အဂတိ၊ ပွင့်လင်းမြင်သာမှုနှင့် မည်သူမျှ လက်မခံနိုင်သောကိစ္စ

အဂတိ၊ ပွင့်လင်းမြင်သာမှုနှင့် မည်သူမျှ လက်မခံနိုင်သောကိစ္စ
Published 28 May 2018

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် (အလယ်) အား မေ ၂၃ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် တွေ့ရစဉ်

“ကျွန်တော် ဝန်ကြီးချုပ်ရာထူးက ထွက်ခွာသွားချိန်မှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဥစ္စာပစ္စည်းတွေကို စစ်ဆေးပါ။ ဝန်ကြီးချုပ် မဖြစ်ခင်ကထက် တစ်ကျပ်ပိုရှိနေတာ တွေ့တယ်ဆိုရင် ကျွန်တော့်ကို သူခိုးလို့ ကြေညာပါ။ ကျွန်တော်ခံပါ့မယ်”

(ဝန်ကြီးချုပ်ဟောင်း ဦးနု )

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သူ ဦးနုက သူအဂတိ ကင်းရှင်းကြောင်းကို ရဲရဲကြီး အာမခံခဲ့ဖူးပါတယ်။ ၁၉၆၂ ခုနှစ် မြန်မာနိုင်ငံမှာ ဦးနေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးပိုင်း တာဝန်ယူခဲ့တဲ့ ခေတ်အဆက်ဆက် အစိုးရ အဖွဲ့ဝင်တွေကြားမှာ အဂတိနဲ့ ပတ်သက်လို့ သတ္တိရှိရှိ အာမခံရဲတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုလို ပုဂ္ဂိုလ်မျိုး မမြင်ရတာ နှစ်ပေါင်း ၅၆ နှစ်ကျော် ကြာခဲ့ပါပြီ။

ဆိုရှယ်လစ်ခေတ်၊ နဝတ၊ နအဖခေတ်၊ ဦးသိန်းစိန်ခေတ်နဲ့ အခု NLD အစိုးရ လက်ထက်အထိ အဂတိနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့ဝင် တွေထဲက ရဲရဲကြီး အာမခံရဲတဲ့သူ မထွက်ပေါ်လာသေးပါဘူး။ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အကူးအပြောင်း ကာလလို့ ခေါ်ဆိုကြတဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း အဂတိမကင်းတဲ့ ဖြစ်စဉ်တွေက သူတို့အစိုးရ ဆင်းသွားပြီးချိန်မှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတယ်။ ဥပမာ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေထဲကနေ အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော်ကို အစိုးရ အဖွဲ့ဝင်ဟောင်းတွေနဲ့ အသင်းချုပ် တာဝန်ရှိသူတွေ ပူးပေါင်းပြီး အလွဲသုံးစား ပြုလုပ်ခဲ့မှုအပေါ် စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ တိုင်ကြားတာတွေ၊ မကွေးတိုင်းဒေသကြီး ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေက ဒေသဖွံ့ဖြိုးရေးအတွက် ထည့်ဝင်ခဲ့တဲ့ ငွေကျပ် ၂ ဒသမ ၈ ဘီလျံ ရန်ပုံငွေကို အစိုးရအဖွဲ့သစ်ထံ လွှဲပြောင်း မပေးခဲ့မှုတွေက သိသာထင်ရှားလှတဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်။

နောက်ပိုင်း မကွေးတိုင်းကိစ္စကို ပြည်ထောင်စုဝန်ကြီးရဲ့ အကြံပြုချက်အတိုင်း ပြည်ထောင်စုအစိုးရရဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်နဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) တို့က စစ်ဆေးရာမှာ ပျောက်ဆုံးနေတဲ့ ငွေကျပ် ၂ ဒသမ ၈ ဘီလျံ မဟုတ်ဘဲ ငွေကျပ် ၇ ဒသမ ၄၅၉ ဘီလျံကျော်ကြောင်း တွေ့ရှိခဲ့ပါ တယ်။ လက်ရှိအချိန်မှာတော့ အဲဒီငွေတွေကို အရစ်ကျ ပြန်ဆပ်ခဲ့ပြီး ဖြစ်ပေမယ့် သမိုင်းမှာတော့ အမည်းစက်က ဖျောက်ဖျက်လို့ မရတော့ပါဘူး။

၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရတစ်ရပ် ပေါ်ထွက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့အစိုးရအဖွဲ့ကို အဂတိကင်းစင်တဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ နိုဝင်ဘာ ၅ ရက်က တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄)မှာ ပြုလုပ်တဲ့ NLD ပါတီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အဂတိကင်းစင်တဲ့ အစိုးရအဖွဲ့အဖြစ် ဖွဲ့စည်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

