ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်

ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်
Published 22 August 2017

Emperor of The Sun ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခု

ဒီတစ်ပတ်အားရက်မှာ အဒေါ်တစ်ယောက် ဖိတ်တဲ့အအလှူလေးတစ်ခုကို သွားခဲ့ပါတယ်။ အဒေါ်က ဇာတိရွာသား ဘုန်းကြီးကို အလှူငွေပေးရင်းနဲ့ ရန်ကုန်မှာနေတဲ့ ကိုယ်တွေကိုလည်း အမျိုးတွေ ခေါ်ပြတာပါပဲ။ တောင်ဒဂုံဆိုတော့ အိမ်ကနေ နည်းနည်းတော့ လှမ်းပါတယ်။ ရောက်တဲ့အချိန်က နောက်ကျနေတော့ ဘုန်းကြီးဦးချပြီး အဆင်သင့်ပြင်ထားတဲ့ ထမင်းပွဲကို စားကြပါတယ်။ ဟင်းတွေ အများကြီးမို့ ဘာလို့များချက်ထားပါလိမ့်လို့ တွေးမိပါတယ်။ ဘုန်းကြီးက ဒီဟင်းတွေက ကျောင်းက ကိုရင်လေးတွေ မနက်ဆွမ်းတန်းထွက်တော့ ဈေးထဲက လောင်းလိုက်ကြတာလို့ မိန့်ပါတယ်။

ကျောင်းမှာ ကိုရင်လေးတွေကို အရွယ်စုံ အယောက် ၂၀ ကျော်လောက် တွေ့ရပါတယ်။ တချို့ကိုရင်လေးတွေက သုံးနှစ်၊ လေးနှစ်လောက်ပဲ ရှိမယ်ထင်ပါရဲ့။ စားပွဲသိမ်းပြီးတော့ အားသွားလို့ဖြစ်မယ်။ နောက်ဘက်မှာ တန်းစီပြီး ခြေပစ်လက်ပစ် အိပ်ပျော်နေတာ တွေ့ရပါတယ်။

ဒီကိုရင်လေးတွေက မိဘမဲ့လေးတွေမို့ သေချာဂရုစိုက်ရတယ်လို့ မိန့်ပါတယ်။ သူတို့လေးတွေက တိုင်းရင်းသားလေးတွေ ဖြစ်ပြီးတော့ စစ်ပွဲဖြစ်တဲ့နေရာတွေကနေ မိဘနဲ့ ကွဲတာ၊ မိဘ သေတာ၊ ဆွေမျိုးတွေနဲ့ ကွဲသွားတဲ့ ကလေးတွေကို သာသနာပြုဘုန်းကြီးကျောင်းတွေမှာ လာအပ်ထားကြတာ ဖြစ်ပါတယ်။ နယ်ခံကျောင်းတွေမှာလည်း တိုက်ပွဲတွေကြောင့် ဆွမ်းကွမ်းခက်ခဲလာကြတော့ ရင်းနှီးရာ ကျောင်းတွေမှာ ပို့ပေးပြီး အဆင်ပြေအောင် ထားပေးကြတာပါပဲ။

ဘုန်းကြီးကျောင်းမှာတော့ နံနက် ၄ နာရီ အိပ်ရာထပြီး ဘုရားဝတ်ပြုပြီးတော့ အရုဏ်ဆွမ်းတန်းထွက်ကြပါတယ်။ ပြန်လာရင် ကျောင်းသန့်ရှင်းရေး လုပ်ကြရင်း ခဏနားပြီတော့ နေ့ဆွမ်းခံထွက်ကြပါတယ်။ ဈေးဘက်ဆိုတော့ ဆွမ်းချိုင့်တွေကို တွန်းလှည်းနဲ့ လိုက်သိမ်းရပါတယ်တဲ့။ ပြန်လာပြီးရင် ဆွမ်းစားပြီးတော့ စာသင်ကြရပါတယ်။ အခုလို နေ့ကတော့ အလှူလည်းရှိလို့ အားလပ်ရက် ပေးထားတာပါ။ ဘာပဲပြောပြော စစ်ဘေးဒဏ်ကနေလွတ်ပြီး မသေမပျောက်နဲ့ အသက်ရှင်နေရတာကို မြင်ရတာ စိတ်ချမ်းသာစရာ ကောင်းလှပါတယ်။

အလှူငွေပေးပြီး ပြန်လာတဲ့လမ်းမှာ စစ်ဘေးသင့်ကလေးတွေအကြောင်း တွေးနေမိပါတယ်။ စီနီယာအစ်မကြီးတစ်ယောက်အိမ်မှာ သူတို့နဲ့ရင်းနှီးတဲ့ ဘုန်းကြီးက ပို့ထားတဲ့ မိဘမဲ့ကလေးသုံးယောက် အကြောင်းလည်း ရောက်သွားပါတယ်။ ကလေးတွေကို ကျောင်းအပ်တော့ အသက်တွေကကြီးပြီး စာမလိုက်နိုင်ကြလို့ အတန်းတွေ လျှော့ပြီးအပ်ရတာတွေ ကျောင်းမနေချင်တော့တဲ့ ကလေးကို အလုပ်ထဲမှာ အဆင်ပြေအောင် သင်ကြားပေးရတာတွေ အများကြီးပါပဲ။ ကလေးတွေကလည်း တိုင်းရင်းသားတွေမို့ ဘာသာစကားက ခက်ခဲ၊ စာတွေကလည်း တော်တော်ကြိုးစား သင်ကြရတာပါ။ စစ်ပွဲတွေကလည်း ဖြစ်ပြီးရင်း ဖြစ်နေလေတော့ စစ်ဘေးရှောင်စခန်းတွေမှာ မိဘနဲ့ကွဲနေတဲ့ ကလေးတွေ ဘယ်လောက်ကို များနေလိုက်မလဲလို့ တွေးပြီး ဝမ်းနည်းမိပါတယ်။

စစ်ဘေးကြောင့် ဒုက္ခရောက်ရတဲ့ ကလေး တစ်ယောက်အကြောင်းကို ရိုက်ထားတဲ့ နာမည်ကြီးဇာတ်ကားတစ်ကားကိုလည်း ပြန်ကြည့်မိပါတယ်။ Steven Spielburg ရိုက်ကူးတဲ့ Emperor of The Sun ဆိုတဲ့ ဇာတ်ကားမှာ Jim ဆိုတဲ့ ကလေးတစ်ယောက်အဖြစ် Christian Bale သရုပ်ဆောင်ထားပါတယ်။ ၁၉၄၁ ခုနှစ်မှာ တရုတ်ပြည် ရှန်ဟိုင်းမြို့ကို ဂျပန်တွေ ဝင်သိမ်းပါတယ်။

ရှန်ဟိုင်းမှာ သံတမန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂျင်မ်တို့ မိသားစုလည်း အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးကြရပါတယ်။ သင်္ဘောဆိပ်ဆင်းရာလမ်းမှာ စစ်ပြေးတွေနဲ့ ပြည့်ကျပ်နေလေတော့ ဂျင်မ်ဟာ လက်တွဲပြုတ်ပြီး လူကွဲသွားပါတယ်။ ဘယ်လိုမှ ရှာမတွေ့တော့တဲ့အချိန်မှာ ဂျင်မ်ဟာ အိမ်ကို ပြန်လာခဲ့ပါတယ်။

အိမ်ရှေ့မှာ ဂျပန်တွေက စာတွေ ကပ်ထားကြပါပြီ။ အိမ်ထဲမှာတော့ အရင်က သူ့ကို ဖူးဖူးမှုတ် ထိန်းခဲ့ကြတဲ့ အိမ်ဖော်တွေဟာ အိမ်က ပစ္စည်းတွေကို သယ်ထုတ်နေကြပါတယ်။ အသက်ရှစ်နှစ်ကျော်လောက်ပဲ ရှိသေးတဲ့ ဂျင်မီဟာ အမေကိုတရင်းနဲ့ပဲ အိမ်မှာ တစ်ယောက်တည်း ဖြစ်သလို စားရရှာပါတယ်။

နောက်ဆုံး အိမ်မှာ စားစရာရော ရေပါ သောက်စရာ မရှိလေတော့ မြို့ထဲကို စက်ဘီးတစ်စီးနဲ့ အရဲစွန့်ထွက်ခဲ့ပါတယ်။ ဂျပန်စစ်တပ်က အောင်ပွဲခံနေပေမယ့် စားစရာက မရှိ။ လည်ပတ်ရှာဖွေရင်းနဲ့ သူ့စက်ဘီး အလုခံလိုက်ရပါတယ်။ သူ့ရဲ့ဖိနပ်ကိုပါ လုယူသူနဲ့တွေ့လို့ ထွက်ပြေးရင်း ရှန်ဟိုင်းမှာ ပိတ်မိနေတဲ့ လူလည်နှစ်ယောက်နဲ့ ဆုံပါတယ်။ ဒီလူလည်နှစ်ယောက်ကလည်း ဂျင်မီကို ထမင်းဝအောင်ကျွေးပြီးတော့ ဆိပ်ကမ်းက တရုတ်တွေဆီမှာ အလုပ်လုပ်ဖို့ သွားရောင်းပါတယ်။ ဝယ်သူမရှိတော့ ကျွေးမထားနိုင်မယ့်အတူ နှင်ထုတ်ပါတယ်။

