စားရာတွင် လူစုံသည်

စားရာတွင် လူစုံသည်
Published 13 June 2018

ပုဂံခေတ်မှ စတင်ခဲ့သော မြန်မာစာကား ကျောက်စာ၊ မင်စာ၊ ပေစာ၊ ပုရပိုက်စာ၊ အုတ်ခွက်စာ၊ ပုံနှိပ်စာ စသဖြင့် အဆင့်ဆင့် ပြောင်းလဲလာခဲ့ရာ ယခုအခါ အီလက်ထရွန်နစ်စာသို့ပင် ဖြစ်ထွန်းတိုးတက်နေပြီဖြစ်၏။ ထိုသို့ ရေးသားခဲ့ကြသည့် စာများကို သမိုင်းဝင် ဂန္ထဝင်စာများအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထို့ပြင် ပြည်သူများကြားတွင် တွင်ကျယ်စွာ ရေးခြစ် အသုံးပြုခဲ့ကြသော်ငြားလည်း မှတ်တမ်းတင်မခံရသော စာများလည်း ရှိသည်။ ထိုစာကား မီးသွေးစာဖြစ်၏။ မီးသွေးဖြင့် ရေးခြစ်ခဲ့ကြသောကြောင့် ထိုစာကို မီးသွေးစာဟု ကင်ပွန်းတပ်လိုက်ပါ၏။

ယခုခေတ် လူငယ်လူရွယ်များကား မီးသွေးစာဟု ဆိုလိုက်သဖြင့် ဘာကိုဆိုလိုပါလိမ့်ဟု နားရွက်ထောင်မိသူများလည်း ရှိကောင်းရှိနိုင်ပါသည်။ အရင်က လူများသည် သူတို့၏ စိတ်ခံစားချက်များကို ဇရပ်များ ကျောင်းနံရံများ အိမ်သာများ စသဖြင့် နေရာမျိုးစုံတွင် မီးသွေးခဲများဖြင့် ရေးခြစ်လေ့ရှိကြသည်။ ထိုသို့ရေးရာတွင် လေးနက်ကြီးကျယ်သော အကြောင်းအရာများလည်း ပါတတ်သကဲ့သို့ အရည်မရ အဖတ်မရသည့် စာများလည်း ပါတတ်ကြသည်။

ဥပမာ “သင်ကောင်းလျှင် ကျွနု်ပ်မဆိုးပါ”၊ “လူသာလာပါ ပြဿနာ ခေါ်မလာပါနှင့်”၊ “နင့်ကို ငါချစ်တယ်”၊ “မိခင်လေး ငါ့မိန်းမ”၊ “သူကြီး ဘုရား ရွာသားကောင်းမှု”၊ “မိုက်ရင် ထွက်ခဲ့”၊ “မချစ်ရင်နေပါ မမုန်းပါနဲ့”၊ “ပါးစပ်က ဘုရား ဘုရား လက်က ကားရား ကားရား” စသည်ဖြင့် စုံလင်လှသည်။ ယင်းသို့ ရေးသားမှုမျိုးကို တစ်နိုင်ငံလုံးက ကျောင်း၊ ကန်၊ တန်ဆောင်း၊ ဇရပ်၊ နံရံ၊ တံတိုင်းများနှင့် အိမ်သာများတွင် ပွနေအောင် တွေ့ခဲ့ကြရသည်။ သို့သော် ထိုစာများကို တကူးတက မှတ်တမ်းတင်ခဲ့သူကား ရှိအံ့မထင်ပါ။ ထိုစာများမှာလည်း တာရှည်ခံသော စာမျိုးမဟုတ်။ ထို့ပြင် ထိုသို့ ရေးသားခြင်းကိုလည်း အကောင်းမြင်ခံရသည်မဟုတ်ဘဲ ညစ်ပေအောင် ပြုလုပ်သူများ အဖြစ်သာ သတ်မှတ်ကြလေသည်။

