မေတ္တာဖျန်းမှ လန်းဆန်းမယ်

မေတ္တာဖျန်းမှ လန်းဆန်းမယ်
Published 2 June 2018

A Perfect World ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခု

အမေနဲ့ မနက်စောစောမှာ လမ်းလျှောက်ရင်း သောက်နေကျ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ကြတယ်။ ဆိုင်ကကလေးကို စားစရာမှာရင်း ကြည့်မိတော့ သူ့မျက်နှာမှာ ပါးတစ်ဖက်  ရောင်နေပါတယ်။“နင် ဘာဖြစ်တာလဲ”ဆိုတော့ သွားကိုက်လို့တဲ့။ ရွယ်တူကလေးတစ် ယောက်က အနားက ဖြတ်သွားရင်းနဲ့ “သူ ပန်းကန်ကျကွဲလို့  အတီးခံရတာ”လို့ မကြားတကြား ပြောသွားလေရဲ့။

ဒီကလေးညီအစ်ကိုက ကျွန်မ လက်ဖက်ရည်သောက်တိုင်း ဆုံနေကျမို့ သူတို့အကြောင်းကို သိထားပါတယ်။ အညာကျေးလက်က ညီအစ်ကိုနှစ်ယောက်ကို သုံးလေးတန်းလောက်မှာ ကျောင်းထုတ်ပြီးတော့ ဆွေမျိုးနီးစပ်ရာ လက်ဖက်ရည်ဆိုင်မှာ ကူလုပ်ဖို့ ထည့်ထားကြ တာပါပဲ။ သူတို့အောက်မှာလည်း မွေးထားတဲ့ ကလေးအငယ်တွေ ရှိသေးတယ်တဲ့။ “အဖေ က ဘာလုပ်လဲ” ဆိုတော့ “ကျပန်းလုပ်တယ်” တဲ့။ ကြုံရာအလုပ်လုပ်တာကို ပြောတာပါပဲ။ အရက်ရော သောက်လားဆိုတော့ “ညနေတိုင်းပဲ”ဆိုလို့ ရယ်မိပါသေးတယ်။

“ပါးရောင်နေတာ ဆေးခန်းမပြဘူးလား”ဆိုတော့ “ပိုက်ဆံမရှိဘူး”တဲ့။ “အမေက တစ် နှစ်စာအတွက် နှစ်သိန်းထုတ်ယူသွားပြီ”တဲ့။ ညီအစ်ကိုနှစ်ယောက်အတွက် တစ်နှစ်လုံး လစာနှစ်သိန်းဆိုတော့ အလုပ်ရှင်ကတော့  တန်တာပေါ့လေ။ လူကျချိန်မို့ ကြာကြာ စကား  ပြောလို့လည်း မရတော့ နေ့ခင်းမှ ဆေးယူလာပြီး ပေးတော့မယ်လို့ စိတ်ကူးမိပါတယ်။ ဒါတောင် စကားပြောနေလို့ ဆိုင်ရှင်က ကွက်ကြည့် ကွက်ကြည့် လုပ်နေသေးတယ်။

အိမ်ပြန်ရောက်တော့လည်း နံနက်ချိန်ခါတေးသံသာနဲ့ ကြုံရပါပြီ။ အိမ်က တူအငယ်လေးကို ကျောင်းသွားဖို့ သူ့အမေက နှိုးတဲ့ အသံနဲ့ ငိုယိုဂျီကျနေတဲ့ ကလေးအသံတွေပါပဲ။ နွေရာသီကျောင်းပိတ်ရက်မှာ လမ်းထဲက ကလေးတွေနဲ့ ဆော့ကြ ကစားကြ အတူတူ ပျော်နေရာကနေ သူတစ်ယောက်တည်း မေလမှာ ကျောင်းတက်ဖို့ ပြင်ရပါတယ်။ တူလေးက အစိုးရကျောင်းမှာ တက်တာမဟုတ်ပါဘူး။ အပြင်က ကျောင်းမှာတက်တော့ အမြဲတမ်း မေလမှာ အစိုးရကျောင်းတွေထက် စောပြီး တက်ကြရပါတယ်။ သူငယ်ချင်းတွေနဲ့ ခွဲပြီး ကျောင်းတက်ရတဲ့ မနက်ကတည်းက နည်းမျိုးစုံနဲ့အချိန်ဆွဲ ငိုယိုအော်ဟစ်တော့တာပါပဲ၊။ တစ်ခါတစ်လေတော့ လူကုန် ဝိုင်းချော့လိုက်ရင် ငြိမ်သွားပါတယ်။ ဒီနေ့တော့ ချော့ရုံနဲ့ရမယ့်ပုံ မပေါ်ပါဘူး။ အိမ်မှာလည်း မနက်ဆိုရင် အလုပ်သွားဖို့ ပြင်ကြဆင်ကြနဲ့ ဆိုတော့ အချိန်ပေးပြီး ချော့မနေနိုင်ကြတော့ပါဘူး။ မကြာပါဘူး၊ သူ့အမေက ဈေးက ဝယ်ထားတဲ့ ကြိမ်ပင် နှစ်ပင်လိမ်ကို လက်က ကိုင်ထားပါပြီ။ ရိုက်သံ ငိုသံ ယိုသံတွေနဲ့ အဆုံးသတ်ပြီး ကျောင်းသွားရပါတော့မယ်။

