်ယောက်၏ ခိုင်မာတိကျမှု၊ သပ်ရပ်သေချာမှုသည် ပေါ်လွင်သည်။ လူ့လက်ရာများအနက် ကျူဘစ်ဇင်ခေါ် မျဉ်းကြောင်းမျဉ်းကွက် ထောင့်မြှောက်ထုထည်ရေးနည်းဖြင့် ရေးထားသော လက်ရာများသည် စိတ်ဝင်စားဖွယ်ကောင်းသည်။ ဥပမာ -လိုဏ်ဂူ’ ဟု သုံးသပ်ခဲ့သည်။   ဦးခင်မောင်ရင်သည် ဆရာဦးခင်မောင် (ဘဏ်) ထံမှ ကမ္ဘာ့ပန်းချီသမိုင်း၊ ပန်းချီအယူအဆများကို ကြားနာခဲ့သည်။ “ခေတ်ပေါ် ပန်းချီအကြောင်း၊ နိုင်ငံရပ်ခြားက ခေတ်ပေါ်ပန်းချီ ဆရာတွေအကြောင်းဦးခင်မောင်က အရက်သောက်ရင်း ပို့ချတော့တာပဲ”ဟုအမှတ်ရခဲ့သည်။ စာရေးဆရာကြီးဦးသိန်းဖေမြင့်က “ သူ ပန်းချီဆွဲကာစက ကျွန်တော့်ကို သူ့လက်ရာ တစ်ပုံလာပေးတယ်။ အိမ်မှာဆွဲဖို့တဲ့။ ကျွန်တော်က မကြိုက်လို့မဆွဲခဲ့ဘူး။ သူတို့ စိတ္တဇပန်းချီကို ကျွန်တော် နားမလည်လို့ မကြိုက်တာပဲလို့လည်းပြောနိုင်ပါတယ်။ နောက်တော့  ခေတ်သစ် ပန်းချီပြပွဲများမှာသူ့လက်ရာများကိုတွေ့လာရတယ်။ ကျွန်တော် နားလည်စပြု ပြီ ထင်ပါရဲ့”ဟုဗိုလ်တထောင်သတင်းစာတွင်  ရေးခဲ့သည်။

ဦးခင်မောင်ရင်သည် ၁၉၇၃ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ပန်းချီကားအရေးကျဲသွားခဲ့ပြီး အောင်စည်အင်္ဂလိပ်စာကျူရှင် ဆရာဘ၀ဖြင့် အေးဆေးတိတ်ဆိတ်စွာ နေထိုင်ခဲ့သည်။ ပန်းချီဆွဲခြင်း၊ ဂန္ထ၀င်သီချင်းများ ကို နားထောင်လျက် တပည့်များနှင့် ပျော်ပိုက်နေခဲ့သည်။ ဦးခင်မောင်ရင်၏ကျောင်းသူ ဟောင်းတစ်ဦးက “ဆရာက အရမ်းသဘောကောင်းတာ။ ဆရာ့အိမ်မှာ မြက်တွေရော၊ အပင်တွေရော၊ တစ်ခါ စာသင်နေတုန်း မြွေ တစ်ကောင်ဝင်လာလို့ ခုံတွေပေါ်တက် ပြေးလိုက်ရတာ”ဟုအမှတ်ရခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ကျန်းမာရေးကျဆင်းလာသည့်အတွက် စာသင်ကြားခြင်းကိုရပ်ခဲ့သည်။ ရုတ်တရက်လေဖြတ်သွားသဖြင့် ဦးခေါင်းခွံအပေါက်ဖောက်ပြီး သွေးခဲကို ထုတ်ယူခဲ့ရသည်။  ခြေထောက်မကောင်းသည်မှလွဲ၍ ပကတိအတိုင်း ပြန်ကျန်းမာလာခဲ့သည်။ ဗိသုကာပညာနှင့်ပတ်သက်၍ “လွတ်လပ်ရေးရပြီး ခေတ်မှာ တိုးတက်လာဖို့ ဖြစ်လာပါသေးတယ်။ နောက်တော့ နောက်တစ်ခါ ခေတ်စနစ်အ ပြောင်းမှာ Architecture ပျောက်သွားရော၊ အဲဒီမှာ ပန်းချီပဲဆွဲနေတော့တယ်”ဟုဆိုခဲ့သည်။ ပန်းချီကားရောင်းရသည့်ပိုက်ဆံများကို ဘီစကွတ်သံပုံးထဲတွင် ထည့်သည်။ စာအုပ်ကြားတွင် ညှပ်ထားသည်။ အိမ်သို့လာသော ဧည့်သည်များကို လက်ဖက်ရည်နှင့် ကိတ်မုန့် မှာကျွေးသည်။ ဦးခင်မောင်ရင်၏ ယိုင်နေသော အိမ်ကို သူမသိအောင် အပေါင်းအသင်းများက ပြင်ဆင်ပေးခဲ့ကြကို အိမ်အဟောင်းကိုသာ ပြန်လိုချင်ကြောင်း အော်ဟစ်ခဲ့သည်။

