ယဉ်ကျေးတဲ့ အိမ်က လာခဲ့တယ်

ယဉ်ကျေးတဲ့ အိမ်က လာခဲ့တယ်
Published 6 June 2018

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်မြို့ကို ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဇော်မိုးဦး-မြိတ်)

(၁)

ရေး- ထားဝယ်-မြိတ်တွေဘက်ဆီ ရောက်ဖြစ်ခဲ့တယ်။ ရှင်ကိုးရှင်ဆီ ဘုရားဖူးတဲ့။ ကျွန်တော်ကတော့ ဘုရားဖူးဆိုတာထက်

မြိတ်ကျွန်းစုတွေဆီ သွားမယ်ဆိုလို့ လိုက်ခဲ့တယ်။ ကုန်းတွင်းအညာသားတစ်ယောက်အဖို့ အကျေမှာရှိတဲ့ ပင်လယ်နဲ့ ကျွန်းတွေဟာ ဒေသဗဟုသုတတွေ အများကြီးရမှာပဲဆိုတဲ့ မျှော်လင့်ချက်ခြင်းတွေက အဓိကပါတာပေါ့။ အဲဒီ မျှော်လင့်ချက်တွေကြောင့်လည်း ခရီးရှည်မယ်မှန်း သိလျက်နဲ့ လိုက်ခဲ့တယ်။ ဒီ ရှည်လျားတဲ့ ခရီးရှည်ကြီးကိုပဲ ကျောခါးနဲ့ မြီးညောင်းရိုးတွေကို အတွင်းဝါယောတွေ အထိုးခံပြီး ကားစီးခဲ့တယ်။ တင်ပါးတွေခမျာလည်း ခန္ဓာအလေးချိန်ကို ၂၇ နာရီ ၃၆ မိနစ်လုံးလုံး

ခြေသလုံးနဲ့ ပေါင်တွေအကူမပါဘဲ ဖင်ထိုင်လျက်နဲ့ တစ်လုံးတည်း ထမ်းခဲ့ရတာဆိုတော့ ကျိန်းလို့။

ပေါင်မြို့ရောက်တော့ နံနက် ၅ နာရီခွဲပြီ။ ပတ်ဝန်းကျင်တွေကို မြင်ခွင့်ရပြီ။ အဲဒီကနေ တစ်လျှောက်လုံး ငေးမောလာလိုက်တာ (တစ်ခါတလေ ဖုန်းတစ်လုံးနဲ့ ဓာတ်ဖမ်းတာလည်း အပါအဝင်ပေါ့)။  မြိတ်ဆီရောက်တဲ့ ည ၁၀ နာရီ ၃၆ မိနစ်အထိပါပဲ။ အဲဒီအငေးတွေမှာ ကျွန်တော့်ဆီ ငြိကျန်ရစ်တာကတော့အများကြီး မရှိလှပါဘူး။ တနင်္သာရီကျောပေါ်က လမ်းတစ်လျှောက်လုံးမြင်နေရတဲ့ တောင်တန်းကြီးရယ် တီကောင်ကွေ့၊ င-သတ်ကွေ့၊ တံစဉ်ကောက်ကွေ့တွေ အများကြီးနဲ့ ဖောက်ထားတဲ့ ထားဝယ်နဲ့ မြိတ်ကြားက လမ်းရယ် ရော်ဘာတောတွေရယ်၊ စိမ်းစိုတဲ့အပျိုရည်မပျက်သေးတဲ့ တောင်ကုန်းနဲ့ တောအုပ်တွေ ရယ်ကို အများကြီး ငေးဖြစ်ခဲ့တယ်။

ဒါပေမဲ့  ဒီအကျေမှာကျွန်တော့် သတိတွေ ထူးထူးခြားခြား နိုးကြားနေမိတာက အဲဒါတွေ မဟုတ်ပါဘူး။ အဲဒါတွေအားလုံးဟာ စိတ်ထဲ ရောက်မလာဘူး။ တကယ့်တကယ် ရောက်လာတာက အိမ်တွေပါ။ လမ်းတစ်လျှောက် တွေ့ရတဲ့ အိမ်တွေကို ငေးမိပြီး အိမ် တွေအကြောင်းကို တွေးမိနေတာပါ။

