မမြင်သေး မတွေ့သေးတဲ့ ဆေးတစ်ခွက်

မမြင်သေး မတွေ့သေးတဲ့ ဆေးတစ်ခွက်
Published 27 May 2018

အတော်ညံ့တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဟာ နာမည်အလွန်ကြီးသွားရုံမက  အမြတ်ငွေတွေလည်း အများကြီးရသွားတယ်လို့ ပြောရင် လူတွေယုံကြမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲသလိုဖြစ်သွားတဲ့ ဇာတ်ကားတစ်ကား အမှန်တကယ်ရှိခဲ့ဖူးပါတယ်။ အဲဒီကားကတော့ မင်းသားကြီး 'ဂျွန်ဝိန်း' John Wayne ပါဝင်ရိုက်ကူးခဲ့တဲ့ The Green Berets (1968) ဆိုတဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင် ဇာတ်ကားထွက်လာတော့ နာမည်ကြီး ရုပ်ရှင် ဝေဖန်ရေးသမားကြီးတစ်ယောက်က ဒီဇာတ်ကားကို သုညမှတ်ပေးပါတယ်။ ခုခေတ်စကားနဲ့ပြောရမယ်ဆိုရင်တော့ “အန်ကယ်ကတော့ နိုးပါ၊ လက်တွဲခေါ်မသွားနိုင်ပါဘူး” လို့ ပြောရမလား မသိတော့ပါဘူး။ ရုပ်ရှင်ဝေဖန်ရေး လောကမှာ ဇာတ်ကားတစ်ကားကို အမြင့်ဆုံး ပေးကြတဲ့ အမှတ်က ၁၀ မှတ်ဖြစ်ပြီး ရှစ်မှတ်လောက်ရတဲ့ဇာတ်ကားဆိုရင် ကြည့်သာကြည့် စိတ်မပျက်စေရပါဘူးလို့ အာမခံလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲသလောက် အမှတ်ရတဲ့ ဇာတ်ကားမျိုးဟာ အမြဲကောင်းနေတတ်ပြီး စီးပွားရေးအရလည်း အောင်မြင် သွားကြလေ့ရှိလို့ဖြစ်တယ်။ ခုပြောတဲ့ဇာတ်ကားက ရမှတ်သုညဖြစ်ပေမယ့် ပြန်ရတဲ့ဝင်ငွေက ရင်းနှီးစိုက်ထုတ်ထားတဲ့ ငွေထက် လေးဆကြီးများတောင် ပိုများနေလို့ “ဟ ဘယ်လို ဖြစ်ကုန်ကြတာလဲဟ” ဆိုပြီး လူတွေ သိပ်စိတ်ဝင်စားသွားကြပါတယ်။ ဒါ့ကြောင့် ကိုယ်လည်း သိချင်လို့ ဖြစ်ပျက်ပုံအသေးစိတ်ကို လိုက်စုံစမ်းကြည့်တဲ့အခါ ကိုယ်တို့နိုင်ငံအတွက် အတုယူစရာ အချက်တစ်ချက်ကို မမျှော်လင့်ဘဲ သွားတွေ့ခဲ့ရတာဖြစ်တယ်။ ဒီရုပ်ရှင် ဇာတ်ကားနဲ့ပတ်သက်ပြီး အပြင်မှာဖြစ်ပျက်ခဲ့ပုံတွေက သမားရိုးကျအတိုင်းမဟုတ်လို့ ဇာတ်လမ်းအကျဉ်းပြောရင်းနဲ့ အဲဒီအပြင်က အဖြစ်အပျက်တွေကိုပါ တစ်ပါတည်းရောနှောပြီး ပြောပြသွားချင်ပါတယ်။

