ဆီနီဂေါနိုင်ငံကို ကိုင်လှုပ်ခဲ့သည့် တက္ကသိုလ်ကျောင်းသားတို့၏ ဆန္ဒပြပွဲများ

ဆီနီဂေါနိုင်ငံကို ကိုင်လှုပ်ခဲ့သည့် တက္ကသိုလ်ကျောင်းသားတို့၏ ဆန္ဒပြပွဲများ
Published 4 June 2018

မေ ၁၆ ရက်က ရှိတ်အန်တာဂျုတ်တက္ကသိုလ် အပြင်ဘက်၌ ဆန္ဒပြစဉ်အတွင်း ကျောင်းသားများက ဆီနီဂေါရဲတပ်ဖွဲ့ဝင်များကို ကျောက်ခဲများနှင့် ပစ်ပေါက်နေစဉ် (Photo: AFP)

မကြာသေးမီ သီတင်းပတ်များအတွင်းက ဆီနီဂေါနိုင်ငံကို ကိုင်လှုပ်ခဲ့သည့် ကျောင်းသားဆန္ဒပြပွဲများသည် လွန်ခဲ့သည့်ရာစုနှစ် တစ်ဝက်ခန့်အကြာက နိုင်ငံအတွင်းရှိ တက္ကသိုလ်များဆီ ပျံ့နှံ့ခဲ့သော အချိန်တိုတောင်းသော်လည်း ပြင်းထန်သည့် မငြိမ်မသက်မှုကြီးကို အမှတ်ရစရာ ဖြစ်လာသည်။ ၁၉၆၈ ခုနှစ် မေလက ဖြစ်ပွားခဲ့သည့် အဆိုပါ ဆန္ဒပြမှုကြီးကြောင့် အစိုးရအဖွဲ့ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့ရသည်။

ယခုအကြိမ် ဆန္ဒပြမှုမှာမူ ကျောင်းသားများအတွက် ပညာသင်ထောက်ပံ့ကြေး နောက်ကျမှုနှင့်ပတ်သက်၍ မေ ၁၅ ရက်က တက္ကသိုလ်တစ်ခု၌ ဖြစ်ပွားခြင်းဖြစ်ပြီး လူသေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။

ဒုတိယနှစ်ကျောင်းသား မိုဟာမက်ဖော လူဆီနီ (၂၅ နှစ်) သည် ရဲတပ်ဖွဲ့က ဆီနီဂေါနိုင်ငံမြောက်ပိုင်း စိန့်လူဝီမြို့ရှိ ဂတ်စတွန်ဘာ ဂါတက္ကသိုလ်၌ ဖြစ်ပွားသည့် ဆန္ဒပြပွဲကို နှိမ်နင်းစဉ်အတွင်း သေဆုံးခဲ့ရသည်။

ဖောလူဆီနီ သေဆုံးပြီးနောက် တရားစွဲဆိုသူ အီဘရာဟီမာအင်ဒူအာယီက အလောင်းကို ခွဲစိတ်စစ်ဆေးမှု၌ ဖောလူဆီနီသည် သေနတ်ဒဏ်ရာကြောင့် သေဆုံးခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟု ပြောကြားခဲ့သည်။

တရားစွဲဆိုသူက ပစ်ခတ်သူသည် မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်း မပြုပေ။ သို့သော် သတင်းစာရှင်းလင်းပွဲ၌ သူ၏ စုံစမ်းစစ်ဆေးမှုများကို ယခုသီတင်းပတ်အကုန်ထက် နောက်မကျဘဲ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းသေဆုံးမှုကြောင့် မြို့တော်ဒက်ကာရှိ ရှိတ်အန်တာဂျုတ်တက္ကသိုလ်အနီး၌ နောက်ထပ်ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတောင်ပိုင်းရှိ ဇီဂန်ရှိုမြို့တွင်လည်း ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့က နှိမ်နင်းခဲ့ရသည်။

ရှိတ်အန်တာဂျုတ်တက္ကသိုလ်အနီးတွင် ကျောင်းသားများက ရဲတပ်ဖွဲ့ဝင်များကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့များဖြင့် တုံ့ပြန်ခဲ့သည်။

ဇီဂန်ရှိုမြို့တွင်လည်း ရဲတပ်ဖွဲ့က ဆန္ဒပြပွဲများကို နှိမ်နင်းရန် မျက်ရည်ယိုဓာတ်ငွေ့များကို အသုံးပြုခဲ့သည်။ အဆိုပါမြို့တွင် အစိုးရအဆောက်အအုံများစွာတို့ လုယက် ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံသတင်းစာများက ဖော်ပြသည်။

