ကုသိုလ်ယူမျှ မြတ်လှရွှေတိဂုံ

ကုသိုလ်ယူမျှ မြတ်လှရွှေတိဂုံ
Published 6 June 2018

ကဆုန်လပြည့်နေ့ (ဧပြီ ၂၉ ရက်)က ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာရောက်ကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

တနင်္ဂနွေနေ့ နံနက်တိုင်း ကျွန်တော်သည် ရွှေတိဂုံဘုရားသို့ သွားလေ့ရှိသည်။ မလွှဲမရှောင်သာကိစ္စနှင့် နေထိုင်မကောင်းဖြစ်သည်မှလွဲ၍ ကြိုးစားပြီး သွားခဲ့သည်မှာ နှစ်အတန်ကြာပြီ။ သို့ဖြစ်၍ “ကုသိုလ်တွေရလှပေါ့” ဟု ဆိုချင်သူဆိုလိမ့်မည်။ ဆိုနိုင်ပါသည်။ ကုသိုလ်ယူ ကုသိုလ်မျှခြင်းဆိုသည် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များ၏ အထုံအမွေ့။ ကိုယ်ပြုသော ကုသိုလ်ကောင်းမှုမှာ နည်းသည်ဖြစ်စေ အမျှပေးဝေနိုင်သည်။ ကောင်းမှုကြီးစွာ ပြုနိုင်သူများ၏ ကုသိုလ်ကိုလည်း ဝမ်းမြောက်စွာ သာဓုခေါ်နိုင်ပါသည်။

ကုန်ခဲ့သော လပိုင်းလောက်က သတင်းတစ်ပုဒ်မှာ ရွှေတိဂုံစေတီတော်ကြီးသို့ လှူဒါန်းထားသမျှ ပြည်တွင်းနှင့် နိုင်ငံခြားငွေ အရပ်ရပ်ကို ဘဏ်စာရင်းဖွင့် အပ်နှံဆောင်ရွက် လျက်ရှိကြောင်း၊ ငွေကြေးပမာဏနှင့်ပါ သိရတော့ ဘုရားဖူးအပေါင်းတို့၏ ကြည်ညိုသဒ္ဓါကို မှန်းဆသိနိုင်ကြပါသည်။သိင်္ဂုတ္တရကုန်းပေါ်ဝယ် သပ္ပာယ်လှသော ရွှေတိဂုံစေတီတော်သည် ဇမ္ဗူဒိပ်ကျွန်းတွင် အံ့ချီး၍မကုန်ပါ။
ဆရာတက္ကသိုလ်မောင်မောင်ကြီးက နံနက်စောစော တက္ကသိုလ်ဝင်းထဲမှထွက်ကာ စေတီတော်ရှိရာသို့ ဦးတည်လမ်းလျှောက်ရင်း တဖြည်းဖြည်းချင်း လှမ်းမြော်ဖူးမြင်ရသော စေတီတော်ကြီးအား ကြည်ညိုလှပြီး စာစီဖွဲ့သည့်အခါ 'နိုင်ငံတော်၏မျက်နှာ' ဟူ၍ အလင်္ကာခေါင်းစီး တပ်ခဲ့ပါသည်။

■ နိုင်ငံတော်၏မျက်နှာ

သိင်္ဂုတ္တရကုန်းတော်တွင် ရှေးဘုရားသုံးဆူဖြစ်သော ကကုသန်ဘုရား၏ တောင်ဝှေးတော်၊ ကောဏဂုံဘုရား၏ ရေစစ်တော်၊ ကဿပဘုရား၏ ရေသနုပ်သင်္ကန်းတော်တို့သည် ကမ္ဘာလူသားတို့ ကောင်းကျိုးရကြရန် ကိန်းဝပ်တော်မူခဲ့ပြီးဖြစ်သည်။ ရာမညတိုင်း ပေါက္ခရဝတီမည်သည့် အသိတဉ္ဇနပြည်မှ ကုန်သည်ညီနောင် တဖုဿနှင့် ဘလ္လိကတို့သည် ဂေါတမမြတ်စွာဘုရားထံမှ ဆံတော်ရှစ်ဆူ ပူဇော်ခွင့်ရလာသောအခါ နောင်တော် ဘုရားသုံးဆူတို့၏ မွေတော်များ ကိန်းဝပ်သီတင်းသုံးရာတွင် စေတီတည်ရန် ဖြစ်လာခဲ့ တော့သည်။

