ပန်းချီဦးလွန်းကြွယ်၏ ဆရာ

ပန်းချီဦးလွန်းကြွယ်၏ ဆရာ
Published 31 May 2018

ပန်းချီလက်ရာနှင့်အတူတွေ့ရသော ဆရာကြီးဦးသိန်းဟန်

အသက် ၈၈ နှစ်အရွယ်ရှိ ပန်းချီဦးလွန်းကြွယ်သည် မြန်မာနိုင်ငံ၏ သက်တော်ရှည် ပန်းချီဆရာကြီးတစ်ဦးဖြစ်သည်။ ယခု ဦးလွန်းကြွယ်က သူ၏ဆရာဖြစ်သူ ပန်းချီဆရာကြီး ဦးသိန်းဟန် အမှတ်တရ ပန်းချီပြပွဲကို မေ ၂၆ မှ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် ဆရာကြီးဦးသိန်းဟန်၏ ပန်းချီကားများကို ပြသသွားမည်ဖြစ်ပြီး ဆရာကြီးဦးသိန်းဟန်၏ ကျန်ရစ်သူမိသားစုကိုလည်း လွန်းမိသားစုမှ ကျပ်သိန်း ၁၀၀ လှူဒါန်းသွားမည်ဟု ဖတ်ရှုရသည်။ ပန်းချီပြပွဲအမည်မှာ ဆရာနှင့်တပည့် အထူးပန်းချီပြပွဲ။ ၂၀၀၅ ခုနှစ်တွင်လည်း ဆရာနှင့်တပည့်အမည်ရှိ ပန်းချီစာအုပ်ဖြင့် ဆရာဖြစ်သူကို ပူဇော်ပြီး ဖြစ်သည်။ ယခု ၁၃ နှစ်ကြာသော်လည်း ဆရာဖြစ်သူ၏ ကျေးဇူးတရားကို အောက်မေ့သတိရလျက် ဆရာနှင့်တပည့် အထူးပန်းချီပြပွဲဖြင့် ကျေးဇူးဆပ်ဦးမည်ဖြစ်သည်။ ပန်းချီဦးလွန်း ကြွယ်အပေါ်တွင်သာမက မြန်မာပန်းချီလောက အပေါ်တွင်ပါ ကျေးဇူးပြုခဲ့သော ပန်းချီဆရာကြီး၏ ဘဝဖြစ်စဉ်ကို အောက်တွင် စုစည်း တင်ပြလိုက်ရပေသည်။

ပန်းချီဆရာကြီး ဦးဘဉာဏ်လက်ထွက် ထင်ရှားကျော်ကြားသော မြန်မာ့ပန်းချီကျော်များတွင် ဆရာကြီးဦးသိန်းဟန်သည် တစ်ဦး အပါအဝင်ဖြစ်သည်။ ပန်းချီကားများကို ဝမ်းစာအတွက် ရောင်းချခြင်းမျိုးသက်သက်ကိုသာ အဓိကထား လုပ်ဆောင်ခြင်းမပြုဘဲ ပန်းချီပညာဖြန့်ဝေ၊ ပညာမွေပေးခြင်းသက်သက်ကိုသာ အဓိကထားဆောင်ရွက်ခဲ့သည့် ပန်းချီဆရာကြီးတစ်ဦးဖြစ်လည်း ဖြစ်လေသည်။ ဆရာကြီးက “ပန်းချီအတတ်ပညာဖြင့် လုပ်စား၍ရသည်။ အနုပညာသည် လုပ်စားရန် မဟုတ်” ဟု ဆိုခဲ့သည်။ ပန်းချီပညာသင်ကြား ဆဲ စီးပွားရေးပန်းချီဘက် သွားရောက်လုပ်ကိုင်သူ တပည့်များကို “ပန်းချီပညာသင်ယူဆဲကာလ၌ ပန်းချီဖြင့် စီးပွားမရှာကြဖို့ ပညာကို ဆုံးခန်းတိုင်အောင် သင်ကြားကြဖို့၊ သင်ကြားဆဲကာလ၌ စီးပွားရှာလျှင်  အခြားရေထမ်း၊ ခုံဖိနပ် ခုတ်လုပ်ကြ” ဟု ကရုဏာဒေါသဖြင့် ဆုံးမတတ်သည်။ ဆရာကြီးဦးသိန်းဟန်၏ ပန်းချီလက်ရာနှင့်ပတ်သက်၍လည်း ဆရာကြီး ဦးငွေကိုင်က “ဦးသိန်းဟန်ကားဆိုရင် ဘာမှ မပြောရဲဘူး။ သူက စနစ်ကျကျနဲ့ရေးတာ” ဟု ပြောခဲ့ဖူးလေသည်။

