ထာဝရ မာယာမဲ့ကဗျာ

ထာဝရ မာယာမဲ့ကဗျာ
Published 13 June 2018

နှင်းမှုန်ပါးပါးလျလျ ကျဆင်းနေသည့် ဒီဇင်ဘာ နံနက်ခင်းတစ်ခု။ နှင်းမှုန်များထဲတွင် ကျွန်တော်၏အတွေးများ လွင့်မျောပါနေတော့သည်။ လွင့်မျောနေသည့် အတိတ်ပန်းချီကားတစ်ချပ်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ဆေးသားသည် မလွင့်ပြယ်သွားချေ။ အတွေးထဲ အမြဲလတ်ဆတ်နေသည်။ ကျွန်တော် ပြန်သတိရနေမိပါသည်။ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှ တောင်ငူဆောင်ရှေ့၊ တောင်ပိန္နဲပင်အောက်၊ ကင်တင်းရှည်ကြီးမှ အရှည်ကြီး လက်ဖက်ရည်ဆိုင်၏ စားပွဲတစ်ခုမှာ နံနက်ပေါင်းများစွာ ထိုင်နေခဲ့ဖူးသည်။ ကျွန်တော်နှင့်အတူ ထိုင်နေခဲ့ဖူးသူမှာ ‘ကဗျာ့တပ်မှူးကြီးတစ်ဦး’ ပင်ဖြစ်သည်။ တောင်ငူဆောင်အောက်၊ တောင်ပိန္နဲပင် အောက်မှာပင် အလံနီဆရာကြီးတစ်ဦးက စကားလုံးပြင်းပြင်းများ ဝိုင်းဒိုင်းပစ်ပေါက်ပြီး တိုက်ခိုက်နေသည်။ ထိုအတိုက်ခိုက်ခံခဲ့ရသော ကဗျာတပ်မှူးကြီးလေးဦးထဲမှ ‘တုံ့ပြန်မှုမရှိသော ထာဝရမာယာမဲ့ကဗျာ’ တပ်မှူးကြီးတစ်ဦး။ သူ့ကို ပုဂ္ဂိုလ်ရေးအရ မည်သို့ပင် တိုက်ခိုက်လာစေကာမူ ခွင့်လွှတ်အပြုံးကို ထာဝရပြုံးလျက်။

ထိုလေးဦးထဲမှ ကဗျာတပ်မှူးကြီး တစ်ဦးဖြစ်သည့် ကဗျာဆရာကြီး (ဦး) တင်မိုးနှင့် ကျွန်တော်တို့ နှစ်ဦး နံနက်တိုင်း ထိုင်ဖြစ်ခဲ့ကြသည့် လက်ဖက်ရည်ဆိုင်ကလေး။ ထိုလက်ဖက်ရည်ဆိုင်ကလေး၏ နံနက်ခင်းတစ်ခုတွင် ထိုင်ခဲ့ရသည်မှာ ဆရာကြီး (ဦး) တင်မိုးနှင့် ကျွန်တော်တို့အတွက် နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်လိမ့်မည်ဟု မထင်မှတ်ခဲ့မိ။ ကဗျာဆရာကြီး (ဦး) တင်မိုးကို ချစ်ခင်စွာဖြင့် ဦးဘဂျမ်းဟု ကျွန်တော် ခေါ်ခဲ့သည်။ ကဗျာဆရာကြီးသည် တက္ကသိုလ်ဝင်းကြီးကို စွဲစွဲလမ်းလမ်း ရှိနေခဲ့သည်။ ယခင် ပုဂံလမ်းတွင် နေခဲ့ဖူးသည်ကို ပြန်လွမ်းနေပေလိမ့်မည်။ ကျွန်တော်နှင့် အရှည်ကြီး လက်ဖက်ရည်ဆိုင်လေးတွင် ထိုင်ခဲ့သည့်အချိန်မှာတော့ ပုဂံလမ်းအိမ်ကို ရင်နာကြေကွဲစွာ ဖယ်ခွာပေးလိုက်ရသည်။ အင်းစိန်၊ မင်းကြီးလမ်းမှ ကဗျာဆန်သော သစ်အိမ်လေးသို့ ပြောင်းရွှေ့ပြီး နေထိုင်နေသည့်အချိန် ဖြစ်သည်။ ထိုအင်းစိန်၊ မင်းလမ်းမကြီးမှ အမိုးချွန်ချွန်နှင့် ကဗျာဆန်သော ထိုအိမ်လေးသို့ ပြောင်းရွှေ့နေလိုက်ရသည့် အချိန်တွင် ကဗျာဆရာကြီး ဦးတင်မိုးမှာ တက္ကသိုလ်ဆရာကြီးတစ်ဦးပင် မဟုတ်တော့ချေ။ ၈၈ လူထုအရေးတော်ပုံတွင် ကဗျာဆရာကြီးတစ်ဦး အနေဖြင့် ပါဝင်ခဲ့မှုနှင့် ပတ်သက် ဆက်နွှယ်ပြီး စစ်အာဏာရှင်အစိုးရမှ ပင်စင်ပေးခဲ့သည်။ သူ ချစ်သော တက္ကသိုလ်ဝင်းကြီးထဲမှ အဝေးကို နှင်ထုတ်ခဲ့သည်။ ပင်စင်အပေးခံလိုက်ရပြီးနောက် ပေဖူးလွှာမဂ္ဂဇင်း၏ အယ်ဒီတာချုပ်အဖြစ် ဝင်ရောက် လုပ်ကိုင်နေသည်။

