ကမ္ဘာ့ဆီဈေး မြင့်တက်တာမှန်ပေမဲ့ အစိုးရနဲ့လွှတ်တော်က လုပ်ပေးနိုင်တာရှိတယ်

ကမ္ဘာ့ဆီဈေး မြင့်တက်တာမှန်ပေမဲ့ အစိုးရနဲ့လွှတ်တော်က လုပ်ပေးနိုင်တာရှိတယ်
Published 28 May 2018

ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်းရှိ စက်သုံးဆီဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ - မျိုးထက်ပိုင်)

စက်သုံးဆီဈေးကွက်ကို လက်ဝါးကြီးအုပ်၊ အခွန်ရှောင်ခိုးသွင်းမှုတွေနဲ့ နာမည်ကျော်ခဲ့ပြီး နှစ်ပေါင်းများစွာ စက်သုံးဆီဈေးကွက်ကို ခြယ်လှယ်နေတဲ့ ခရိုနီတိုင်ကွန်းတစ်စုရဲ့ ကြီးစိုးမှုဟာ မြန်မာနိုင်ငံမှာ မပပျောက် နိုင်တော့ဘူးလားလို့ မေးခွန်းထုတ်စရာပါ။

၂၀၁၇ ခုနှစ်အတွင်းမှာ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက စက်သုံးဆီကဏ္ဍမှာ ပြည်ပနိုင်ငံခြားကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပေးတော့မယ်လို့ ပြောချိန်မှာ တစ်ခဲနက် ကန့်ကွက်သံညံခဲ့တာက အစိုးရဘေးမှာ လှူရင်းတန်းရင်း အကျိုးအမြတ်ရှာနေတဲ့ တိုင်ကွန်းတွေပါပဲ။

တိုင်ကွန်းညီရင် ‘ဤ’ ဟာ ‘ကျွဲ’ ဖြစ်မဖြစ် မသေချာပေမယ့် နိုင်ငံခြားကုမ္ပဏီတွေကို စက်သုံးဆီကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်ခွင့်ကတော့ တိုင်ကွန်းတစ်စု ကန့်ကွက်မှုအောက်မှာ အခုအချိန်အထိ အသက်မသွင်းနိုင်ဘဲ  အရင်အစိုးရတွေတုန်းကလိုပဲ တိုင်ကွန်းတစ်စုရဲ့ ကန့်ကွက်စကားတွေသာ ပန်းဝင်ခဲ့ပြီး ပြည်တွင်းစက် သုံးဆီကဏ္ဍမှာ တိုင်ကွန်းတွေသာ ဆက်လက်ကြီးစိုးခွင့်ရနေခဲ့ပါတယ်။

စက်သုံးဆီဈေးမြင့်တက်ပြီဆိုတာနဲ့ သူ့ သယ်ယူပို့ဆောင်မှုအပေါ် အရင်းခံရတဲ့ စားသောက်ကုန်စရိတ် တွေအကုန်မြင့်တက်ပါတယ်။ ဒီလိုမြင့်တက်လာတဲ့ စားသောက်ကုန်ဈေးနှုန်းတိုင်းကို ကျပ်တည်းနေတဲ့ မြန်မာ့ပြည်သူတွေဟာ ခံနိုင်ရည်မရှိပါဘူး။ ဒီလိုခံနိုင်ရည်မရှိတာ ကြောင့်လဲ ကျပ်တည်းမှုအပေါ် သည်းခံနိုင်စွမ်းမရှိတဲ့ ပြည်သူတွေက စက်သုံးဆီဈေးမြင့်တက်မှုအပေါ် ဆန္ဒဖော်ထုတ်မှုဖြစ်စဉ်တွေ ရှိခဲ့တယ် ဆိုတာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းက သက်သေခံပါတယ်။

စက်သုံးဆီကဏ္ဍကို နိုင်ငံခြားကုမ္ပဏီတွေ ဝင်ခွင့်ပြုဖို့ အစိုးရက လုပ်ဆောင်တိုင်း ခရိုနီတိုင်ကွန်းတွေက လက်မခံကြတာဟာ မြန်မာနိုင်ငံမှာ ထုံးစံလိုဖြစ်နေပြီး အစိုးရတိုင်းကလည်း ပြည်သူ ၅၃ သန်းမျက်နှာထက် လက်ဝါးကြီးအုပ်နေတဲ့ တိုင်ကွန်းတစ်စုအသံကိုပဲ နားထောင်တာဟာ မြန်မာနိုင်ငံသားတွေအတွက်တော့ ကံဆိုးမှုလို့ပဲ ပြောရမှာဖြစ်ပြီး ဒီနေ့အထိတော့ ကံဆိုးမှုတွေ မရပ်တန့်သေးပါဘူး။

ပိုပြီးဆိုးတာက မြန်မာနိုင်ငံက စက်သုံးဆီဈေးနှုန်းဟာ နိုင်ငံတကာမှာ ဈေးတက်ရင် လိုက်တက်ပြီး နိုင်ငံ တကာမှာ ဈေးကျရင် ပြန်မကျတာပါ။ ဒါ့အပြင် သတ်မှတ်အရည်အသွေးအတိုင်း တင်သွင်းမှုမရှိတာတွေကို ပြည်သူတွေ ကြုံခဲ့ရပါတယ်။ အခုနောက်ပိုင်းမှာ ထိန်းကျောင်းမှုရှိလာတယ်ဆိုပေမယ့် ပြည်တွင်းစက်သုံး ဆီဈေးကွက်ဟာ ပြုပြင်ပြောင်းလဲချိန် တန်နေပါပြီ။

