ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ထရန့်က ကင်ဂျုံအွန်ထံမှ ပို့လိုက်သည့်စာတစ်စောင်ကို လက်ခံရရှိမည်

ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ထရန့်က ကင်ဂျုံအွန်ထံမှ ပို့လိုက်သည့်စာတစ်စောင်ကို လက်ခံရရှိမည်
Published 2 June 2018

ဇွန် ၁ ရက်က ပန်မန်ဂျွန်ရွာတောင်ဘက်ရှိ Peace House တွင် ကိုရီးယားနှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များက နှုတ်ဆက်နေကြစဉ် (Photo – AP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဇွန် ၁ ရက်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ထံမှပေးသည့် စာတစ်စောင်ကို လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။ သမိုင်းဝင် နျူကလီးယားထိပ်သီး ဆွေးနွေးပွဲအတွက် ပြင်ဆင်မှုများစိပ်လာပြီး မျှော်လင့်စောင့်စားမှုများစွာ ဖြစ်ပေါ်နေသည့် လက်ရှိအချိန်တွင် အဆိုပါစာကို ထရန့်က လက်ခံရရှိမည် ဖြစ်သည်။

ကင်ဂျုံအွန်၏ ညာလက်ရုံးဖြစ်သော ကင်ယုံချိုသည် နယူးယောက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် တစ်ရက်၌ မြို့တော်ဝါရှင်တန်သို့ သွားရောက်မည်ဖြစ်သည်။ ပွန်ပီယို၏ ပြောကြားချက်အရ ၎င်းနှင့် ကင်ယုံချိုကြားမှ ဆွေးနွေးမှုသည် ဇွန် ၁၂ ရက်၌ ကျင်းပရန် စီစဉ်ထားသော ထိပ်သီးဆွေးနွေးပွဲအတွက် စစ်မှန်သည့် တိုး တက်မှုများရှိခဲ့သည်ဟု သိရသည်။ တစ်ဖက်တွင်လည်း မြောက်ကိုရီးယားခေါင်းဆောင်က ၎င်း၏ အထီးကျန် နိုင်ငံတွင် နျူကလီးယား ဖျက်သိမ်းမည်ဟု ထပ်မံကတိပြုပေးခဲ့သည်။

မကြာသေးမီဖြစ်ပွားခဲ့သည့် ကာလတို သံတမန်ရေး ပဋိပက္ခပြီးနောက်ပိုင်းနှစ်ဖက် နိုင်ငံမှ သံတမန်များသည် စေ့စပ်ဆွေးနွေးမှုများကို အပြင်းအထန် ပြုလုပ်နေကြပြီး ပွန်ပီယိုနှင့် ကင်ယုံချိုတို့က မေ ၃၁ ရက်တွင် နယူးယောက်၌တွေ့ဆုံခဲ့မှုမှာ အထွတ်အထိပ် ဖြစ်ခဲ့သည်။

သို့သော် လက်ရှိအချိန်အထိ မြောက်ကိုရီးယားဘက်မှ နျူကလီးယားဖျက်သိမ်းရေးနှင့် ပတ်သက်သည့်အမြင်မှာ မည်သို့ရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် ကင်သည် (တရုတ်၏အကြံဉာဏ် သေချာပေါက်ပါဝင်) တောင်ကိုရီးယားတွင် ချထားသော အမေရိကန်စစ်အင်အားကို လျှော့ချရန်၊ ဂျပန်နှင့် သဘောတူညီချက်ချုပ်ဆိုရေးအတွက် အာမခံမှုများကို လျှော့ချရန် တောင်းဆိုလိမ့်မည်ဟု လေ့လာသူအများအပြားက မျှော်မှန်းထားကြသည်။

ပွန်ပီယိုကမူ အခြေအနေများသည် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရွေ့နေသည်ဟု ပြောကြားခဲ့သည်။ “ကမ္ဘာကြီးအတွက် လမ်းကြောင်းပြောင်းလဲသွားဖို့ တစ်သက်မှာတစ် ခါရတဲ့ ဒီလိုအခွင့်အရေးမျိုးကို ကျွန်တော်တို့ဘက်က ဖမ်းဆုပ်နိုင်ခဲ့မယ်ဆိုရင် ဥက္ကဋ္ဌ ကင်ဂျုံအွန့်ရဲ့ ရဲရင့်တဲ့ခေါင်းဆောင်မှုကို သိသာထင်ရှားစေမှာ ဖြစ်ပါတယ်” ဟု ပွန်ပီယိုက ပြောကြားခဲ့သည်။

ကင်ယုံချိုမှာမူ ၁၈ နှစ်တာကာလအတွင်း အမေရိကန်ပြည်ထောင်စုသို့သွားသော ရာထူးအမြင့်ဆုံး မြောက်ကိုရီးယား  အစိုးရအရာရှိတစ်ဦး ဖြစ်လာခဲ့သည်။ ကင်ယုံချိုသည် ၎င်း၏ လူငယ်ခေါင်းဆောင်ထံမှ စာကို ထရန့်ထံသို့ပို့ရန် ဝါရှင်တန်သို့ သွားလိမ့်မည်ဟု ခန့်မှန်းထားသည်။ ထရန့်ကလည်း ထိုစာကိုဖတ်ရန် မျှော်လင့်နေသည့်အကြောင်း အစောပိုင်းက ပြောကြားထားသေးသည်။

ထိုစဉ် မြောက်ကိုရီးယားတွင် ကင်ဂျုံအွန်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်နှင့် တွေ့ဆုံခဲ့သေးသည်။ ထိုတွေ့ဆုံမှုအတွင်း လက်ရော့ဗ်က မျှော်လင့်ချက်များ ကြီးကြီးမားမားမထားရန် သတိပေးပြီး အရာအားလုံးကို တောင်းဆိုရေးအတွက် မက်လုံးများ မပေးကြရန်လည်း ဘက်ပေါင်းစုံကို တိုက်တွန်းခဲ့သည်။

Ref ; AFP

Most Read

Most Recent