လွန်ခဲ့သော နှစ် ၅၀ နီးပါးလောက်က ကျွန်တော် ဖတ်ခဲ့ဖူးသော မီသွေးဖြင့် ရေးခြစ်ထားသည့် စာသားအချို့ကို ယနေ့ထက်ထိုင် ခေါင်းထဲတွင် မှတ်မိနေဆဲဖြစ်၏။ စတင်ဖတ် ရှုစဉ်က မူလတန်းကျောင်းသားအရွယ်ဖြစ်၍ အဓိပ္ပာယ်ကိုလည်း သေချာနားမလည်။ အသံထွက်ကိုပင် မှန်အောင်ပင် မဖတ်တတ်ခဲ့သည့် စာတစ်ကြောင်းကို ဦးစွာပြောပြပါမည်။ ယင်းမှာ

‘- ဖြင့် × ၍ ညာ -ံ့ သော သူကို မ+ ပါ လေနှင့်’ ဟူ၏။ ကလေးဘဝက ယင်းကို ဖတ်မိသည်မှာ “အနှုတ် လက္ခဏာဖြင့် အမြှောက် လက္ခဏာ၍ ညာ အစား လက္ခဏာသော လူကို မ အပေါင်း လက္ခဏာ ပါလေနှင့်” ဟု အသံထွက်ဖတ်လေရာ ဘာကိုဆိုလိုမှန်းမသိဘဲ အူကြောင်ကြောင် ဖြစ်ခဲ့ရသည်။ ကိုယ့်ထက် အသက်ကြီးသူများ၏ လှောင်ပြောင်ကျီစယ်မှုကို ခံရသဖြင့် အရှက်ရဖူးသည်။ နောင် နည်းနည်းကြီးလာသည့်အခါတွင်မှ “နှုတ်ဖြင့်မြှောက်၍ ညာစားသောသူကို မပေါင်းပါလေနှင့်” ဟု ဆိုသည့် လေးနက်သော အဓိပ္ပာယ်ကို သင်္ချာ သင်္ကေတများ ညှပ်ကာ ရေးထားသည်ကို သိလာခဲ့ရသည်။

ယခုခေတ် လူငယ်များ၏ ခေတ်စကားနှင့် ဘာသာပြန်ရလျှင် ‘ဆေးထိုးပြီး ဂျင်းထည့်တတ်သူကို မပေါင်းပါလေနှင့်’ ဟု ဖြစ်မည်ထင်သည်။ အသက်အရွယ်ရလာသည်နှင့်အမျှ သာပေါင်း ညာစား လူနပ် လူပါး လူညွန့်ခူးစားသူ များစွာကို မြင်တွေ့ဖူးပါပြီ။ နှုတ်ဖြင့်မြှောက်ပြီး စားသူများသာမက ဟောက်စားသူများ၊ ခြောက်စားသူများ၊ ဖြဲစားသူများလည်း ဤလူ့ဘ၀ လူ့ဝန်းကျင်တွင် ပေါများလှပါပေ၏။

နောက်ထပ် မှတ်မိနေသေးသော စာသားလေးတစ်ခုကား စာပေကျမ်းဂန် မဝင်သော်ငြားလည်း ကိုယ့်တိုင်းပြည်၏ သရုပ်သကန်ကို အတော်ပင် ထင်ဟပ်စေသည်ဟု ထင်မြင်မိသည်။ ထိုစာကို ဖတ်မိသည့်နေရာကား ရန်ကုန်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၏ မီးဖိုဆောင် နံရံသွပ်ပြားတွင် ရေးခြစ်ထားသည့် မီးသွေးစာပင် ဖြစ်သည်။ ယင်းစာက ဤသို့တည်း။