ထိုအချိန်မှာ စစ်အာဏာရှင်အစိုးရအား ဆန့်ကျင်နေသည့် အန်အယ်ဒီပါတီထဲ ဝင်ရောက်ခဲ့ပြီး ဗဟိုတတ်သိ (အတတ်ပညာရှင် အသိပညာရှင်) တစ်ဦးအဖြစ် တာဝန်ယူခဲ့သည်။ ထိုအန်အယ်ဒီ၊ ဗဟိုတတ်သိတွင် တာဝန်ယူပြီး ‘အမေ့သား စကားတိုးတိုးပြောလှည့်ပါ’၊ ‘ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်းများ လက်ခုပ်တီးပါ’ ဆိုသည့် ကဗျာများ ရေးသားထုတ်ဝေခဲ့သည်။ အန်အယ်ဒီ၏ ဆောင်ပုဒ်များဖြစ်သည့် ‘သမဂ္ဂအုတ်တို့ ပြိုလေသော် ဒီမိုကရေစီအုတ်များ တည်ဆောက်မည်’၊ ‘အာဇာနည်မျိုး၊ သေရိုးမရှိ’ ဆိုသည်များ ရေးသားခဲ့သည်။

‘အမေ့သား စကားတိုးတိုးပြောလှည့်ပါ’ ကဗျာသည် စစ်အာဏာရှင်ခေတ်တွင် စစ်အာဏာရှင်များကို ဆန့်ကျင်တော်လှန်ခဲ့သော ကျောင်းသားလူငယ်များအတွက် ခံစားရေးဖွဲ့ထားခြင်းဖြစ်သည်။ ထိုကဗျာသည် လူသိများခဲ့သကဲ့သို့၊ စစ်အာဏာရှင်များ၏ အငြိုးအတေးကို ကြီးစွာခံခဲ့ရသည်။

ကာရံချိုမြ
သွေးစစွန်းထင်းနေတယ်။
တယောကြိုးလည်း တီးတိုးငိုနေတယ်။
ဂစ်တာတစ်လက် အုတ်ခုံထက်မှာ
အသက် မရှိရှာတော့ဘူး။
…. …. …. …. ….
…. …. …. …. ….
အမေ့နားမှာ
သားခေါ်သံများ တိုးတိုးကြားလျင်
နားကိုလှည့်စား
ဒီညများ ဘယ်သွားနေလဲ လူကလေးရယ်။
သားတို့ကျောင်းက
ခွပ်ဒေါင်းလံကလေး ရေမြောင်းဘေးမှာ
သွေးတွေစွန်းလျက် ညနေဘက်က
အရပ်ထဲက လူတွေတွေ့ခဲ့သတဲ့။
အမေ့သား စကားတိုးတိုးပြောလှည့်ပါ။

ဆရာကြီး (ဦး) တင်မိုးသည် ဤကဗျာကို ကြေကြေကွဲကွဲ ရေးခဲ့သည့်အကြောင်းကို ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်ရှေ့ ကင်တင်း၌ထိုင်ရင်း တိုးတိုးညင်းညင်းလေး တစ်နေရာသို့ ငေးပြီး ပြောပြခဲ့ဖူးသည်။ ဆရာ့ ကြေကြေကွဲကွဲနှင့် တိုးတိုးလေးပြောသည့် စကားကို စစ်အာဏာရှင်များ ကြားသွားပုံရသည်။ ဆရာနှင့် ကျွန်တော် အတူထိုင်ခဲ့သည့် ဒီဇင်ဘာညတစ်ညမှာ တိတ်တဆိတ် ခေါ်သွားခံလိုက်ရပါတော့သည်။