ပထမဆုံးဇာတ်ကားနာမည်ဖြစ်တဲ့ 'ဂရင်းဘယ်ရေ' Green Beret'ဘယ်ရီကက် အစိမ်း' ဆိုတာရဲ့သမိုင်းကို အရင်ပြောပြချင်ပါတယ်။  ဒီဦးထုပ်ကို ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှ ကွန်မန်ဒိုတပ်သားတွေက အရင် စဆောင်းခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ သြစတြေးလျ၊ ဒတ်ချ်၊ ပြင်သစ်နဲ့ဘယ်လ်ဂျီယံ နိုင်ငံတွေက ကွန်မန်ဒိုစစ်သည်တွေလည်း လိုက်ဆောင်းလာကြပါတယ်။ ဒါ့အပြင်  United States Army Special Force လို့ခေါ် တဲ့ အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေကပါ ဆောင်းလာကြပြီး ဒီဦးထုပ်ကို အထူးတပ်ဖွဲ့ သင်တန်းတက်ပြီး အောင်မြင်သူတွေသာ  ဆောင်းခွင့်ရှိပါတယ်။ ဒါ့ကြောင့် ဒီဦးထုပ်ရဲ့ ဂုဏ်ဒြပ်ဟာ မသေးလှဘူးလို့ ဆိုရပါမယ်။ တပ်အချင်းချင်း လာမယှဉ်နဲ့ ငါတို့တပ်က ပြိုင်စံကင်းဆိုတဲ့သဘောနဲ့ ဂုဏ်ယူဝင့်ကြွားစွာ ဆောင်းလေ့ရှိကြပြီး  အဲဒီဦးထုပ်ကိုဆောင်းခွင့်ရှိတဲ့ အမေရိကန် ဂရင်းဘယ်ရေတွေဟာ  တပ်ဖွဲ့ရဲ့ဂုဏ်သိက္ခာမကျအောင်  အထူးဂရုစိုက်ကြတာကိုလည်း တွေ့ရပါတယ်။

ဇာတ်ကား နာမည်အကြောင်းပြောပြီး  ဇာတ်လမ်းနောက်ခံအကြောင်းပြောရမယ်ဆိုရင် ၁၉၆၆ ခုနှစ်လောက်ရောက်တော့ တောင်ဗီယက်နမ်မှာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေကြတဲ့ အမေရိကန်စစ်သည်တွေရဲ့ အကျအဆုံးဟာ ကြောက်ခမန်းလိလိ များလာတာနဲ့အတူတူ အစိုးရနဲ့ပြည်သူအကြား တင်းမာမှုဟာလည်း ထိပ်ဆုံးထိရောက်လာပါတယ်။ ဒါကို ကြည့်ပြီး  စိတ်မသက်မသာဖြစ်နေတဲ့ မင်းသားကြီး ဂျွန်ဝိန်းဟာ ပြေလျော့မှု တစ်ခုဖြစ်ပေါ်လာနိုင်စေဖို့  ရုပ်ရှင်ဇာတ်ကား တစ်ကား ရိုက်ဖို့အားထုတ်ခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ သမ္မတဂျွန်ဆင်ကလည်း လိုအပ်တဲ့ အထောက်အကူ အားလုံးပေးဖို့ သက်ဆိုင်ရာကို အမိန့်ပေးခဲ့ပါတယ်။ ဒါနဲ့ပဲ ဒီဇာတ်ကားဟာ စစ်လေယာဉ်တွေ ရဟတ်ယာဉ်တွေ အပြည့်အစုံနဲ့ ရိုက်ကူးနိုင်သွားခဲ့တာဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်လမ်းအကြောင်း ဆက်ပြောရမယ်ဆိုရင် ဇာတ်ကားစပြပြချင်း အမေရိကန်ပြည်ထောင်စု မြောက်ခယ်ရယ်လိုင်းနား  North Carolina ပြည်နယ်က 'ဖော့ဘရက်'  Fort Bragg ခံတပ်မှာ သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်နေတာကို တွေ့ကြရပါတယ်။  လေကြောင်းချီ အထူးတပ်ဖွဲ့က ဂရင်းဘယ်ရေ တပ်ကြပ်ကြီးနှစ်ယောက်က ဒိုင်ခံရှင်းလင်းနေကြပြီး ဌာနအသီးသီးက လူတော်တော်များများ တက်ရောက်ကြတာကို တွေ့ရပါတယ်။ အဲဒီအထဲမှာ ဗီယက်နမ်စစ်ထဲ အမေရိကန် ဝင်ပါနေတာကို ဘယ်လိုမှ လက်သင့်မခံနိုင်တဲ့ သတင်းစာဆရာ 'ဘက်ကွပ်' ဆိုသူလည်း အပါအဝင်ဖြစ်ပါတယ်။ ဘက်ကွပ်က အရင်စပြီး “ကျွန်တော်က သတင်းစာသမားဆိုပါတော့ဗျာ၊ ကျွန်တော့်သတင်းစာကို အမြဲဝယ်ဖတ်နေကြသူတွေ မကြာခဏမေးနေကြတဲ့ မေးခွန်းလေးတစ်ခုကို မေးချင်ပါတယ်၊ ကျွန်တော်တို့အမေရိကန်တပ်တွေက ဘာဖြစ်လို့ အချိန်ကုန်ငွေကုန်ခံပြီး အကျိုးမရှိတဲ့ ဒီဗီယက်နမ် စစ်ကြီးထဲကို ဝင်တိုက်နေကြတာလဲဗျ” လို့ မေးလိုက်ပါတယ်။ အဲဒီအခါမှာ တပ်ကြပ် ကြီးက “ကျွန်တော်တို့တပ်က နိုင်ငံရေးနဲ့ပတ်သက်တဲ့ မူဝါဒတွေကိုမချမှတ်နိုင်ပါဘူး၊ ကျွန်တော်တို့က သွားဆိုတဲ့နေရာကို သွားရပါတယ်၊ တိုက်ဆိုတဲ့လူကို တိုက်ရပါတယ်။ စစ်ရေး မူဝါဒနဲ့ပတ်သက်တာတွေဆိုရင်တော့ အစိုးရကိုမေးမှ လိုချင်တဲ့အဖြေကို ရနိုင်ပါလိမ့်မယ်” လို့ ဖြေလိုက်ပါတယ်။ အဲဒီမှာ ဝါရှင်တန်စောင့်ကြည့်သတင်းဌာနက အမျိုးသမီး တစ်ယောက်က “ရှင်တို့ အဲဒီလိုတိုက်ဆိုတိုင်း တိုက်ရတာပဲလား၊ ဒါဆိုရင် ဂရင်းဘယ်ရေ တပ်ဖွဲ့သားတွေဟာ ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်အယူအဆမရှိတဲ့ စက်ရုပ်တွေလိုဖြစ်မနေပေဘူးလား၊ ရှင့်မှာရော အဲဒီလိုခံစားချက်တွေ ကိုယ်ပိုင်အယူအဆတွေ မရှိတော့ဘူးလား” လို့ မေးလိုက်ပါတယ်။ အဲဒီအခါမှာ တပ်ကြပ်ကြီးက “ဟာ မရှိဘဲ ဘယ်နေပါ့မလဲ ဗျာ၊ ဒါပေမဲ့ အဲဒါတွေတွေးပြီး တိုက်သင့် မတိုက်သင့်ဝေခွဲနေလို့ကတော့ ဘယ်စစ်တိုက်လို့ရပါတော့မလဲ၊ ဒါပေမဲ့ ခင်ဗျားမေးလို့ ဖြေရမယ်ဆိုရင် ဗီယက်နမ်ပြည်သူတွေ ခံစားနေရတာတွေကို ကျွန်တော်တို့က ဒီအတိုင်း လက်ပိုက်ကြည့်နေလို့မရပါဘူး။ အဲဒီလိုဆိုရင် တစ်ချိန်မှာ  ကျွန်တော်တို့မြို့တော်ဝန်တွေ လွှတ်တော်အမတ်တွေကိုသာမက ခင်ဗျားတို့ကိုပါ ကွန်မြူနစ်တွေက အခု ဗီယက်နမ်ပြည်သူတွေကို နှိပ်စက်ညှဉ်းပန်းသလိုမျိုး လာလုပ်ကြမှာဗျ၊ အဲဒီလိုမဖြစ်ရအောင် ကျွန်တော်တို့က အခုလိုကြိုပြီး ဟန့်တားနေကြရတာလို့ ထင်ပါတယ်၊ အဲဒါကတော့ ကျွန်တော့် တစ်ယောက်တည်းရဲ့ ထင်မြင်ယူဆချက်ပါပဲ” လို့ ပြောလိုက်ပါတယ်။

အဲဒီနောက် အခမ်းအနားပြီးသွားတဲ့အခါ ရှင်းလင်းပွဲကို ဘေးကရပ်ကြည့်နေတဲ့ ဂရင်းဘရေတပ်ဖွဲ့က ဗိုလ်မှူးကြီး 'ကပ်ဘီ'  John Wayne ရဲ့ရှေ့ကို သတင်းစာဆရာ ဘက်ကွပ်ရောက်လာပြီး “တပ်ကြပ်ကြီးက မေးတာလည်းမဖြေဘဲနဲ့ ဘာတွေလျှောက် ပြောသွားမှန်း မသိတော့ပါဘူးဗျာ” လို့ ပြောလိုက်ပါတယ်။ အဲဒီအခါမှာ ဗိုလ်မှူးကြီး ကပ်ဘီက “ခင်ဗျား အရှေ့တောင်အာရှကို ရောက်ဖူးသလား” လို့ ဘက်ကွပ်ကိုမေးလိုက်ပါတယ်။ ဘက်ကွပ်က “မရောက်ဖူးပါဘူး” လို့ဖြေလိုက် တဲ့အခါမှာတော့ ဗိုလ်မှူးကြီးကပ်ဘီနဲ့ တခြားဗိုလ်မှူးကြီးတစ်ယောက်တို့ဟာ ဘာမှစကား ပြန်မဆိုကြတော့ဘဲ ဘက်ကွပ်ရှေ့ကနေ ထွက်သွားကြပါတော့တယ်။ အဲဒီအချိန်မှာ ဘက်ကွပ်ဟာ ငါတော့ ဒီလိုပဲ အဝေးကနေ တစ်ခုပြီးတစ်ခု လိုက်မေးလိုက် ဝေဖန်လိုက်လုပ်နေလို့ကတော့ မဖြစ်တော့ဘူးထင်တယ်၊ သေသေချာချာ ဂဃနဏသိရအောင် ဗီယက်နမ်စစ်မြေပြင်ကို ကိုယ်တိုင်လိုက်သွားကြည့်မှ ဖြစ်တော့မယ်လို့ အတွေးရပြီး ဗီယက်နမ်စစ် မြေပြင်ကို သတင်းထောက်တစ်ယောက်အနေနဲ့ တရားဝင်လိုက်သွားခွင့်ရအောင် ခွင့်တောင်းတော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။

နောက်ရက်များမကြာခင်မှာ ဗိုလ်မှူးကြီး ကပ်ဘီနဲ့ဘက်ကွပ်တို့ တောင်ဗီယက်နမ်မှာ ဆုံမိကြပါတယ်။ အဲဒီအခါမှာ စစ်မြေပြင်ရဲ့ သဘောသဘာဝအမှန်ကို သေသေချာချာ လက်တွေ့လေ့လာပြီး  ပြည်သူတွေကိုသတင်း စာကတစ်ဆင့်တင်ပြနိုင်အောင်လို့ ဘက်ကွပ်ကို ကပ်ဘီက ရှေ့တန်းခေါ်သွားခဲ့ပါတယ်။ အဲဒီတုန်းက ဗိုလ်မှူးကြီးကပ်ဘီက ရှေ့တန်းမှာ စခန်းထိုင်တာကြာနေပြီဖြစ်တဲ့ တပ်ခွဲတစ်ခွဲကို ရဟတ်ယာဉ်နဲ့တာဝန်သွားလဲမယ့် တပ်ခွဲနဲ့အတူ လိုက်သွားခဲ့တာပါ။ ရဟတ်ယာဉ်တွေ တပ်စခန်းထဲဆင်းပြီး စစ်သည်တွေ ရဟတ်ယာဉ်တွေထဲက ထွက်လာကြတော့ ဘက်ကွပ်တစ်ယောက်တည်း အရပ်ဝတ် အဖြူကြီးနဲ့ဖြစ်နေလို့ ရဲဘော်တွေက ဘက်ကွပ်ကို ယူနီဖောင်းတစ်စုံ ထုတ်ပေးလိုက်ကြပါတယ်။ အဲဒီနောက် နောက်တစ်နေ့မနက် နောက်တန်းကိုပြန်နားရတော့မယ့် စခန်းမှူး ဗိုလ်ကြီး 'ကိုးလ်မင်း'က ဘက်ကွပ်ကို သူနေရမယ့် မြေအောက် ဘန်ကာထဲက အခန်းလေး တစ်ခန်းထဲကို ခေါ်သွားပါတယ်။ နောက်ကိုး မင်းက အပေါ်ပြန်တက်မသွားခင်လေးမှာ  Dry လို့ ပြောသွားခဲ့ပါသေးတယ်။ အစက ဗိုလ်ကြီးကိုးမင်း ဘာကိုဆိုလိုချင်မှန်း ဘက်ကွပ် မသိခဲ့ပါဘူး။  နောက် ယူနီဖောင်းလဲပြီး အပေါ်တက်လာတဲ့အခါကျမှ သည်းသည်းမဲမဲ ရွာချလိုက်တဲ့မိုးကြောင့် စခန်းတစ်ခုလုံး စိုရွှဲနေတာရယ်၊ ရဲဘော်တွေလည်း အမြဲစိုစို စွတ်စွတ်နဲ့ အိပ်ကြရတယ်ဆိုတာရယ်တွေကို ဘက်ကွပ်သိသွားခဲ့တာဖြစ်တယ်။ အဲဒီအခါကျမှ  ဧည့်သည်ဖြစ်တဲ့သူ့ကို အိမ်ရှင်တွေက စေတနာအပြည့်နဲ့ ခြောက်ခြောက်သွေ့သွေ့ အိပ်လို့ရအောင် စီစဉ်ပေးကြတာပါလားဆိုတာကို သူသိလိုက်ရတော့တာပါ။ အဲဒီညမှာပဲ စခန်းကိုဗီယက်ကောင်းတွေက စိန်ပြောင်းတွေနဲ့လာပစ်လို့ နောက်နေ့မနက် နောက်တန်းပြန်ရတော့မယ့် ဗိုလ်ကြီးကိုးမင်း စိန်ပြောင်းစ ထိမှန်ပြီး ကျဆုံးသွားပါတယ်။ နောက်ရက်အနည်းငယ်အကြာမှာ နောက်တစ်ခါ အပြင်းအထန် အတိုက်ခံရပြီး ဒေါ့ချ်စီတီး စခန်းကျသွားပါတယ်။ ဗိုလ်မှူးကြီးကပ်ဘီနဲ့ သူ့စစ်သည်တွေလည်း စခန်းကခွာပေးလိုက်ကြရပါတယ်။ ဘက်ကွပ်လည်း ရဲဘော်တွေ နောက်ကနေပြီး ဖဝါးနဲ့တင်ပါး တစ်သားတည်းကျအောင် သုတ်ခြေတင်ရတာပေါ့။ ပြေးရင်းနဲ့လည်း ငါ့ခေါင်းပေါ် ဘာဗုံးဆန်မှ ကျမလာပါစေနဲ့လို့လည်း ဆုတောင်းရပါသေးတယ်။ နောက်တော့ စစ်ကူလိုက်လာတဲ့ တိုက်လေယာဉ်မျိုးစုံကို “ရန်သူတွေ ငါတို့စခန်းထဲ အကုန်ရောက်နေကြပြီ၊ စခန်းကို စိစိညက်ညက်ကြေအောင်သာ ခြေမှုန်းလိုက်ကြတော့” လို့ ဗိုလ်မှူးကြီးကပ်ဘီက စက်ထဲကနေ ညွှန်ကြားလိုက်ပါတယ်။ အဲဒီအခါမှာ လေကြောင်းကူတပ်တွေက စခန်းတစ်ခုလုံးကို