စည်းကမ်း တိုင်မှာ ရှိသည်။
ဥပဒေ စာအုပ်ထဲမှာ ရှိသည်။
စားရာတွင် လူစုံသည်။ ဟူ၍။

ထိုစာကို ဖတ်ဖူးသည့်ကာလမှာ တစ်ပါတီ အာဏာရှင်စနစ်အုပ်စိုးသည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ဖြစ်သည်။ ထိုစာကို ဖတ်ခဲ့စဉ်က နားလည်မှုမှာလည်း သိပ်ပြီးမနက်ရှိုင်းလှ။ အဆိုပါ ဘုန်းကြီးကျောင်းတွင် အမြဲနေထိုင်သော ဘုန်းကြီးကျောင်းသားများ ရှိသကဲ့သို့ နယ်မှလာရောက် တည်းခိုသူများနှင့် နေ့ဆွမ်းစားချိန်တွင် ကျောင်းရှိ ဦးပဉ္စင်း ကိုရင် ကျောင်းသားများနှင့် ခင်မင်ရင်းနှီးသူများက ဝင်ရောက်စားသောက်လေ့ ရှိကြသည်။ ထိုအချက်ကို သဘောမကျသူ တစ်ယောက်ယောက်က လက်ကမြင်းထားသည်ဟုသာ ခပ်ပေါ့ပေါ့ တွေးခဲ့မိသည်။

သို့သော် ထိုမီးသွေးစာကား ထိုမျှလောက်ထိ မပေါ့တန်ကြောင်း နောင်မှ တဖြည်းဖြည်း သဘောပေါက် နားလည်လာသည်။ ဘုန်းကြီးကျောင်း အစရှိသည့် လူအများ စုပေါင်းနေထိုင် လုပ်ကိုင်ကြရသည့် နေရာများတွင် စည်းကမ်းကို နံရံ သို့မဟုတ် တိုင်တွင် ကပ်ထားလေ့ရှိ၏။ ယင်းစည်းကမ်းချက်များကား ထိုအရပ် ထိုဝန်းကျင်တွင် နေထိုင်ကြသူများ လိုက်နာကြရမည့် အရာများ ဖြစ်သည်။ လိုက်နာကျင့်သုံးက ကောင်းကျိုးရမည်မှာလည်း သေချာသည်။ သို့သော် လူအများက လိုက်နာရန် ဝေးစွ။ အမှိုက်မပစ်ရ ဟူသော ဆိုင်းဘုတ်နံဘေးတွင် ယင်ကောင် တလောင်းလောင်းနှင့် အပုပ်နံ့တထောင်းထောင်းထနေသည့် အမှိုက်ပုံကို တွေ့မြင်နေကြသည်မှာ မထူးဆန်းသော မြင်ကွင်းတစ်ရပ်ပါပေ။ ‘စည်းကမ်းရှိမှ တိုးတက်မည်’ ဟူသော အနီရောင် အောက်ခံပေါ်တွင် အဖြူစာလုံးကြီးများဖြင့် မြို့ကြီးများ၏ လူစည်ကားရာ နေရာများတွင် စိုက်ထူထားသည်ကို လူတိုင်း မြင်ဖူးကြပါလိမ့်မည်။

ထိုဆိုင်းဘုတ်က စာကို မည်မျှဖတ်၍ မည်သို့သဘောပေါက်ကာ လိုက်နာ ကျင့်သုံးကြသည်ကိုတော့ မပြောတတ်။ ထို ဆိုင်းဘုတ်နားက ဖြတ်သန်းသွားလျှင် ကျင်ငယ်ရည်နံ့ မစင်နံ့များက မင်းမူနေသည်ကို တွေ့ရတတ်သည်မှာ စိတ်ပျက်စရာ ကောင်းလှ၏။ ထိုအခါကျမှ ‘စည်းကမ်း တိုင်မှာ ရှိသည်’ ဆိုသည်ကို ကောင်းကောင်းကြီး သဘောပေါက်မိတော့သည်။ “လူတွေကမှ သူ့ကို လိုက်နာ ကျင့်သုံးမှု မရှိမှတော့ သူ့ခမျာလည်း တိုင်းပေါ်မှာပဲ နေရာရှာတာပေါ့”။ ထပ်ဆင့် သိလာသည်က ငါတို့တိုင်းပြည် အောက်ကျ နောက်ကျ ဖြစ်ရခြင်းမှာ စည်းကမ်းမရှိခြင်းကလည်း အရေးကြီးသည့် အကြောင်းတရားတစ်ခုဟု ကောက်ချက်ချမိသည်။ စည်းကမ်းရှိမှ တိုးတက်မည်ဆိုလျှင် စည်းကမ်းမရှိက မတိုးတက်ဟု ပြောင်းပြန် အနက်ထွက်သည် မဟုတ်ပါလား။

ငယ်စဉ်ကာလကတော့ ဥပဒေဆိုသည်ကြီးကို အမိန့်အာဏာအဖြစ်သာ သဘောပေါက်မိသည်။ ဥပဒေနှင့် မလွတ်ကင်းသည်ကို လုပ်မိလျှင် ဖမ်းဆီးခံရတတ်သည်။ ထောင်ချခံရတတ်သည်။ ဘဝပျက်တတ်သည်ဟုတော့ အကြမ်းဖျင်းအားဖြင့် နားလည်ခဲ့သည်။ ထိုဥပဒေသည် အာဏာရှိသူများကသာ ကိုင်တွယ်သုံးစွဲနိုင်သောအရာဟု နားလည်ခဲ့သည်။ အရွယ်ရောက်လာသောအခါ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ စာအုပ်အဟောင်းတန်း၌ “တို့နိုင်ငံ အုပ်ချုပ်ပုံ အခြေခံ ဥပဒေ” အမည်ရှိ စာအုပ်တစ်အုပ်ကို ဝယ်ယူဖတ်ရှုမိကာမှ ဥပဒေဆိုတာ စာအုပ်ထဲမှာ ရှိနေရမည့် အရာမဟုတ်ဘဲ တိုင်းသူပြည်သားများ ကောင်းစွာ နားလည်သဘောပေါက်ကာ လိုက်နာကျင့်သုံးရမည့် နိုင်ငံသားတို့၏ သီလမှန်း စတင်သိခဲ့ရသည်။

သိရပုံက ဤသို့ပါ။ သူ ရေးပုံက ပေါ့ပေါ့ပါးပါးဖတ်၍ နားလည်လွယ်သည်။ စိတ်ဝင်စားစရာကောင်းအောင် ပုံများဖြင့် ရေးထားရုံမက စာသားများကလည်း မခက်ခဲ။ သာမန်လူများ ပြောဆိုနေသလို စကားပြောပုံစံ အရပ်သုံးများဖြင့် ရေးထားသောကြောင့် မပျင်းမရိ ဖတ်မိသည်။ သို့သော် အခြားဥပဒေစာအုပ်များသည်ကား ထိုသို့မဟုတ်ဘဲ သာမန်လူများကို ဖတ်ချင်လာအောင် ဆွဲဆောင်နိုင်မှု မရှိသည့်ပြင် ကိန်းကြီးခန်းကြီးဆန်ကာ ခန့်ထည်လွန်းနေသဖြင့် သာမန်လူများက စိတ်ဝင်တစားဖတ်ရန် ဝေးစွ။ စိတ်ဖြင့်ပင် ကူးမိကြဟန် မတူချေ။ အုပ်ချုပ်သူများကသာ ရာခိုင်နှုန်း ၉၀ ကျော်သော တိုင်းသူပြည်သားများက ထောက်ခံသည်ဟု ကြွားလုံးထုတ်နေကြသော်လည်း တကယ်တမ်း ဂဃနဏ ဖတ်ဖူးသူ ဘယ်နှယောက်များ ရှိသလဲဟု လိုက်လံ သုတေသန လုပ်ကြည့်ပါက အံ့သြသင့်ဖွယ် ဖတ်ဖူးသူ အလွန်နည်းပါးကြောင်း သိရမည်မှ မုချပင်။

ဟိုတလောက ဝန်ကြီးဌာနများ၏ သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ရှင်းလင်းပြောဆိုရာ၌ တပ်မတော်သားများသည် စစ်သည်တော်ကျင့်ဝတ်များ စစ်ဘက်ဆိုင်ရာ ဥပဒေများကို တိကျစွာ လိုက်နာရကြောင်း ပြောသံကြားလိုက်မိသည်။ တစ်ဖန် စာရေးဆရာကြီး ဦးအောင်သင်း၏ ဟောပြောချက်တစ်ခုထဲတွင် ရဟန်း သံဃာတော်များ ရှင်သာမဏေများ ကျင့်ဆောင်ရသည့် သေခိယ အကြောင်း ထည့်သွင်း ပြောဆိုသွားသည်ကို နားထောင်ရသည်။ ထိုအခါ အတွေးထပ်ချဲ့မိသည်က ငါတို့ တိုင်းသူပြည်သားများ ကျင့်ဆောင်ရမည့် ဥပဒေများ ကျင့်ဝတ်များလည်း ရှိသည် မဟုတ်လား။

