မြို့ထဲက မြွေများ

မြို့ထဲက မြွေများ
Published 12 June 2018

နယ်တွင်နေသော ကျွန်တော့်သူငယ်ချင်း၏ ညီတစ်ယောက် မြွေပေါက်ခံရပြီး ဆုံးသွားသည်။ မြွေဆိပ်ဖြေဆေးထိုးသောအခါ အချိန်လွန်နေပြီ။ ကျောက်ကပ် ပျက်စီးနေပြီ။ အကိုက်ခံရချိန်၌လည်း မြွေကို မမိလိုက်ကြ။ မြွေအမျိုးအစားကိုလည်း မသိလိုက်ကြ။ မြွေဆိပ်ဖြေဆေးများ အလွယ်တကူ ဝယ်ယူ၍ရနေပြီဟု တလောက သတင်းကြားပါသည်။ ဟုတ် မဟုတ်တော့ မသိ။ မြွေဆိပ်ဖြေဆေး အလွယ်တကူဝယ်ယူ၍ ရခြင်း မရခြင်းကိစ္စကိုတော့ မြွေကိုက်ခံရသူ၏ ဆွေမျိုးသားချင်းများနှင့် နီးစပ်ရာ ကူညီဆောင်ရွက်ပေးသူများသာ သိကြပေလိမ့်မည်။

ကိုက်သည့်မြွေအမျိုးအစားကို သိခြင်း မသိခြင်းသည်လည်း မြွေဆိပ်ဖြေဆေးထိုးရာ၌ အရေးကြီးသည်ဟု ကြားဖူးပါသည်။ လူသည် လူဆိပ်ရှိသဖြင့် ကိုက်လိုက်၊ ပေါက်လိုက်သော မြွေသည်လည်း လူဆိပ်မိပြီး မောပန်းနွမ်းနယ်သွားသည်။ ထို့ကြောင့် ဝေးဝေးမပြေးနိုင်ဟု လူကြီးသူမများ ပြောသံကြားဖူးသည်။ ထိုအချိန်မျိုး၌ အသေရရ၊ အရှင်ရရ အမိဖမ်းရသည်ဟု ဆိုကြသည်။

မြွေအမျိုးအစားကို ခွဲခြားနိုင်ဖို့လည်း ယခုနေအခါတွင် အတော်တော့ ခေါင်းစားရပေမည်။ မြွေများသည်လည်း ကမ္ဘာပြားလာသည်ဆိုခြင်းနောက် သွေးနှောကာ မျိုးမှန်ရှားလာပြီဟု သိရသည်။ မြွေပွေး၊ မြွေဟောက်၊ ငန်းမြွေ၊ လင်းမြွေများမှစ၍ စပါးကြီး၊ စပါးအုံးများ အပါအဝင် အဆိပ်မရှိဟုဆိုကြသည့် မြက်လျှောများ၊ ရေမြွေများအထိ မျိုးစပ်မြွေများ ဖြစ်လာကြပြီဟု သိရသည်။ အဆိပ်ပြင်း မပြင်းပင်မှန်းဆရန် ခက်ခဲလာပြီဟူ၍လည်း ပြောနေသံကြားရသည်။ အကောင်းဆုံးကာကွယ်နည်းမှာ မြွေပါသည်ဟု ပြောကြသော အရပ်တွင် ကြိုတင်ကာကွယ်ရန်သာ ဖြစ်သည်။ လည်ရှည်ဖိနပ်စီးသွားရမည်။ ညမှောင်ချိန် အပြင်ထွက်လျှင် ဓာတ်မီးယူသွားရမည်။

မြွေမရှိသောအရပ်ဟူ၍လည်း သတိမေ့လျော့ကာ ပေါ့ပေါ့ဆဆ မနေသင့်ပြန်။ ကျွန်တော် နေထိုင်ခဲ့ဖူးသော မြို့ငယ်လေးတစ်မြို့ဆိုလျှင် ယေဘုယျအားဖြင့် မြွေမရှိပေ။ သို့သော် နှစ်စဉ်လိုလို မြွေဆိုးများ ရောက်လာသည်။ အကြောင်းမှာ မြို့လေးသည် နှစ်တိုင်း ရေကြီးလေ့ရှိသည်။ ပတ်ဝန်းကျင်တွင် ရွှေမှော်များစွာရှိသည်။ မိုးရာသီရေကြီးချိန်တွင် ရွှေမှော်များမှ ရေနီနီများနှင့်အတူ မြွေဆိုးများ မြို့ထဲဝင်ရောက်လာတတ်ကြသည်။

