<

ပြည်သူ့အတွက် စိတ်မ၀င်စားဘဲ မဟားတရား သုံးစွဲနေတယ်ဆိုတဲ့ ရန်ကုန်ဘတ်ဂျက် ဘာလဲ၊ ဘယ်လဲ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ပြုလုပ်နေသည်ကို မေ ၂၉ ရက်က တွေ့ရစဉ်

မူးယစ်ဆေးဝါးဖြန့်ချိမှု ကမ္ဘာ့ထိပ်တန်း မြန်မာနိုင်ငံကနေ တင်ပို့လိုက်တဲ့ မူးယစ်ဆေးတွေဟာ မလေးရှားနိုင်ငံမှာ ဖမ်းမိမှုဖြစ်စဉ်ဟာ ဒေါ်လာသန်းနဲ့ချီမိတိုင်း ပိုင်ရှင်မဲ့ဖြစ်တတ်တဲ့ မြန်မာနိုင်ငံအတွက် အရှက်ရစရာ ဖြစ်ခဲ့ပါတယ်။

ဒေါ်လာ ၁၈ သန်း တန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေအတွက် မလေးရှားရဲတပ်ဖွဲ့က မြန်မာလူမျိုး သုံးဦးနဲ့ မလေးရှားလူမျိုး သုံးဦးကို ဖမ်းဆီးထားနိုင်ပေမယ့် တင်ပို့တဲ့ မြန်မာနိုင်ငံဘက်မှာတော့ မူးယစ်ဆေးဝါးအမှုနဲ့ ပတ်သက်နေတဲ့ သံသယရှိသူဟာ မွတ်စလင်လူမျိုး၊ ပုဇွန်တောင်မှာနေတယ် ဆိုတာကလွဲရင် ဘာတစ်ခုမှ လုပ်မပြနိုင်သေးတာ အတွက်တော့ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စတဲ့တာဝန်ရှိ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေက မေးခွန်းထုတ်စရာ အခြေအနေပါ။

NLD အစိုးရဟာ ပြည်သူ့ဘဏ္ဍာကို ကိုယ်ပိုင်ငွေလို သုံးခဲ့တယ်လို့ USDP ဥက္ကဋ္ဌ ဦးသန်းဌေးက ဝေဖန်ကြောင်း မီဒီယာတွေမှာ ရေးသားဖော်ပြနေချိန်မှာ ၂၀၁၈ ဘဏ္ဍာ နှစ်တိုရဲ့ လိုငွေဟာ ကျပ်ဘီလျံ ၆၄၀ ကျော်ဖြစ်နေပြီး ဗဟိုဘဏ်က ချေးယူမယ်ဆိုတဲ့ အချိန်နဲ့ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူတွေ ရိုက်မယ်ဆိုချိန် တိုက်ဆိုင်နေတာမို့ လိုငွေကို ငွေစက္ကူအသစ်နဲ့ ဖြည့်ဆည်းမှာလား တွေးထင်စရာ ဖြစ်ခဲ့ပြန်ပါတယ်။

အသက်အကြီးဆုံး ၀န်ကြီးအဖြစ် မှတ်တမ်းဝင်သွားခဲ့တဲ့ စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီးသစ် ဦးစိုးဝင်းဟာ “ရက် ၁၀၀ အတွင်း မြန်မာ့စီးပွားရေး ဆွဲတင်မယ်”၊ “မြန်မာ့စီးပွားရေး ဂျက်ပါဝါနဲ့ ပြေးမယ်”၊ “လုပ်ငန်းရှင်ကြီးတွေ ပူးပေါင်းကူညီရင် မြန်မာ့စီးပွားရေး လည်ပတ်မှုအရှိန် ခြောက်လအတွင်း နှစ်ဆ၊ သုံးဆ တက်မယ်” ဆိုတာမျိုး မပြောပေမယ့် ဘဏ်လုပ်ငန်းမှာ ကျင်လည်ခဲ့တဲ့ ၀န်ကြီးအသစ်ဟာ ပုံစံခြားနားတဲ့ စီမံ/ဘဏ္ဍာတာဝန်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ တာဝန်ဆိုတဲ့ တာဝန်ကြီးကြီးတွေကို အသက်အရွယ်အရ စွမ်းဆောင်ပြနိုင် ပါ့မလားလို့ ယူဆစရာ အခြေအနေတွေလည်း ရှိနေပါတယ်။