ဘုရားတည်ခွင့်ရသော ဒါယကာမှာ ဥက္ကလာပမြို့စံ ဥက္ကလာပမင်းကြီးနှင့် ပြည်သူများဖြစ်ကြသည်။ ဥက္ကလာပမင်းကြီးမှာ သိကြားမင်းနှင့် မယ်လမုအမည်ရ အမျိုးသမီးတို့မှ ဖွားမြင်သည့် သားတော်ဖြစ်သည်။ အမိ လမုပင်အဖူးကြီးမှ ဖြစ်လာသည့် သံသေဒဇ ဖြစ်ပြီး လူ့ပြည်တွင် ဘုရားရှင်ပွင့်တော်မူမည့် အကြောင်းကြောင့် သိကြားမင်းသည် လူ့အသွင်သို့ ဖန်ဆင်းကာ မယ်လမုကို မွေးမြူခဲ့သည့် ရသေ့ထံမှ တောင်းယူခဲ့သည်။ တာဝတိံ သာသို့ ပြန်ရောက်ပြီးနောက် နတ်လုလင်ကို စေလွှတ်ကာ နတ်ရေစင်တိုက်ကျွေးသည်တွင် မယ်လမု၌ သန္ဓေတည်ကာ ဥက္ကလာပမင်းဖြစ်လာမည့် သားရတနာကို ဖွားမြင်ခဲ့ခြင်းဖြစ်သည်။

ဘဒ္ဒကမ္ဘာတွင် စတုတ္ထမြောက် ပွင့်ထွန်းတော်မူသော ဂေါတမဘုရားကို ဖူးတွေ့ရပြီး ဆံတော်တို့ကို ရရှိသည်ဆိုလျှင်ပင် ကုန်သည်ညီအစ်ကိုသည် သဒ္ဓါအလွန်ဖြစ်ကာ လှည်း ၅၀၀ တွင် ပါလာသမျှသော ကုန်တို့ကို မြင်သမျှသော လူတို့ထံ စွန့်ကြဲပေးကမ်းလိုက်လေသည်။

ဘုရားရှင်ထံမှ ပေးသနားသော ဆံတော်တို့ကို ကုန်သည်ညီအစ်ကိုတို့ ရရှိပြီး ဦးထိပ်တွင် တည်နေသည့်ခဏ မဟာပထဝီမြေကြီးသည် ပဲ့တင်ရိုက်ဟည်းကာ လှုပ်သည်။ မဟာသမုဒ္ဒရာတွင် လှိုင်းတံပိုးတို့သည်လည်း ထကြွသည်။ မြင်းမိုရ်တောင်က ဘုရားရှင်ရှိရာသို့ ညွတ်ကျိုးဦးခိုက်သည်။ နတ်ဗြဟ္မာအပေါင်းတို့က သာဓုသုံးကြိမ် ဟစ်ကြွေးကာ ကောင်းချီးပေးကြသည်ဟု ဆိုလေသည်။
ဆံတော်ကို ပင့်ဆောင်လာရာ လမ်းခရီးတွင် ဆိုက်ကပ်ရာ အဇ္ဈတ္တနဂရမြို့နှင့် နာဂရာဇ်မော် (မော်တင်စွန်းဟုဆိုသည်) တို့တွင် ဆံတော်ကို ဖူးတွေ့ကြရသည့် မင်း၊ မိဖုရား၊ ပြည်သူပြည်သားတို့နှင့် ရေသတ္တဝါနှင့် နဂါးတို့သည်လည်း သဒ္ဓါဟုန်ဖြစ်ကြပြီး ဆံတော်ကို ကိုးကွယ်ရန် အနိုင့်ထက်ယူသည်။ အမှတ်တမဲ့ ယူသည်နှင့် ကြုံကြရသည်။ ကုန်သည်ညီနောင်တို့က ဥက္ကလာပမင်းကြီးထံသို့ ရောက်သည်တွင် သစ္စာအဓိဋ္ဌာန်ပြုတော့မှ မူလအတိုင်း ဆံတော်ရှစ်ဆူကို ပြန်လည်ရရှိခဲ့သည်။