ရေကြီး၍ ရေနစ်သေမှာထက် မြွေကိုက်ခံရမှာကို ပိုပြီးစိုးထိတ်ကြရသည်။ သူတို့ဆိုလျှင် မြွေကိုကြောက်လွန်းကြ၍ မြွေဟုပင် နှုတ်မှဖွင့်မပြောရဲကြ။ အကောင်ဟု ပြောသူပြောသည်။ နှာတိုဟုဆိုသူ ဆိုကြသည်။ ရေကူးကျွမ်းကျင်သော မြွေသည် ထိုအချိန်၌ လူထက် တစ်ပန်းသာနေပြန်သည်။ နီးစပ်ရာအိမ်၌ တက်နေပြီး ထိမိလျှင်ပေါက်ရန်၊ ကိုက်ရန်အသင့်ဖြစ်နေတတ်သည်။

သဘာဝဘေးအန္တရာယ် ကြုံနေ၍ စား၊ ဝတ်၊ နေရေးခက်ခဲရသည့်အထဲ မြွေရန်ကို ကြောက်နေရသည့်အဖြစ်မှာ ဆိုးလှပါ၏။ ထိုမြို့လေး၌ ကျွန်တော်နေခဲ့စဉ်က ရစ်ပတ်မျိုချသည့်မြွေထက် ပေါက်သည့်မြွေများကိုသာ တွေ့မြင်ခဲ့ရသည်။ အချို့အရပ်ဒေသများတွင်တော့ ရစ်ပတ်ပြီး ကြေမွစေကာ မျိုချသည့် မြွေကြီးများရှိသည်ဟု သိရသည်။ နူးညံ့စွာ ရစ်ပတ်မှုကြောင့် ကနဦးက မသိပင် မသိလိုက်ရ ဖြစ်ပေမည်။ သိသည့်အချိန်တွင် မရုန်းနိုင်အောင် ဖြစ်ရလေသောကြောင့် အမျိုခံလိုက်ရခြင်းဖြစ်မည်ဟု တွေးမိပါသည်။

လူဖြစ်စေ၊ အခြားသတ္တဝါကိုဖြစ်စေ မျိုချထားသော မြွေသည် ဝေးဝေးလံလံသို့ အလွယ်တကူ မရွေ့လျားနိုင်ပါ။ အစားများ တနင့်တပိုး စားထားသော လူဝကြီးတစ်ယောက်နှယ် ဖြစ်နေတတ်သည်။ ထိုအချိန်၌ အမြီးမှကိုင်၍ ဇောက်ထိုးထားလိုက်လျှင် မျိုချထားသောအရာ ပြန်ထွက်လာသည်။ သို့သော် ပျော့ခွေကြေမွနေပြီး အကောင်းအတိုင်း ပြန်မဖြစ်နိုင်တော့ပါ။ လူကိုတွေ့သောအခါ လိုက်လံ၍ အန္တရာယ်ပေးသော မြွေအုပ်စုထဲတွင် ငန်းမြွေများသည် အဆိုးဆုံးဟု ကြားခဲ့ရဖူးသည်။

မြွေများကို အရှင်ဖမ်းကြခြင်းကို ရုပ်မြင်သံကြားလိုင်းတွင် မကြာခဏ မြင်ဖူးသည်။ မြွေတွေ့သည့်အခါ မြွေဖမ်းအဖွဲ့ကို ဖုန်းဆက်ခေါ်လိုက်လျှင် ချက်ချင်းလာဖမ်းကြသည်။ မြွေဆိပ်ဖြေဆေး အလွယ်တကူ ရှိနေသောကြောင့်လော၊ မြွေဆိပ်ကာကွယ်ဆေး ကြိုတင်ထိုးနှံထားခြင်းကြောင့်လော မဆိုနိုင်ပြန် ထိုသူများသည် မြွေကိုမကြောက်ကြ။ မြွေက ၎င်းတို့လက်ဝယ် အရုပ်လေး တစ်ရုပ်ပမာ။