ဘန်ဘေနှင့် ရှီယက်မြို့များရှိ တက္ကသိုလ်များ၌လည်း ဆန္ဒပြပွဲများ ဖြစ်ပွားကာ ပင်မအဆင့်မြင့် ပညာရေးသမဂ္ဂကြီးက ကျောင်းသားများနှင့် တစ်သွေးတစ်သားတည်းရှိကြောင်း ပြသလျက် အထွေထွေသပိတ်ကြီး စတင်ခဲ့သည်။

ဂက်စတွန်ဘာဂါတက္ကသိုလ်တွင် ကျောင်းသားများက ဖောလူဆီနီ သေဆုံးခဲ့သည့်နေရာတစ်လျှောက် စီတန်းလှည့်လည်ခဲ့ကြပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

ဆီနီဂေါပြည်ထဲရေးဝန်ကြီး အလီနဂူယီ အင်ဂျိုင်းက အစောပိုင်းဆန္ဒပြမှုသည် ကျောင်းသားများ ပညာသင်ထောက်ပံ့ကြေးနှင့် ပတ်သက်သော ပြဿနာကြောင့်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

၎င်းတို့၏ ထောက်ပံ့ကြေးများ ရရှိခြင်း မရှိသောကြောင့် ကျောင်းသားများသည် တက္ကသိုလ်စားသောက်ဆိုင်များ၌ ပိုက်ဆံမပေးဘဲ စားသောက်ကြပြီး ယင်းအတွက် တက္ကသိုလ်အာဏာပိုင်များက ရဲတပ်ဖွဲ့ကို တောင်းပန်ခဲ့ရသည်ဟု ဆိုသည်။

သမ္မတမက်ကီဆယ်လ်က ကျောင်းသား သေဆုံးမှုနှင့်ပတ်သက်၍ အလွန်ဝမ်းနည်းမိကြောင်း Twitter ၌ ရေးသားခဲ့ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် စေခိုင်းခဲ့သည်။

လာမည့်ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲပြန်ဝင်မည်ဟု မျှော်လင့်ရသူ ဆယ်လ်သည် ဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက် ကျောင်းသားပညာသင်ထောက်ပံ့ကြေးကို တိုးမြှင့်ပေးမည်ဟုလည်း ကြေညာခဲ့ရသည်။

သို့သော် ဖောလူဆီနီ၏ တက္ကသိုလ်မှ ကျောင်းသားများသည် ဇွန် ၁ ရက်တွင် ဆန္ဒပြနေဆဲဖြစ်ပြီး တရားမျှတမှုကို တောင်းဆိုလျက် နိုင်ငံရေးသို့ ဦးတည်သွားခဲ့သည်။

အတိတ်၏ခြေရာ

၁၉၆၈ ခုနှစ်ကလည်း ဆန္ဒပြမှုများသည် ကျောင်းသားများ ပညာသင်ထောက်ပံ့ကြေး ကိစ္စနှင့် ပတ်သက်ခဲ့ပြီး ကျောင်းသားတစ်ဦး သေဆုံးမှုလည်း ဖြစ်ပွားခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ က အဆိုပါ ဆန္ဒပြမှုများသည် ထိုစဉ်က သမ္မတလီယိုပိုး ဆီဒါဆန်ဂေါကို ခေတ္တခြိမ်းခြောက်မှု ပြုနိုင်ခဲ့သည်။ ကျောင်းသားများသည် လမ်းများကို သိမ်းပိုက်ကာ ရဲတပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်ခဲ့ကြပြီး အကာအကွယ် အတားအဆီးများကိုလည်း ချထားခဲ့သည်။

ယင်းအချိန်သည် ကမ္ဘာတစ်လွှား၌ ဗီယက်နမ်စစ်ပွဲ၊ လူမျိုးရေးခွဲခြားမှု အစရှိသော အကြောင်းအရာများနှင့်ပတ်သက်၍ လူငယ်များ ဆန္ဒပြနေကြသည့်အချိန်ဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်၌ ပြင်သစ်တို့ထံမှ လွတ်လပ်ရေး ရယူချိန်ကတည်းက ရာထူးရယူထားသူ ဆန်ဂေါကို ဒက်ကာမှ ကျောင်းသားများက နယ်ချဲ့ဝါဒ လက်ပါးစေဟု စွပ်စွဲခဲ့ကြသည်။

၁၉၆၈ ခုနှစ် မေ ၂၇ ရက်၌ ကျောင်းသားများဆန္ဒပြမှု စတင်ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ တက္ကသိုလ်အတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး ကျောင်းသားတစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တရားဝင် မှတ်တမ်းများအရ သိရသည်။

ယင်းတို့သည် ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာ့အခြားနေရာများ၌ ထိုစဉ်က ဖြစ်ပေါ်ခဲ့သည့် လူငယ်တို့၏ ဆန္ဒပြမှုများနှင့်မတူဘဲ ဆီနီဂေါဆန္ဒပြမှုများသည် ဆီနီဂေါနိုင်ငံအတွင်းမှ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး မကျေနပ်ချက်များကြောင့်ဖြစ်ကြောင်း သမိုင်းပညာရှင်နှင့် ဝန်ကြီးဟောင်း အဗ္ဗဒူလာယီဘာသီလီက ပြောကြားခဲ့သည်။