(၂)

သထုံမှာ၊ ပေါင်မှာ၊ မော်လမြိုင်မှာ၊ သံဖြူဇရပ်မှာ၊ ရေးမှာ၊  ကလိန်အောင်မှာ၊ ရေဖြူမှာ၊ လောင်းလုံးမှာ၊ သရက်ချောင်မှာ၊  ပုလောမှာ၊ ထားဝယ်မှာ၊ မြိတ်မှာ ကျွန်တော် ဖျတ်ခနဲ ဖျတ်ခနဲ တွေ့ခဲ့ရတဲ့နေရာတွေက အိမ်တွေဟာ ကျွန်တော် နိစ္စဓူဝတွေ့နေကျ ကျွန်တော်

နေထိုင်ရာဒေသက အိမ်တွေနဲ့ မတူကြဘူးလေ။ ဆန့်ကျင်ခြားနားလို့နေတယ်။ ဒီဒေသက အိမ်ယဉ်ကျေးမှုဟာ ကျွန်တော်တို့ဆီက အိမ်ယဉ်ကျေးမှုနဲ့ ပြဒါးတစ်လမ်း သံတလမ်းတွေလို့ မြင်မိတယ်။ သူတို့ အိမ်တည်ဆောက်ပုံတွေက ခေါင်လျှောက်ဟာ လမ်းကို ဦးထိုး ထားတယ်။ ဒါကြောင့် သူတို့အိမ်တွေကို ကြည့်ရင် မြင်းမိုရ်ပိတ်တွေဟာ အိမ့်မျက်နှာစာမှာ ရှိနေတာကို လမ်းပေါ်ကနေ အထင်းသား တွေ့နေရတယ်။ ကျွန်တော်တို့ဆီမှာက အဲဒီလိုအိမ်မျိုးကို အိမ်တံစို့ထိုးလို့ ခေါ်ကြတယ်။  မဆောက်ကြဘူး။ ဆောက်ရင်ခိုက်တယ်ဆိုတဲ့ ယုံကြည်ချက် ဓလေ့လည်း ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ဆီက အိမ်တွေဟာ ခေါင်လျှောက်ကို လမ်းနဲ့အပြိုင်ထားပြီး ဆောက်ကြတယ်။ ဒါကြောင့်လည်း အကျေနဲ့ အညာ အိမ်တည်ဆောက်ပုံနှစ်ခုဟာ ဆန့်ကျင်ဘက်တွေလို့ ဆိုမိတာ။ ပြဒါးတစ်လမ်းသံတစ်လမ်းလို့ မြင်မိတာ။ ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အကျေရော အညာရောမှာရှိတဲ့ အိမ်တွေဟာ သူ့ယဉ်ကျေးမှုနဲ့သူ သူ့ယုံကြည်ချက်နဲ့သူ တည်ဆောက်ထားကြတာချည်းပါပဲ။ အကျေ အိမ်တွေမှာ ဘယ်လို ယုံကြည်ချက်၊ ဘယ်လို

ယဉ်ကျေးမှုတွေရှိနေတယ်ဆိုတာ သိချင်ပေမယ့် အဲဒီလောက်အထိ ကျွန်တော် ပြာလဲ့ကို ဇာမချဲ့နိုင်သေးပါဘူူး။ မောင်ကြယ်ညွန့်ရဲ့  ထားဝယ်ရာဇဝင်တော်ကြီးမှာ တရုတ်စော တည်မင်းထံကနေ လက်မှုပညာတွေ သင်ယူခဲ့ တယ်ဆိုတာလောက်ပဲ ပါးပါးပေါ့ပေါ့ သိမှတ် နိုင်ခဲ့တာပါ။ ဒီထက်ပို သိချင်သေးပေမယ့် မပိုနိုင်သေးပါဘူး။ ကံ ဉာဏ် ဝီရိယ သုံးခုစလုံးမှာ ကျွန်တော် အားနည်းနေပါသေးတယ်။ တီးမိခေါက်မိရှိထားပြီးဖြစ်တဲ့ ကျွန်တော်တို့ရဲ့ အညာအိမ်ယဉ်ကျေးမှုတွေမှာတော့ နာမ်သဘောတွေပါပြီး အင်မတန်မှကို နက်နဲ ကျယ်ပြန့်ပါတယ်လို့ ပြောချင်ပါတယ်။

အိမ်တစ်အိမ်မှာ မင်္ဂလာသစ် ခြောက်လုံး ရှိတာမှာ စုံပင်လယ်၊ ဥရူ၊ သပြေ၊ ကုဗ္ဘီး၊ ကြငှန်းမ၊ ကြငှန်းဖိုတိုင်တွေပါတဲ့။ ခေါင်းရင်း ဘက်ခေါင်တိုင်ရဲ့ ရှေ့က တိုင်ကို စုံပင်လယ်တိုင်လို့ခေါ်ပါတယ်။ နောက်က တိုင်ကတော့ ဥရူတိုင်ပါ။ အသက် ၂၀ နား ပတ်လည်တုန်းက

တောင်တွင်းဆရာတော်ခင်ကြီးဖျော်ရဲ့ ကဝေသာရကျမ်းတွေ ဖတ်တော့ အိမ့်တလိမ့်စုန်းတို့

ကဝေမြောက်စုန်းတို့ဟာ ဥရူတိုင်ကနေ ထဘီ ဖြန့်ကပြရင် ကုပေးတဲ့ဆေးဆရာရဲ့ ဆေးဟာ မစွမ်းဘူး ပြယ်တယ်လို့ဆိုလို့ ဥရူတိုင်ဟာ ဘယ်တိုင်လဲဆိုပြီး လူကြီးသူမတွေကို မေးမြန်းခဲ့ဖူးပါတယ်။ မြန်မာအဘိဓာန်ဆိုတာကလည်း ဒီနေရာမှာ သုံးစားမရပါဘူး။ ရှေး ဟောင်း လက်မှုပညာပေါင်းချုပ်ကျမ်းတွေ ဖတ်မိမှသာ ဒီပြဿနာ ပြေလည်ရတော့တာပါ။ အိမ်ရဲ့ ခြေရင်းရှေ့ကတိုင်ကို သပြေတိုင်။ခြေရင်းနောက်ဆုံးက တိုင်ကို ကုဗ္ဘီးတိုင်တဲ့။ ကုဗ္ဘီးဆိုတာက သေသူအတွက် ရဟန်းသံဃာတွေကို ကပ်လှူတဲ့ ခဲဖွယ်ဘောဇဉ်ကိုလည်း

ခေါ်တာရှိပါသေးတယ်။ ဒါပေမဲ့ ဒီကုဗ္ဘီးဆိုတာကတော့ တိုင်ရဲ့အမည်နာမပါ။ နောက်ထပ်နှစ်တိုင်က အိမ်ရှေ့အလယ်တိုင် ကြငှန်းမနဲ့ အိမ်နောက်အလယ်တိုင် ကြငှန်းဖိုပါပဲ။ ဒီတိုင်တွေကို ထူတဲ့အခါ တွင်းစာပေးရတာလည်း ရှိတယ်။ ကြငှန်းဖိုမှာ ပတ္တမြား။ ကြငှန်းမမှာ ခဲမ။ စုံပင်လယ်မှာ သံ။ ဥရူတွင်းမှာ ကြေးနီ။ ကုဗ္ဘီးမှာ ကြေးဖြူနဲ့ သပြေတွင်းမှာ ခဲမဖြူတွေတဲ့။ အလယ်က တိုင်သုံးတိုင်ကိုတော့ ထောက်ရှည်လို့ခေါ်တယ်။ ထောက်ရှည်တွင်းမှာလည်း ခေါင်းရင်း ရွှေ။ အလယ် ဆန်စပါး