တူအကြီးကောင်ကတော့ ကိုးတန်းတက်နေတော့ ကျောင်းသွားရင် ပြဿနာမရှိပါဘူး။ သူကလည်း အပြင်ကျောင်းမှာမို့ နံနက် ၇ နာရီခွဲဆိုရင် ကျောင်းသွားပါပြီ။ စာကို ပိုနားလည်စေဖို့ အချိန်ပို တက်လို့ရတယ်ဆိုတော့ ညနေကျောင်းဆင်းချိန် ၃ နာရီခွဲကို ပြန်မလာရဘဲ ည ၇ နာရီခွဲမှ ပြန်ရောက်ပါတယ်။ ပြန်ရောက်ရောက်ချင်း ထမင်းကပျာကသီစားပြီး ဖုန်းတစ်လှည့် ဂိမ်းတစ်လှည့်ကြည့်လိုက်တာ  ည ၁၀ နာရီလောက်အထိပါပဲ။ စာကြည့်စေချင်တဲ့ အမေနဲ့ စကားများကြရပါပြီ။ဖုန်းသိမ်းရင်း စကားတွေ များကြ ဆူကြနဲ့ တစ်နေ့ကုန် ပြန်ပါတယ်။ ကလေးကလည်း စာတွေအကုန်ရပြီးသား အချိန်ပိုမှာ အကုန်လုပ်ခဲ့ပြီးသား ဆိုပြီးတော့ စာကို မကြည့်ဖြစ်ကြတော့ဘူး။

ဒီနေ့ခေတ်မှာ ကလေးတွေအတွက် ဆော့ဖို့ ကစားဖို့  အချိန်ပိုဆိုတာ မရှိသလောက် ရှားပါးနေသလိုပါပဲ။ မနက်အိပ်ရာထပြီး ကျောင်းသွားမယ် ညနေကျောင်းပြန်လာရင် အိမ်မှာ ကျူရှင်ဆရာမက စာသင်ဖို့  စောင့်နေမယ်။ ကျူရှင်ချိန်ပြီးရင် စာကူကျက်ပေးမယ့် ဂိုက်ဆရာက အဆင်သင့် စောင့်နေပါတယ်။ ကျောင်းမှာ နားမလည်တဲ့စာကို ပြန်ရှင်းပြပေးပြီး စာကို ကူညီကျက်ပေး ပြန်ဆိုပေးမယ့် အလုပ်ကို ကျောင်းသားနဲ့အတူ လုပ်ပေးသူမို့ အရေးကြီးပါတယ်။ မိဘတွေမှာလည်း ကျောင်းစရိတ်က တစ်မျိုး ကျူရှင်စရိတ်ကတစ်ဖုံ ဂိုက်ကြေးက တစ်ခါ ပေးရတာမို့ ကုန်ကျစရိတ်တွေအတွက် အလုပ်ကို ပိုပြီး လုပ်ကြရတော့တာပါပဲ။ စိတ်ဖိစီးမှုတွေလည်း များလာကြတော့ နည်းနည်းကလေး ကသိကအောက် ဖြစ်ရင်ကို စိတ်မထိန်းနိုင်ဘဲ အော်ကြဟစ်ကြတော့တာပါပဲ။