ပစ်ခတ်ခြေမှုန်းလိုက်လို့ ဗီယက်ကောင်းနဲ့ မြောက်ဗီယက်နမ်တပ်တွေ စခန်းထဲကနေ ထွက်ပြေးသွားကြရပါတယ်။ ဒီဇာတ်ကား ဇာတ်သိမ်းခါနီးမှာ ဗိုလ်မှူးကြီးကပ်ဘီနဲ့  သူ့တပ်ဖွဲ့ဝင်တွေဟာနားဖို့ အလှည့်ကျလို့နောက်တန်း ပြန်ဖို့လုပ်နေကြချိန်မှာ ဘက်ကွပ်ဟာ နောက်တန်းပြန်လိုက်မသွားဘဲ အသစ်တက်လာတဲ့တပ်တွေနဲ့ ရှေ့တန်းစစ်မြေပြင်ဖြစ်တဲ့ တောထဲပြန်လိုက်သွားတာကို တွေ့လိုက်ကြရပါတယ်။

ဒီဇာတ်ကားရုံတင်လိုက်တော့ ဝေဖန်သံတွေ ပွက်လောညံလာပါတယ်။ ဇာတ်ကားကို သွားကြည့်သူတွေက ဒီဇာတ်ကားရဲ့ရိုက်ကူးတင်ဆက်ပုံတွေက ညံ့ဖျင်းလှပါလားလို့ ညည်းညူကြပါတယ်။ အဲဒီအခါမှာ ဂျွန်ဝိန်းက“ကျွန်တော်လည်း ဒီဝေဖန်သံတွေကြောင့် သေခါနီးနေပြီ၊ ကျွန်တော်ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဟာ စစ်ရေးနိုင်ငံရေး နဲ့ပတ်သက်တဲ့ အမှာစကားတွေ ပါးချင်လို့ မဟုတ်ပါဘူး၊ ဂရင်းဘယ်ရေတွေ ရှေ့တန်းမှာ ဘယ်လိုပင်ပန်းကြတယ် ဘယ်လိုသတ္တိမျိုးနဲ့ တိုင်းပြည်အတွက် ဘယ်လောက်ထိအောင် စွန့်စွန့်စားစား လုပ်ကိုင်နေကြတယ်ဆိုတာတွေကို ပရိသတ်တွေသိစေချင်လို့သာ ဝင်ရိုက်ပြခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။ အဲဒီအခါမှာလူတွေက ဂျွန်ဝိန်းကြီးနဲ့ ဂရင်းဘယ်ရေ တပ်တွေကို သနားသွားကြပြီး သူပြောတာ မှန်မမှန်သိရအောင် အကုန်ဝိုင်းအုံသွားကြည့်ကြလို့ ပြရက် ရက်သတ္တသုံးပတ်ပြည့်တဲ့နေ့ မှာပဲ အရင်းဖြစ်တဲ့ ဒေါ်လာ ၈ သန်း ပြန်ရ သွားပြီးနောက်ပိုင်းမှာလည်း ၂၄ သန်း ထပ်ရသေးလို့ တော်တော်တွက်ခြေကိုက်သွားခဲ့ပါတယ်။ ဗီယက်နမ်စစ်ကို ဆန့်ကျင်သူတွေရဲ့ ထိုးနှက်ချက်တွေအောက်မှာ ခေါင်းမဖော်နိုင် အောင်ဖြစ်နေတဲ့ အဲဒီတုန်းက အမေရိကန် သမ္မတ 'လင်ဒန်ဘီဂျွန်ဆင်'ဟာလည်း  ပြည်သူချစ်တဲ့ အနုပညာသည်တစ်ယောက်ကိုအပါးမှာ ဝန်းရံလိုက်မိလို့ လောလောဆယ်  အတော်လေး နေသာထိုင်သာရှိသွားခဲ့တာ ဖြစ်ပြီး ဒါဟာ ကိုယ်တို့ တစ်တွေ မမြင်သေး မတွေ့သေးတဲ့ဆေးတစ်ခွက် ဖြစ်တယ်လို့ ဆို ရင်လည်း မှားနိုင်မယ် မထင်ပါဘူး။

Most Read

Most Recent