လက်ရှိအချိန် ကမ္ဘာ့ဆီဈေးကွက်ကို ပြန်ကြည့်မယ်ဆိုရင် အရှေ့အလယ်ပိုင်းနိုင်ငံတွေက ရေနံထုတ်လုပ်မှုကို လျှော့ချလိုက်တဲ့အတွက်ကြောင့်ပါ။ ဒီလို ရေနံထုတ်လုပ်မှုကို လျှော့ချလိုက်ချိန်မှာ မြန်မာနိုင်ငံလို ပြည်ပက စက်သုံးဆီ ၉၅ ရာခိုင်နှုန်းလောက် တင်သွင်းနေရတဲ့နိုင်ငံက ဈေးတက်မှာ သဘာဝပါ။ ဒီနေရာမှာ ဦးသိန်းစိန်လက်ထက်က တစ်လီတာ ၅၀၀ ကျော်ပဲ ရှိခဲ့တယ်ဆိုတဲ့ နှိုင်းယှဉ်မှုတွေနဲ့ NLD အစိုးရလက်ထက်မှာ တစ်လီတာကို ကျပ် ၉၀၀ ကျော်နေပြီ။ အစိုးရ ဘာလုပ်နေတာလဲဆိုတဲ့ ဝေဖန်သံတွေကို ‘‘အစိုးရ ကိုင်တွယ်ပုံ ညံ့ဖျင်းလို့မဟုတ်ဘူး’’ ဆိုပြီး အားပေးထောက်ခံသူတွေက ငြင်းချက်ထုတ်နေကြမယ့် တိုင်ကွန်း တစ်စုချုပ်ကိုင်ထားတဲ့ မြန်မာ့စက်သုံးဆီကဏ္ဍကို ဘယ်လိုဖြေလျှော့မလဲဆိုတာ စဉ်းစားရမယ့် အခြေအနေပါ။

ဒီနေရာမှာ အမေရိကန်နိုင်ငံရဲ့ ဖိအားကြောင့် OPEC နဲ့ ရုရှားက ရေနံတိုးထုတ်ဖို့ ပြောဆိုတာကြောင့် စက်သုံးဆီဈေးဟာ မေ ၂၅ ရက်မှာ စတင်ကျဆင်းလာတယ်ဆိုပေမယ့် ကုန်ခန်းနိုင်တဲ့ သဘာဝသယံဇာတ တွေဖြစ်တာကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံတွေက ရေနံထုတ်လုပ်မှုကို လျှော့ချဖို့ တွေးထားပြီးသား အခြေအနေမှာ မြန်မာနိုင်ငံအနေနဲ့လည်း တက်လိုက်ကျလိုက်ဖြစ်နေမယ့် စက်သုံးဆီဈေးကို ရင်ဆိုင်နိုင်ဖို့အတွက် မြန်မာ့စက်သုံးဆီ တင်သွင်းဖြန့်ဖြူး မှုပုံစံတွေကို ပြောင်းလဲဖို့ မဖြစ်မနေ လိုအပ်လာပြီဖြစ်ပါတယ်။

■ ဆီဈေး ရေရှည်တက်လာမယ်ဆိုရင်

ကမ္ဘာ့ရေနံဈေးနဲ့အတူ နိုင်ငံခြားငွေလဲနှုန်း လိုက်ပါမြင့်တက်နေလို့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ နှစ်ပတ်ကျော်အတွင်း တစ်လီတာ ၃၅ ကျပ်ကနေ ကျပ် ၄၀ အကြား ဈေး တက်ခဲ့ပြီး ဧပြီ ၃၀ ရက်ဈေးနဲ့ နှိုင်း ယှဉ်မယ်ဆို မေ ၁၈ ရက်မှာ လေးရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။

၂၀၁၇ မေလနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တစ်လီတာကို ကျပ် ၂၀၀ လောက် မြင့်တက်လာတဲ့ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းမြင့်တက်လာမှုမှာ ရက်ပိုင်းအတွင်း ဈေးနှုန်းအမြန်ဆုံးနဲ့ အမြင့်ဆုံးတက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီနေရာမှာ တရားခံက ကမ္ဘာ့စက်သုံးဆီဈေးဖြစ်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်ကစပြီး ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ် လာဝန်းကျင်ပဲရှိတဲ့ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းဟာ အောက်တိုဘာလဆန်းမှာ ၅၁ ဒေါ်လာ၊ နိုဝင်ဘာလဆန်းမှာ ၅၅ ဒေါ်လာ၊ ဒီဇင်ဘာလဆန်းမှာ ၅၈ ဒေါ်လာ၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလဆန်းမှာ ၆၁ ဒေါ်လာ၊ ဖေဖော်ဝါရီ လဆန်းမှာ ၆၄ ဒေါ်လာ၊ ဧပြီလကုန်ပိုင်းမှာ ၆၈ ဒေါ်လာ၊ မေ ၁၀ ရက်မှာ ၇၁ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ဧပြီလဆန်းပိုင်းဈေးနှုန်းနဲ့ နှိုင်းယှဉ်မယ်ဆို ၁၂ ရာခိုင်နှုန်းဝန်းကျင်မြင့်တက်ခဲ့ပါတယ်။ မေ ၂၃ ရက်မှာဆိုရင် ၇၁ ဒသမ ၈၄ ဒေါ်လာအထိ ဖြစ်ခဲ့ရာက မေ ၂၄ ရက်မှာ ၇၁ ဒသမ ၅၉ ဒေါ်လာအထိ  ကျလာခဲ့ပြီး မေ ၂၅ ရက် ဈေးကွက်ပိတ်ချိန်မှာတော့ အမေရိကန်ဖိအားကြောင့် ရေနံစိမ်းတစ်စည်ကို ၆၇ ဒသမ ၈၈ ဒေါ်လာအထိ ကျဆင်းလာခဲ့ပါတယ်။

နောက်တစ်ခုက နိုင်ငံခြားငွေလဲနှုန်းပါ။ ငွေလဲနှုန်းဟာ မေလအတွင်း  သိသိသာသာမြင့်တက်ခဲ့ပြီး ဧပြီလကုန်ပိုင်းမှာ တစ်ဒေါ်လာ ၁၃၃၁ ကျပ်ဝန်းကျင်ရှိတဲ့ ဒေါ်လာဈေးဟာ မေ ၁၈ ရက်မှာ ၁၃၄၇ ကျပ်အထိ မြင့်တက်ခဲ့ပြီး မေ ၂၅ ရက်မှာဆို ဗဟိုဘဏ်သတ်မှတ်ဈေးက တစ်ဒေါ်လာကို ၁၃၅၆ ကျပ်အထိ သတ်မှတ် ထားပါတယ်။ ပြည်တွင်းဈေးကွက်မှာ ရောင်းချနေတဲ့ စက်သုံးဆီဈေးနှုန်းဟာ ကမ္ဘာ့စက်သုံးဆီဈေးနှုန်း၊  နိုင်ငံခြားငွေလဲနှုန်း၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ အခွန်အခတွေအပေါ် အခြေခံအမြတ်တင်ပြီး ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်တာဖြစ်လို့ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှုကလည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းအပေါ် သက်ရောက်မှုမြင့်တက်ခဲ့ပါ တယ်။ လေ့လာမှုတချို့အရ စက်သုံးဆီရောင်းချသူတွေက ဆီအပေါ်မှာ အများဆုံးရာခိုင်နှုန်း ၃၀ လောက်အထိ အမြတ်တင်ရောင်းချပါတယ်။ ဈေးကျတုန်းမှာ ကြိုဝယ်ထားတဲ့ဆီကို ဈေးတက်နေချိန်ပေါက်ဈေးနဲ့ ချိန်ပြီး ရှုံးတယ်ပြောနေတာက ကလေးဆန်ပါတယ်။