စားစရာမရှိ ငတ်ပြတ်နေတဲ့ ဂျင်မီဟာ လူလည်နှစ်ယောက်ကို သူ့အိမ်က ပစ္စည်း အကောင်းစားတွေအကြောင်း ပြောပြပြီး ခေါ်လာပါတယ်။ ပစ္စည်းသယ်ဖို့ ကားနဲ့ အိမ်ထဲ ဝင်လာတဲ့သူတို့သုံးယောက်ဟာ အိမ်ထဲက ဂျပန်တွေနဲ့ တည့်တည့်တိုးပါတယ်။ ဂျပန်တွေက ထိုးကြိတ်ဖမ်းဆီးပြီးတော့ သူတို့ကို နိုင်ငံခြားသား သုံ့ပန်းစခန်းကို ပို့လိုက်ကြပါတယ်။ စခန်းမှာ ဝေပုံကျအစာက အာလူးပြုတ်တစ်လုံးနဲ့ အရည်ကျဲဆန်ပြုတ်ကို ကိုတာအဖြစ် ခွက်တစ်လုံးစီ ရကြပါတယ်။ ဒီဟာနဲ့ ဗိုက်မ၀ မတင်းတိမ်လေတော့ ဂျင်မီရဲ့ဆရာကြီးက နည်းလမ်းပေးပါတယ်။ စခန်းမှာ သေခါနီးမျောနေတဲ့သူတွေရဲ့ ခွက်ကိုယူပြီး ခွဲတမ်းအပိုရအောင် လုပ်ကြတာပါ။ နောက်ဆုံးမှာတော့ ဆာလောင်တဲ့ဒဏ် မခံနိုင်တော့ ခွက်ကို ရှာရပါတော့တယ်။

ဒီလိုနဲ့ ၁၉၄၅ ခုနှစ်မှာ ဆူးချောစခန်းကို ပြောင်းရွှေ့ကြရပါတယ်။ မြို့ပြင်လေယာဉ်ကွင်းနားမှာမို့ ဆေးရုံပါထားပေးကြပြီး နည်းနည်းလွတ်လပ်လာကြပါတယ်။ စခန်းစောင့် ဂျပန်ရဲ့ အင်္ကျီတွေ၊ ဖိနပ်တွေ လျှော်ဖွပ်ပေးလို့ ဘယ်နေရာဖြစ်ဖြစ် ဝင်ထွက်ခွင့်ကို ဂျင်မီရပါတယ်။ စခန်းမှာ ဆေးလိပ်လိုချင်သူကို ဆေးလိပ်ပေးပြီး စားစရာ ပြန်ရအောင် လုပ်တတ်လာပါတယ်။ သူရတဲ့ စားစရာကို အငယ်တွေကို ရသမျှ ခွဲပေးပါတယ်။ စခန်းမှာ တရားဟောဆရာနဲ့ သူ့မိန်းမကိုလည်း ပြန်ဆုံရပါတယ်။ နေမကောင်းနေတဲ့ မိန်းမကို ဆေးရုံမှာ ပြုစုပေးရင်းနဲ့ ဆရာဝန်နဲ့လည်း ရင်းနှီးသွားပါတယ်။ သေခါနီးလူမမာရဲ့ ဖိနပ်ကို အတင်းချွတ်ယူတဲ့ သူ့ဆရာနဲ့ စကားများကြပါတယ်။ စခန်းစောင့် ဂျပန်က ထိုးကြိတ်တာခံရတဲ့ ဆရာဝန်ဘက်က ဝင်ပြီးတောင်းပန်ပေးတဲ့အခါမှာ ဆရာဝန်က သူမျက်စေ့ကျနေတဲ့ ဖိနပ်တစ်ရံပေးပါတယ်။ ဒီဖိနပ်ကို ပိုင်ရှင်က မစီးနိုင်တော့ပါဘူး။