အချိန်တိုသော်လည်း အမှတ်အသား ကျန်ရစ်ခဲ့

ယင်းနောက် မေ ၃၀ ရက်တွင် အလုပ်သမားများက သပိတ်မှောက်ရန် ကြေညာခဲ့ပြီး အချိန်အတိုင်းအတာတစ်ခုအထိ အစိုးရအဖွဲ့ ယိမ်းယိုင်သွားခဲ့သည်ဟု သမိုင်းပညာရှင် အိုမာဂူယီက ပြောကြားခဲ့သည်။ ထိုစဉ်က သမ္မတဆန်ဂေါသည် အဆိုပါဆန္ဒပြမှုကြီးကို ဥရောပတိုက် ကျောင်းသားဆန္ဒပြပွဲများမှ ပေါ်ထွက်လာသည့် ဆိုးရွားသောအရာ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခဲ့သည်။

သမ္မတဆန်ဂေါသည် စစ်တပ်နှင့် သြဇာကြီးမားသည့် မွတ်ဆလင်ဘာသာရေးခေါင်းဆောင်များ၏ ထောက်ခံမှုကို တောင်းဆိုခဲ့ရုံသာမက မြို့တော်ရှိ မဟာဗျူဟာမြောက်နေရာများတွင် ပြင်သစ်တပ်များကို ချထားစေခဲ့သော်လည်း မငြိမ်မသက်မှုကြီး ပိုမိုဆိုးရွားလာသောကြောင့် ဒက်ကာတက္ကသိုလ်ကို ပိတ်လိုက်ရပြီး နိုင်ငံခြားသားကျောင်းသားများကို နေရပ်ပြန်စေခဲ့သည်။

“အဲဒီတုန်းက လယ်သမားတွေကတော့ ဆန်ဂေါနဲ့ နိုင်ငံတော်ကို ကာကွယ်ဖို့ဆိုပြီး ရိုင်ဖယ်တွေ၊ လေးမြားတွေကိုင်ပြီး ရောက်လာကြတယ်” ဟု ပညာရှင်တစ်ဦးဖြစ်သော အီဘရာဟီမာဝိုနီက ပြန်ပြောပြသည်။

သို့သော် သုံးရက်အတွင်း ဆန္ဒပြမှုအရှိန် လျော့သွားပြီး နိုင်ငံခြားသားကျောင်းသားများလည်း ပြန်လည်ရောက်ရှိလာကာ ဒီဇင်ဘာလအတွင်း စာမေးပွဲများကို ကျင်းပခဲ့သည်။

အချိန်တိုတောင်းသည့် ၁၉၆၈ ခုနှစ် မေလက ဆီနီဂေါ မငြိမ်မသက်မှုကြီးသည် ဒီမိုကရေစီ ဖွံ့ဖြိုးမှုကို ဖြစ်စေခဲ့သည်ဟု ထိုအချိန်က နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို ဦးဆောင်ခဲ့သူ မူဘာယီဒိုင်းယက်က ပြောကြားခဲ့သည်။

၁၉၇၄ ခုနှစ်သို့ အရောက်တွင် တစ်ပါတီအာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သောနိုင်ငံသည် ပါတီစုံစနစ်ကို လက်ခံခဲ့ပြီး ဆန်ဂေါကို ၁၉၈၁ ခုနှစ်၌ ဆက်ခံသည့် သမ္မတအဗ္ဗဒူဂျု ပေါ်ထွက်လာခဲ့သည်။

“ရာစုနှစ်ထက်ဝက် ကြာပြီးတဲ့နောက်မှာ တက္ကသိုလ်လောကမှာ အလားတူပြဿနာတွေကို ဆန့်ကျင်ဖို့ ထပ်မံဖြစ်ပေါ်လာပြန်ပါတယ်” ဟု ဟစ်ဟော့အနုပညာသမားနှင့် သုတေသနပြုသူ ယူဆူဖာဆားက ဒက်ကာမြို့ ပြင်သစ်တက္ကသိုလ်၌ ပြုလုပ်သော ဖိုရမ်တစ်ခုတွင် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ပြောကြားခဲ့သည်။

“၆၈ ကျောင်းသားတွေက ဆန်ဂေါကို ဝေဖန်ခဲ့ကြတဲ့အတိုင်း အခုတော့ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက မက်ကီဆယ်လ်ကို အပြစ်တင်ကြပါတယ်” ဟု လည်း ယူဆူဖာဆားက ပြောကြားခဲ့သည်။

Most Read

Most Recent