ပြည်တွင်းဈေးကွက်မှာ ၂၀၁၈ ခုနှစ် မေ ၁၈ ရက်က ဖြစ်ပေါ်တဲ့ စက်သုံးဆီ လက်လီဈေးတွေဟာ ဒီဇယ် တစ်လီတာ ကျပ် ၈၈၀  (တစ်ဂါလန် ၃၉၉၅ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ  ကျပ် ၈၉၅ (တစ်ဂါလန် ၄၀၆၃ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ  ကျပ် ၈၄၅  (တစ်ဂါလန် ၃၈၃၆ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၈၉၅ ကျပ် (တစ်ဂါလန် ၄၀၆၃ ကျပ်) ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီ ၃၀ ရက်မှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းနှင့် နှိုင်းယှဉ်မယ်ဆို ဒီဇယ်တစ်လီတာ ၃၅ ကျပ် (၄ ဒသမ ၁၄ ရာခိုင်နှုန်း)၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၃၅ ကျပ် (၄ ဒသမ ၀၆ ရာခိုင်နှုန်း)၊ အောက်တိန်း 92 Ron တစ်လီတာ ၃၅ ကျပ် (၄ ဒသမ ၃၂ ရာ ခိုင်နှုန်း)၊ အောက်တိန်း  95 Ron တစ်လီတာ ၄၀ ကျပ် (၄ ဒသမ ၆၇ ရာခိုင်နှုန်း) ၁၈ ရက်အတွင်း မြင့်တက်ခဲ့ပါတယ်။

မေ ၂၄ ရက်မှာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း ကျရိပ်ပြစပြုလာချိန်မှာ မြန်မာနိုင်ငံက စက်သုံးဆီဆိုင်တွေဟာ ဈေးနှုန်းကျဆင်းမှု မရှိသလို မေ ၂၅ ရက်မှာ ရေနံစိမ်းဈေးနှုန်း ကျဆင်းနေချိန်မှာလည်း ပြည်တွင်းဆီဆိုင် တွေက အမြင့်ဈေးမှာ ဆက်ရပ်နေပြီး ဒီဇယ်တစ်လီတာ ၉၀၅ ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာ  ကျပ် ၉၂၀၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၈၇၀၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၉၂၀ ဆိုတဲ့ အမြင့်ဈေးနဲ့ပဲ ဆက်လက်ရောင်းချနေပါတယ်။

ဒီလိုဈေးနှုန်းဟာ ရန်ကုန်ကိုပဲ အခြေခံဖော်ပြနေတာဖြစ်ပြီး သယ်ယူပို့ဆောင်ကုန်ကျစရိတ်အရ ဒေသတစ်ခုနဲ့တစ်ခု အကွာအဝေးအလိုက် တစ်လီတာကို အနည်းဆုံး ၁၀ ကျပ်ကနေ အများဆုံး ကျပ် ၁၀၀ လောက်အထိ မြင့်တက်ပြီး ရောင်းချကြတာကြောင့် နေရာဒေသအလိုက် တစ်ဂါလန်ကို ကျပ် ၅၀၀ လောက် ပိုပေး နေရတဲ့ ဒေသတွေလည်း ရှိနေပါ တယ်။ ဒါဟာ ယှဉ်ပြိုင်မှုမရှိဘဲ နိုင်ငံ ခြားကုမ္ပဏီတွေ၊ ဝင်ရောက်ခွင့်မပြု ဘဲ ခရိုနီတိုင်ကွန်းတွေ လက်ဝါးကြီးအုပ်ထားတာကိုပဲ ကြည့်နေရတဲ့ မြန်မာပြည်သူတွေရဲ့ ဝဋ်ကြွေးပါ။

■ နိုင်ငံခြားကုမ္ပဏီတွေ ဝင်ခွင့်ပေးပါ

၂၀၁၇ ခုနှစ် မေ ၁၉ ရက်မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အစည်းအဝေး အမှတ်စဉ် ၈/၂၀၁၇ မှာ အမေရိကန်နိုင်ငံမှာ ထူထောင်ခဲ့ပြီး စင်ကာပူမှာ ရုံးချုပ်ဖွင့်ထားတဲ့ စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ PUMA ကို မြန်မာနိုင်ငံမှာ စက်သုံးဆီဖြန့် ဖြူးရောင်းချခွင့်ပြုခဲ့ပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ကိုးသန်းကျော်မြှုပ်နှံမယ့် PUMA ရဲ့ မြန်မာနိုင်ငံမှာ စက်သုံးဆီ လက်လီဖြန့်ဖြူးမယ့် စီမံကိန်းဟာ နောက်ဆုံးမှာတော့ ပျက်သွားခဲ့ပါတယ်။ ပြည်တွင်းကုမ္ပဏီတွေနဲ့ ပူးပေါင်းမယ့် နိုင်ငံခြားဖက်စပ်ကုမ္ပဏီတွေ ကို စက်သုံးဆီ လက်လီရောင်းချခွင့် ပေးထားတယ်ဆိုပေမယ့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံသူတွေအတွက် လက်လီရောင်းချခွင့်က ဒီနေ့အထိ မဖြစ်ခဲ့တာကြောင့် ခရိုနီတိုင်ကွန်းတစ်စုရဲ့ ပြည်ပကုမ္ပဏီတွေ စက်သုံးဆီကဏ္ဍမှာ ဝင်မလာရေးတိုက်ပွဲဟာ အောင်မြင်သလားလို့ ထင်စရာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံခြားကုမ္ပဏီတွေ စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်နဲ့ပတ်သက်ပြီး အခုအချိန်အထိ တရားဝင်ခွင့်ပြုတာမျိုး မရှိသေးတဲ့အနေအထားပါ။