မြွေများကို အမျိုးအစားခွဲခြားရန် ခက်ခဲလာသကဲ့သို့ လူများကို အမျိုးအစားခွဲခြားရန်လည်း ယခုအခါ ခက်ခဲလာပြီဖြစ်၏။ သေချာကြည့်လျှင်ပင် မျိုးရိုးစစ် မစစ်နှင့် ကပြားဖြစ် မဖြစ်လောက်သာ သိနိုင်မည်။ ခဏလေး စကားပြောရုံမျှနှင့်လည်း လာခဲ့သည့်အရပ်ကို သိနိုင်မည်မထင်။ ကမ္ဘာပြားခြင်းသည် ဆယ်စုနှစ် အတော်ပင်ကြာခဲ့ပေပြီ။ ရုပ်အဆင်းများသည် စက်ရုံထုတ်များပမာ သိပ်မကွာခြားကြ။

အပေါ်ယံအရေခွံဖြစ်သော အဝတ်အစားများဖြင့်လည်း ခွဲခြားနိုင်ဖို့ မလွယ်။ အဓိကဖြစ်သော အဆိပ်ရှိသော စိတ်နှင့် အဖြူထည်စိတ်တို့သည် နာမ်သဘောဖြစ်၍ ခွဲခြားရန် ပို၍ခက်မည်ထင်၏။ စိတ်များသည်လည်း ကမ္ဘာပြားသည်ဆိုခြင်း၌ သွေးနှောသည်ထက် လျင်မြန်စွာ ရောနှောနေလောက်ပြီ ထင်ပါသည်။ အချို့က စိတ်နှစ်ခွဖြစ်နေတတ်သည်။ စိတ်နှစ်ခွသည် မြွေဟောက်၏လျှာနှစ်ခွထက် ပိုဆိုးသည်။

မကြာသေးခင်က Facebook မှ သူငယ်ချင်းမတစ်ဦးက Post တစ်ခုတင်သည်။ သူမ၏တိုက်ခန်းတွင် မြွေဟောက်တစ်ကောင် ရောက်လာသည့်အကြောင်းဖြစ်သည်။ သူတင်သည့်ဓာတ်ပုံထဲတွင် မြွေခေါင်းပင် ကြေနေပေပြီ။ သူမ၏ သတ္တိကို ချီးကျူးပါသည်။ ကျွန်တော်သာဆို မြွေဟောက်ကို ရင်ဆိုင်ဖို့ လက်နက်တစ်ခုခုတော့ ရှာရပေမည်။ သူမကတော့ အလွယ်တကူတွေ့သည့် အုန်းသီးစိမ်းနှင့် ထုသတ်လိုက်ပုံရသည်။ ဓာတ်ပုံထဲမှ မြွေဟောက်အသေနံဘေးတွင် အုန်းသီးစိမ်းများကို တွေ့ရသည်။

အံ့သြစရာတော့ ကောင်းလှသည်။ သူမသည်နယ်တွင်နေသူ မဟုတ်။ ရန်ကုန်မြို့တွင် နေသူဖြစ်သည်။ ကျွန်တော် အံ့သြသည်ဟု ပြောစကားကို ကန့်ကွက်ကြမည့်သူများလည်း ရှားမည်မဟုတ်။ သူတို့က ပြောကြမည်။ ယခု ရန်ကုန်မြို့ကြီးသည် ဘုရင်မကြီးရှင်စောပု လက်ထက်ကလို ဖြစ်နေသည်ဟု ခနိုးခနဲ့ ပြောကြပေလိမ့်မည်။ သူတို့ဆိုလိုရင်းကိုလည်း ကျွန်တော် သေသေချာချာ ဘာသာပြန်နိုင်မည်မဟုတ်။ ကျွန်တော်က နယ်မှာ နေသည်။ ရန်ကုန်မြို့ကြီးဆိုလျှင် ရွှေတိဂုံစေတီတော်ကြီးကိုသာ မျက်စိထဲ ပြေးမြင်သည်။ ရန်ကုန်နှင့် မြွေကို ဆက်စပ်၍သိပ်မရတတ်။

Most Read

Most Recent