အင်္ဂလိပ်လေယာဉ်ပျံတွေက မြို့ကို ဗုံးကြဲတိုက်ခိုက်တဲ့ အချိန်မှာတော့ ဂျပန်တွေ မခုခံနိုင်တော့ပါဘူး။ လေယာဉ်ကွင်းကို ဗုံးကြဲနေတော့ ဒုက္ခသည်စခန်းကနေ ပြေးကြရပြန်ပါတယ်။ မြို့ပြင်က အားကစားကွင်းထဲမှာ ပုန်းကြရင်းနဲ့ ဂျပန်တွေ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကြားမှာ သူတို့ မိသားစု စီးခဲ့တဲ့ ကားကိုလည်း တွေ့ခဲ့ကြတယ်။ တရားဟောဆရာရဲ့ အမျိုးသမီးကတော့ အိစက်တဲ့ ဆိုဖာထိုင်ခုံမှာထိုင်ရင်း အစာရေစာပြတ်ပြီး သေသွားတယ်။ အငတ်မခံနိုင်တာကြောင့် ဂျင်မီဟာ အပြင်ထွက်ပြီး စားစရာ ရှာရပြန်ပါတယ်။ မဟာမိတ်တပ်တွေက လေယာဉ်ပျံပေါ်ကနေ လေထီးနဲ့ ရိက္ခာထုပ်တွေ ချပေးတာ စားလိုက်ရတော့ အငတ်ဘေးက လွတ်သွားပါတယ်။ စခန်းမှာ ခင်မင်ခဲ့တဲ့ ဂျပန်စစ်သားလေးနဲ့တွေ့လို့ အတူတူ စားနေကြတုန်းမှာ အနားရောက်နေတဲ့ လူလည်ဆရာကြီးတို့က ရန်ပြုမယ်ထင်ပြီး ဂျပန်လေးကို ပစ်သတ်လိုက်ကြပါတယ်။

ဂျင်မီဟာ သူ့ဆရာကြီးကို စိတ်လည်းဆိုး ဝမ်းလည်းနည်းနဲ့ အတူမလိုက်တော့ဘဲ တစ်ယောက်တည်းပဲ လျှောက်သွားနေပါတယ်။ ရိက္ခာထုပ်ကြီးရလို့ ပျော်မဆုံး ထမ်းပိုးလာတုန်းမှာ အမေရိကန်စစ်တပ်နဲ့တွေ့လို့ ကြိုဆိုရင်းအတူ ပါသွားပါတော့တယ်။

စစ်ပြီးသွားတော့ ဆေးရုံမှာ စောင့်ရှောက်ထားတဲ့ ကလေးတွေကို မိဘတွေက ရှန်ဟိုင်းအရောက် ပြန်လာရှာဖွေကြပါတယ်။ ဂျင်မီရဲ့ အဖေနဲ့အမေလည်း ပြန်လာပါတယ်။ အမေကို တွေ့ရပေမယ့် မယုံကြည်နိုင်သူ ဂျင်မီဟာ မိခင်ရဲ့ နူးညံတဲ့လက်တွေ နီရဲတဲ့ နှုတ်ခမ်းသားလေးတွေ ပျော့ပြောင်းတဲ့ ဆံပင်တွေကို တစ်ခုချင်း ကိုင်တွယ်ထိတွေ့ကြည့်ပြီးတော့မှ အမေလို့ တိုးတိုးလေးခေါ်ရင်း ဖက်လိုက်ပါတယ်။

ဂျင်မီလေးရဲ့ မျက်လုံးတွေကတော့ အရင်ကလို ရိုးသားဖြူစင်တဲ့ အပြစ်ကင်းတဲ့ ကလေးတစ်ယောက်ရဲ့ မျက်လုံးမဟုတ်တော့ပါဘူး။ စစ်ဘေးဒဏ်ကြောင့် ထိခိုက်နာကြည်းခဲ့ရတဲ့ လျှို့ဝှက်တတ်တဲ့ မျက်လုံးတွေ ဖြစ်နေပါပြီ။

မြန်မာပြည်မှာလည်း တိုင်းရင်းသားတွေနဲ့ တိုက်နေတဲ့ စစ်ပွဲတွေရဲ့ နယ်မြေတွေမှာ ဒုက္ခအမျိုးမျိုး ကြုံတွေ့နေရပါတယ်။ ကလေးတွေမှာ စာကောင်းကောင်းမသင်နိုင်ဘဲ သေနတ်သံကို နားစွင့်နေရတဲ့ ဘဝတွေ အများကြီးပါပဲ။ မိတကွဲ ဖတကွဲ ခံစားနေရတဲ့ ဒုက္ခတွေ၊ စားစရာ နေစရာပျောက်တဲ့ ဒုက္ခတွေ မရေတွက်နိုင်လောက်အောင် များပြားနေပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် အစိုးရနဲ့အတူ ပြည်သူအားလုံးပါဝင်ဖို့ လိုအပ်နေပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အတူ ပြည်သူ့စီးပွားရေးကိုလည်း တိုးတက်အောင် အမြန်ဆုံး လုပ်ပေးနိုင်ကြပါစေ။

Most Read

Most Recent