စီမံ/ဘဏ္ဍာ၊ ဗဟိုဘဏ်၊ စီွးားကူးသန်း၊ MIC စတဲ့ အဖွဲ့အစည်း လေးခုပေါင်းပြီး မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ငွေကြေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒတွေ ပူးပေါင်းဆောင်ရွက်ရမယ့် အခြေအနေမှာ မြန်မာနိုင်ငံကတော့ ထူးခြားတဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု စွမ်းရည် မပြနိုင်ဘဲ တိုင်းပြည်စီးပွားရေး ကျဆင်းမှုကြောင့် ပြည်သူတွေ ပိုပိုကျပ်တည်းလာချိန်မှာ စာမျက်နှာထက်က မှန်းဆတိုးတက်မှုတွေနဲ့ တာဝန်ရှိသူတွေ ကျေနပ်နေတာကတော့ တိုင်းပြည်အတွက် ရင်လေးစရာပါ။

ဒီလို အခြေအနေတွေ ဖြစ်ခဲ့တဲ့ ဒီရက်သတ္တပတ်မှာ အထူးပြုတင်ပြချင်တာက လှုပ်လှုပ်ရွရွ အဝေဖန် ခံနေရတဲ့ မဟားတရား သုံးစွဲနေတယ် အပြောခံနေရပြီး ပြည်သူလူထုအတွက် စိတ်မ၀င်စားဘဲ သိန်း ၄၀ တန်ခုံကြီး ၀ယ်လိုက်မယ်၊ သိန်း ၁၀၀၀ တန် Ford ကားကြီး ၀ယ်စီးလိုက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြလာတဲ့ ဘတ်ဂျက်တွေအပေါ် လွှတ်တော် ကိုယ်စားလှယ်တွေက ဝေဖန်လာမှုအကြောင်း တင်ပြချင်ပါတယ်။

ပြည်သူ့ဘဏ္ဍာငွေ ဖြုန်းတီးတဲ့ သန်း ၁၀၀၀ ကျော်တန် လမ်းသစ်ဖောက်လုပ်မှု

ရန်ကုန်မြို့သစ်စီမံကိန်း၊ ခရီးသည်တင်ယာဉ်နဲ့ လယ်ယာမြေပြုပြင်ခြင်း လုပ်ငန်းတွေ အပါအ၀င် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရင်းနှီးမြှုပ်နှံထည့်ဝင်ထားတဲ့ ကျပ် ၁၄၁ ဘီလျံကျော်ကို အမှန်တကယ် ထိရောက် ဆောင်ရွက်ထားမှု ရှိမရှိ စာရင်းစစ်ချုပ်ရုံးက ဆွေးနွေးပေးဖို့ အဆိုကို ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မေ ၂၅ ရက်မှာ အဆိုတင်သွင်းပြီးချိန်မှာ ရန်ကုန်ဘတ်ဂျက် သုံးစွဲမှုတွေဟာ ဆက်တိုက် ဝေဖန်စရာ ဖြစ်လာခဲ့ပါတယ်။ နှစ်တိုင်းဝယ်ယူဖို့ ကြိုးစားနေတဲ့ ကားသစ်တွေ၊ အမှိုက်သိမ်းကားကို သိန်း ၁၀၀၀ ကျော်ပေးဝယ်ပြီး တိုင်းပြည်နစ်နာခဲ့ရတဲ့ ဖြစ်စဉ်မျိုးတွေကို ရန်ကုန်ပြည်သူလူထု အခွန်ထဲက ဘဏ္ဍာတွေနဲ့ ရင်စည်းခံနေရပါတယ်။

ကျပ်သန်း ၁၀၀၀ ကျော်ကုန်ကျမယ့် ကန်ပတ်လမ်းကနေ သိမ်ဖြူကွင်းအနီးကိုဖြတ်ပြီး လမ်းသစ်ဖောက်လုပ်ဖို့ လုပ်ဆောင်တာဟာ ပြည်သူ့ဘဏ္ဍာငွေကို ဖြုန်းတီးတာလို့ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက လွှတ်တော်မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

“တင်ပြချင်တဲ့ အချက်ကတော့ ကန်ပတ်လမ်း၊ သိမ်ဖြူလမ်းနဲ့ ဦးအောင်မြတ်လမ်းကြား၊ လမ်းသစ်တစ်ခု ဖော်ဆောင်ခြင်းအတွက် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၁၃၂၅

စာရင်းကို တွေ့ရှိရပါတယ်။ ယခုသွားနေတဲ့ ကန်ပတ်လမ်းအောက်ဘက် သိမ်ဖြူကွင်း အစပ်နားကနေပြီးတော့ နောက်ထပ်လမ်းတစ်လမ်း ဖောက်လုပ်ဖို့ ဖြစ်ပါတယ်။ ဒီနေရာက အဲဒီလို ဖောက်လုပ်ဖို့ မသင့်တဲ့နေရာ ဖြစ်ပါတယ်။ ဒီနေရာက သိမ်ဖြူအားကစားကွင်းနဲ့ ဆက်စပ်နေတဲ့နေရာ ဖြစ်ပါတယ်။ သိမ်ဖြူအားကစားကွင်းက ရောင်းစားခဲ့လို့ ကုန်သလောက် ဖြစ်နေပါပြီ။ အထပ်မြင့် ကွန်ဒိုကြီးဆောက်ဖို့ ပေးခဲ့တယ်။ အဲဒီတုန်းက ဆိုင်ခန်းတွေ ဆောက်လုပ်တယ်။ ဘောလုံးကွင်းနေရာကို ရောင်းစားခဲ့တယ်။ ဓာတ်ဆီဆိုင်ကိုနေရာ ပေးခဲ့တယ်။ လက်ဝှေ့အားကစားရုံဘေးမှာ အဆောက်အအုံတွေ ထပ်ဆောက်တယ်။ ပြည်သူတွေပိုင်တဲ့ အားကစားမြေတွေ ကုန်နေပါပြီ။ သုံးစွဲမယ့် ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်း ၁၃၂၅ ကို ဖြုန်းတီးရာ ရောက်နေပါပြီ။ အဲဒီငွေတွေကို အကျိုးရှိမယ့် အမှန်တကယ် လိုအပ်တဲ့နေရာမှာ သုံးသင့်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ပြည်သူအတွက် အကျိုးကျေးဇူးမရှိ ပျက်စီးမှုသာ ရှိလာမယ့် မလိုအပ်တဲ့နေရာမှာ ကျပ်သန်းပေါင်း ၁၃၀၀ ကျော်ကို လုံးဝသဘောမတူပါဘူး။ လမ်းဖောက်လုပ်မယ့် အစီအစဉ်ကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပြောကြားအပ်ပါတယ်” လို့ ဦးလှဌေးက ဆိုပါတယ်။

ဧည့်ခံကျွေးမွေးစရိတ် တစ်နှစ် ကျပ်သန်း ၁၀၀ လောက် ဖြတ်တောက်ပါ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ အခုနောက်ပိုင်း ဘတ်ဂျက်တောင်းခံမှုတွေက ခြိုးခြံချွေတာရမယ်ဆိုတဲ့ NLD အစိုးရ မူဝါဒတွေနဲ့ ကိုက်ညီမှုမရှိတဲ့ အခြေအနေပါ။ ပိုတင်ထားတဲ့ ဈေးနှုန်းတွေနဲ့ အသေးစိတ် ရှင်းပြမထားဘဲ အကျဉ်းချုပ် ဖော်ပြထားတယ်ဆိုတဲ့ ဘတ်ဂျက် တောင်းခံမှုတွေကြောင့် ဘတ်ဂျက်ရာသီတိုင်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဖြတ်တောက်သံ တညံညံပါ။

လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက “နှစ်စဉ်မှာလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဧည့်ခံကျွေးမွေးစရိတ်က သန်း ၄၀၊ လွှတ်တော်ရဲ့ ဧည့်ခံကျွေးမွေးစရိတ်က သန်း ၃၀ နဲ့ ထွေအုပ်၊ စည်ပင် အခြားဌာနတွေပေါင်းရင် သန်း ၁၀၀ လောက် ဧည့်ခံနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ထွေအုပ်ရုံးတွေမှာ အစည်းအဝေး တက်တဲ့အခါ တစ်ခါတလေမှာ ရေသန့်တောင် တိုက်တာ မရှိပါဘူး။ လွှတ်တော်မှာလည်း ၁၀၀ တန်ရေဘူးနဲ့ ကော်ဖီမစ်တွေပဲ ဧည့်ခံတာ တွေ့ရတာပါ။ အစိုးရအဖွဲ့ အစည်းအဝေးတွေမှာလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ရဲ့ ပါတီမှာ အစကတည်းက ညွှန်ကြားထားပါတယ်။ ကျွန်တော်တို့ သွားတဲ့နေရာတွေမှာ ရေပဲတိုက်ပါလို့ပြောတာ ရေတိုက်ရင်တောင် ကျေနပ်ပါတယ်။ ဒါကြောင့်မို့ ဧည့်ခံကျွေးမွေး စရိတ်တွေကို ပြန်လည်စိစစ် စေချင်ပါတယ်။ ဒါတွေဟာ လိုအပ်သလား။ မလိုအပ်ဘူးလား။ လူကြီးတွေလာလာ၊ လွှတ်တော်ကိုယ်စားလှယ်တွေသွား သွားရေလောက် ပဲသောက်ပြီး ပြန်တာပါ။ ချတဲ့ပစ္စည်းတွေက အလကားပိုလျှံနေတာ တွေ့ရပါတယ်” လို့ ဆိုပါတယ်။

Ford သိန်း ၁၀၀၀ တန်ကားနဲ့ သိန်း ၄၀ တန် စားပွဲခုံကြီး ၀ယ်ထိုင်ချင်တဲ့ ရောဂါ

ပြည်သူတွေအတွက် လမ်း၊ တံတား တည်ဆောက်ဖို့ စိတ်မ၀င်စားဘဲ မိမိဌာနအတွက် သိန်း ၄၀ တန် စားပွဲခုံ၊ သိန်း ၁၀၀၀ တန်ကား ၀ယ်မယ်ဆိုတဲ့ အတွေးတွေပဲ ရှိနေလို့ မိသားစုစိတ်ဓာတ်ထားပါလို့ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။

“ကျွန်မတို့နိုင်ငံက လက်ရှိမှာ ဆင်းရဲတယ်။ မိသားစုတစ်စုလိုပဲ စဉ်းစားမယ် ဆိုရင်တောင် မရှိသေးတဲ့ အချိန်မှာ အားလုံးခြိုးခြိုးခြံခြံသုံးတဲ့ ပုံစံမျိုး ဖြစ်စေချင်တယ်။ သူတို့ဘာသာသူ ရှိတာမရှိတာ စိတ်မ၀င်စားဘူး။ ပြည်သူအတွက် လမ်းတွေ၊ တံတားတွေခင်းတာ စိတ်မ၀င်စားဘူး။ ငါတို့ဌာနအတွက် ရသင့်တာ ဆုံလည်စားပွဲကြီး သုံးလိုက်မှာပဲ။ သိန်း ၄၀ တန်စားပွဲကြီး ၀ယ်လိုက်မှာပဲ။ Ford ကားကို သိန်း ၁၀၀၀ နဲ့ ၀ယ်သုံးလိုက်မှာဆိုတဲ့ အတွေးမျိုးတွေကို မိသားစုစိတ်ဓာတ်လေးနဲ့ဖြစ်ဖြစ် နည်းနည်းစဉ်းစားပြီးတော့ မျှမျှတတလေး သုံးစေချင်တယ်” လို့ ဒေါ်ကြည်ပြာက ဆိုပါတယ်။

ဒါ့အပြင် တစ်စီးကို သိန်း ၁၀၀၀ အထိ တောင်းခံထားတဲ့ Ford ကားတွေဟာ ပျှမ်းမျှဈေးနှုန်းမှာ ကျပ်သိန်း ၈၅၀ ကနေ ၉၀၀ အကြားမှာ ရနိုင်လို့ ချင့်ချိန်ဖို့ ပုဇွန်တောင်မြို့ နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ဆိုပါတယ်။

ဒါ့အပြင်လည်း ကန်တော်ကြီး ရေကူးတံတား ဘတ်ဂျက်သုံးစွဲမှုနဲ့ ပတ်သက်ပြီး အရင်နှစ်က ကျပ်ငွေ သန်း ၅၄၄၀ ထုတ်ယူသုံးစွဲ ခဲ့ပါတယ်။ ဘယ်လို သုံးစွဲခဲ့တယ် ဆိုတာတော့ မသိရှိရသလို  အခုဘတ်ဂျက်မှာလည်း ပေ ၂၀၀၀ အတွက် ကျပ်သန်းပေါင်း ၁၀၀၀ သုံးစွဲနေပြီး ပေ ၁၀၀၀ ကို ကျပ်သန်းပေါင်း ၅၀၀ သုံးစွဲနေပါတယ်။ ဒီတံတားဟာ ပေအရှည် ၆၉၆၅ ရှိလို့ ကျပ်သန်းပေါင်း ၃၅၀၀ ကိုသုံးစွဲနေတာဖြစ်ပြီး ဒီတံတားအတွက် နိုင်ငံတော်ဘဏ္ဍာငွေကို အခုလိုသုံးစွဲဖို့ လိုအပ်မှု ရှိမရှိနဲ့ ဘယ်လိုထူးခြားချက်တွေ ပါဝင်နေတယ် ဆိုတာကို ပြည်သူနဲ့ လွှတ်တော်ကို ရှင်းလင်းတင်ပြဖို့ ဦးလှဌေးက ဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဘတ်ဂျက်သုံးစွဲပုံတွေ စိစစ်ခိုင်းနေတဲ့ ကာလတွေမှာ ဘတ်ဂျက်တွေ ပိုတောင်းခံထားတဲ့ ပြဿနာကို လွှတ်တော်က နှစ်စဉ်ရင်ဆိုင်နေရတာဟာ စိတ်ပျက်စရာပါ။ အောက်ကဌာနတွေ တောင်းခံလာရင် တောင်းလာတဲ့အတိုင်း စစ်ဆေးနိုင်မှုမရှိဘဲ လွှတ်တော်ကို တင်ပြနေတာတွေက တိုင်းဒေသကြီး အစိုးရတစ်ရပ်အတွက် ရုပ်ပျက်ပါတယ်။ ဒီလို ပိုတောင်းထားတဲ့ ပြည်သူ့ဘဏ္ဍာတွေကို ဆီးသီးဗန်း မှောက်နေသလားဆိုတာ ပြည်သူတွေ သိလိုနေတဲ့ မေးခွန်းပါ။

ဒီလို အခြေအနေတွေက ပြည်သူတွေကြားမှာ ပျံ့နှံ့နေတာတွေပဲ ရှိနေပြီး ရန်ကုန်ဘတ်ဂျက်နဲ့ ပတ်သက်လို့ ဝေဖန်ခံရမှုတွေများစွာ ရှိနေပါသေးတယ်။ ဒီလို မလိုအပ်ဘဲ သုံးစွဲနေတာတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ တင်ပြတာတွေကိုကျတော့ ငွေမလောက်လို့ မလုပ်၊ ဌာနလိုအပ်ချက် ဖြည့်ဆည်းဖို့ ငွေတွေ ဗုံးပေါလအော သုံးထားတာတွေကို တွေ့နေရတာတွေဟာ မဟားတရား သုံးစွဲနေတာလို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဆွေးနွေးခဲ့ပါတယ်။

ပြည်သူ့ဘဏ္ဍာတွေကို မဟားတရား သုံးနေသလား၊ ဆီးသီးဗန်း မှောက်နေသလားဆိုတဲ့ ပြည်သူ့သံသယတွေအတွက် တာဝန်အရှိဆုံး ဖြေရှင်းရမှာကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဖြစ်ပြီး ဒီလိုဝေဖန်မှုတွေကို မမှန်ကန်ကြောင်း သက်သေအမြန်ဆုံး ပြနိုင်ပါစေလို့ တောင်းဆိုချင်ပါတယ်။

 

June 3, 2018














Copy Protected by Chetan's WP-Copyprotect.