“စီးပွားရေးနဲ့ ပတ်သက်လို့၊ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ အထူးသတိထားဖို့ လိုပါတယ်။ အဂတိ လိုက်စားမှုဆိုတာ အဲဒီက စတာပဲ။ အစိုးရက အဂတိလိုက်စားမှု မကင်းရင် စီးပွားရေးကလည်း အဂတိ လိုက်စားမှုကင်းမှာ မဟုတ်ပါဘူး။ သန့်ရှင်းတဲ့ အစိုးရနဲ့စပြီး သန့်ရှင်းတဲ့ စီးပွားရေးစနစ်ကို ထူထောင်ဖို့ အစီအစဉ် ရှိပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၂၈ ရက်က တော်ဝင်နှင်းဆီမှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာလည်း ငွေရေးကြေးရေး ပြဿနာကို ဖြေရှင်းရာမှာ မှားသွားပါက ဥပဒေအရ အရေးယူမှာဖြစ်ပြီး ရဲဘော်ရဲဘက် ဖြစ်တာကြောင့် ထောင်ဝင်စာ လာတွေ့မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

NLD ပါတီရဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ကြေညာစာတမ်းမှာလည်း “အဂတိကင်းစင်သော လူ့အသိုင်းအဝိုင်း ဖော်ဆောင်ရန် လိုအပ်သကဲ့သို့ ထိရောက်စွာ ဆောင်ရွက်မည်” လို့ ဖော်ပြထားပါတယ်။ ဒီလို ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်း အတိအလင်း ဖော်ပြခဲ့သလို  NLD အစိုးရမဖွဲ့မီ အချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သတိပေး ပြောကြားမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း အစိုးဖွဲ့ပြီး မကြာခင် သြင်္ကန်ကာလမှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ သွေးတိုးစမ်းတဲ့ ကိစ္စတစ်ခု ဖြစ်လာပါတယ်။ ၂၀၁၆ ခုနှစ် သြင်္ကန်ကာလမှာ အစိုးရအဖွဲ့ဝင် အရေးကြီး ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကိုယ်ရေးအရာရှိကို ငွေကျပ်သိန်း ၅၀ လက်ဆောင်ပေးတဲ့ကိစ္စ ဖြစ်ပေါ်ခဲ့ပေမယ့် ထိထိရောက်ရောက် အရေးယူခြင်း မရှိတဲ့အပြင် သတိပေးရုံသာ လုပ်ခဲ့တာကြောင့် ပြည်သူတွေကြားမှာ ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။

ဒီကိစ္စဖြစ်ပွားပြီးနောက်ပိုင်း အဲဒီအချိန်တုန်းက နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားတဲ့ “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” ကို ဗဟိုရုံးတွေ၊ ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ ပြည်နယ်၊ တိုင်းအစိုးရတွေဆီ ၂၀၁၆ ဧပြီ ၁ ရက်နေ့စွဲနဲ့ ပေးပို့ဖြန့်ဝေခဲ့ပါတယ်။ အဲဒီလမ်းညွှန်ချက်ထဲမှာ အစိုးရ အဖွဲ့ဝင်များ အနေနဲ့ မိမိရာထူးကြောင့် ပေးအပ်တယ်လို့ ယူဆရတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ ထံကနေ ပေးအပ်တဲ့ လက်ဆောင်ပစ္စည်းများကို လက်ခံခြင်း မပြုရလို့ သတ်မှတ်ပြီး ကျန်ပုဂ္ဂိုလ် အဖွဲ့အစည်းများ ပေးပါက တစ်ကြိမ်ကို ကျပ်နှစ်သောင်းခွဲထက် မပိုဘဲ တစ်နှစ်အတွင်း ကျပ်တစ်သိန်းထက်မပိုတဲ့ လက်ဆောင်ပစ္စည်းများနဲ့ အခါကြီး ရက်ကြီးတွေမှာ ဂါရဝပြု ပေးအပ်ပါက ကျပ်တစ်သိန်းထက်မပိုတဲ့ လက်ဆောင်ပစ္စည်းများကိုသာ ခြွင်းချက်အဖြစ် လက်ခံခွင့်ပြုတယ်လို့ ပါရှိပါတယ်။

ဒီလို “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” ထုတ်ပြန်ပြီး မကြာခင် အချိန်မှာပဲ လွှတ်တော်ဘက်ပိုင်းကလည်း  ၂၀၁၆ ခုနှစ် သြဂုတ် ၁၀ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ “နိုင်ငံတစ်ဝန်း အဂတိလိုက်စားမှုများ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။ ဒီအဆိုကို နှစ်ရက်ကြာ အချိန်ယူပြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၃၂ ဦးက တက်တက်ကြွကြွ ထောက်ခံဆွေးနွေးခဲ့ပြီးတဲ့ နောက်မှာတော့ အတည်ပြုဖို့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၃၇၀ မဲရရှိကာ ကန့်ကွက်မဲ မရှိ၊ ကြားနေမဲ မရှိဘဲ ပြည်သူ့လွှတ်တော်က အတည်ပြု နိုင်ခဲ့တာ ဖြစ်ပါတယ်။

“အဆိုကို လွှတ်တော်က အတည်ပြုလိုက်နိုင်တယ် ဆိုတော့ ဒီအဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ဖို့ တာဝန်ရှိသွားတဲ့ သဘောဖြစ်သွားပြီ” လို့ အဆိုရှင်ဖြစ်သူ ဒေါက်တာသန်းဝင်းက လွှတ်တော်အစည်းအဝေး အပြီးမှာ မီဒီယာတွေကို ပြောပါတယ်။