ပန်းချီဆရာကြီးဦးသိန်းဟန်ကို ၁၉၁၀ ပြည့်နှစ်တွင် ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ် မရမ်းကျေးရွာတွင် မွေးဖွားခဲ့သည်။ မိဘများမှာ လယ်ပိုင်ရှင်ဦးရွှေလွင်နှင့် ဒေါ်သိမ့်တို့ဖြစ်ကြပြီး မွေးချင်းခြောက်ဦးတွင် စတုတ္ထမြောက်သားဖြစ်သည်။ ငယ်မည်မှာ မောင်စစ်ဖြစ်သည်။ မောင်သိန်းဟန်ဟူသော အမည်မှာ ပန်းချီဆရာကြီး ဦးဘဉာဏ်က ပေးခဲ့သော အမည်ဖြစ်သည်။ ဦးသိန်းဟန်၏ မိဘများမှာ လယ်ပိုင်ရှင်၊ ဆန်စက်ပိုင်ရှင်များ ဖြစ်သော်လည်း ဦးသိန်းဟန်သည် မိဘလက် ငုတ်လက်ရင်းကို စိတ်မဝင်စားဘဲ အရုပ်ရေး ခြင်းတွင်သာ ပျော်မွေ့ခဲ့သည်။ မိဘများမှာ သားဖြစ်သူကို မြို့အုပ်၊ ဝန်ထောက် ရာထူး ရာခံမျိုးဖြင့် ဖြစ်စေလိုသဖြင့် ပညာကိုကြိုးစား သင်ယူစေခဲ့သည်။ သို့သော် ဦးသိန်းဟန်မှာ ကျောင်းစာကို ဝါသနာမပါဘဲ အချိန်ရှိတိုင်း အရုပ်ရေးနေခဲ့သည်။ ပန်းချီသင်ကြားချင် သော်လည်း မိဘများက ခွင့်မပြုခဲ့ပေ။ ၁၉၂၉ ခုနှစ် ၁၀ တန်းဖြေဆိုသောအချိန်တွင် ဦးဘဉာဏ်နှင့် မိတ်ဆွေဖြစ်ခဲ့သော အစ်ကိုထံမှ တစ်ဆင့် ဦးဘဉာဏ်၏ပန်းချီလက်ရာများကို ကြည့်ရှုခွင့်ရခဲ့သည်။ ထိုအချိန်မှစ၍ ပန်းချီ သင်ယူလိုစိတ်ပြင်းပြခဲ့ပြီး မိဘများထံခွင့် တောင်းရာ မိဘများက ခွင့်မပြုသဖြင့် အိမ်မှ ထွက်ပြေးခဲ့သည်။ မော်လမြိုင်ကျွန်းမှ ရန်ကုန်သို့ရောက်သောအခါ ဦးအာဒိစ္စဝံသကျောင်းတွင် သီတင်းသုံးသော အစ်ကိုဝမ်းကွဲ ဦးပဏ္ဍိစ္စထံတွင် တည်းခိုခဲ့သည်။