ဥက္ကလာပမင်းကြီးသည်လည်း ပတ္တမြားကြုတ်ကို ဖွင့်လှစ်ပြီး ဆံတော်များ ဖူးမြင်လိုက်ရစဉ်အခိုက် ကြည်ညိုသဒ္ဓါလွန်ကဲလာသဖြင့် သူ၏ဦးခေါင်းကို ဖြတ်ပြီး ပူဇော်မည်ဟု သန်လျက်ကို လက်က ကိုင်တော့သည်။ “အရှင်မင်းကြီး အသက်နှင့်ကိုယ်မြဲမှ ဗုဒ္ဓဆံတော်ကို တည်ထားကိုးကွယ်သူရှိမည်။ သို့မဟုတ်ပါလျှင် ဘုရားဗျာဒိတ်အတိုင်း တည်ထားကိုးကွယ်သူ ဒါယကာမရှိ ဖြစ်တော့မည်” ဟု သတိပေးခံရမှ ဥက္ကလာပမင်းသည် ပတ္တမြား ကျောက်စီမကိုဋ်ကို ချွတ်၍ ဆံတော်များအား လှူဒါန်းပူဇော်လေသည်။ ဤအကြောင်းများကို ဆရာမောင်ဆုရှင် ရေးသားပြုစုသည့် 'မြတ်ဘုရားရွှေတိဂုံ'တွင် ဖတ်ရှု မှတ်သားရပါသည်။

ဆံတော်ကို စေတီတည်ရန် သိင်္ဂုတ္တရကုန်းကို စုံစမ်းရှာဖွေရသည်ကအစ လုံလပြု ကြိုးပမ်းကြရသည်။ သိကြားမင်းက ဝိသကြုံနတ်သားကို ခိုင်းကာ ကူညီ၍ ကုန်းတော်ကို ရှာဖွေတွေ့ခဲ့ကြသည်။ ရှေးဘုရားတို့၏ ဓာတ်မွေတော်များ တွေ့ရှိရန် အတောင် ၄၄ တောင် နက်သည်အထိ တူးရာတွင်လည်း နတ်တို့က ကူညီခဲ့ကြသည်။ ဘုရားသုံးဆူ၏ မွေတော်တို့ကို တွေ့ပြီးနောက် အတူဌာပနာရန် ငွေ၊ စိန်၊ မြ၊ ပုလဲ၊ နီလာနှင့် ပတ္တမြား အဆင်း အသီးသီးရှိသည့် ကျောက်ဖြာတို့နှင့် ဌာပနာဥမင်ပြုစေကာ စေတီတည်ခဲ့သည်။