‘‘နိုင်ငံခြားသားတွေကတော့ စောစောက ခွင့်မပြုထားဘူးပေါ့ဗျာ။ ပြီးခဲ့တဲ့တစ်နှစ်လောက်အထိပေါ့။ ပြီးခဲ့တဲ့ တစ်နှစ်ကစပြီး ခွင့်ပြုထားပြီးသားပါ။ ဒါလေးကတော့ ကျွန်တော်ကတော့ မေတ္တာရပ်ခံချင်တာက စဉ်းစားပေးစေချင်တာက နိုင်ငံခြားသား မပါတာနဲ့ပဲ ဒီလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားတယ်လို့ အဓိပ္ပာယ်ဖွင့် ဆိုလို့ရပါသလားဆိုတဲ့ မေးခွန်းလေးတော့ မေးချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသားတိုင်း မည်သူမဆို လုပ်ခွင့်ရနေပြီး အဲဒါကိုမှ နိုင်ငံခြားသားကို ပေးမလာရင်တော့ မင်းတို့ဒီလုပ်ငန်းတွေ လက်ဝါးကြီးအုပ်လို့ သတ်မှတ်မှာလား။ နိုင်ငံခြားသားလာမှပဲ လက်ဝါးကြီးအုပ်မဖြစ်တော့ဘူးလား။ ကျွန်တော်ကတော့ အဲဒီလိုမထင်ပါဘူး။  တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေပဲ လုပ်ခွင့်ပေးပါဆိုပြီးတော့ ပြည်သူတွေအတွက် လုံလောက်တဲ့ ဝန်ဆောင်မှုမပေးနိုင်ဘူး၊ အရည်အချင်းမရှိဘူးဆိုရင်တော့ မှန်ပါတယ်။ အစိုးရအနေနဲ့က နိုင်ငံခြားသားတွေကို ခေါ်ကိုခေါ်ရပါ မယ်။ ကိုယ့်နိုင်ငံသားတွေက လုပ်တာလည်း လက်ခံနိုင်တဲ့အနေအထား ဖြစ်နေပြီဆိုရင်တော့ ကိုယ့်မြေမှာ ဖြူပြာပွင့်ဖို့ပဲ အားပေးသင့်ပါတယ်ပေါ့’’ လို့ မြန်မာနိုင်ငံရဲ့  စက်သုံးဆီ ဈေးကွက်ကို ချုပ်ကိုင်ထားနိုင်သူတွေထဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံစက် သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ဆိုပါတယ်။

ဒေါက်တာဝင်းမြင့်က စက်သုံးဆီဖြန့်ဖြူးရောင်းချတဲ့ကဏ္ဍမှာ နိုင်ငံခြားကုမ္ပဏီတွေကို အစိုးရက ဝင်ရောက်ခွင့်ပြုထားပြီးပြီလို့ ပြောပေမဲ့ ဒီနေ့အထိတော့ စက်သုံးဆီ ဖြန့်ဖြူးရောင်းချမှုကဏ္ဍမှာ နိုင်ငံခြားကုမ္ပဏီတွေ ဝင်ရောက်မြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ရှင်းလင်းတဲ့ ညွှန်ကြားချက်၊ ခိုင်မာတဲ့ဖိတ်ခေါ်မှုတွေ မတွေ့ရပါဘူး။

ဒီလို ဝိဝါဒကွဲပြားနေတယ်ဆိုတဲ့ အခြေအနေတွေနဲ့ PUMA ဟာ ရင်းနှီးမြှုပ်နှံခွင့်ပြုပြီးမှ ပြန်ထွက်သွားရတယ်ဆိုတဲ့အခြေအနေတွေအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု  ကော်မရှင်တာဝန်ရှိသူတွေနဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ထုံးစံအတိုင်း ဖုန်းပိတ်ထားတဲ့အခြေ အနေတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတယ်။

တကယ်ဆို ပြည်တွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်ကဏ္ဍမှာ ခွင့်ပြုသင့်နေတာ ကြာမြင့်နေပြီဖြစ်ပါတယ်။ ခရိုနီလူတစ်စုရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ပေးပြီး ဆီဈေးတက်လို့ ပြည်သူလူထုက တောင့်မခံနိုင်မှ အစိုးရသိုလှောင်ထားတဲ့ စက်သုံးဆီတွေ ထုတ်ရောင်းပြီး ချွေးသိပ်ရင်း ခရိုနီလူတစ်စုကို ကာကွယ်ပေးထားတာ အဖြေမှန်မဟုတ်သလို စက်သုံးဆီ သန်းနဲ့ချီသိုလှောင်ထားနိုင်တဲ့ ကန်တွေဆောက်၊ အစိုးရက ကုမ္ပဏီထောင်ပြီး စက်သုံးဆီဈေး ကျဆင်းအောင်လုပ်မယ်ဆိုတဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရဲ့ ကြုံးဝါးသံကလည်း မြန်မာ့စက်သုံးဆီကဏ္ဍအတွက် အဖြေမှန် မဟုတ်ပါဘူး။ စက်သုံးဆီအရည်အသွေးမှန်မှန်၊ ကမ္ဘာ့ဈေးနှုန်းအတက်အကျအတိုင်း မှန်မှန်ကန်ကန်ရောင်းချပေးမယ့်သူတွေဆီက ဝန်ဆောင်မှုတွေကပဲ ပြည်သူတွေအတွက် အဖြေမှန်ပါ။ ခရိုနီတိုင်ကွန်းတစ်စု အကျိုးစီးပွားအတွက် နိုင်ငံခြားကုမ္ပဏီတွေကို စက်သုံးဆီဖြန့်ဖြူးရောင်းချမှု ခွင့်မပြုတဲ့ဖြစ်စဉ်တွေက ဒီနေ့ခေတ်ကာလမှာ လုံးဝမရှိသင့်တော့ပါဘူး။ နှစ်ပေါင်းများစွာ ခရိုနီတိုင်ကွန်း ၁၀ ဦးလောက်ရဲ့ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံက လူဦးရေ  ၅၃ သန်းကို စက်သုံးဆီနဲ့ ဒုက္ခပေးပြီး အကျိုးအမြတ်ရှာခဲ့တာတွေ ရပ်တန့်ချိန်တန်ပါပြီ။

‘‘တချို့က ပြောကြတယ်။ ထိုင်းနိုင်ငံလိုမျိုး အစိုးရက ဝင်စွက်ဖက်ပြီး Subsidize လုပ်တာမျိုး Intervention လုပ်ဖို့လိုတယ်လို့ ဆီဈေးတက်မှုအပေါ် ပြောကြတယ်။ ကျွန်တော် ကတော့ ထိုင်းနိုင်ငံလိုမျိုး လုပ်စရာမလိုဘူးလို့ ထင်တယ်။ ထိုင်းနိုင်ငံက ဒီမိုကရေစီအစိုးရ မဟုတ်ဘူး။ စစ်အစိုးရ။ စစ်အစိုးရဖြစ်တဲ့အတွက် ဘာပဲပြောပြော သူ့နိုင်ငံသားတွေ ဆန့်ကျင်လာမှာ၊ ကန့်ကွက်လာမှာ အများကြီးစိုးရိမ်မယ်။ သူတို့ ရွေးကောက်ပွဲ မလုပ်ပေးနိုင်သေးဘူး။ လုပ်ပေးနိုင်မယ့် အရိပ်အယောင်လည်း မတွေ့ရသေးဘူး။ အဲဒီလိုဖြစ်တဲ့အတွက် ထိုင်းနိုင်ငံလုပ်သလိုမျိုး လုပ်ပေးစရာမလိုဘူး။ ကျွန်တော်တို့ လုပ်ပေးရမှာ နိုင်ငံတကာစံချိန်စံညွှန်းမီတဲ့ ကုမ္ပဏီကြီးတွေကို လုပ်ပိုင်ခွင့်ပေးရမယ်။ အဲဒါဆို ပြည်တွင်းမှာ ကမ္ဘာ့ပေါက်ဈေးအတိုင်း မြန်မာနိုင်ငံသားတွေရမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကို လက်ရှိရောင်းနေတာတွေက ကမ္ဘာ့ပေါက်ဈေးကို Plus, Plus တွေနဲ့ ရောင်းနေတာပါ ပဲ။ အရှုံးခံရောင်းနေတာတစ်ယောက်မှ မရှိပါဘူး။ ပြည်ပက သွင်းနေတာဆိုတော့ သူ့ရဲ့ Marginal Cost တွေ အကုန်ပေါင်းပြီးမှ အမြတ်တင်ရောင်းနေတာပါ။ ဒီတော့ကျတော့ ဘာထူးလဲ။ ကမ္ဘာ့ပေါက်ဈေးအတိုင်း ပေးရမယ့်အတူတူ အရည်အသွေးရော၊ အချိန်အတွယ်ရော ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်တဲ့ ကုမ္ပဏီကြီး တွေကို ကျွန်တော်တို့ လက်ခံရမှာပေါ့။ အဲဒါကို လက်ခံနိုင်ရမယ်။ လက်ခံသင့်တယ်’’ လို့ လက်ရှိစက်သုံးဆီ ဈေးကွက်အခြေအနေအပေါ် Renaissance Institute မှ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

■ အခွန်အခတွေ ပြန်စိစစ်ပေးပါ

မြန်မာနိုင်ငံက အသုံးပြုနေတဲ့ စက်သုံးဆီရဲ့ ၉၅ ရာခိုင်နှုန်းလောက်ကို ပြည်ပကနေ တင်သွင်းရပါတယ်။ ဒီလိုတင်သွင်းတဲ့အခါမှာ စင်ကာပူနိုင်ငံကနေ တစ်ဆင့်ခံတင်သွင်းရလို့  ရေနံတစ်တန်မှာ ၁၅ ဒေါ်လာလောက် များပါတယ်။

ဒီလို ဈေးနှုန်းများပြားတဲ့အပြင် ပြည်ပက တင်သွင်းတဲ့ စက်သုံးဆီတွေအပေါ်မှာ အစိုးရက ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း၊  Custom Duty သုံးရာခိုင်နှုန်း၊ အထူးကုန်စည်ခွန်ငါးရာခိုင်နှုန်းနဲ့  ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကောက်ခံတယ်လို့ စက်သုံးဆီတင်သွင်းတဲ့လုပ်ငန်းရှင်တွေက ဆိုပါတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ ဝင်ငွေအပေါ်မှာ ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်းကိုလည်း ကောက်ခံနေတယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ အခွန်အထပ်ထပ် ကောက်ခံနေတဲ့ မြန်မာ့အခွန်စနစ်တစ်ရပ်လုံးဟာ ပြန်လည်သုံးသပ်ပြီး လုပ်သာကိုင်သာရှိတဲ့ အခွန်နှုန်းတစ်ရပ်အဖြစ် ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ဒီလိုပြောင်းလဲဖို့ လိုအပ်တယ်ဆိုရာမှာ ငွေမည်းခဝါချတဲ့ ပုဒ်မလိုမျိုး သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းဆီကို ဝုန်းခနဲထိုးဆင်းပြီး ငွေမည်းတွေကို မျှော်လင့်တဲ့အခွန်နှုန်းမျိုးကို ထိုးဆင်းဖို့ ဆိုလိုတာ မဟုတ်ဘဲ အာဆီယံမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး မြန်မာနိုင်ငံအတွက် လုပ်သာကိုင်သာရှိပြီး ပြည်သူဝန်မပိတဲ့ အခွန်နှစ်ထပ်၊ သုံးထပ်စည်းကြပ်နေတာမျိုးတွေကို ပြန်လည်သုံးသပ်ဖို့ ဆိုလိုတာပဲဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် အစိုးရဘက်က စာရွက်ပေါ်က ကိန်းဂဏန်းတွေနဲ့ စီးပွားရေး တိုးတက်တယ်ဆိုပြီး အကောင်းမြင်နေတဲ့ အခြေအနေဖြစ်နေပြီး ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက အခွန်အခဖိစီးမှု၊ စီးပွားရေးကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတာမို့ အစိုးရတာဝန်ရှိသူတွေ အနေနဲ့ ပြည်သူတွေနဲ့ ပိုမိုထိတွေ့ မှုပြုလုပ်သင့်ပြီဆိုတဲ့ အခြေအနေကိုလည်း မြင်နေရပါတယ်။ စာရွက်ပေါ် က တိုးတက်မှုကို ကျေနပ်နေမယ်ဆို ရင်တော့ လက်တွေ့မြေပြင်မှာ အခက်ကြုံနေတဲ့ ပြည်သူတွေရဲ့ ရှုတ်ချမှုနဲ့ပဲ ရင်ဆိုင်ရနိုင်ပါတယ်။

‘‘နိုင်ငံတော်၏အတိုင်အပင်ခံ ပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ လက်ရှိစီးပွားရေးအကြံပေး ပရော်ဖက်ဆာ  Sean Turnell ပြုလုပ်တဲ့ Myanmar's Economy: Progress, Challenges and Prospects ဆိုတဲ့ဆွေးနွေးပွဲမှာ ပြောတာက မြန်မာနိုင်ငံရဲ့ GDP ဟာ တက်လာနေပြီး ၂၀၁၆-၁၇ မှာ ၅ ဒသမ ၉ ရာခိုင်နှုန်းရှိရာက ၂၀၁၇-၁၈ မှာ ၆ ဒသမ ၄ ရာခိုင်နှုန်းအထိ တက်လာတယ်။ အခု ၂၀၁၈ နှစ်လည်မှာ ၇ ဒသမ ၂ ရာခိုင်နှုန်းအထိ တက်လာတယ်တဲ့။ နောက်ပြီး နိုင်ငံရဲ့ လိုငွေပြမှုကလည်း အရင် ငါးရာခိုင်နှုန်းရှိရာက အခု ၂ ဒသမ ၇ ရာခိုင်နှုန်း အထိ လျှော့ချလိုက်နိုင်တယ်။ သူတို့ မှန်းတာက ၂ ဒသမ ၅ ရာခိုင်နှုန်း အထိ လျှော့ချလာနိုင်တယ်တဲ့။ အဓိက အကြောင်းရင်းက အခွန်တွေ သေသေချာချာ ကောက်ခံလာနိုင်တာ ဖြစ်ပြီး ငွေကြေးစီမံမှုဟာ ရာခိုင်နှုန်း ၃၀ အထိ ၂၀၁၇-၁၈ ထဲမှာ တိုးတက်လာတယ်။ သွင်းကုန်ထုတ်ကုန်ကလည်း ရာခိုင်နှုန်း ၂၀ တိုးတက်လာတဲ့အတွက် လိုငွေပြမှုကိုလျှော့ချနိုင်တာ ဖြစ်ပါတယ်တဲ့။ ငွေကြေးဖောင်းပွမှု အရင်က ၁၀ ရာခိုင်နှုန်းကို အခုငါးရာခိုင်နှုန်းအထိ လျှော့ချလိုက်နိုင်ပြီး နိုင်ငံစီးပွားရေး အကောင်းဘက် ဦးတည်နေတယ်ဆိုပါတယ်။ မြန်မာပြည်ရဲ့ ကြိုးနီစနစ်ဟာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတာပါ။ သူတို့ ကြိုးစားဖြေရှင်းနေပြီး ဖြေလျှော့မှုတွေ လုပ်နေပါတယ်တဲ့။ ဒေါ်လာ ၇ ဒသမ ၅ ဘီလျံ ကျောက်ဖြူဆိပ် ကမ်းတည်ဆောက်မှုကိစ္စကိုပါ သူပြောသွားတယ်။ သူက ဆက်မလုပ်ဖို့ အဆိုပြုထားတယ်တဲ့။ အခွန်သက် သာခွင့် သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းကိုလည်း Sean က ဥပဒေကြမ်းကော်မတီမှာ ကန့်ကွက်ခဲ့သူတစ်ဦးပါ။

B4B မှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ၁၄၀၀ ကျော်ကို ကောက်ယူခဲ့တဲ့စစ်တမ်းမှာ ပြောတာကတော့ စီးပွားရေးမကောင်းဘူးလို့ ဖြေကြားခဲ့ပါတယ်။အခွန်အကောက် များနေတယ်။ စားသောက်ကုန်ဈေးနှုန်း ခုနစ်ရာခိုင်နှုန်းလောက် တက်နေတယ်။ လူတွေရဲ့ ဝယ်လိုအား ကျနေတယ်။ လက်လီဆိုင်တွေရဲ့ရောင်းအားကျဆင်းပြီး စရိတ်တွေကြီးလာတယ်လို့ City Mart Holding က CEO ဒေါ်ဝင်းဝင်းတင့်ကလည်း တင်ပြခဲ့ပါတယ်။ ဆောက်လုပ်ရေး၊ ဘဏ်၊ စက်မှုကုန်ထုတ်၊ လယ်ယာထွက်ကုန်၊ အထည်ချုပ်၊ Services ၊ Export & Imports နဲ့  SME ကဏ္ဍတွေကလည်း စီးပွားရေးမကောင်းဘူးလို့ တစ်ညီတစ်ညွတ်တည်း ပြောဆိုကြပါတယ်။ Sean အမြင်နဲ့ လက်တွေ့လုပ်ကိုင်နေကြသူများရဲ့အသံက ဆန့်ကျင်ဘက်ပါ။ ကျွန်တော့်အမြင်ကတော့ Sean ရဲ့အပြော၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေအရ NLD အစိုးရအနေနဲ့ မြန်မာ့စီးပွားရေးအပေါ်မှာ အကောင်းမြင်နေပြီး နောင်နှစ်နှစ်ကျော် သုံးနှစ် ဒီ Flow အတိုင်း ဆက်သွားမယ်လို့ သုံးသပ်ရပါတယ်’’ လို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက သူ့ရဲ့ Facebook Acc မှာ သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၂ ကနေ ၂၀၁၅ ခုနှစ်အကြားဟာ ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးနဲ့ ပြည်သူတွေအကြားမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးအချိန် ဖြစ်ပါတယ်။ ဒီလိုနှစ်အပိုင်းအခြားတွေနဲ့ ဆန့်ကျင်ဘက်အခြေအနေက ၂၀၁၆၊ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေပါ။ ဒီနှစ်ပိုင်းတွေမှာ ပြည်သူတွေ၊ လုပ်ငန်းတွေအားလုံးဟာ စီးပွားရေး ကျဆင်းမှုဂယက်တွေနဲ့ စီမံခန့်ခွဲခြင်း ညံ့ဖျင်းခြင်းတွေ၊ မတည်ငြိမ်တဲ့ မူဝါဒတွေ နဲ့ တင်ဒါတွေကို လက်သိပ်ထိုး ခေါ်ပေးချင်တဲ့သူတွေကို ပေးနေတာကြောင့် ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီအခြေအနေကို မြင်နိုင်ဖို့ လိုအပ်ပါတယ်။