ဦးပဏ္ဍိစ္စကလည်း ညီဖြစ်သူ၏ ဝါသနာကိုသိသဖြင့် ပန်းချီဦးဘဉာဏ်ထံ လိုက်အပ်ပေးခဲ့သည်။ “ဒကာကြီးရယ် ဖြစ်နိုင်ရင် သင်ပေးပါ။ ကျုပ်က သူ့ရဲ့ အုပ်ထိန်းသူအနေနဲ့ အစစ တာဝန်ယူပါတယ်” ဟု မိန့်ခဲ့သည်။ ဦးသိန်းဟန်ကလည်း “တကယ် ဝါသနာပါလို့ သင်ချင် လွန်းလို့ အိမ်ကထွက်ပြေးလာခဲ့တာပါပဲ” ဟု ဦးဘဉာဏ်ကို ပြောခဲ့သည်။ ဦးဘဉာဏ်က လက်ခံသဖြင့် ဘုန်းကြီးကျောင်းတွင်နေထိုင်ကာ ပန်းချီပညာ သင်ယူခဲ့သည်။ ဘိုကေကြော့ အောင်ဖြီး၍ ခန့်ခန့်ညားညား နေခဲ့ရသော သူဌေးသားလေးမောင်သိန်းဟန်သည် လွှင့်ပစ် ထားသည့် ဆေးလိပ်ကို ကောက်သောက်ခဲ့ရပြီး ဟိန္ဒူဘုရားကျောင်းတွင် အုန်းသီးခွဲသည့် အချိန်ကိုစောင့်ကာ အုန်းသီးလုကောက်ရသည်အထိ ဆင်းရဲခြင်းနှင့် ကြုံခဲ့ရလေသည်။ “ဘဝကို စွန့်လွှတ်ခဲ့ဖူးတယ်။ ၁၀ နှစ်လောက်ပါ။ ဒီအတွင်းမှာ ပညာဆည်းပူးလို့ အသက်သေ သွားသွား ဒီပညာကိုရဖို့ရာ ဆရာခံယူမည်ဆိုပြီး လက်ဦးဆုံး ဆင်းရဲ၊ တစ်ခါတလေ မစားရ၊ တစ်ခါတလေ တစ်နပ်တည်းစားရပြီး နှစ်နှစ် ကျော်ကျော်လောက် ဘုန်ကြီးကျောင်းမှာ တည်းခိုနေခဲ့ရတယ်” ဟု အမှတ်ရခဲ့သည်။ ဦးသိန်းဟန်သည် နေ့စဉ် နံနက် ၁၀ နာရီခန့်တွင် ဦးဘဉာဏ်အိမ်သို့သွား၍ ညနေ ၅ နာရီအထိ ပန်းချီလေ့ကျင့်ရသည်။ အစပိုင်းတွင် သက်မဲ့ပစ္စည်းများကို လေ့ကျင့်ရပြီး ကျင့်သားရလာသောအခါ ရွှေနန်းလက်သုံးပုရပိုက်မှ ပုံများကို ရေးကူးခဲ့ရသည်။ ထို့နောက် တစ်ဆင့်တက်၍ လူပုံများ ရေးဆွဲလာရသည်။ ဦးဘဉာဏ်ကို ဝတ်ကြီးဝတ်ငယ်ပြုစုရင်း ဦးဘဉာဏ်၏အိမ်တွင်ပင် နေထိုင်ရင်း ပညာဆည်းပူးခွင့်ရခဲ့သည်။ ဦးဘကြည်၊ ဦးအေးမောင်တို့မှာ ပန်းချီသင်ကြားဖက်များ ဖြစ်ကြသည်။ ဦးဘဉာဏ်ထံတွင် ကိုးနှစ်ခန့် ပန်းချီပညာသင်ကြားခဲ့ပြီး မြန်မာပန်းချီအသင်းမှ ချီးမြှင့်သော ဆီဆေးရွှေတံဆိပ် ခြောက်ခု၊ ရေဆေးရွှေတံဆိပ် ခြောက်ခု၊ ငွေတံဆိပ် ခြောက်ခု ရရှိခဲ့သည်။ ရန်ကုန်မြို့ နှစ်ပတ်လည်ပန်းချီပြပွဲတွင် ဆရာ ဦးဘဉာဏ်၏ အားပေးမှုအရ မောင်သိန်းဟန်အမည်ဖြင့် ပြိုင်ပွဲဝင်ခဲ့ရာ ရွှေတံဆိပ်ဆွတ်ခူးခဲ့၍ ငယ်မည်မောင်စစ်မှ မောင်သိန်းဟန်ဖြစ် လာခဲ့သည်။ ဆရာဖြစ်သူ ဦးဘဉာဏ် အိမ်ထောင်ကျသောအခါ ဦးဘကြည်နှင့်အတူ ပိုစတာ၊ ဒီဇိုင်းရေးဆွဲသည့် အလုပ်ခန်း ဖွင့်ခဲ့သည်။ ဦးသိန်းဟန်သည် ဆရာဖြစ်သူ သင်ကြားသရွေ့၊ ပြောသရွေ့၊ ပန်းချီရေးခြယ်သရွေ့ကို သင်ယူနိုင်ခဲ့သူဖြစ်သည်။ ဆရာနှင့် တစ်ထပ်တည်းကျအောင်ပင် ရေးဆွဲနိုင်လာခဲ့သည်။ ဆရာဦးဘဉာဏ်က ဝင်ငွေကောင်းသော လုပ်ငန်းများတွင် အပ်ပေးသော်လည်း ပိုက်ဆံမလိုချင်ဘဲ ဆရာ့ထံမှ ပန်းချီပညာသာလိုချင်သည်ဟုဆိုကာ ပန်းချီပညာကိုသာ လေ့လာလိုက်စားခဲ့သည်။

