၂၀၁၈-၂၀၁၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အရအသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်) တွင် ကျေးလက်လမ်းခင်းရေး၊ မီးရရှိရေးနှင့် ရေရရှိရေးတို့ကို ဦးစားပေးရေးဆွဲထားဟုဆို

၂၀၁၈-၂၀၁၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အရအသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်) တွင် ကျေးလက်လမ်းခင်းရေး၊ မီးရရှိရေးနှင့် ရေရရှိရေးတို့ကို ဦးစားပေးရေးဆွဲထားဟုဆို
Published 27 May 2018

၂၀၁၈-၂၀၁၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အရအသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်) တွင် ကျေးလက်လမ်းခင်းရေး၊ မီးရရှိရေးနှင့် ရေရရှိရေးတို့ကို ဦးစားပေး ရေးဆွဲထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

မေ ၂၅ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမ ပုံမှန်အစည်းအဝေး (၃၃)ရက်မြောက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“သတ်မှတ်ထားတဲ့ဘတ်ဂျက်ဟာ ရန်ကုန်တိုင်းဒေသကြီးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မဖြစ်မနေဆောင်ရွက်ရန် ရှိတဲ့လုပ်ငန်းများကို ဦးစားပေးထားပါတယ်။ ကျေးလက်လမ်းများ၊ မီးရရှိရေး၊ ရေရရှိရေးများကိုလည်း ဦးစားပေးထည့်သွင်းထားပါတယ်။ ဌာနဆိုင်ရာများရဲ့ လုပ်နိုင်မှုစွမ်းရည်ပေါ်မူတည်ပြီး ဘတ်ဂျက်များကို ခွဲဝေချထားခြင်း၊ စိစစ်ချထားခြင်းဖြစ်ပါတယ်။ စိစစ်ချထားတဲ့အခါမှာ မျှမျှတတဖြစ်ဖို့ ကူညီဆောင်ရွက်ပေးတဲ့ ပြည်သူ့ငွေစာရင်းကော်မတီနဲ့ ဆည်မြောင်းဌာန၊ မြစ်ချောင်းဌာန၊ လမ်းဌာနများကို လျှပ်စစ်၊ စက်မှုလက်မှု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက စိစစ် လျှော့ချပေးတာကို မှတ်တမ်းတင်အပ်ပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း သာမန်ရငွေများအနေဖြင့် အများဆုံးရသည့် ဌာနကြီးမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၉၇ဘီလျံဖြင့် ပထမဖြစ်ပြီး စည်ပင်သာယာရေးအဖွဲ့မှ ၆ ဒသမ ၁၅ ဘီလျံဖြင့် ဒုတိယအများဆုံး ရရှိသည့်ဌာန ဖြစ်ကြောင်း၊ ငွေလုံးငွေရင်းရငွေအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကျပ် ၅၆ ဒသမ ၈ ဘီလျံရရှိပြီး ကြွေးမြီ ရရှိငွေအနေဖြင့် ရေပေးဝေရေးလုပ်ငန်း အတွက် JICA မှ  ချေးငွေ ကျပ် ၉၇ ဘီလျံရရှိ မည်ဖြစ်ကြောင်း၊  ကမ္ဘာ့ဘဏ်ချေးငွေဖြစ်သည့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်မှု စီမံခန့်ခွဲမှု စီမံကိန်းအတွက် ကျပ်ငွေ ၆ ဒသမ ၆ ဘီလျံ၊ စုစုပေါင်းကြွေးမြီ အရစာရင်းတွင် ကျပ် ၁၀၄ ဘီလျံ ရရှိမည်ဟု ခန့်မှန်းကြောင်း ဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာခန့်မှန်းခြေလျာထားချက်ကို အတည်ပြုပေးနိုင်ရန် လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent