ဂေါ်ဂင်နီ (သို့မဟုတ်) ရွှေအိုရောင်

ဂေါ်ဂင်နီ (သို့မဟုတ်) ရွှေအိုရောင်
Published 7 June 2018

ခင်မောင်ရင်၏ ဒဂုန်တာရာ ၃x၂

ဥယျာဉ်မှူးတစ်ဦး၏ ရုပ်ပုံလွှာအဖွဲ့တွင် ‘ခန်းဆီးမှ ပန်းပွင့်သစ်ရွက် အပြာနု၊ အစိမ်းနု၊ ပန်းရောင်နုများသည် လတ်ဆတ်လျက်ပင် ရှိနေသည်။ အပြင်ဘက်တွင်ကား နွေဦး၏အမှတ်အသားများဖြစ်သော သော်ကအနီပွင့်၊ ရွှေရောင်သစ်ရွက်၊ ကောင်းကင်ပြာလဲ့သည် လွှမ်းမိုးလျက်ရှိနေသည်။’ဟု ဒဂုန်တာရာက  ဖွဲ့သည်။ ဆရာကြီးကို စာရေးဆရာကြီး၊ ငြိမ်းချမ်းရေးကဗျာဆရာကြီး၊ ငြိမ်းချမ်းရေးသုခမိန်၊ မဟာကဗျာဆရာကြီး၊ မဟာဒဂုန်တာရာ၊ စကားပြေဆရာဒဂုန်တာရာ ၊ စာပေဝေဖန်ရေး ဆရာ စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ဆရာကြီး၏စာများထဲမှ ပန်းချီစာမျက်နှာကို ဖတ်ရှုလေ့လာဖြစ်သည်။ ဆရာကြီးသည် မိုနေး၊ ဂေါ်ဂင်ကို နှစ်သက်ခဲ့သည်။ ဗဂျီအောင်စိုး၊ ခင်မောင်ရင်ကို နှစ်သက်ခဲ့သည်။ ‘‘ဂေါ်ဂင်ကြိုက်တဲ့ အကြောင်းကတော့ သူက မူလအရောင်ပေါ့။ ဝါပြာနီ များများသုံးတယ်။ အဲဒါများများသုံးလို့ ကျွန်တော်ကြိုက်တာ။ သူကတော့ ဆန်းသစ်တယ်ဗျ’’ ဟု ဆိုခဲ့ သည်။

ဂေါ်ဂင်နီ ၊ ဝေါဒစ္စနေရဲ့အပြာ ၊ ရွှေအိုရောင် ၊ ပန်းနုရောင် ဟူသော စကားလုံးများကိုလည်း ဆရာကြီးသုံးခဲ့သည်။ ယနေ့အမျိုးသား ယဉ်ကျေးမှုပြဿနာ ပန်းချီအနုပညာ ဆွေးနွေးချက်၊ ယနေ့မြန်မာပန်းချီဘယ်လဲ၊ ၁၉၅၉ - ပန်းချီပြပွဲ၊ တိုးတက်သော အနုပညာသစ် စသော ပန်းချီဝေဖန်ရေးဆောင်းပါးများကိုလည်း ရေးသားခဲ့သည်။ ‘‘ဆီဆေးက ခု သိပ်ရှားတယ်။ ဆေးမရှိတာနဲ့ မဆွဲဖြစ်ဘူး’’ ဟုလည်း ညည်းညူခဲ့ဖူးသည်။

ဒဂုန်တာရာသည် ဆယ်ကျော်သက်အရွယ်မှစ၍ ပန်းချီဆွဲခဲ့သည်။ ဘုရားတန်ဆောင်းရှိ ဗုဒ္ဓဝင်ပန်းချီကားချပ်ကြီးများကို  မက်မက်မောမောကြည့်ခဲ့သည်။ မျက်စိရှေ့ မြင်သည့်အရာများကို ခဲကောက်ကြောင်း ရေးသည်။ ခဲနှင့် အားမရသဖြင့် ရေဆေး စကိုင်သည်။ ပန်းချီဆရာ ဖြစ်ချင်ခဲ့သည်။ သို့သော် အထက်တန်းကျောင်းတစ်ဖက်၊ ဆရာလည်းမရှိသဖြင့် ဆက်မရေးဖြစ်ခဲ့ပေ။  ဒဂုန်တာရာသည် ပန်းချီကိုတော့ မဖြတ်နိုင်။ ကဝိတံခွန်မဂ္ဂဇင်း၊ ကဝိမျက်မှန်မဂ္ဂဇင်းများ တွင်ပါသော ပန်းချီဦးအုန်းလွင်၏ သရုပ်ဖော်ပုံများကို နှစ်သက်စွာကြည့်မြဲပင်။ စမတ်အင်မူကာဒမ် (Smart & Mukadum) စာအုပ်ဆိုင်ကြီးမှ ပန်းချီစာအုပ်များကို ဝယ်ယူဖတ်ရှုခဲ့သည်။ စမတ်အင်မူကာဒမ် (Smart & Mukadum) စာအုပ်ဆိုင်သည် စာအုပ်များအပြင် နာမည်ကျော်ပန်းချီဆရာများ၏ ပန်းချီကားများကိုလည်း ရောင်းချသည့်ဆိုင်ဖြစ်ပြီး ဘုရင်ခံပင် လာရောက်လေ့ရှိခဲ့သည်။

‘‘အဲဒီ မော်ဒန်တို့ Realism  တို့ဆိုတာ ကျွန်တော်တို့ စာဖတ်ရင်းနဲ့ ကြားရတဲ့ စကားတွေကိုး။ Artist ဆိုတဲ့ဂျာနယ်ကတော့ ပန်းချီဆရာတွေ ကိုယ်တိုင်တွေ့ခဲ့တဲ့ အတွေ့အကြုံတွေ ရေးတဲ့ ရေးနည်းပေါ့။  Studio ဆိုတာကတော့ သဘောတရားတွေပါတယ်ထင်တယ်။ အဲဒါတွေ ဖတ်ဖူးတယ်။ အထူးသဖြင့် တော့ ကျွန်တော် သင်ဆရာမရှိဘူးလို့ပဲ ပြောရမှာပေါ့’’ဟု ဒဂုန်တာရာက ဆိုခဲ့သည်။ ဒဂုန်တာရာ၏ ပန်းချီမိတ်ဆွေများမှာ ပန်းချီဆရာကြီး ဦးငွေကိုင်၊ ဦးအုန်းလွင်၊ ဦးဘကြည်၊  ဗဂျီအောင်စိုးတို့ဖြစ်သည်။ ဒဂုန်တာရာသည်  ၁၉၄၆ ခုနှစ်တွင် တာရာမဂ္ဂဇင်းကို ထုတ်ဝေကာ စာပေသစ်ပေါ်ထွန်းရေးကို ဦးဆောင်ခဲ့ သည်။ ပန်းချီသစ်သို့ ဦးတည်မည့် ဗဂျီအောင်စိုးထံ တာရာအတွက်ပုံများကို အပ်ခဲ့သည်။ ပန်းချီဆရာကြီး ဦးစံလွင်၊ ဦးအုန်းလွင်၊ ဦးဘကြည်တို့၏လက်ရာများကိုလည်း သုံးစွဲခဲ့ သည်။ ကိုယ်တိုင်လည်း တာရာမဂ္ဂဇင်းတွင် ပန်းချီဆောင်းပါးများရေးသားခဲ့သည်။ မြန်မာပန်းချီလောက ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍လည်း ‘ဗမာပန်းချီဆရာများ၏ ပုံကားချပ်များကို စုဝေးကာ တင်ပြချိတ်ဆွဲ၍ထားသော ပန်းချီပြခန်းတစ်ခန်း ဗမာပြည်တွင် ရှိသင့်ပေပြီ။ ပန်းချီပြပွဲကား တစ်နှစ်လျှင် တစ်ကြိမ်သာ ပြသနိုင်သည်။ ပန်းချီပြခန်းက အခါမရွေး တည်ရှိမည်ဖြစ်ရာ အနုပညာလိုက်စားသူအဖို့ အာရုံခံစားနိုင်ပေသည်။ ကမ္ဘာအရပ်ရပ်မှ နိုင်ငံခြားဧည့်သည်များသည်လည်း ပန်းချီပြခန်းသို့ လည်ပတ်ကာ ဗမာပန်းချီပညာကို လေ့လာတွေ့မြင်နိုင်ပေသည်’ဟု ရေးသားတင်ပြခဲ့သည်။