‘‘နံပါတ်တစ်က စက်သုံးဆီဈေး အခုတက်နေတယ်ဆိုပေမယ့် ဒီထက်တက်ဖို့ အရိပ်အယောင် မရှိဘူး။ ဘာကြောင့်လဲဆို ဆော်ဒီအာရေဗျနဲ့ ရုရှားနဲ့က ပိုမိုတိုးတက်ထုတ်မယ်ဆိုပြီး အရိပ်လက္ခဏာတွေတွေ့ နေရတယ်။ ဒီထက်ပိုတက်မယ်လို့ မထင်ဘူး။ ဒီအနေအထားလောက်မှာပဲ တက်ချင်တက်၊ မတက်ရင် တန့်နေမယ်ပေါ့။ နံပါတ်နှစ်က စက်သုံးဆီတွေမှာ နိုင်ငံတကာအဆင့်မီရောင်းနိုင်တဲ့ ကုမ္ပဏီကြီးတွေကိုခွင့်ပြုသင့်တယ်။ JV ဖြစ်ဖြစ်၊ ရာနှုန်းပြည့်ပဲ ဖြစ်ဖြစ်ပေါ့။ ခွင့်ပြုသင့်တယ်။ ဘာကြောင့်လဲဆို စက်သုံးဆီက ကျွန်တော်တို့နိုင်ငံက ထုတ်တာမဟုတ်ဘူး။ ပြည်ပက တင်သွင်းတာ။ ပြည်ပက တင်သွင်းတာဖြစ်လို့ ပြည်ပပေါက်ဈေးအတိုင်းပဲ ကျွန်တော်တို့ဝယ်ရတယ်။ တက်ရင် တက်ဈေး၊ ကျရင် ကျဈေး။ ဒီလိုဝယ်ရသော်ငြားလည်း ပြည်တွင်းစက်သုံးဆီ ဝယ်ယူအသုံးပြုသူတွေ အဓိကလိုချင်တာက စက်သုံးဆီအရည်အသွေး မှန်မှန်ကန်ကန်ဖြစ်ဖို့ လိုချင်တယ်။ စက်သုံးဆီ ဈေးနှုန်းက ကမ္ဘာ့ဈေးနှုန်းတက်ရင် လည်း တက်ဈေးပေးနိုင်တယ်။ ကျရင်လည်း ကျဈေးပေးချင်တယ်။ ဒီနေရာမှာ ကမ္ဘာ့ရေနံဈေးတက်ရင် ဒီမှာဈေးလိုက်တက်ပေမယ့် ကမ္ဘာ့ရေနံဈေးနှုန်းကျရင် လိုက်မချတာတွေလည်း ရှိခဲ့တယ်။ အဲဒီကြောင့်မို့လို့ ကမ္ဘာ့ဈေးကွက်ပေါက်ဈေးအတိုင်း ဖြစ်နေတာက ပြည်တွင်းစားသုံးသူတွေအတွက် အဓိကမကျဘူးထင်တယ်။ သူတို့လိုချင်တာက ဝန်ဆောင်မှုပဲ။ ပြည်ပဈေးကွက်ပေါက်ဈေး၊ စက်သုံးဆီအရည်အသွေးနဲ့ အချိန်အတွယ်မှန်ဖို့ပေါ့။ နောက်တစ်ခု နံပါတ်သုံးအချက်က အခွန်ကိစ္စ။ အထွေထွေအခွန်ကတော့ လျှော့ကို လျှော့သင့်တယ်။ သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းကို မလျှော့နိုင်ဘူး။ မလျှော့သင့်ဘူး မှန်သော်ငြားလည်း တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ အနေအထားအရ ဝင်ငွေခွန်တို့ ကုန်သွယ်လုပ်ငန်းခွန်တို့ကို ဘာပဲပြောပြော စင်ကာပူတို့ ဘာတို့ လောက်တော့ လျှော့သင့်တယ်။  Tax Amnesty လိုမျိုး သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းအထိ လျှော့ဖို့မလိုဘူး။ ဒါပေမဲ့ သင့်တင့်မျှတစွာ လျှော့ဖို့လိုတယ်။ နံပါတ်လေးအချက်အနေနဲ့ ပြောချင်တာက အခွန်ဆောင်တဲ့ နေရာမှာ အွန်လိုင်းက ဆောင်နိုင်ရင် ကောင်းတယ်ဗျာ။ Offline ကနေ မဟုတ်ဘူး။ လူချင်းတွေ့ပြီး အခွန်ဆောင်နေရရင် ဇယားတွေ ရှုပ်တယ်။ အခုဘာပဲလုပ်လုပ် အွန်လိုင်းက သွားနိုင်ရင် အများကြီးကောင်းလာမယ် ယူဆတယ်။ အခု အင်တာနက်သုံးစွဲမှုကလည်း ပိုတက်လာတယ်။ ဘာပဲပြောပြော အွန်လိုင်းဆိုတာ လူတိုင်းရဲ့လက်တစ်ကမ်းမှာပဲ ရှိလာတယ်။ နောက်တစ်ခု နံပါတ်ငါးအနေနဲ့ ပြောရရင် Ananda ဆိုတဲ့ လုပ်ငန်းတစ်ခု မိတ်ဆက်ပွဲ ကျွန် တော်သွားတက်တယ်။ လူတိုင်းက လွယ်လွယ်ကူကူနဲ့ Wifi သုံးနိုင်တော့မယ်လို့ ကျွန်တော်သိခဲ့ရတယ်။ လွယ်လွယ်ကူကူနဲ့ ပြည်သူကြားမှာ အဲဒီလိုဖြစ်နေပြီဆိုရင် အစိုးရအဆင့်မှာလည်း အဲဒီလို e-Government လိုမျိုး လွယ်ကူအောင်တတ်နိုင်တဲ့ အဆင့်ကနေ အွန်လိုင်းဝန်ဆောင်မှု မျိုးလုပ်သင့်တယ်။ လူချင်းတွေ့နေရတာမျိုး။ ပြုံတိုးနေရတာမျိုးတွေ လျော့သွားမယ်။ အချိန်ကုန်သက်သာမယ်။ ငွေကုန်သက်သာမယ်။ လာဘ်ပေးလာဘ်ယူတွေ လျော့သွားမယ်။ ဆီဈေးတက်တာက မကြာမကြာဖြစ် တတ်တယ်။ ဆီက ပြည်ပကသွင်းကုန်။ ပြည်ပပေါက်ဈေးနဲ့ ဝယ်ရမှာပဲ။ အခွန်ကိုတော့ လျှော့သင့်တယ်။ ကျွန်တော်ပြောတဲ့ ဒီငါးချက်က ဖြစ်လည်း ဖြစ်နိုင်တယ်။ လုပ်လို့ရတဲ့ အချက်တွေလို့လည်း ထင်တယ် ‘‘ လို့ မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက လက်ရှိ စက်သုံးဆီကဏ္ဍအပေါ် အချက်ငါးချက်နဲ့ အကြံပြုပါတယ်။