ဆရာဦးဘဉာဏ်က မစ္စတာကင်းဘဲလ်ကို ပြောပေးသဖြင့် ဒုတိယကမ္ဘာစစ်ဖြစ်ကာနီးအချိန်တွင် မြင်းခြံမြို့ အထက်တန်းကျောင်းတွင် ပုံဆွဲဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်သောအခါ မော်လမြိုင်ကျွန်းသို့ပြန်ကာ မိဘလက်ငုတ် လက်ရင်း ဆန်စပါးလုပ်ငန်းကို ကူညီလုပ် ကိုင်ပေးရင်း ပန်းချီဆွဲခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးအပြီး ဘိုကလေးမြို့တွင်တည်ထောင်သော ဂီတလုလင်မောင်ကိုကို၏ ပြဇာတ်တွင် ရန်ကုန်ဘဆွေနှင့်အတူ ပါဝင်ခဲ့သည်။ ဂီတလုလင်မောင်ကိုကိုက “ကျွန်တော် ဆရာ ဦးသိန်းဟန်ဆီမှာ အခြေခံပန်းချီပညာ သင်ခဲ့ပါတယ်။ သင်သာသင်တာပါ ကျွန်တော် မတတ်ပါဘူး” ဟု အမှတ်ရခဲ့ဖူးသည်။ ဦးသိန်းဟန်သည် စစ်ကြီးပြီးသောအခါ ရန်ကုန်သို့ ပြန်လာခဲ့ပြီး စစ်ဘေးဒဏ်ခံထားရသော ရပ်ကွက်အချို့ကို ပန်းချီရေးဆွဲမှတ်တမ်းတင်ခဲ့သည်။ ရန်ကုန်တွင် ပထမဆုံးအကြိမ် ကျင်းပသော ရန်ကုန်မြို့တော်ခန်းမပြပွဲကြီးတွင် ဦးသိန်းဟန်၏ ပန်းချီကားများ ပါဝင်ခဲ့သည်။ ရုပ်ရှင်ရုံ Decoration များကို လုပ်ကိုင်ခဲ့ရာ ဝင်ငွေ ကောင်းလာခဲ့သည်။ ထိုအချိန်တွင် အိမ်ထောင်ကျခဲ့ပြီဖြစ်ရာ အတော်အတန် ငွေစုပြီးနောက် ဝင်ငွေကောင်းသော လုပ်ငန်းကို ရပ်ပစ်ခဲ့သည်။  “ဆရာဦးလှဘော်က အမွှေးတိုတို စုတ်တစ်ချောင်းနဲ့ အလုပ်လုပ်ခဲ့တာ တစ်လ လေး ငါးထောင် ဝင်တယ်။ ဒါနဲ့ မဖြစ်ဘူး။ ငါ ငွေနဲ့ တွေ့နေပြန်ပြီ။ ဒီဥစ္စာက Commercial လူကြိုက်အောင်လုပ်တာ မဖြစ်ဘူး” ဟုဆိုကာ ရပ်ပစ်ခဲ့သည်။

ထို့နောက် ဦးသိန်းဟန်သည် ၁၉၅၂ ခုနှစ် တွင်ဖွင့်လှစ်သော ပန်းချီပန်းပုကျောင်းတွင် လစာ ကျပ် ၂၀၀ ဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ နံနက် ကျောင်းသို့ရောက်လျှင် တပည့်များ၏ ပန်းချီကားများကို ဝေဖန်သုံးသပ်၍ အကျိုးအပြစ်များကို ရှင်းပြသည်။ ကျောင်းသားများ ပန်းချီရေးဆွဲရန် အစီအစဉ်များ ချပေးကာ တရားစာအုပ်ထူကြီးဖတ်ပြီး ပုတီးစိပ်နေလေ့ရှိသည်။ ထို့နောက် ကျောင်းသားများ ပန်းချီရေးဆွဲသည်ကို လှည့်ပတ်ကြည့်ရှုပြီး စိတ်ရှည်လက်ရှည် သင်ကြားပေးတတ်သည်။ တပည့်တစ်ဦးကို ပန်းချီပန်းပုကျောင်းအုပ်ကြီးက အပိုဝင်ငွေရစေရန် အလုပ်ရှာပေးခဲ့သည်ကို “ဦးခင်မောင်၊ ကလေးတွေကို ငွေရတဲ့အလုပ်နဲ့ အကူအညီပေးတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီကောင်တွေ ပညာကိုမကြိုးစားဘဲ ငွေရပေါက်တွေနောက်လိုက်နေရင်တော့ ပျက်စီးတော့မှာပဲ။ ဒါကိုတော့ သတိထားရမယ် ဗျ”  ဟု ပြောခဲ့သည်။ ဦးသိန်းဟန်သည် ပန်းချီ ရေးသူအားလုံးကို သံယောဇဉ်ရှိပြီး ပြင်ပမှ လာရောက်မေးမြန်းကြသော ပန်းချီတပည့်များကိုလည်း ပန်းချီပညာ ဖြန့်ဝေပေးခဲ့သည်။