မိမိတိုင်းပြည်ကို စွန့်ခွာ၍ သူတစ်ပါးရပ်ထံတွင် အနေကြာလာသောအခါ သူတို့၏ ဓလေ့စရိုက်များကို ကောင်းစွာ သတိပြုမိ၏။ သူတို့က ဘာကြောင့် ငါတို့ထက် အဘက်ဘက်က သာလွန်နေသနည်းဆိုသည့် မေးခွန်း၏ အဖြေမှာ သူတို့သည် ငါတို့ထက် နေရာတကာတွင် စည်းကမ်းကို လိုက်နာ ကျင့်ကြသည်။ ဥပဒေကို လေးစား လိုက်နာကြ၏။ မလိုက်နာပါကလည်း ပြဋ္ဌာန်း သတ်မှတ်ထားသည့် ပြစ်ဒဏ်ကို ကျခံကြရမည်မှာ သေချာသည်။

ထိုအခါ ယခု မြန်မာပြည်တွင် ကျယ်လောင်စွာ ပြောဆိုနေကြသော တရားဥပဒေ စိုးမိုးရေးဟူသော စကားရပ်ကို သဘောပေါက်လာသည်။ တရားဥပဒေ အမှန်တကယ် စိုးမိုးဖို့အတွက် အုပ်ချုပ်သူဘက်ကရော တိုင်းသူပြည်သားဘက်ကပါ ပြဋ္ဌာန်းထားသည့် ဥပဒေများကို တိတိကျကျ လိုက်နာကြမှ စိုးမိုးနိုင်သည်ကို နားလည်လာသည်။ ထိုသို့ မဟုတ်ဘဲ အာဏာရှိသူများက သူတို့ လိုသလို ရေးထားပြီး ပြည်သူလူထုက မလိုက်နာလိုသော ဥပဒေကား ဘယ်လိုမှ စိုးမိုးမည် မဟုတ်ချေ။ ယင်းသို့ဆိုလျှင် လက်တွေ့လိုက်နာ ကျင့်သုံးမှုမရှိသော ထိုဥပဒေ ပုဒ်ထီး ပုဒ်မများ နည်းဥပဒေများကား စာအုပ်ထဲတွင်သာ ဆက်လက် စံမြန်းနေမည် အမှန်ပင်။

နောက်ဆုံး စာသားလေးကား ခေတ်အဆက်ဆက် မရိုးနိုင်သော ဇာတ်လိုက်များကို ရည်ညွှန်းထားသည် ထင်ပါသည်။ ‘စားရာတွင် လူစုံသည်’ တဲ့။ မူလရေးသူကတော့ ဘုန်းကြီးများ ဆွမ်းဘုဉ်းပေးပြီးချိန်တွင် လာရောက် စားသောက်ကြသူများကို ဆိုလိုဟန်တူ၏။ သို့သော် စာဆိုသည်မှာကား ထိုမျှနှင့် ရပ်တန့်မနေချေ။ စာဖတ်သူ၏ မျက်စိနားကြီးလျှင် ကြီးသလောက် ကျယ်လျှင်ကျယ်သလောက် အလှမ်းကျယ်တော့သည် မဟုတ်လား။

ကျွန်တော်တို့ မမွေးခင် ခေတ်တစ်ခေတ်ဖြစ်သော ဦးနု၏ ဖဆပလခေတ်က ပြည်တော်သာ စီမံကန်းဟူ၍ ရှိခဲ့ဖူးသည်။ လူတစ်ဦး တိုက်တစ်လုံး ကားတစ်စီး လခ ငါးထောင်ကျပ် ရမည်စသဖြင့် တိုင်းပြည်ကို ချပြခဲ့ဖူး၏။ ယင်း စီမံကိန်း မအောင်မြင်ဘဲ ပျက်စီးပုံကို ကာတွန်းဆရာတစ်ဦးက ဤသို့ ရေးဆွဲခဲ့သည်ဆို၏။ သူ၏ ပုံတွင် ပြည်တော်သာဟု ရေးထားသော သေတ္တာတစ်လုံးကို ခြများက ဝိုင်းအုံ စားသောက်နေပုံကို သရုပ်ဖော်ထားကြောင်း ကြားဖူးပါသည်။ အကျင့်ပျက်ခြစားခြင်းဟူသော စကားမှာလည်း ထိုမှစတင်လာသည်လား မပြောတတ်ချေ။