ပြောမည်ဆိုလျှင် ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်၌ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ကျောင်းသားများ ဆန္ဒပြမှုတစ်ခုဖြစ်ပေါ်ခဲ့သည်။ နိုဘယ်ဆုရှင် လွတ်မြောက်ရေးအတွက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ထောင်နှင့်ချီပြီး အဖမ်းခံလိုက်ရပါတော့သည်။ ကျွန်တော်လည်း အဖမ်းခံရသည့်အထဲတွင် ပါသွားခဲ့သည်။ ကျွန်တော် ထောက်လှမ်းရေးစခန်းတွင် အစစ်ဆေးခံရမှ ဆရာ (ဦး) တင်မိုးကိုလည်း ဖမ်းဆီးထားပြီး ကျောင်းထဲမှ ဆန္ဒပြမှုတွင် နောက်ကွယ်မှ ကြိုးကိုင်သူအဖြစ် စွပ်စွဲထားသည်ကို သိလိုက်ရသည်။ ကျွန်တော်တို့ တက္ကသိုလ်ဝင်းအတွင်းမှ တောင်ငူဆောင် ကင်တင်းကို နံနက်တိုင်းရောက်ပြီး ထိုင်ခဲ့ကြသည်ကို စစ်ဆေးခံခဲ့ရသည်။ အမှန်မှာ တောင်ငူဆောင်ကင်တင်းတွင် ကျွန်တော့်ချစ်သူမိသားစုက အသုတ်ဆိုင်ဖွင့်ထားခဲ့သည်။ နံနက်စောစော ဆိုင်ဝိုင်းကူဖွင့်ပေးရင်း တက္ကသိုလ်ကြီးတွင် လက်ဖက်ရည်ဆိုင်ထိုင်ခြင်းကို စွဲစွဲလမ်းလမ်း နှစ်သက်နေသော ဆရာနှင့် ထိုင်ခဲ့ကြခြင်းဖြစ်သည်။

ကျောင်းအတွင်းမှ ဆန္ဒပြမှုတွင် ဆရာနှင့် လုံးဝသက်ဆိုင် ပတ်သက်ခြင်း မရှိကြောင်း ပြတ်သားစွာ ငြင်းဆိုနိုင်ခဲ့သည်။ ဆရာ (ဦး) တင်မိုးသည်လည်း ငြင်းဆိုခဲ့သည်။ သို့သော် ဆရာ ပါဝင်ဆောင်ရွက်ခဲ့သည့် အန်အယ်ဒီ ဗဟိုတတ်သိအား အငြိုးထားခဲ့သည်က တစ်ကြောင်း၊ ဆရာ ရေးသားပြီး အန်အယ်ဒီမှ ထုတ်ဝေခဲ့သည့် ‘အမေ့သား စကားတိုးတိုး ပြောလှည့်ပါ’ ကဗျာကို အငြိုးထားသည်က တစ်ကြောင်းကြောင့်ဖြစ်မည်။ တက္ကသိုလ်ကျောင်းအတွင်း ဆန္ဒပြလှုပ်ရှားမှုနှင့် စွဲဆို၍မရတော့သောအခါ ဆရာ (ဦး) တင်မိုး အယ်ဒီတာချုပ် လုပ်နေသော ပေဖူးလွှာမဂ္ဂဇင်းတွင် ဆရာကြီး မင်းသုဝဏ်ကဗျာကို ထည့်သွင်းခဲ့သောကြောင့်ဟု အကြောင်းပြကာ ထောင်သုံးနှစ် ချလိုက်တော့သည်။ အမှန်မှာ ပေဖူးလွှာမဂ္ဂဇင်းတွင် ပါဝင်သော စာမူများကို ဖြေရှင်းရန် တာဝန်ခံအယ်ဒီတာ ဆရာမောင်ခိုင်မာတွင်သာ တာဝန်ရှိသည်။ ထိုကာလတွင် စစ်အာဏာရှင်များက လုပ်ချင်ရာ လုပ်နေသော ထင်တိုင်းကြဲနေသော ကာလဖြစ်နေသည်။ မည်သို့မှ အကြောင်းပြ၍မရ။ လူမသိ၊ သူမသိ စစ်ခုံရုံးမှ ထောင်ချချင်တိုင်း ချနေကြသည်။ ဆရာ (ဦး) တင်မိုး ထောင်ကျခဲ့ရခြင်းကို ကျွန်တော်နှင့် အဓိက ပတ်သက်နေသည်ဟု ကျွန်တော့် စိတ်ထဲမှာ ယူဆပြီး အတော်ခံစား ကြေကွဲမိခဲ့သည်။