ဆားငါးပိတွေနဲ့ ခြေရင်းမှာ ငွေကိုတွင်းစာ ပေးရတာ။ ဒီလိုပဲ လှေကားဆိုလည်း လှေကားလုပ်ရိုး။ ပန္နက်ဆိုလည်း ပန္နက်ချရိုးတွေ အများကြီးရှိပါသေးတယ်။ ဒါပေမဲ့လည်း ဒီလိုစည်းနဲ့ နည်းနဲ့ ထုနဲ့ ထည်နဲ့ တည်ဆောက်ခဲ့တဲ့ အိမ်ဆောက်ဗိသုကာ ရုပ်နာမ်ယဉ်ကျေး မှုတွေထဲမှာဆိုရင် နာမ်သဘောတွေကတော့ ကွယ်သလောက်ရှိနေပါပြီ။ ဒါကလည်း ရုပ်သဘောတွေ လွှမ်းမိုးလာတဲ့ခေတ်မှာ အိမ်ဆောက်ယဉ်ကျေးမှုဆိုတာကလည်း အခြားယဉ်ကျေးမှုတွေလိုပဲ ဆုတ်ယုတ်ပျောက်ကွယ်သွားတာပါ။ ဒါ ဓမ္မတာပါပဲ။

(၃)

ဘာပဲပြောပြော ကျွန်တော်တို့ဟာ အိမ်နဲ့ နေထိုင်တတ်ဖို့ နှစ်သန်းပေါင်းအကြာကြီးကို ဖြတ်သန်းခဲ့ရတာပါ။ အစာ စုဆောင်းသူတွေ အဖြစ်ကနေ ကိုယ်တိုင်မီးမွှေးတတ်သူတွေအဖြစ်ကနေ ကျောက်ခေတ်ဦး၊ ကျောက်ခေတ်လယ်နဲ့  ကျောက်ခေတ်နှောင်းဆိုတဲ့ ယဉ်ကျေးမှု အမျိုးမျိုးတွေကို နှစ်သန်းပေါင်းများစွာ ကျော်လွှားပြီးမှ အိမ်ဆိုတာကို တွေ့ခဲ့ကြတာ။ ဒီလိုဖြတ်သန်းလာခဲ့ပြီးတာတောင်မှ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်လောက်အထိ တက်စမေးနီးယား ကျွန်းသားတွေဟာ မိုးလုံလေလုံ တဲလောက်ကိုတောင် ထိုးပြီး မနေတတ်ကြ သေးပါဘူး။ သူတို့ဟာ လေကွယ်ရာအရပ်တွေမှာသာ ခိုအောင်းနေထိုင်တတ်သေးတယ်လို့ ဒေါက်တာသန်းထွန်း ဘာသာပြန်ထားတဲ့ ရှေးခေတ်ဟောင်း ခေတ်ဦးကမ္ဘာ့သမိုင်း စာအုပ်ကနေ သိခဲ့ရပါသေးတယ်။ ဒါကတော့ အိမ်နဲ့နေတတ်တဲ့ ယဉ်ကျေးမှုဆိုတာ လွယ် လွယ်ရခဲ့တာ မဟုတ်ဘူးအဆိုအတွက် ဥပမာကောင်းတစ်ခုပါ။ အိမ်ဆိုတာ အာဒိကပ္ပကျမ်းထဲကလို ဖို မ သဘာဝပေါ်ထွန်းတာနဲ့ တစ်ပြိုင်တည်းမှာ လိင်ကိစ္စ ခဲပေါက်မခံရဖို့ မြင်သူလည်း မရှက်ဖို့ ယိုသူလည်းမရှက်ရဖို့ ပေါ်ပေါက်လာတာမျိုး မဟုတ်လောက်ပါဘူး။ ကာလအကြာကြီး သစ်ရိပ်ခိုဂူတွင်းအောင်းပြီး သဘာဝမိုးလုံလေလုံနေရာတွေမှာ ခိုလှုံ နေ ထိုင်ရာကနေ အမိုးအကာနဲ့ တဲတွေနဲ့ နေတတ်လာတယ်။ တဲတွေကနေ ပေါက်သောက် ဆောက်ချင်သလို ဆောက်မယ့် အိမ်တွေကို စမ်းသပ်ဆောက်လုပ်လာမယ်။ ပေါက်သောက် ဆောက်နေတဲ့အိမ်တွေကနေ စနစ်ကျတဲ့ အိမ်တွေဖြစ်လာမယ်။ အဲဒီစနစ်ကျတဲ့ အိမ်တွေကမှ တစ်ရပ်လုံး တစ်ရွာလုံး တစ်ဒေသလုံးက အိမ်တွေအားလုံး တစ်ပြေးညီညာ တူညီစွာ တည်ဆောက်နေထိုင်တတ်တဲ့ ဗိသုကာ ယဉ်ကျေးမှုကြီးတစ်ခုကို ဖန်တီးနိုင်ခဲ့ကြလိမ့်မယ်။ အဲဒီလို အဆင့်ဆင့်မြင့်တက်လာတဲ့ ယဉ်ကျေးမှုတွေနဲ့ တည်ဆောက်ထားတာကြောင့်လည်း ကျွန်တော်တို့ အညာအိမ်တွေက အညာပုံ ၊ အကျေအိမ်တွေက အကျေပုံဆို ပြီး ယဉ်ကျေးမှုတွေ  တူရာစုပြီး တစ်ပုံစံတည်း ထွက်နေကြတာပါ။ အကြီးအသေးသာ ကွာခြားချင် ကွာခြားပါ့မယ်။ အဆောက်အအုံရဲ့ အခြေခံဖွဲ့တည်မှုတွေကတော့ အတူတူပါပဲလေ။ ယဉ်ကျေးမှုတစ်ခုကို ဗဟိုချက်ချာပြုပြီး တည်ဆောက်ခဲ့ကြတာချည်းပဲ မဟုတ်လား။

တချို့အဆောက်အအုံတွေသာ ယဉ်ကျေးမှု တိုးဝှေ့တာကို ခံထားရလို့ အများနဲ့မတူ ရှိကောင်း ရှိနေပါ့မယ်။ ဒါလည်း ရှေးကတည်းက ရှိခဲ့တာပါပဲ။ ကြားဖူးနားဝရှိလှတဲ့ သံတဲတို့ မဒရပ်အိမ်တို့ ကိုလိုနီခေတ်အဆောက်အအုံတို့  ဥရောပဟန်တို့ဆိုတာတွေဟာ ယဉ် ကျေးမှု တိုးဝှေ့ခံထားရတာတွေရဲ့ သင်္ကေတတွေပါ။

(၄)

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကျွန်တော်တို့ ယဉ်ကျေးလာလို့ အိမ်နဲ့နေထိုင်တတ်လာကြတယ်။ ဒီထက် သိမ်မွေ့လာတော့ တစ်သွေးတည်း တူညီတဲ့ အိမ်တွေဆောက်လို့ အိမ်ယဉ်ကျေးမှုကို ဟန်ကျပန်ကျ ထူထောင်ထားနိုင်လာကြတယ်။ အကျေလည်း အကျေအလျောက်၊ အလယ်လည်း အလယ်ပုံ၊ အညာလည်း အညာဟန်တွေနဲ့ ကိုယ်စီမှာ ကိုယ်ပိုင် ဗိသုကာယဉ်ကျေးမှုတွေ တူတူတန်တန် ရှိခဲ့ကြတယ်။ ကျွန်တော်တို့ဟာ ခေါင်းတော်ခြေ ကန်တာကအစ အားလုံးဟာ တသွေးတမွေးတည်းပဲ ယဉ်ကျေးခဲ့ကြတာ မဟုတ်လား။ လှေကားထစ်လေးကအစ အိမ်မှူးခန်းအလယ် ဘုရားအိုးစင်အဆုံး အားလုံးရဲ့ ယဉ်ကျေးမှုဟာ တူညီနေကြတာပါပဲ။ ကျွန်တော်တို့ အဇ္ဈတ္တမှာ သူ့အမျိုး ကိုယ့်အမျိုး သူ့အမြင် ကိုယ့်အမြင် ကွဲပြားနေဦးတောင်မှ ကျွန်တော်တို့ နေထိုင်တဲ့အိမ်တွေကတော့ တစ်စည်းတစ်  သွေးတည်းပါပဲလေ။ ဒီလိုအသွေးအရောင်တူတဲ့ ယဉ်ကျေးတဲ့အိမ်တွေဆီကနေ ကျွန်တော်တို့ လာခဲ့ကြတာ မဟုတ်လား။

Most Read

Most Recent