စာပေသစ်ဒဂုန်တာရာနှင့် ပန်းချီသစ် ဗဂျီအောင်စိုးတို့သည် ချစ်ချစ်ခင်ခင်ပေါင်းမိခဲ့ကြသည်။ ရေခဲသုပ်အတူစားရင်း ပန်းချီအနုပညာအကြာင်းများ ဆွေးနွေးကြသည်။ ‘‘ပန်းချီဆရာကိုအောင်စိုးမှာ ဥရောပ ပန်းချီများကိုကြည့်၍ ရေးသားခြင်းမဟုတ်ဘဲ၊ မိမိ၏အသစ်စိတ်ကူးဖြင့် အသစ်ကို ဖန်တီးသူ’’ ဟု ဒဂုန်တာရာက ဆိုခဲ့သည်။ ဗဂျီအောင်စိုးကလည်း ရှန်တိနိကေတန်မှ ‘တာရာသည် အပတ်စဉ် ဗမာ့အလယ်တွင် လူရာမဝင်သော ပန်းချီကို တခမ်းတနား အမွှမ်းတင်ဘိ၏။ တာရာကို တွေ့လျှင် ပန်းချီသည်ကပ်လျက်သား ပါလာတတ်ပေသည်။ ပန်းချီကိုတွေ့လျှင် တာရာကို ပို၍ ကျေးဇူးတင်မိတတ်သည်’ ဟု ရေးသားခဲ့သည်။

ဒဂုန်တာရာသည် ပန်းချီဖြင့် အသက်မွေးသည်မဟုတ်။ သို့သော် ရှမ်းပြည်နယ်ဘက် ခရီးထွက်ချိန်တွင် အိမ်ရှိသုံးထပ်သားများကို ပန်းချီဆွဲရန်ယူသွားသည်။ မီးရထားနှင့် သွားရာလမ်းတစ်လျှောက် သစ်ပင်တော တောင်များ၏အရောင်အသွေးများကို  ခံစားခဲ့သည်။ ဟိုပုန်း၊ တောင်ကြီးရှုခင်းများကို  ရေးဆွဲသည်။ အိမ်ရှင်ဖြစ်သူ ပန်းချီ၊ ပန်းပုအကျော်အမော်ဦးစံဖေက ဒဂုန်တာရာ သွားချင်သည့်နေရာများသို့ လိုက်ပို့ပေးသည်။ ရှမ်းပြည်ရှုခင်းများသည် ဒဂုန်တာရာကို ဖမ်းစားခဲ့သည်။ ရန်ကုန်ရောက်ပြီးနောက် စိတ်ထဲတွင် စွဲထင်သော ပုံရိပ်များကို ဆေးရောင်များဖြင့်ခြယ်သခဲ့သည်။ ရန်ကုန်ရောက်လာသော ဦးစံဖေကို ပြဖြစ်သည်။ ‘‘ဟာ ကျွန်တော်တို့ကားပျက်လို့ နားနေတဲ့ ရွာကလေးပေါ့ဗျာ’’ ဦးစံဖေက ဖြေသည်။ ဒဂုန်တာရာက ‘‘မိုနေးထက် အင်ပရက်နစ်ဇင်ပိုကျတယ်’’ဟု ဆိုရာ ပန်းချီဦးအုန်းလွင်၊ ပန်းပုဦးလွင်တို့က ရယ်ကြသည်။

ဒဂုန်တာရာသည် မြန်မာစာပေလောက တိုးတက်ရေးကိုဆောင်ရွက်ရင်း စာပေတိုက်ပွဲများ ဆင်နွှဲရသည်။ စာပေပြဿနာများကို ရှောင်ခွာရန် ပန်းချီဆွဲရင်း အပန်းဖြေခဲ့ရသည်။ ‘‘အဲဒီအချိန်မှာ ကျွန်တော် ပန်းချီအရ သာကို တွေ့သွားတာ။ စိတ်ရှုပ်ထွေးသွားတာတို့ မကျေနပ်တာတို့၊ ဆိုပါတော့ ဥပမာ လွမ်းတာ၊ ဆွေးတာတွေလည်း ရှိရင်လည်းရှိမယ်။ အဲဒီလိုဝေဒနာတွေတစ်ခါတည်း ပျောက်သွားတယ်ဗျ’’ဟု ဆိုခဲ့သည်။ ‘‘ပန်းချီရေးတာကတော့ ကျွန်တော်ထင်တယ်။ အနုပညာထဲမှာ  အကောင်းဆုံးလို့ ထင်တယ်။ ငြိမ်းချမ်းရေးစိတ်ဓာတ်ကို အမွေးနိုင်ဆုံးလို့ ကျွန်တော် ထင်တယ်’’ဟု ဆိုခဲ့သည်။ ဒဂုန်တာရာသည် စာပေဗိမာန် ပန်းချီပြပွဲများသို့ သွားရောက် ကြည့်ရှုခဲ့သည်။ မြန်မာပန်းချီဆရာများ၏ အခက်အခဲများကို စာနာသည်။ ပန်းချီကား တစ်ချပ်ကို နားလည်ရန်အတွက် ပန်းချီကားများစွာကို ငေးမောကြည့်ရှုကာ ပျိုးထောင်ပေးရမည်၊ ပန်းချီရေးချင်ပြီး စုတ်ဆေးမရှိခြင်းမှာ  အခွင့်အလမ်းမရှိခြင်းပင်ဖြစ်ကြောင်းဆိုခဲ့သည်။ ပညာရပ်က ခက်ခဲနက်နဲခြင်းမဟုတ်၊ ပညာရပ်ကို လေ့လာဆည်းပူးရင်း လေ့လာပျိုး ထောင်ရန် အခြေအနေခက်ခဲနက်နဲခြင်းသာဖြစ်ကြောင်း ရေးသားတင်ပြခဲ့သည်။

ဆရာမောင်လွန်းကြင်က ဒဂုန်တာရာ သူ့ကဗျာနှင့် သူ့ကဗျာ့စာပေ သဘောတရားကျမ်း ပြုစုရာတွင် အရောင်စပ်ရေးခြယ်မှုဟူသော အခန်းတစ်ခန်းထည့်ထားခဲ့သည်။ ဒဂုန်တာရာ၏ အိမ်ရှိ ပန်းချီကားများအလယ်တွင် ထိုင်ရင်း ‘‘အရောင်စပ်ရေးခြယ်မှုဆိုတာက ဦးဌေးမြိုင်ရေးတဲ့ ကဗျာတွေ၊ ဝတ္ထုစာပေတွေထဲမှာ အရောင်ကို အသေးစိတ် ရေးခြယ်ပြတာ တွေ့ရတယ်။ သစ်ရွက်ရော်တစ်ရွက်ကို အဝါရောင်၊ အနီရောင်၊ အညိုရောင်၊  စသည်ဖြင့် အရောင်စုံခြယ်ရေးပြတတ်တယ်’’ဟု ပြောသည်။  တဟီတီသွားရအောင်ကဗျာမှ ဂိုဂင်နီအကြောင်းကို မေးသည်။ ဒဂုန်တာရာက ‘‘ဂိုဂင်နီဆိုတာ ပြင်သစ်ပန်းချီဆရာကြီး ပေါလ်ဂိုဂင်ရေးခြယ်တဲ့ အနီရောင်ကို ဆိုလိုတာပါ။ ပေါလ်ဂေါ်ဂင်က အနီရောင်ခြယ်ရင် အနီနုရောင်သန့်သန့်ကိုပဲ ရေးခြယ်တယ်။ အနီရောင်ကို အခြားအရောင်တွေနဲ့ ရောစပ် ပြီး မခြယ်သဘူး။ ရဲရဲလွင်လွင ်အနီရောင်ပါပဲ။ တဟီတီကျွန်းက သရက်ရွက်တွေ ပြိုးပြိုးပြက်ပြက် အနီရောင်လွှမ်းနေတာကို ဖော်ပြချင်တာနဲ့ ပေါလ်ဂိုဂင်သုံးတဲ့ အနီရဲရဲရောင် ဂေါ်ဂင်နီကို သုံးလိုက်တာပါပဲ’’ဟု ရှင်းပြခဲ့သည်။