ဆရာ (ဦး) တင်မိုးနှင့် ကျွန်တော် နောက်ဆုံး လက်ဖက်ရည် ထိုင်သောက်ခဲ့သည့် နှင်းမှုန်ပါးလျ နံနက်ခင်းကို ပြန်တွေးနေမိသည်။ ထိုနေ့နံနက်တွင် နောက်ထပ်အမှတ်ရစရာတစ်ခု ဖြစ်ခဲ့သေးသည်။ ဆရာနှင့် ကျွန်တော် တောင်ငူဆောင်ကင်တင်းမှ ထွက်လာကြပြီး လှည်းတန်းဈေးအတွင်းမှ လက်ဖက်ရည်ဆိုင်တွင် ဆက်ထိုင်ဖြစ်သည်။ ပြောခဲ့ကြသည့် စကားများကိုတော့ မမှတ်မိတော့ချေ။ လက်ဖက်ရည်ဆိုင်မှ ထအထွက်တွင်၊ တစ်ဘက်မှပြေးလာသော လူငယ်လေးတစ်ယောက်၏ ခေါင်းနှင့် ဆရာ့မျက်နှာ တိုက်မိလိုက်သည်။ ကျွန်တော်နှင့် လူငယ်လေး ရပ်ကြည့်နေပြီး “ဦးဘဂျမ်းဘယ်နားနာသွားလဲ” ဟု ကျွန်တော် မေးလိုက်သည်။ ဆရာက ပြုံးလျက် ပါးစပ်ကို လက်နှင့်အုပ်ပြီး ထွေးထုတ်လိုက်ရာ အပေါ်ရှေ့သွားတစ်ချောင်း ထွက်လာသည်။ လူငယ်လေးလည်း ငေးကြည့်ပြီး တောင်းပန်နေတော့သည်။ ဆရာပါးစပ်ထဲမှ သွေးယိုစီးလျက် ပြုံးပြီး “ဘာမှမဖြစ်ပါဘူး။ သွားက ကျိုးချင်နေတာ။ အခု ခန္ဓာဝန်တစ်ခု မလေးတော့ဘူးပေါ့။ သွား သွား ကလေး ဘာမှစိတ်မကောင်းဖြစ်မနေနဲ့” ဟု ပြောလိုက်သည်။

ဆရာသည် သူ့ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လာသူများကိုပင် ပြန်မတိုက်ခိုက်တတ်။ သည်းခံနိုင်သမျှ သည်းခံတတ်သည်။ ခွင့်လွှတ်လိုက်ရန်ကိုသာ စိတ်ထဲမှာ အမြဲထားသည်။ သူ သည်းမခံနိုင်သူများမှာ စစ်အာဏာရှင်များဖြစ်သည်။ ဖောက်ပြန်သူများ ဖြစ်သည်။ အချောင်သမားများဖြစ်သည်။ စစ်အာဏာရှင်များ၏ ဖိနှိပ်မှုကို ပြည်သူများဘက်မှ ရပ်တည်ပေးခဲ့သူဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သော်လည်း မာယာကင်းမဲ့ခဲ့သည်။ ဆရာ ရေးခဲ့သည့် ‘ဧည်သည်ကြီး’ ကဗျာကဲ့သို့ နောက်ဆုံး၌ ဆရာ့ကို ပြန်မပို့ဘဲ တမလွန်ခရီးကို ပြန်သွားခဲ့ပါပြီ။ မြန်မာပြည်သို့ ပြန်မရောက်နိုင်တော့ပါ။ ဆရာ အဝေးတစ်နေရာမှ ဆရာချစ်သော မြန်မာပြည်အတွက် ရေးခဲ့သည့် ကဗျာတစ်ပိုင်းတစ်စကို မှတ်မိနေပါသေးသည်။

ဒီမိုးဒီမြေဒီလူတွေနဲ့
ဒီအခြေစခန်းသွားရင်
လမ်းမှားတွေရောက်
ဂျောက်ပေါက်တွေတိုးမှာ သေချာတယ်။
တန်ရာတန်ရာမလုပ်ရင်
ရွာနာတယ်ဆိုတဲ့ဆောင်ပုဒ်အရှိသား
အဟုတ်ကိုပဲ ရွာနာခဲ့ပြီ။

ဆရာ့၏ ထာဝရမာယာကင်းမဲ့သည့် ကဗျာများကို လွမ်းနေမိသကဲ့သို့ ဆရာ့ကိုလည်း အစဉ်အမြဲ လွမ်းနေမိပါဦးမည်။

Most Read

Most Recent