ဖဆပလခေတ်ကား ပါလီမန် ဒီမိုကရေစီခေတ်ဖြစ်ရာ ထိုအစိုးရသည်လည်း မဲစနစ်ဖြင့် ရွေးကောက်ခံသူများသာ။ ထို့နောက် ဦးနေဝင်းခေတ်။ ဗိုလ်ချုပ်ကြီး စောမောင်ခေတ်။ ဗိုလ်ချုပ်ကြီးသန်းရွှေခေတ်၊ ဦးသိန်းစိန်ခေတ်မှသည် ယနေ့ ဒေါ်အောင်ဆန်းစုကြည်ခေတ်ထိတိုင်အောင် ခြမျိုးဆက်များကား စားဖို့ ခွင်ကောင်းကို အစဉ်အမြဲ ချောင်းမြောင်းနေကြသည်သာတည်း။

ထိုခြတို့သည် မြှောက်ဖို့လို့ မြှောက်ပင့်ကာ စားမည်။ ပေါင်းပြီးမှ စားလို့ရမည်ဆိုကလည်း ပေါင်းရန် လက်မနှေး။ ယင်းသို့ မြှောက်ပင့် ပေါင်းသင်းလာသောအခါ အမြှောက်ခံသူများက သာယာသွားတတ်ကြခြင်းမှာလည်း ခြစားရန် လမ်းပွင့်နေခြင်းပင် မဟုတ်လား။ ယင်း၏ နောက်ဆက်တွဲက တိုင်းပြည်၏ ကံကြမ္မာကို ဘယ်လောက်ထိဆိုးအောင် မွှေသွားသည်ဆိုသည်ကို သမိုင်းက သက်သေပြခဲ့ပြီးပြီ။

ဘုန်းကြီးကျောင်းတစ်ကျောင်း၏ မီးဖိုချောင်နံရံ သွပ်ပြားချပ်ပေါ်မှ ထိုစာတိုတိုလေးသည် ကျောင်းဝေယျာဝစ္စ လုပ်ရာတွင် ဘာတစ်ခုမှ ဝင်မလုပ်ဘဲ စားခါနီးတွင် အလျှိုလျှိုလာရောက် စားသောက်သူများလောက်ကိုသာ ရည်ညွှန်းကောင်း ရည်ညွှန်းနိုင်ပါသည်။ ထို့ထက်လည်း ကျယ်ဝန်းသော အဓိပ္ပာယ်များလည်း ပါကောင်းပါနိုင်ပေသည်။ ဆက်စပ်စဉ်းစားရင်း ထိုသို့ အခွင့်အရေးသမားများကို ဗိုလ်ချုပ်အောင်ဆန်းကလည်း စားဖားများ ညီညွတ်ခြင်းသည် တိုင်းပြည်အတွက် အလွန်အန္တရာယ်များကြောင်း ပြောခဲ့ဖူးသည်ကို သတိရမိ၏။

မည်သို့ပင်ဖြစ်စေ၊ ခေတ်အဆက်ဆက်တွင်ကား ဖားတတ်သူများကသာ စားသာကြသည်။ အခွင့်အရေးကောင်းများကို ရနိုင်သည်မှာလည်း မငြင်းနိုင်သော ဖြစ်ရပ်မှန်များပင် ဖြစ်၏။

ဤသို့ချဲ့ကား စဉ်းစားမိသောအခါ ထိုစာတိုလေးကား ကျွန်တော်တို့ ဖြတ်သန်းခဲ့ရသော ခေတ်ကြီး၏ ပုံရိပ်ထဲမှ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ရာခိုင်နှုန်းအတော်များများကိုဖြစ်စေ ထင်ဟပ်စေသည့် သံခိပ်စာဟုသာ ဆိုလိုက်ချင်ပါသည်။

Most Read

Most Recent