ဦးသိန်းဟန်သည် ပန်းချီအနုပညာသည် ဗုဒ္ဓဟောကြားတော်မူသော တရားတော်များဆီသို့ ကိုင်းညွတ်သောစိတ်ဓာတ်ရသည်အထိ အကျိုးပြုလိမ့်မည်ဟု ယုံကြည်သူဖြစ်သည်။ ထို့ကြောင့် ပန်းချီပို့ချသည့်အခါ လောကီ၊ လောကုတ္တရာကို ခွဲခြားမြင်တတ်ရန်လည်း နည်း ပေးတတ်သည်။ ထို့ကြောင့် ဦးသိန်းဟန်ထံတွင် ပန်းချီပညာသင်ယူခဲ့သူ ဆရာဇယန္တဗောဓိ (ပန်းအောင်) က “ပန်းချီကျောင်းတက်ခဲ့ပေမဲ့ ပန်းချီဆရာ မဖြစ်လာခဲ့သူပါ။ ဆရာကောင်း၊ သမားကောင်းများကို မှီဝဲခဲ့ရပေမဲ့ ပန်းချီနဲ့ စိမ်းခဲ့ရသူဖြစ်ပါတယ်။ တစ်ခုတော့ ရှိ တာပေါ့လေ။ …တရားဓမ္မနဲ့စပ်ပြီးတော့ ဆင်ခြင်တတ်တဲ့ အလေ့အထကလေးတစ်ခုတော့ ဖြစ်ထွန်း ကျန်ရစ်ခဲ့တာ အမှန်” ဟု အမှတ်ရခဲ့သည်။ ထိုစဉ်က ပန်းချီပန်းပုကျောင်းတွင် နည်းပြလုပ်နေသူ ဆရာဦးလွန်းကြွယ်သည်လည်း ဆရာဦးသိန်းဟန်ထံတွင် ပန်းချီပညာ ဆည်းပူးခဲ့သည်။ ပန်းချီဦးလွန်းကြွယ်သည် ဦးသိန်းဟန်နှင့်အတူနေထိုင်ကာ အချိန်ပြည့် ပန်းချီပညာအမွေကို ရယူနိုင်ခဲ့သည်။ ဦးသိန်းဟန်ကလည်း “သား” ဟု ခေါ်ကာ ရသပန်းချီ အနုပညာများကို သင်ကြားပေးခဲ့သည်။ ပန်းချီဦးလွန်းကြွယ်က “ဆရာဦးသိန်းဟန်နဲ့ တွေ့ဆုံပြီး ဆီဆေးပန်းချီကို သေချာလေ့လာသင်ယူဖြစ်ခဲ့တယ်။ ဆရာဦးသိန်းဟန်က ဘိလပ်ပြန် ပန်းချီဦးဘဉာဏ်ရဲ့ တပည့်ရင်းလည်းဖြစ်တော့ သူ့ဆီကနေ အနောက်တိုင်းပန်းချီပညာရပ်ကို လေ့လာသင်ယူခွင့်ရခဲ့တယ်” ဟု ဆိုခဲ့သည်။ ဦးသိန်းဟန်သည် ပန်းချီကျောင်းကို ဂျူဗလီဟော၊ တက္ကသိုလ်ရိပ်သာလမ်းမှတစ်ဆင့် ကိုယ့်မင်းကိုယ့်ချင်းလမ်းသို့ ပြောင်းရွှေ့သည်အထိ ခေတ်အဆက်ဆက် ပန်းချီနည်းပြ တာဝန်ဖြင့် ပျော်မွေ့ခဲ့သည်။ ၁၉၇၀ ပြည့်နှစ် ပင်စင်ယူပြီးသော်လည်း အချိန်ပိုင်းနည်းပြအဖြစ် ရန်ကုန်ပန်းချီပန်းပုကျောင်းတွင် ဆက်လက်တာဝန်ယူခဲ့သည်။ ၁၉၇၀ ပြည့်နှစ် ပန်းချီပန်းပုပြိုင်ပွဲကြီးတွင် ပန်းချီစိစစ်ရွေးချယ်ရေး ဝင်ပါဝင်ဆောင်ရွက်ခဲ့သည်။ အချိန်ပိုင်းနည်းပြအဖြစ် နှစ်နှစ်ကျော် တာဝန်ယူပြီးနောက် ကျောင်းမှ အပြီးအနားယူခဲ့သည်။ သို့သော် နေအိမ်တွင် ပန်းချီစတူဒီယို ထူထောင်ပြီး ပန်းချီသင်တန်းဖွင့်လှစ်ကာ ပြင်ပမှ ပန်းချီဝါသနာရှင်များကို သင်ကြားပေးခဲ့ ပြန်သည်။ သင်တန်းခကို တစ်လ ၂၅ ကျပ်ယူခဲ့သော်လည်း မတတ်နိုင်သည့်တပည့်များကို တောင်းလေ့မရှိပေ။