အထက်ကျောက်ဖြာအပိတ်ပေါ်တွင် ရွှေစေတီကိုတည်၏။ ရွှေစေတီကိုမျို၍ ငွေ စေတီ၊ ထို့နောက် ကြေးဖြူစေတီ၊ ထိုသို့ပင် ကြေးနီစေတီ၊ သံလွဲစေတီ၊ ကျောက်ဖြူစေတီ၊ သံအုတ်စေတီဟူ၍ အထပ်ထပ်မျို၍တည်ကာ အုတ်မှာလည်း ထိုသတ္တု ခုနစ်မျိုးအုတ် နှင့် မြေအုတ်တို့ဖြင့် စေတီတည်ခဲ့သည်။ သိင်္ဂုတ္တရကုန်းတော်သည် ကုန်းတည်ရှိရာနှင့် အကြောင်းပြုရာတို့အရ အမည်ခုနစ်ပါးတွင်ခဲ့သည်ဟု ဆိုသည်။ ထိုကုန်းတော်တွင် စေတီကို ဆိုခဲ့သည့်အတိုင်း စေတီခုနစ်ထပ် စတည်ခဲ့ခြင်းဖြစ်လေသည်။ စေတီတော်ကို ဖိနပ်တော်မှ ငှက်ပျောဖူးအထိ ရတနာမျိုးစုံဖြင့် မွမ်းမံသည့်အခါ ဉာဏ်တော်သည် ၄၄ တောင် ဖြစ်လေသည်။

ဂေါတမဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်တည်ခဲ့သဖြင့် သမိုင်းနောက်ကြောင်း ရှည်လျားလှသည်။ စာနှင့်ပေနှင့် အခိုင်အမာ အဖြစ်အပျက်တို့မှာ ခရစ်နှစ် ၁၃၇၂ ခုနှစ် ဘုရင်ဗညားဦးလက်ထက်မှ စတင်သည်ဟု ဆိုသည်။ သူ့လက်ထက်မှစကာ ကာလအလျောက် ပျက်ယွင်းရသော စေတီကို ပြုပြင်မွမ်းမံရပြီး မင်းအဆက်ဆက်တို့က ဆံတော်ရှင်စေတီကို သဒ္ဓါကြည်ညိုစွာ ပူဇော်ကြ၊ လှူဒါန်းကြသည့်အပြင် ကြုံရသော ငလျင်ဒဏ်များကြောင့် အကြိမ်ကြိမ်ပင် စေတီတော်ကို အားကြိုးခနွှဲ ကြိုးစားပြုပြင်တည်ဆောက်ခဲ့ကြကြောင်း မြတ်ဘုရား ရွှေတိဂုံကျမ်းတွင် ဖတ်မှတ်ရသည်။ နှစ်ထောင်းအားရစရာဖြစ်ပါသည်။ ကျေးဇူးတင်စရာ ဖြစ်ပါသည်။

ဘာသာသာသနာကို ကိုင်းရှိုင်းလှသော ဘုရင်မကြီး ရှင်စောပုတစ်ပါးတည်း၏ ကောင်းမှုတစ်ခုမှာ ဘုရားဝေယျာဝစ္စအတွက် ကျွန် ၅၀၀၊ ရွှေစင်ကို ကိုယ်ခန္ဓာ၏ အလေးချိန်အပြည့် ၂၅ ပိဿာ (၉၁ ပေါင်) လှူဒါန်းကြောင်းအပြင် ကုန်းတော်နှင့် ပစ္စယာကို ပြုပြင်သည်။ မွမ်းမံသည်။ အုတ်တံတိုင်းခတ်သည်။ အရှေ့ကို ကျတ်ကနက်ဘုရား၊ မြောက်ကို ကျတ်မိုးဘုရား၊ တောင်ကို ကျတ်နတ်ဘုရားနှင့် အနောက်ကို ကျတ်မြောင်းဘုရားအထိ ပတ်လည်မြေကို ဝတ္တကမြေအဖြစ် လှူဒါန်းလေသည်။

ဘုရင်မကြီးသည် သူနေထိုင်ရာ ဘုရားအနောက်ဘက်သစ်မြို့နန်းမှ အနောက်မုခ်စောင်းတန်းအတိုင်း တက်ကာ ဘုရားဝတ်ပြုလေ့ရှိသည်ဟု ဆိုသည်။ သက်တော် ၇၈ နှစ် သေအံ့မူးမူးမှာပင် သလွန်တော်ကိုဘုရားကို လှမ်းမြော်ဖူးမြင်နိုင်သည့် ပြတင်းအနီး ရွှေ့စေကာ ဘုရားကို အာရုံပြုရင်း အနိစ္စရောက်ခဲ့သည်ဟု ဆိုပါသည်။ ဂုဏ်ပြုချီးကျူးဖွယ် သဒ္ဓါကြည်ညိုမှုပါတကား။

မျက်မှောက်တွင် တိဂုမ္ဘစေတီသည် နှစ် ၂၆၀၀ ပြည့်ပြီးခဲ့ပြီ။ ဉာဏ်တော် အမြင့် ၃၂၆ ပေဖြစ်သည်။ မွန်တို့၏ ဒေသ 'ဒဂုန်' ကိုအစွဲပြုကာ 'ရွှေတိဂုံ' စေတီဟု ခေါ်ကြောင်း ဆိုသည်။

မောင်းထောင်ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် ၁၁၅၅ တွင် အမရပူရမှ နောက်ပါရဟန်းရှင်လူတစ်ထောင်ကျော် ခြံရံလျက် ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးရောက်ပြီးနောက် ဘုရားကြီးအား ကြည်ညိုလှပြီး ပါဠိဘာသာ ထောမနာ တစ်ဆယ့်နှစ် ဂါထာဖွဲ့ခဲ့ပါသည်။ ဘုရားရှိခိုးဖြစ်ပါသည်။ 'ယော ဒီပင်္ကရ မူလမှိ ...' အစချီ ပထမဂါထာ၏ အဓိပ္ပာယ်မှာ ဒီပင်္ကရာဘုရားရှင် ခြေတော်ရင်းတွင် နိဗ္ဗာန်ချမ်းသာကို ချက်ချင်းခဏ ရနိုင်ပါလျက် ဘုရားဆုကိုသာ အလိုရှိခဲ့သော ဘုရား၏ ဆံတော်ဓာတ်ကို ရှိခိုးပါ၏ဟုဖြစ်သည်။

ကျန်ဂါထာများမှာ မြတ်စွာဘုရား၏ သဗ္ဗညုဆောင်ရွက်တော်မှုကို ထုတ်ဖော်ရွတ်ဆိုလျက် ဆံတော်မြတ်ကို ရှိခိုးကြောင်းများ ဖြစ်သည်။ ဂါထာအမှတ် ၁၁ မှာ တာဝတိံတွင် စူဠာမဏိ၊ ဗြဟ္မာပြည်တွင် ဒုဿစေတီတို့ သည် အလောင်းတော်ဘဝတွင် တည်ထားခဲ့ကြသော ပထမစေတီများဖြစ်ပြီး ဆံတော်စေတီကား ဘုရားရှင်လက်ထက် ပထမရှေးဦးစွာ တည်သော စေတီဖြစ်၏။ ထိုစေတီအား ရှိခိုးပါ၏ဟု အနက်ရှိလေသည်။

အက္ခရာလေးလုံးစီဖြင့် လေးပါဒစီဖွဲ့သော သိကြားတံဆိပ်နှစ်ကျိပ်ရှစ်ဆူ ဘုရားရှိခိုးတွင်လည်း 'ဗု-ဒ္ဓ-စိ-န္တာ ရွှေတိဂုံ' ဟူ၍ ဘုရားရှိခိုးရှိပါသေးသည်။ ဤသို့လျှင် သိမှတ်လာရသမျှဖြင့် အာရုံယူကာ စေတီတော်ကြီးကို လက်စုံမိုး ရှိခိုးဦးချ ကန်တော့လိုက်ရလျှင် တစ်ကိုယ်လုံးတွင် ပီတိများ စိမ့်ဖြာကြရပါတော့မည်။