ကလေးတွေကို ဆူရင် ရိုက်ရင် ဆုံးမလေ့ရှိတဲ့ ဇာတ်ကောင် ထောင်ပြေးတစ်ယောက်ရဲ့ ဇာတ်ကားလေးကို အရင်အနှစ်၂၀ လောက်က ကြည့်မိခဲ့ပါတယ်။ ဒါရိုက်တာက မင်းသားကြီး ကလင့်အိစ်ဝုဒ် ဖြစ်ပြီး သူကိုယ်တိုင်နဲ့အတူ မင်းသားကြီး ကယ်ဗင်ကော်စနာက အတူ ပါဝင်ထားတဲ့  A Perfect World ဆိုတဲ့ ကားလေးပါပဲ။ မိခင်ကိုစော်ကားသူကို သတ်မိလို့ ထောင်ကျနေတဲ့ ကေဗင်ကော်စနာဟာ အဖော်နဲ့အတူ ထောင်ဖောက်ပြီး ရဲဆီက သေနတ်နဲ့ ကားကို လုယူရင်း ထွက်ပြေးကြပါတယ်။ လမ်းမှာ ကား ခဏရပ်နေတုန်း အဖော်ဓားပြထောင်သားဟာ နီးရာအိမ်မှာ သေနတ်ပြပြီး ထမင်းစားရင်းနဲ့ အိမ်ရှင်မိန်းမကို ဆွဲလွဲအကြမ်းဖက်ပါတယ်။ နိုးလာတဲ့ ကလေး ဖိလစ်ကိုလည်း ထိုးကြိတ်လိုက်တော့ ဘတ်ချ် ( ကေဗင်ကော်စနာ)ဟာ သူ့အဖော်ကို ဟန့်တားပါတယ်။ ဆူညံသံတွေကြောင့် အိမ်နီးချင်းတွေပါ ဝိုင်းလာကြတော့ မနေသာတော့ပဲ ဘတ်ချ်ဟာ အနားမှာရှိတဲ့ ဖိလစ်ကိုဆွဲပြီး ကားပေါ်တက် ထွက်ပြေးကြပါတယ်။

ဒီအချိန်မှာ မြို့တော်ဝန်ကလည်း ရွေးကောက်ပွဲ နီးနေတော့ ထောင်ပြေးနှစ်ယောက်မိဖို့ အစွမ်းကုန် အင်အားသုံးပါတော့တယ်။ ပြစ်မှုဗေဒပညာရှင်ရော အက်ဖ်ဘီအိုင်က လူတွေပါမကျန် တစ်အုပ်တစ်မကြီး လိုက်ကြပါတယ်။ ပြည်နယ်ရဲမှူးရတ် (ကလင့်အိစ်ဝုဒ်) က ခေါင်းဆောင်ပြီး ရှာကြပါတယ်။

လမ်းမှာ ဘတ်ချ်က ဈေးဆင်းဝယ်နေတုန်းမှာ ဖိလစ်ကို သေနတ်ပေးပြီး အဖော်ထောင်သားကို စောင့်ကြည့်ခိုင်းထားပါတယ်။ သေနတ်ထဲမှာ ကျည်ဆန်မရှိမှန်းမသိဘဲ လုယူပြီး ဖိလစ်ကို ထိုးကြိတ်တော့ ကလေးက ထွက်ပြေးပါတယ်။ ကလေးကို သတ်တော့မယ့် အချိန်မှာ ဘတ်ချ် ရောက်လာပြီး ထုတ်ထားတဲ့ ကျည်ဆန်ပြန်ထည့်ကာ အဖော်ထောင်ပြေးကို သတ်လိုက်ပါတယ်။