အနှစ်ချုပ်ပြောရမယ်ဆိုရင် မြန်မာ့စက်သုံးဆီကဏ္ဍကို ခရိုနီတွေ လူတစ်စုကပဲ ချုပ်ကိုင်ထားတာ အဆုံးသတ်ချိန်တန်ပါပြီ။  နှစ်ပေါင်းများစွာ ခရိုနီတွေလက်ဝါးကြီးအုပ်ထားတဲ့ စက်သုံးဆီကဏ္ဍကို NLD အစိုးရလက်ထက်မှာ တိုင်ကွန်းလို့ အမည်ပြောင်းတဲ့ လူတစ်စုကပဲ ဆက်ပြီး မချုပ်ကိုင်ဖို့ဆိုရင် အဓိကလုပ် သင့်တဲ့အချက်နှစ်ချက်က စက်သုံးဆီကဏ္ဍမှာ နိုင်ငံခြားကုမ္ပဏီတွေ လက်လီလက်ကား ရောင်းချခွင့် ရာနှုန်းပြည့်ခွင့်ပြုဖို့နဲ့ အခွန်အခတွေကို သင့်တင့်တဲ့နှုန်းထားဆီ လျှော့ချဖို့ပါ။

ဒီနေရာမှာ နိုင်ငံခြားကုမ္ပဏီတွေကိုလည်း စက်သုံးဆီကဏ္ဍမှာ ဝင်ခွင့်မပြုဘူး။ ဆီမှောင်ခိုတင်သွင်း တဲ့ ‘‘ဇ’’ ရှိတဲ့ လုပ်ငန်းရှင်တချို့ကို လည်း မစိစစ်နိုင်ဘူးဆိုရင်တော့ အခွန်လျှော့ချမှုက ဆီဈေးကျဆင်းမှုအပေါ် သက်ရောက်စေမှာ မဟုတ်ဘဲ ခရိုနီတွေပဲ ပိုအကျိုးရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အထူးအကြံပြုရရင် နိုင်ငံခြားကုမ္ပဏီတွေကို စက်သုံးဆီလက်လီလက်ကား ရောင်းချခွင့်မပြုဘဲနဲ့ မှောင်ခိုဆီ တင်သွင်းမှုတွေကို တားဆီးထိန်းချုပ်နိုင်မှုမရှိဘဲနဲ့ အခွန်တွေကို လျှော့ချမှု မလုပ်မိပါစေနဲ့လို့ပဲ အထူးအကြံပြုချင်ပါတယ်။

လက်ရှိ ၂၀၁၈ ဘဏ္ဍာနှစ်တိုဟာ စက်တင်ဘာလကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်ဟာ အောက်တိုဘာ ၁ ရက်မှာ စတင်မှာဖြစ်လို့ မကြာခင်ရက်ပိုင်းမှာ လွှတ်တော်မှာ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွက် ဥပဒေကြမ်းဆွေးနွေးတော့မှာဖြစ်ပါတယ်။ ဒီလိုဥပဒေကြမ်းဆွေးနွေးပြီဆိုရင် အခွန်အခအ ထပ်ထပ်ကောက်နေလို့ ပြည်သူတွေ ဖိစီးနေတဲ့ ကဏ္ဍတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက သေသေချာ ချာ မေးမြန်းဆွေးနွေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် လွှတ်တော်မှာ စက်သုံးဆီကဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး သေသေချာချာ လေ့လာမေးမြန်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်က အဆိုတင်သွင်းပြီး ခရိုနီတိုင်ကွန်းတစ်စု အုပ်စီးထားတဲ့ မြန်မာ့စက်သုံးဆီကဏ္ဍ လက်ဝါးကြီးအုပ်ခံနေရတဲ့ အခြေအနေကို ပြင်ဆင်ဖို့ ကြိုးပမ်းရပါလိမ့်မယ်။ ကမ္ဘာ့ရေနံဈေးကျနေပြီ ငါတို့နဲ့ မဆိုင်ဘူးတွေးဖို့ မသင့်တော့တဲ့အခြေအနေကို တိုင်ကွန်းတွေ လက်ဝါးကြီးအုပ်ထားတဲ့ စက်သုံးဆီကဏ္ဍက သက်သေပြနေတာ ဖြစ်ပြီး ပြည်သူတွေ စက်သုံးဆီကို အရည်အသွေးမှန်မှန်၊ ဈေးနှုန်းမှန်မှန်၊ အချိန်အတွယ်မှန်မှန်နဲ့ သုံးစွဲနိုင်ရေး ‘‘ပြောင်းလဲချိန်တန်ပြီ’’  ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်က လွှတ်တော်တွေက ငါတို့နဲ့မဆိုင်ဘူး။ ငါတို့ လွှတ်တော်၊ ငါတို့အစိုးရကတောင် တိုင်ကွန်းကို မကင်းနိုင်လို့ အလှူခံပေါင်းနေရတာ လုပ်စရာမလိုပါဘူးလို့ တွေးမယ်ဆိုရင်တော့ မြန်မာ့စက်သုံးဆီကဏ္ဍဟာ တိုင်ကွန်းတစ်စုရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ဆက်ရှိနေပြီး မြန်မာ့လူဦးရေ ၅၃ သန်းဟာ တိုင်ကွန်းတစ်စုရဲ့ ကြီးစိုးမှုအောက်မှာပဲ ဆက်ပြီးဒုက္ခခံနေရပါလိမ့်မယ်။