ဒါကြောင့်လည်း ၂၀၁၇ ခုနှစ် ဇူလိုင် ၁၀ ရက်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် ထုတ်ပြန်ကြေညာတဲ့ အခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာမှာ စိန်ခေါ်မှုတွေအနက် အဓိက အကျဆုံးက အဂတိလိုက်စားမှု ဖြစ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“စိန်ခေါ်မှုတွေအနက် အဓိက အကျဆုံးကတော့ အဂတိလိုက်စားမှုပဲ ဖြစ်ပါတယ်။ အဂတိ လိုက်စားမှုဟာ တိုင်းတာဖို့ ခက်သလို၊ သတိပြုမိဖို့လည်း ခက်ပါတယ်။ ဒီကိစ္စဟာ ပြဿနာ တစ်ခုအဖြစ် တည်ရှိနေသေးတာကတော့ ယုံမှားသံသယ မရှိနိုင်ပါဘူး။ အဂတိလိုက်စားမှုဟာ အယုံအကြည်ရှိမှု၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုနဲ့ ပြည်သူ့ဝန်ထမ်း ယန္တရားကြီး တစ်ခုလုံးရဲ့ ဂုဏ်ရှိမှုတို့ကို တိုက်စားဖျက်ဆီးပါတယ်။ ထို့ပြင် အဂတိ လိုက်စားခြင်းဟာ လူအနည်းငယ်ရဲ့ အကျိုးကို အများအကျိုး အထက်မှာ ထားရှိခြင်း ဖြစ်တာကြောင့် ဒီမိုကရေစီရဲ့ ဗဟိုမူဖြစ်တဲ့ ပြည်သူကို ကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးကို ထိပါးစေပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

အဲဒီနောက်ပိုင်းမှာ NLD အစိုးရလက်ထက်မှာ သမ္မတဟောင်း ဦးသိန်းစိန် ဖွဲ့စည်းခဲ့တဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ အမြင့်ဆုံး တရားစွဲဆိုမှုအဖြစ် သိန်းထောင်ချီ လာဘ်စားမှုကြောင့် ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချိုနဲ့ ပြည်ထဲရေး အရာရှိများ အပါအဝင် စုစုပေါင်း လူခြောက်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူ ခြောက်ဦးကတော့ အရင်အစိုးရ လက်ထက်မှာ ဒုတိယ အမြဲတန်း အတွင်းဝန် တာဝန်ယူခဲ့ဖူးတဲ့ ဦးပြုံးချိုဟာ လက်ရှိမှာ ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်ပြီး နောက်ထပ် ပါဝင်သူတွေကတော့  ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးရုံးက ဒုတိယရဲမှူးကြီးတစ်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးတစ်ဦး၊ ဦးစီးအရာရှိ တစ်ဦးနဲ့ မြေပိုင်ရှင် ကိုယ်စားလှယ် လွှဲအပ်ခံထားရသူနှစ်ဦး ပါတယ်လို့  နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနဲ့ သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုပါတယ်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ အဆိုကို အတည်ပြုခဲ့ပြီး တစ်နှစ်နဲ့ သုံးလကျော်အကြာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အသစ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က သမ္မတဦးထင်ကျော်က ပြန်လည်ဖွဲ့စည်း ပေးခဲ့ပါတယ်။ ကော်မရှင်သစ်ရဲ့ ဥက္ကဋ္ဌအဖြစ် အရင်ပြန်ကြားရေး ပြည်ထောင်စု ဝန်ကြီးဟောင်းဖြစ်သူ ဦးအောင်ကြည်ကို တာဝန်ပေးအပ် လိုက်ပါတယ်။ NLD အစိုးရသက်တမ်း နှစ်နှစ်နီးပါး ရှိလာတဲ့ အချိန်ရောက်မှ  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းတာပါ။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပြီး မကြာခင် ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု အခြေအနေ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Transparancy International) ကနေ ထုတ်ပြန်လိုက်တဲ့  ၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေပြ အညွှန်းကိန်းက နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၀ မှာ ရှိခဲ့ပါတယ်။ ပြောရရင် NLD အစိုးရ နှစ်နှစ်သက်တမ်းအတွင်း ၂၀၁၆ ခုနှစ်ကထက် ၂၀၁၇ ခုနှစ်မှာ အဆင့်ခြောက်ဆင့် တက်လာတာပါ။  မြန်မာနိုင်ငံရဲ့ အဆင့်က ၁၃၀ ဆိုပေမယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ အောင်မှတ် မရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အဂတိလိုက်စားမှု အလိုက်စားဆုံး နိုင်ငံတွေကို အနီရောင်နဲ့ ဖော်ပြတဲ့အထဲမှာ မြန်မာနိုင်ငံက ပါဝင်နေပါသေးတယ်။