နောက်ထပ်စတိုးဆိုင်တစ်ဆိုင်မှာ ဖိလစ်အတွက် အင်္ကျီဝယ်ရင်းနဲ့ ဟော်လိုဝင်းပွဲမှာ ဝတ်တဲ့ ကက်စ်ပါဝတ်စုံကို ဖိလစ်က ခိုးယူခဲ့ပါ တယ်။ ဘာကြောင့် ခိုးရသလဲမေးတဲ့အခါ ဖိလစ်မှာ အဖေ မရှိလို့ အမေက ပင်ပန်းဆင်း ရဲမှုကြောင့် ဟော်လိုဝင်းပွဲမှာ ဝတ်စုံဝတ်ပြီး တခြား ကလေးတွေလို မပျော်ရကြောင်း သိလိုက်ရပါတယ်။ ဘတ်ချ်ဟာ ဖိလစ်ကို ကက်စ် ပါဝတ်စုံနဲ့ အိမ်တံခါးခေါက်ပြီး ကစားမလား နားမလား  Trick or Treat  ပြောခိုင်းပါတယ်။ မနေ့က ဟော်လိုဝင်းပွဲ ပြီးသွားပြီလို့ ဖြေသူတွေ ကို ဘတ်ချ်က သေနတ်ပြပါတယ်။ ဒီလိုနဲ့ ဖိလစ်ဟာ သကြားလုံးတွေ မုန့်တွေ အများကြီး ရခဲ့ပါတယ်။

ညဘက် ပြောင်းခင်းထဲမှာ ကားရပ်ပြီး အိပ်နေတုန်း ပြောင်းခင်းစောင့်က အိမ်ထဲခေါ်တာနဲ့ ဝင်နားကြပါတယ်။အိမ်ရှင်ရဲ့ မြေးကလေးနဲ့ ခင်မင်သွားပြီး အတူဆော့ကစားနေချိန်မှာ ရေဒီယိုက ထောင်ပြေးသတင်း ကြေငြာသံ ကြားလိုက်ကြရပါတယ်။ အမှန်သိသွားတဲ့ ပြောင်းခင်းစောင့်ဟာ ဘတ်ချ်နဲ့ အတူဆော့နေတဲ့ သူ့ကလေးကို လှမ်းခေါ်ပါတယ်။ ကလေးက အဆော့ရပ်ပြီး မလာချင်သလို လုပ်နေတော့ ခေါ်တာ မလာရကောင်း လားဆိုပြီး နားရင်း သုံးချက် အုပ်လိုက်ပါတယ်။ ဘတ်ချ်ဟာ ကလေးကို ရိုက်တဲ့ ပြောင်းခင်းစောင့်ကို ထိုးကြိတ်ပြီး ကြိုးချည်ထားလိုက်ပါတယ်။ အရိုက်ခံရတဲ့ ကလေးဆီကို တောင်းပန်ခိုင်းပါတယ်။ ရဲကို အကြောင်းကြားတော့မှာမို့ အိမ်သား သုံးယောက်လုံးကို ပါးစပ်ပိတ် ကြိုးတုပ်ပါတယ်။ ဘေးက ကြည့်နေတဲ့ ဖိလစ် ရဲ့ စိတ်ထဲမှာ သူငယ်ချင်းကို ဘတ်ချ်က သတ် ပစ်တော့မယ်လို့ ထင်သွားပါတော့တယ်။ ချထားတဲ့ သေနတ်ကို ကောက်ယူပြီး ဘတ်ချ်ကို ပစ်လိုက်ပါတယ်။ သေနတ်မှန်လို့ ဘတ်ချ် လဲကျသွားတော့ အိမ်ပြင်ကို ထွက်ပြေးသွားပါတော့တယ်။

ကျည်ဆန်ဟာ ဗိုက်ကို မှန်တာမို့ ဘတ်ချ်ဟာ ချက်ချင်း မသေခဲ့ပါဘူး။ ကြိုးဖြေဖို့ ဓားတစ်ချောင်းထားခဲ့ပြီး ဖိလစ်နောက်ကို လိုက်သွားခဲ့ပါတယ်။ ဖိလစ်ဟာ မြက်ခင်းပြင်ကြီး အလယ်က သစ်ပင်ပေါ်မှာ ကြောက်ကြောက် နဲ့ ပုန်းနေပါတယ်။ ဘတ်ချ်ဟာ ပြောင်းခင်း စောင့် မိသားစုကို သတ်ဖို့ မကြံစည်ကြောင်း ရှင်းပြပါတယ်။ ဖိလစ်ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို ရေးခိုင်းထားတဲ့ နုတ်စာအုပ်သေးလေးကိုလည်း ဖတ်ပြခိုင်းပါတယ်။