ဆက်လက်၍ ‘‘တစ်ခါကလည်း ကျွန်တော် ဝေါဒစ္စနေရဲ့ အပြာကို သုံးဖူးသေးတယ်။ အဲဒီတုန်းကလည်း ကျွန်တော့်ကိုဝိုင်းပြီး ဝေဖန်လိုက်ကြတာ။ အမေရိကန် ကာတွန်းပန်းချီဆရာကြီး ဝေါဒစ္စနေရေးဆွဲတဲ့ ကြည်လင်တဲ့ အပြာရောင် ဖန်သားကိုအပေါ်ရေကြည်လွှာ တစ်ထပ်ပြေးနေတဲ့ အပြာရောင်ကို ရည်ညွှန်းပြီး ရေးလိုက်တာပါပဲ’’ဟု ရှင်းပြခဲ့သည်။ ပေါ်သစ် (ဟံသာဝတီဦးဝင်းတင်) ၏ အလှရှာတော်ပုံစာအုပ်တွင် ‘ ယနေ့ပန်းချီအနုပညာ ပြဿနာများကို ကြည့်မြင်ရာ၌ အထောက်အကူပြုသော ပညာရေးစာအုပ်ဖြစ်သည်။ အနုပညာသဘောရေးရာနှင့် ကမ္ဘာ့ပန်းချီရာဇဝင်ကို နောက်ကားခံသော မြန်မာပန်းချီ ရာဇဝင်ချုပ်နှင့် ယနေ့ပန်းချီပြဿနာများကို ပြည့်စုံစွာဖော်ပြထားပေရာ ပန်းချီအနုပညာ အကဲဖြတ်သူများ၏ လက်စွဲဖြစ်သင့်ပေသည်’ ဟူ၍ အမှာစာရေးသားပေးခဲ့သည်။

ဒဂုန်တာရာသည် ပန်းချီဦးစံလွင်၊ ဦးအုန်းလွင်၊ ဦးငွေကိုင်၊ ဦးဘကြည်မှစ၍ ပိုပို၊ အောင်မြင့်၊ အေးကိုအထိ ပန်းချီလောက နှင့်အဆက်မပြတ်နေလာခဲ့သည်။ မလိခက ‘သူသည် ဂီတနှင့်ပန်းချီတွင်လည်း ဝါသနာ ထုံသည်။ စန္ဒရားတီးခြင်းတွင် ကျော်ကြား၍ ဆီဆေးရေးခြင်းတွင် တစ်ဘာသာဖြစ်ကြောင်း အသိအမှတ်ပြုကြရသည်’ဟု မှတ်တမ်းတင်ခဲ့လေသည်။ ခေတ်စားလာသော Performance နှင့်ပတ်သက်၍လည်း ဒဂုန်တာရာက ‘‘သူက အဆန်းတော့ အဆန်းသစ်ပဲဗျ။ ဒါပေမဲ့ ကြိုက်တယ် မကြိုက်တယ် ကျွန်တော် တော်တော် ပြောရခက်တယ်။ ဆန်းသစ်သလားလို့မေးရင်တော့ ဆန်းသစ်တယ်လို့ပြောရမှာပဲ’’ဟု ဆိုခဲ့ သည်။ ပန်းချီဝေဖန်ရေးနှင့်ပတ်သက်၍လည်း ‘‘ကျွန်တော်တို့တိုင်းပြည်၏ အနုပညာလောကတွင် စာပေနှင့် ပန်းချီဆရာ နည်းလွန်းလှသည်။  ယနေ့ခေတ်တွင် စာပေနှင့်ပန်းချီဝေဖန်ရေး ခေတ်မစားသေးဟု ပြောချင်သည်။ ခေတ်မစားရသော အကြောင်းရှိလိမ့်မည်’’ဟု ပြော ခဲ့သည်။