NLD အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ကော်မရှင်အသစ်ဖွဲ့ပြီး ထိထိရောက်ရောက် လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နဲ့ ၂၃ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ UNODC တို့ ပူးပေါင်းပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ နယ်ပယ်အသီးသီးက ပညာရှင်တွေရဲ့ Promote Integrity to Counter Corruption စာတမ်းဖတ်ပွဲကို ကျင်းပပေးခဲ့ပါတယ်။

“ဒီဘုံရန်သူကို တွန်းလှန်တဲ့ နေရာမှာ ကျွန်တော်တို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် တစ်ခုတည်းနဲ့လည်း မရဘူး။ အစိုးရဌာနဆိုင်ရာများ ပါဝင်ရုံမျှနဲ့လည်း မရပါဘူး။ လူထုလူတန်းစား အဖွဲ့အစည်း အသီးသီး၊ အသက်အရွယ် ကြီးငယ်လတ် အသီးသီး၊ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်လာမှ တွန်းလှန်နိုင်မှာ ဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ငါးကြီးကြီးဖမ်းပြီး ကြော်ပစ်တဲ့ နည်းလမ်းကို အသုံးပြုဖို့ စီးပွားရေးပညာရှင် ဦးမြင့်က အကြံပြု ပြောကြားပါတယ်။

“တကယ်လုပ်နေတဲ့ဟာ ပြရမယ်။ ပြတဲ့အခါ အများအားဖြင့် ဘယ်လိုလုပ်ကြသလဲဆိုရင် ဥပမာက ငါးကြီးကြီး အချို့ကို ကြော်လိုက်ပါ” လို့ ဦးမြင့်က ဆိုပါတယ်။

ဒီလိုအချိန်မှာပဲ NLD အစိုးရ လက်ထက်မှာ နိုင်ငံရေးအရ အကြီးမားဆုံးသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီအပြောင်းအလဲကတော့ NLD အစိုးရ သက်တမ်း နှစ်နှစ်ပြည့်ခါနီး အချိန်မှာ သမ္မတဟောင်း ဦးထင်ကျော် နုတ်ထွက်ခဲ့ပြီး သမ္မတသစ်အဖြစ် ဦးဝင်းမြင့်ကို တင်မြှောက်ခဲ့ပါတယ်။ ဒါဟာ NLD အစိုးရအနေနဲ့ နိုင်ငံရေးကစားပွဲကို အငြိမ်ကစားနေရာကနေ အလှုပ်ကစားဖို့ ခြေလှမ်းစလိုက်တာလို့ နိုင်ငံရေးလေ့လာ စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

သမ္မတသစ် ဦးဝင်းမြင့်အနေ နဲ့ ၂၀၁၈ ခုနှစ် မတ် ၂၈ ရက်က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ပထမဦးဆုံး မိန့်ခွန်းပြောကြားရာမှာ ဦးစားပေး ရည်မှန်းချက်ပန်းတိုင် သုံးခုနဲ့ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ် ရှစ်ချက်ကို ပြောကြားခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့်အနေနဲ့ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ် ရှစ်ချက်ထဲမှာ အဂတိလိုက်စားမှု ပိုမိုတိုက်ဖျက်ရေးကို လုပ်ဆောင်သွားမယ်လို့ ထည့်သွင်းပြောကြား ခဲ့ပါတယ်။ သူပြောကြားခဲ့တဲ့ စကားအတိုင်း ဧပြီ ၁၁ ရက်မှာတော့ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ လုပ်ငန်းတာဝန်တွေကို တိတိကျကျ မှန်မှန်ကန်ကန် ပိုမိုလုပ်ဆောင်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။ ကော်မရှင်အနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ လုပ်ပိုင်ခွင့်အာဏာ အရှိန်အဝါရှိသူတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ၊ စွပ်စွဲခံရသူဘက်က အကာအကွယ်ပေးမှုတွေ ရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြဖို့ကိုလည်း သမ္မတက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က နိုင်ငံ့ဝန်ထမ်းတစ်ဦးဦးကို တရားစွဲဆို အရေးယူရာမှာ မကြန့်ကြာစေဖို့ ဌာနဆိုင်ရာတွေက ခွင့်ပြုချက် အမြန်ဆုံး ထုတ်ပေးရမယ်လို့ နိုင်ငံတော်သမ္မတရုံးက ဝန်ကြီးဌာနတွေကို ဧပြီ ၁၉ ရက်က ညွှန်ကြားခဲ့ပါတယ်။

သမ္မတနဲ့ ကော်မရှင်တို့ တွေ့ဆုံပြီး မကြာခင်မှာပဲ ရာထူးအမြင့်ဆုံး အစိုးရအရာထမ်း တစ်ဦးဖြစ်တဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးအရေးယူ ခဲ့ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်က စီမံကိန်းတွေနဲ့ ပတ်သက်လို့ အဆောက်အအုံ အရည်အသွေး ပြည့်မီမှုမရှိခြင်း၊ ဌာနအကြီးအကဲအချို့ရဲ့ ပြည်သူ့ဘဏ္ဍာတွေအပေါ် ကိုယ်ကျိုးသုံးစွဲမှုတွေကို ဖော်ထုတ်စစ်ဆေးပေးဖို့ တိုင်ကြားလာတဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးခဲ့တယ်လို့ ကော်မရှင်ရုံးက ထုတ်ပြန်ပါတယ်။