တနင်္ဂနွေနေ့ နံနက်တိုင်း ကြိုးစားအားခဲပြီး ကျွန်တော်သည် ဘုရားကြီးသို့ မှန်မှန်ရောက်ဖြစ်ခဲ့ရသည်မှာ မိတ်ဆွေကြီး ဦးဝင်းမြင့်၏ ကျေးဇူးဖြစ်ပါသည်။ တာမွေမြို့နယ် ပြည်တွင်းအခွန်ဦးစီးမှူးဖြစ်ပြီး ယခုအခါ အတူတူ အငြိမ်းစားဖြစ်ပါသည်။ သူက ဘုရားသို့ မဖြစ်မနေ လာဖို့ခေါ်ခဲ့သည်။ လာနိုင်ရန်လည်း အိတ်ထဲသို့ လမ်းစရိတ်ထည့်ပေးတတ်သည်။ ကာလမှာ နိုင်ငံမှာအရေးအခင်းကြီး ကြုံတွေ့ရပြီး ကိုယ်စိတ်ဆင်းရဲပင်ပန်းကျပ်တည်းလှချိန်။ ဌာနတွင် တာဝန်ထမ်းရသည်မှာလည်း စိတ်ပျက်လက်ပျက် ရှိရချိန်။

ဤသို့ဖြင့် ဘုရားကြီးသို့ ရောက်ရသည့်အခါ ရင်ပြင်တော် ရာဟုထောင့်အနီးရှိ ဦးသက်ရှေ-ဒေါ်အိမ်စောင့်နှင့် စံမဖီ-ဒေါ်အေးမြဟု ကမ္ပည်းထိုးထားသော မာဖီယားတန်ဆောင်းတွင် မိတ်ဆွေများ ဆုံကြသည်။ အခါကြီး ရက်ကြီးများတွင် ၁၀၈ ပွဲနှင့် အလှူဒါနများ ပြုကြသည်။ တနင်္ဂနွေနေ့ နံနက်ခင်းစောစော အထက်ပစ္စယံဖွင့်သည်နှင့် ဘုရားကြီး အရှေ့ဘက် တဝဂူဂန္ဓကုဋီတွင် သီတင်းစံမြန်းသော ပတ္တမြားမျက်ရှင်ဘုရားကြီးထံတွင် အောင်အိုးနှင့်တကွ ဆက်ကပ်လှူဒါန်းကာ ဆုတောင်းပွဲ ဝတ်မပျက် ပြုခဲ့ကြပါသည်။

စေတီတော်ကြီး၏ အထက်ပစ္စယံတွင် ဆုတောင်းပွဲနှင့် ဘုရားကြီးအား ဝတ်ပြုရသည်မှာ အလွန်ကြည်နူးမှုဖြစ်ကြရပါသည်။ ဤသို့ဖြင့် ကျွန်တော်သည် တနင်္ဂနွေနေ့ နံနက် ဘုရားတက်သည့် ဝတ်မြဲခဲ့သည်။

မိတ်ဆွေကြီး ဦးဝင်းမြင့် နေထိုင်ရာသည် အတန်ငယ်ဝေးသဖြင့် သူနှင့် မတွေ့မဆုံ ဖြစ်ခဲ့သည်မှာလည်း ကြာနေပြီ။ သို့သော် ဘုရားကြီးသို့ ရောက်ရတိုင်း သူ့ကို သတိရသည်။ သူ့ကျေးဇူးကို သတိရအောက်မေ့ဆင်ခြင်သည်။ ဆိုခဲ့သလိုပင် သူနှင့် မတွေ့ရသော်ငြား ကျွန်တော် ပြုနိုင်သမျှသော ကုသိုလ်ကောင်းမှု၏ အမျှသည်လည်း သူရရှိမည်ဟု ကျွန်တော်ယုံပါသည်။ ဘုရားကြီးသို့ ရည်စူးလျက် သူ ပြုသမျှသော ကောင်းမှုကုသိုလ်တို့သည်လည်း ယခင် ဆုံတွေ့နေခဲ့ကြကုန်သော ခုနစ်ရက်သားသမီးဝတ်အသင်း၊ အကျိုး တော်ဆောင်နှင့်တကွ မိတ်ဆွေများလည်း ရကြမည်သာဟု ကျွန်တော် ယုံကြည်ပါသည်။

Most Read

Most Recent