ဒဂုန်တာရာသည် ခင်မောင်ရင်၏ပန်းချီကားများကို နှစ်သက်သည်။ ခင်မောင်ရင်က ပန်းချီသည်အရောင်၊ အရောင်သည် ပန်းချီ ဖြစ်သည်ဟု ဆိုသည်။ ဒဂုန်တာရာသည်လည်း အရောင်ခံစားမှုပြင်းထန်သူဖြစ်သည်။ ပတ္တမြားရည်၊ ဂေါ်ဂင်နီ၊ ဝေါ့ဒစ္စနေအပြာ၊ နှင်းဆီချော်ရည် ၊ ရွှေအိုရောင် ၊ ပန်းနုရောင် စသည်ဖြင့် အရောင်စကားလုံးများကို သုံးစွဲခဲ့သည်။ ခင်မောင်ရင်က ဒဂုန်တာရာ၏ပုံတူကို ဆေးခြယ်သည်။ ဒဂုန်တာရာသည်  Mr. Guitar တွင်ပြုလုပ်သော ခင်မောင်ရင်ပန်းချီပြပွဲသို့သွားရောက်ခဲ့သည်။ ပန်းချီကားများကို လက်ဖြင့် စမ်းကြည့်သည်။ ပြီးနောက် ‘‘ ခင်ဗျား မော်ဒန်တွေပါလား’’ဟု ပြောခဲ့သည်။

ဆရာမောင်လွန်းကြင်က သူကျမ်းတွင် ‘သူ၏ ဝတ္ထု၊ ကဗျာများ၌  မိန်းကလေး၏ ထဘီအင်္ကျီ၊ အဆင်အသွေး၊ လိုက်ကာခန်းဆီး၊ ပန်းပွင့်များ၊ တောတောင်ရှုခင်း၊ သစ်ရွက်ရောင်နှင့် သစ်ရွက်နုများ၊ နံနက်အာရုဏ်တက်ချိန်၊ နေဝင်ချိန်စသည်တို့၏ အသွေး၊ အရောင်တို့ကို အနုစိတ်၍ ရေးခြယ်ဖော်ပြသည်။ ဤသို့ ဒဂုန်တာရာသည် စာပေ၊ ကဗျာရေးသားရာ၌ အရောင်အသွေးတို့ကို စိတ်ဝင်စားဖော်ပြသည်မှာ ဆေးရောင်တို့၏သဘောကို နားလည်သော ပန်းချီဆွဲသူတစ်ယောက် ဖြစ်သောကြောင့်ဟုပင် ဆိုရပေလိမ့်မည်’ဟု ဖော်ပြခဲ့သည်။ ဆရာအံ့မောင်ကလည်း ‘‘ ဆရာဆွဲထားတဲ့ပန်းချီကားတွေကို မကြာ မကြာ မြင်ရပါတယ်။ အင်မတန် နှစ်သက်စရာကောင်းတယ်လို့ အောက်မေ့ပါတယ်ဗျာ’’ ဟု ဆိုလေသည်။

ရည်ညွန်း

ဒဂုန်တာရာနှင့် တွေ့ဆုံခြင်းများ

(အယ်ဒီတာများနှင့်အခြား..)

ဆရာအံ့မောင်၏ ပြောကြားချက်

စာရေးသူ၏ မှတ်စုများ

Most Read

Most Recent