ဒီလို စစ်ဆေးရာမှာ ဒေါက်တာသန်းထွဋ်အနေနဲ့ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုပြီး ၂၀၁၇ ခုနှစ်အတွင်း သူပိုင်ဆိုင်တဲ့ မြေကွက်ပေါ်မှာ ခြံစည်းရိုးကာရံခြင်း၊ တစ်ထပ်တိုက် နေအိမ်တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန် တစ်ခုနဲ့ ရေပန်းတစ်ခု စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း ၁၅၀၀ ကျော်ကို တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီဆီကနေ တောင်းခံရယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်တာကြောင့်၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ အမှုဖွင့် အရေးယူခဲ့တာပါ။

သမ္မတ ဦးဝင်းမြင့်အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ နောက်ထပ် ခြေလှမ်းတစ်ခုအဖြစ် သမ္မတနဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုကို ပြည်ထောင်စုလွှတ်တော် နာယကဆီ တင်ပြထားပြီးပြီလို့ နိုင်ငံတော်သမ္မတရုံးက မေ ၈ ရက် ကြေညာခဲ့ပါတယ်။ ဒီလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် သမ္မတဦးဝင်းမြင့်က လုပ်ဆောင်နေပေမယ့်လည်း နိုင်ငံရေးနယ်ပယ်မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တချို့အပေါ် အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေ၊ မီဒီယာက ဖော်ပြမှုတွေ ရှိခဲ့ပေမယ့် အရေးယူမှုတွေ ပြုလုပ်ခြင်း မရှိတာကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

အနီးစပ်ဆုံး ပြောရရင် NLD အစိုးရ လက်ထက်မှာ အိမ်မဲမြို့နယ် ညောင်ကုန်းချောင်းဖျားကျေးရွာ  မီးလင်းရေးအတွက်ဆိုပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က ကျေးရွာဒေသခံတွေဆီကနေ ကျပ်သိန်း ၁၀၀ တောင်းခံခဲ့တဲ့ဖြစ်စဉ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆီ တိုင်ကြားခဲ့တာပါ။ တိုင်ကြားမှုကို ကော်မရှင်က လျှို့ဝှက်စစ်ဆေးမှုအရ ဦးအောင်ကျော်မြိုင် အနေနဲ့ လုပ်ပိုင်ခွင့် အသုံးပြုပြီး ကျပ်သိန်း ၁၀၀ တောင်းခံခဲ့တာ မှန်ကန်ပေမယ့် ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ခြင်း မရှိခြင်း၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်ရာမှာ အထောက်အထား ခိုင်မာမှု မရှိတဲ့အတွက် ကော်မရှင်က အရေးမယူနိုင်တာကြောင့် တိုင်းဒေသကြီး လွှတ်တော်ကနေ အရေးယူ ဆောင်ရွက်ဖို့ အကြောင်းပြန်ခဲ့ တယ်လို့ သိရပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်က ငွေကျပ်သိန်း ၁၀၀ ကို လုပ်ပိုင်ခွင့် အသုံးပြုပြီး မမှန်မကန် တောင်းယူခဲ့သော်လည်း ၎င်းကိုယ်ကျိုးအတွက် သုံးစွဲခဲ့ခြင်း မရှိကြောင်း ဆိုပြီးတော့ အဂတိ ကော်မရှင်က ထည့်ရေးထားတယ်။ လာဘ်ပေးလာဘ်ယူ မရှိကြောင်း ဆိုတော့ ဒီငွေကို သူ့အလိုလို ပြန်ပေးတာ မဟုတ်ဘူးလေ။ ရွာသားတွေက သိသွားတယ်။ သတင်းသမားတွေက သိသွားတယ်။ ရွာကိုဆင်းမေးကြပြီဆိုမှ သတင်းသမားနဲ့ ညှိနှိုင်းတယ်။ အဲဒါမရမှ နောက်ရက်မှာမှ ပြန်ပေးခြင်း ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ ဒီလိုတောင်းတာလည်း မှန်တယ်။ ယူလည်းသွားတယ်။ ကိုယ်ကျိုးသုံးစွဲခဲ့တာ မရှိဘူးဆိုတဲ့ တစ်ချက်တည်းနဲ့ အဂတိက အရေးမယူတာ မဟုတ်သေးဘူး။ သူကိုယ်တိုင်က လာဘ်ပေးလာဘ်ယူပြုလုပ်ဖို့ ဘယ်ဌာနတွေကို ဘယ်လောက်ပေးရမယ်ဆိုပြီး ဒေသခံတွေကို အစည်းအဝေးမှာ ပြောခဲ့တဲ့ အသံဖိုင်တွေလည်း ရှိနေတယ်။ လူသက်သေတွေလည်း ရှိနေတယ်လေ။ ငွေပြန်ပေးတယ် ဆိုတာလည်း ပြဿနာ ဖြစ်ပေါ်ခဲ့လို့သာ ပြန်ပေးခဲ့တာ။ ဒါကို လွှတ်တော်က ဆက်လက် စစ်ဆေးမယ်လို့ဆိုတယ်။ ဒီစစ်ဆေးမှုကို စောင့်နေမှာပါ” လို့ တိုင်ကြားခဲ့သူ ဦးသူရစိုးက ဆိုပါတယ်။