အငြိမ်းစားယူပြီးနောက် ရန်ကုန်တက္ကသိုလ် အနုပညာအသင်းပန်းချီဌာနစိတ်တွင် နည်းပြဆောင်ရွက်ခဲ့ပြီး ထင်ရှားသော ပန်းချီပညာရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ဦးသိန်းဟန်၏ ထင်ရှားသော တပည့်ကြီးများမှာ ဦးဘရင်ကလေး၊ ဦးသောင်းဟန်၊ ဦးလွန်း ကြွယ်တို့ဖြစ်ကြသည်။ ဆရာကြီးသည် မျိုးဆက်သစ်ပန်းချီဆရာများကို ပညာဖြန့်ဝေပေးရင်း ၁၉၈၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်မြမေနှင့် သားမောင်ဟံထွဋ်တို့ ကျန်ရစ်ခဲ့သည်။ ဦးသိန်းဟန်အမှတ်တရ ပန်းချီပြပွဲကို တပည့်များစုပေါင်းကာ ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်လမ်း ယုဒဿန်ရိပ်သာတွင် ပြုလုပ်ခဲ့သည်။ ပန်းချီဆရာကြီး ဦးလွန်းကြွယ်ကလည်း ဆရာဖြစ်သူကို ဂါရဝပြု၊ ကျေးဇူးဆပ်သည့်အနေဖြင့် ဆရာနှင့်တပည့် (ရသပန်းချီအနုပညာလက်ရာ) စာအုပ်ကို ၂၀၀၅ ခုနှစ်တွင် ပြုစုဖြန့်ချိခဲ့သည်။ ပန်းချီဆရာမ မမွှေးက ဆရာကြီး၏ဆုံးမစကားကြောင့် ကျောင်းဆရာမအလုပ်ကို လုပ်ကိုင်ခွင့် ရသော်လည်း ပန်းချီဆရာမဘဝကိုသာ ရွေးချယ်ခဲ့ကြောင်း အမှတ်ရခဲ့သည်။ ပန်းချီ ဝင်းဖေမြင့်က “ဆရာဦးဘဉာဏ်ထက် သူ့တပည့် ဆရာဦးသိန်းဟန်က ပိုပြီး အကယ်ဒမစ်ဆန်ပါတယ်။ ဦးသိန်းဟန်သင်ပေးတဲ့ ရေးနည်းတွေက သိပ္ပံနည်းပိုကျပါတယ်” ဟု မှတ်ချက် ချခဲ့ဖူးလေသည်။

ကိုးကား

ဆရာနှင့်တပည့် (ဦးလွန်းကြွယ်)

ဦးဘဉာဏ်၏ ဘဝနှင့်လက်ရာ (ဦးမင်းနိုင်)

မောင်နန်းဝင်း (ပန်းချီ/ပန်းပု)၊ ဇယန္တဗောဓိ

(ပန်းအောင်) နှင့် ဆရာမခင်မြဇင်တို့၏ ဆောင်းပါးများ

Most Read

Most Recent