သတင်းရလို့ လိုက်လာတဲ့ ရဲမှူးရတ်ဟာ အားလုံးကို စောင့်ကြည့်ခိုင်းထားပါတယ်။ မကြာခင်မှာပဲ ဖိလစ်ရဲ့ အမေလည်း ရောက်လာပါတယ်။ မိခင်ရဲ့ အသံကြားတော့ ဖိလစ်က အမေကို သတိရသွားပါတယ်။ ဖိလစ်ကို ပိုက်ဆံတွေ ပေးပြီး အမေ့ဆီ သွားခိုင်းပေမယ့် လမ်းတစ်ဝက်မှာ ဒဏ်ရာကြောင့် လဲနေတဲ့ ဘတ်ချ်ဆီ ပြန်လှည့်သွားပါတယ်။ ရဲမှူးရတ်ဟာ သူကိုယ်တိုင် စကားပြောဖို့ သေနတ်ကို ပေးခဲ့ပြီး ဘတ်ချ်နဲ့ ဖိလစ်ဆီလာခဲ့ပါတယ်။ သူ့ အမိန့်မရဘဲ မပစ်ဖို့လည်း မှာခဲ့ပါတယ်။

သေနတ်ဒဏ်ရာကြောင့် အရမ်းအား နည်းနေတဲ့ ဘတ်ချ်ဟာ ဖိလစ် ဖြစ်ချင်တဲ့ ဆန္ဒ တွေကို ဖြည့်ဆည်းပေးဖို့ တစ်ခုချင်း ပြောပြရင်း ကတိတောင်းပါတယ်။

ရဲမှူးကလည်း ဖိလစ်လေးရဲ့ အမေ သိအောင် ပြောပြပါတယ်။ အချက်အလက်တွေ  မှတ်ထားတဲ့  စာအုပ်ကို ပေးဖို့  ဘောင်းဘီအိတ် ထဲကနေ ဆွဲထုတ်လိုက်ချိန်မှာပဲ စောင့်ကြည့် နေတဲ့ လက်ဖြောင့်သေနတ်သမားဟာ သေနတ်ထုတ်တယ်အထင်နဲ့ ဘတ်ချ်ကို ပစ်လိုက် ပါတယ်။ ကျည်ဆန်ဟာ ရင်ညွန့်ကို မှန်ပြီး ဘတ်ချ် လဲကျသွားချိန်မှာ ဖိလစ်ရဲ့အမေက ဖိလစ်ကို ပွေ့ချီသွားခဲ့ပါတယ်။ ဖိလစ်ဟာ ဘတ်ခ်ျကို ဆွဲထူပေမယ့် မထနိုင်တော့တဲ့ အခါ လက်ထဲက စာအုပ်လေးကို ဆွဲယူပြီး အမေနဲ့ လိုက်ပါသွားခဲ့ပါတယ်။

တစ်မျှော်တစ်ခေါ် မြက်ခင်းစိမ်းကြီးရယ်၊ ကလေးမှင်စာ ကက်စ်ပါ မျက်နှာဖုံးလေးရယ်၊ ပြန့်ကျဲကျန်နေခဲ့တဲ့ ငွေစက္ကူတွေရယ်၊ မနိုးသော အိပ်ခြင်းနဲ့ အိပ်နေတဲ့ ဘတ်ချ်ရယ် အားလုံးဟာ ပန်းချီကားတစ်ချပ်လို မှုန်ဝါးပြီးကျန် နေခဲ့ပါတယ်။

ဘတ်ချ်အဖို့တော့ ဘဝမှာ ဖိလစ်နဲ့ တွေ့ပြီး ဖိလစ်ရဲ့ ဆန္ဒတွေ ဖြည့်ဆည်းပေးလိုက်ရတာကိုက သူ့အတွက် ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခု ရလိုက်တာပါပဲ။

ကမ္ဘာပေါ်မှာရှိတဲ့ ကလေးသူငယ် အားလုံးကို မေတ္တာတရား အပြည့်အဝနဲ့ချစ်ခင်စွာ ဆက်ဆံပေါင်းသင်းနိုင်ကြပါစေ။

Most Read

Most Recent