ဒီဖြစ်စဉ်က အမှန်တကယ် ဖြစ်ခဲ့ပေမယ့် ကော်မရှင်ကနေ အရေးမယူဘဲ တိုင်းဒေသကြီး လွှတ်တော်ကို အရေးယူဆောင်ရွက်ဖို့ လွှဲပြောင်းပေးတဲ့အပေါ် ဝေဖန်မှုတွေကလည်း ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ကျော်စောသတင်း ထွက်နေသူတွေအပေါ် ကော်မရှင်အနေနဲ့ သတင်းရရှိပါက စုံစမ်းစစ်ဆေးနိုင်မယ့် အချက်ကို ဖြည့်စွက်ထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ၂၀၁၈ ခုနှစ် မေ ၂၃ ရက်က အတည်ပြုခဲ့ပါတယ်။

“ခုအတည်ပြုလိုက်တဲ့ ဥပဒေနဲ့ အရင်ဥပဒေနဲ့က အများကြီး ကွာခြားသွားပါတယ်။ အလုပ်လုပ်လို့ရတဲ့ အနေအထား ဖြစ်သွားတာပေါ့။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ အင်နဲ့အားနဲ့ လုပ်လို့ရတဲ့ အနေအထား ဖြစ်သွားတယ်လို့ မြင်ပါတယ်။ ဒီဥပဒေထဲမှာ ပေးတာယူတာနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်မယ်။ ဒါ့အပြင် နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေတွေ လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ ဆုံးရှုံးနေမယ်ဆိုရင် ဒါကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ သက်ဆိုင်တယ်။ ငြိစွန်းနိုင်တယ်ဆိုတဲ့ အချက်တွေကြောင့် အများကြီး ကျယ်ပြန့်သွားမယ်။ နိုင်ငံတကာ အဆင့်နဲ့လည်း ညီသွားမယ်” လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က မှတ်ချက်ပြုပါတယ်။

သမ္မတသစ်ဦးဝင်းမြင့်နဲ့ ကော်မရှင်သစ် လက်ထက်မှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ဖိဖိစီးစီး လုပ်ကိုင်လာတဲ့အတွက် လက်ရှိအချိန်မှာတော့ ပြည်ထောင်စုအဆင့် ငါးကြီးကြီးတွေကို ကြော်ပြနိုင်ဖို့ အခြေအနေကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၂ ရက်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) တို့က စစ်ဆေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆီ တိုင်ကြားလာမှုအရ ကော်မရှင်နဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့က စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို စစ်ဆေးတဲ့အပြင် သူ့ရဲ့သားဖြစ်သူကိုပါ ဆက်စပ်စစ်ဆေးနေတယ်လို့ ကနဦး သတင်းထွက်ခဲ့ပါတယ်။

ဒီကိစ္စအပေါ်မှာ တရားဝင် သတင်းထုတ်ပြန်ပေးမယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့်က ဆိုထားပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ မေ ၁၃ ရက်မှာတော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ခြောက်ဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေသလို တိုင်ကြားစာတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက် ပြည့်စုံဖို့ ကြိုတင်စုံစမ်းမှု ၁၈ မှုကို ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ကော်မရှင်က စစ်ဆေးဆဲအမှုတွေကို လျှို့ဝှက်ထားရှိ ဆောင်ရွက်နေတာကြောင့် အမှုဖြစ်စဉ်တွေကို အသေးစိတ် မထုတ်ပြန်နိုင်သေးဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေကို အဂတိကော်မရှင်ကနေ စုံစမ်းစစ်ဆေးနေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အစိုးရဘက်က ဘာမှပြောဖို့ မရှိဘူးလို့ မှတ်ချက်ပေးပါတယ်။

“တချို့ဟာတွေကကျတော့ စုံစမ်းစစ်ဆေးဆဲဟာတွေ ဖြစ်တဲ့အတွက် ကော်မရှင်က အသေးစိတ် ထုတ်ပြန်မှာ မဟုတ်ဘူး။ အစိုးရဘက်ကလည်း ကော်မရှင်က Ongoing Process ဖြစ်နေတဲ့အချိန်မှာ ဘာမှပြောဖို့မရှိဘူး။ ဘာလဲဆိုတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က Independent Body ဖြစ်တယ်။ သူ့အလုပ် သူလုပ်ပေါ့။ အဲဒီအတွက်တော့ ကျွန်တော်တို့က ဘာမှပြောဖို့မရှိဘူး” လို့ ဦးဇော်ဌေးက ဆိုပါတယ်။

ဒါ့အပြင် မေ ၂၂ ရက်မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကို ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင် တစ်ဦးက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားထားတယ်လို့ သတင်းထပ်ထွက်လာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကို ဆက်သွယ်မေးမြန်းရာမှာ မသိဘူးလို့ ပြန်ဖြေကြား ထားပါတယ်။

ဒီလိုအဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ တိုင်ကြားခံရတဲ့ အခြေအနေအပေါ် အစိုးရနဲ့ ကော်မရှင်ဘက်က ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုမှု မရှိခြင်းနဲ့ ပြည်သူသိအောင် ချပြခြင်း မရှိတဲ့အပေါ် နိုင်ငံရေး လေ့လာသူတွေက ဝေဖန်မှုတွေ ရှိလာပါတယ်။ “ဒီကိစ္စမှာ သက်ဆိုင်ရာ ပါတီအနေနဲ့ ပွင့်လင်းမြင်သာဖို့လိုတယ်။ ဘယ်ကိစ္စမှာတော့ ဘယ်လိုအဂတိ လိုက်စားမှုနဲ့ ပတ်သက်လို့ ဆိုရင်လည်း  ပြတ်ပြတ်သားသား အရေးယူမှုတွေ လုပ်သင့်တယ်” လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ဆိုပါတယ်။

၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က “ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို ဘယ်လိုကိစ္စရပ်တွေကြောင့် အရေးယူခံရတယ်။ ဘယ်လိုအပြစ်ဒဏ်တွေပေးတယ် ဆိုတာကို တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာနဲ့ အသိပေးသင့်တယ်” လို့ ပြောကြားပါတယ်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိစ္စမှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တချို့ကို ခေါ်ယူစစ်ဆေးနေသလို စီးပွားရေး လုပ်ငန်းရှင်တွေကိုလည်း ဆင့်ကဲစစ်ဆေးနေတယ်လို့ သတင်းတွေက ဆက်လက် ထွက်ပေါ်နေပါတယ်။

“ပြည်သူလူထုက ရွေးကောက်တင်မြှောက်လို့ အနိုင်ရလာတဲ့ ပြည်သူ့အစိုးရအနေနဲ့ အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ ဝန်ကြီးချုပ်သော်လည်းကောင်း၊ ဝန်ကြီးသော်လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးတွေ သော်လည်းကောင်း အပြစ်ရှိတယ် ဆိုရင်တော့ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေ ကျူးလွန်တယ်ဆိုရင် ပြတ်ပြတ်သားသား တည်ဆဲဥပဒေတွေနဲ့ အရေးယူဖို့ကို ထောက်ခံတယ်” လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဗဟိုဦးဆောင် ကော်မတီဝင် ဦးထွန်းကြည်က ဆိုပါတယ်။

ဒီလို ဝေဖန်မှုတွေ ရှိလာတဲ့အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကို တိုင်ကြားမှု ရှိတာကြောင့် စုံစမ်းစစ်ဆေးခဲ့ပြီး ရလဒ်ကို သမ္မတဆီ အစီရင်ခံတင်ပြဖို့ ဆောင်ရွက်နေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က မေ ၂၃ ရက်က ပြုလုပ်တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေး အပြီးမှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

“တိုင်ကြားမှု ရှိခဲ့ပါတယ်။ (တိုင်ကြားမှုနဲ့ ကိုက်ညီမှုရှိ မရှိ) ဒါ ပြောလို့ မရသေးဘူး။ ဆုံးဖြတ်ချက် ပြီးမှပဲ ကျွန်တော်တို့ တကယ့်တကယ် အဲဒီကိစ္စ ဆိုလို့ရှိရင် ပြီးသလောက် ဖြစ်နေပါပြီ။ ဒါအမြန်ဆုံး ကျွန်တော်တို့လုပ်တာ။ ကျွန်တော်တို့ဆီကို ရောက်လာတဲ့ တိုင်ကြားစာက ၃ ရက်နေ့မှာ ရောက်တယ်။ ၇ ရက်နေ့မှာ အဖွဲ့ဖွဲ့တယ်။ ပြီးတာနဲ့ အမြန်ဆုံးစစ်တယ်။ ခုနကပြောသလို သက်သေယူရတာရှိတယ်။ သက်သေတွေ စစ်ရတာရှိတယ်။ စာရွက်စာတမ်း ကြည့်ရတာတွေရှိတယ်။ အဲဒါပြီးသွားတဲ့အချိန်မှာ အခုဆို ပြီးသလောက် ဖြစ်နေပြီ။ မကြာခင်မှာ ပထမဆုံးလုပ်ရမယ့် အလုပ်က နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတွေဆီကို အစီရင်ခံ တင်ရမယ်။ အဲဒါကို ဆောလျင်စွာ တင်နိုင်ဖို့အတွက် အပြင်းအထန် ကြိုးစားနေပါတယ်” လိ့ု ဦးအောင်ကြည်က ဆိုပါတယ်။

ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ပြောကြားပြီး နှစ်ရက်အကြာ မေ ၂၅ ရက်မှာတော့ အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံထားရတဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းအနေနဲ့ သူ့ရဲ့သဘောဆန္ဒအရ ရာထူးကနေ နုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက အမိန့်စာ ထုတ်ပြန်ပါတယ်။ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်တဲ့ အမိန့်စာထဲမှာ ဦးကျော်ဝင်းရဲ့ သဘောဆန္ဒအရ ပြည်ထောင်စုဝန်ကြီး ရာထူးကနေ နုတ်ထွက်ခွင့် ပြုလိုက်တာဖြစ်ပြီး တခြားအကြောင်းအရာ ကိစ္စရပ်တွေကိုတော့ ထည့်သွင်းထားတာ မရှိပါဘူး။

သမ္မတရုံးကနေ အမိန့်စာ ထုတ်ပြန်ပြီးနောက်ပိုင်း ဒီအပေါ်မှာ ထင်မြင်ယူဆချက် အမျိုးမျိုး ရှိခဲ့သလို ဝေဖန်မှု အမျိုးမျိုးလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံထားရတဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ယောက်ကို ဘယ်လိုစိစစ်ပြီး ကျူးလွန်ခြင်း ရှိ၊ မရှိ မသိသေးချိန်မှာ အရင်အစိုးရ လက်ထက်တွေတုန်းကလို မိမိသဘော ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုတဲ့ ပုံစံမျိုး လုပ်လာတာကြောင့် NLD အစိုးရအပေါ် ပြည်သူတွေက ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့  မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးကိုကိုအောင်က “အသံမျိုးစုံထွက်၊ စုံစမ်းစစ်ဆေး ခံရတော့မှ ထိရောက်တဲ့ အရေးယူမှုမရှိဘဲ နုတ်ထွက်ခွင့်ပေးလိုက်ရင် နောက်လူတွေလည်း ဒါမျိုးလုပ်ကြမှာပါ။ အကယ်၍ ကြီးကြီးမားမား နှစ်နှစ်လောက် လာဘ်စားခြစား သိန်းထောင်ချီ၊ သောင်းချီ လာဘ်စားပြီး မှ နုတ်ထွက်ရလည်း ဘာအရေးလဲ ဆိုတာမျိုး ဖြစ်လာမှာပါ။ လာဘ်စားတယ် မစားဘူး ဆိုတာတော့ စစ်ဆေးတဲ့ တာဝန်ရှိသူတွေ အသိဆုံး ဖြစ်မှာပါ” လို့ မှတ်ချက်ပြုပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရဖွဲ့ရာမှာ အဂတိကင်းတဲ့အစိုးရ ဖွဲ့မယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ NLD အစိုးရသက်တမ်း နှစ်နှစ်ကျော် ဖြစ်လာချိန်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ကြီးချုပ်တွေနဲ့ ပြည်ထောင်စု အဆင့်ရှိတဲ့ ဝန်ကြီးတွေကို အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားမှုတွေ ရှိလာသလို ဆန္ဒဖော်ထုတ်ခြင်း၊ မီဒီယာကနေ ရေးသားဖော်ပြခြင်းတွေ ရှိလာပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်အထိတော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ကြီးချုပ်တွေနဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကို အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်နိုင်ခြင်း မရှိသေးသလို စုံစမ်းစစ်ဆေးရာမှာလည်း ပြည်သူသိအောင် ပွင့်လင်းမြင်သာစွာချပြမှု မရှိသေးပါဘူး။

လက်ရှိအချိန်မှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံထားရတဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးကို စစ်ဆေးနေတာ ပြီးသလောက်ဖြစ်နေပြီး သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတွေဆီ တင်ပြသွားဖို့ ရှိနေပါတယ်။

တကယ်လို့သာ တိုင်ကြားစာအတိုင်း အဂတိလိုက်စားမှု ရှိခဲ့တယ် ဆိုရင်တော့ စီးပွားရေးပညာရှင် ဦးမြင့်ပြောသလို NLD အစိုးရက ငါးကြီးကြီးကြော်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်သူတွေ အနေနဲ့ အဂတိလိုက်စားမှုအပေါ် အရင်အစိုးရအဆက်ဆက် ကတည်းက လက်မခံခဲ့သလို အားမတန်လို့ မာန်လျှော့ခဲ့ရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ပြည်သူတွေကိုယ်တိုင် ရွေးချယ်တင်မြှောက်ထားတဲ့ NLD အစိုးရ လက်ထက်မှာတော့ အစိုးရအဖွဲ့ဝင် တစ်ဦးဦးက အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့မယ်ဆိုရင် ပြည်သူတွေအနေနဲ့ ဘယ်လိုမှ သည်းခံခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တည်ဆောက်ချင်တဲ့ အဂတိကင်းတဲ့အစိုးရ ရည်မှန်းချက် ပြည့်ဝခြင်း ရှိ၊ မရှိဆိုတာ မကြာခင်ကာလမှာ အဖြေသိရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကျရင်တော့ NLD အစိုးရအနေနဲ့ ငါးကြီးကြီးကြော်မလား၊ လျှော်မလား ဆိုတာ ပြည်သူအားလုံးက စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။

 

Most Read

Most Recent