ဦးခင်မောင်ရင်သည် ပန်းချီ၊ ဗိသုကာ၊ လူပုဂ္ဂိ္ဂုလ်ဆိုင်ရာ ဆောင်းပါးများစွာရေးသား ခဲ့သည်။ ဂျိုက်စ်၊ ကမူး၊ ကပ်ဖကာတို့၏စာများကိုနှစ်သက်သည်။ သူ၏တန်ဖိုးကြီးပန်းချီစာအုပ်များကိုဖတ်ရှုလိုသူများအား ပေးပစ်လေ့ရှိသည်။ “သီဝရီစာအုပ်မရှိဘူး။ ငါ့ခေါင်းထဲမှာပဲရှိတယ်” ဟုဆိုခဲ့သည်။ ဦးခင်မောင်ရင်သည် ပန်းချီကို လွတ်လပ်တကာ့ အလွတ်လပ်ဆုံးရေးဆွဲခဲ့သည်။ ကိုယ်တိုင်ရေးပုံတူများ၊ ဘုရား၊ ဘုန်းကြီး၊ မိတ်ဆွေများ၏ Portrait များ၊ ၊ ဒေါ်အောင်ဆန်းစုကြည်ပန်းချီကားများစသည်ဖြင့် အကြောင်းအရာအစုံ ကို ပေါ့ပါးလွတ်လပ်စွာရေးဆွဲခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ပုံတူစီးရီးသည် မြန်မာ့ပန်းချီသမိုင်းတွင် မှတ်တိုင်သစ်တစ်ခုဖြစ်ခဲ့ သည်။ ၂၀၁၁ ခုနှစ် ဦးခင်မောင်ရင်၏ပန်းချီ ပြပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သည်။ အိမ်သို့ထမင်းစားဖိတ်သည်ကို ဦးခင်မောင်ရင်က အပြင်းအထန်ငြင်းခဲ့သည်။ ဆရာမော်လင်းက “ဦးခေါင်းခွဲစိတ်ခံ ထားရသူဖြစ်သည့်အတွက် သွားလာ စားသောက်ရာမှာ သာမန်လူတွေလို မလွယ်ကူ၊   တုံ့နှေးသည်။ သူ အပြင်းအထန်ငြင်းသည်နှင့်   မည်သို့မှ ထပ်မံမဖိတ်ခေါ်ဖြစ်တော့”ဟု အမှတ်ရခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ဦးခင်မောင်ရင်၏ ခင်မောင်ရင် ၇၅ ပန်းချီပြပွဲကိုနောက်ဆုံးအကြိမ်  ပြသခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ကျန်းမာရေးကျဆင်းခဲ့သဖြင့် ဆေးရုံတင်ခဲ့ရသည်။ ဆေးရုံ နံရံကြီးသို့ လက်ညှိုးထိုးပြကာ  ထိုနံရံကြီးတွင် ဆွဲချင်ကြောင်းဆိုခဲ့သည်။  LAS ဟူသော အက္ခရာ သုံးလုံးပါသည့်  ဖယောင်းတိုင်နှင့် ဆွဲထားသော ပန်းချီကားတစ်ချပ်အား တပည့် တစ်ဦးကို ပေးခဲ့သည်ဟု  ဆိုသည်။ ဗိသုကာ၊ ဒါရိုက်တာ၊ စာရေးဆရာ၊  ကျောင်းဆရာ၊ ပန်းချီဆရာကြီးဦးခင်မောင်ရင်သည် ၂၀၁၄ ခုနှစ် ဇွန် ၁၀ ရက်တွင် ရန်ကုန်မြို့ ပင်လုံဆေးရုံတွင် ကွယ်လွန်ခဲ့လေသည်။ ဦးခင်မောင်ရင်၏သူငယ်ချင်း စွယ်စုံဝင်းဖေက ဦးခင်မောင်ရင် မကွယ်လွန်မီတစ်ရက်တွင် “ခင်မောင်ရင် မင်းဟာ ကမ္ဘာပေါ်မှာ  အချမ်းသာဆုံးလူတစ်ယောက်ပဲ”ဟု ပြောခဲ့သည်။ ဦးခင်မောင်ရင်သည် စွယ်စုံဝင်းဖေကို ပြုံး၍ကြည့်နေခဲ့သည်ဟူ၏။

ရည်ညွန်း

အနုပညာ-စာ (ခင်မောင်ရင်)

အနုပညာစံ (ခင်မောင်ရင်-ဇော်ဇော်အောင်)

စာရေးသူ၏ မှတ်စုများ

June 14, 2018














Copy Protected by Chetan's WP-Copyprotect.