လမ်းကလေး

လမ်းကလေး
Published 26 May 2018

ပခုက္ကူမြို့မှ မြေလမ်းလေးအား တွေ့ရစဉ်

မြို့ထဲမှ ကျွန်တော်တို့ ရပ်ကွက်ကလေးဆီသို့  သွယ်တန်းထားသည့် လမ်းကလေးတစ်လမ်းရှိပါသည်။ ကျွန်တော် ငယ်စဉ်ဘဝမှ ယခုအချိန်အထိ လမ်းကလေးပေါ်မှာ နိစ္စဓူ၀ ခြေကျင်တစ်မျိုး၊ စက်ဘီးနှင့်တစ်သွယ်၊ ဆိုင်ကယ်နှင့်တဖုံ မငြီးငွေ့တမ်း ဖြတ်သန်းသွား  လာနေခဲ့ရသည့် လမ်းကလေးပဲဖြစ်သည်။လမ်းကလေးတွင် နာမည်မရှိပါ။ လမ်းကလေး နံဘေးရှိ  နေအိမ်များမှာလည်း သာမန် လက်လုပ်လက်စား မိသားစုများဖြစ်ပြီး ကျွန်တော်တို့ရပ်ကွက်ကလေးသည်လည်း အခြေခံလူတန်းစားများသာ နေထိုင်ကြသည့် ဆင်ခြေဖုံး ရပ်ကွက်ကလေးသာဖြစ်ပါသည်။

ကျွန်တော်တို့ရပ်ကွက်ကလေး၏ ဟိုမှာဘက်ကို ကျော်ဖြတ်၍သွားလျှင် ရွာကလေးများကို မြင်တွေ့ရပေလိမ့်မည်။ ထိုရွာကလေးမှာ မှီတင်းနေထိုင်ကြသူတွေကလည်း လမ်းကလေးပေါ်မှ ဖြတ်သန်းကာ မြို့ထဲကို သွားလာကြရသည်။ မြို့ထဲဆိုသည်ကတော့ ဈေး ရုံကြီးရှိရာ လူသူစည်ကားရာအရပ်ကို ကျွန်တော်တို့ ငယ်စဉ်ကတည်းက ခေါ်ဝေါ်ခဲ့၍နှုတ်ကျိုးနေသည့် အခေါ်အဝေါ်ဖြစ်ပါသည်။ လမ်းကလေးပေါ်နေ့စဉ်ဖြတ်သန်းနေကြသည့် အရာများမှာ လူများ၊ စက်ဘီးများနှင့် ဆိုင်ကယ်များသာဖြစ်သည်။ တစ်ခါတစ်ရံ သဲသယ်၊ ကျောက်သယ်သည့်ကားကြီးများ လမ်းကလေးပေါ်သို့ ဖြတ်သန်းလေ့ရှိကြပါသည်။

လမ်းကလေး၏ ဝဲယာတစ်အိမ်ကျော်မှာ လမ်းသွယ်တစ်ခုစီရှိပေမယ့် အများစုက လမ်းကလေးကိုသာ အသုံးပြုကြသည်။ လမ်းကလေးကို မြေသားဖြင့်ပြုလုပ်ထား၍ နေပူလျှင် အခြောက်၊ မိုးရွာလျှင် အစို။ မိုးရာသီ ရေကြီးချိန်ရောက်လျှင်တော့ လမ်းကလေးကို ရေများဖုံးလွှမ်း၍နေလေ့ရှိပါသည်။ တစ်ခါတစ်ရံ ခါးလောက်၊ တစ်ခါတစ်ရံ ဒူးလောက် ပေါင်လောက်။ ရေကျသွားချိန်တွင် ဗွက်အိုင်များနှင့် ငေါထွက်နေသည့် ကျောက်တုံး၊ ကျောက်ခဲများ အမွေအနှစ် ကျန်ရစ်ခဲ့သည်ဖြစ်ရာ ထိုသဏ္ဌာန်၏ အမွေအနှစ်များကို ရှောင်ရှားကာ လမ်းကလေးပေါ် ခရီးများဆက်ခဲ့ရသည်သာ။ လမ်းနံဘေးရှိ နေအိမ်များမှ သဲများ၊ ကျောက်များဖြင့် လမ်းကလေးကို နိုင်သလောက် ဖာထေးပြုပြင်ပေမဲ့လည်း လမ်းကလေး၏ မျက်နှာပြင်မှာ ကျောက်ပေါက်ရာများ၊ ချိုင့်ခွက်များနှင့် အရုပ်ဆိုးသထက် ဆိုးလာခဲ့သည်။ မိုးတွင်း၌ ရွှံ့ဗွက်များနှင့် တန်ဆာဆင်ပြီး ဆောင်းနှင့် နွေတို့၌ ထောင်ထနေသည့် ကျောက်ခဲများ၊ သရော်မော်ကားနိုင်သည့် ဖုန်မှုန့်များနှင့် ဖြစ်ပျက်နေရသည့် လမ်းကလေးကိုကြည့်၍ မြို့၏ဖွံ့ဖြိုးတိုးတက်မှုကို အကဲဖြတ်မည်ဆိုလျှင် အနုတ်လက္ခဏာ ဘက်သို့ချိန်ခွင်လျှာထွက်နေမည်မှာ အသေ အချာပင်ဖြစ်၏။

လမ်းကလေးပေါ်ဖြတ်သန်းသွားသည့် ဘဝများသာ အချိုးအကွေ့များ၊ အတက်အကျများနှင့် ခေတ်အတိုင်း ရွေ့လျားစီးဆင်းသွားကြသည်။ လမ်းကလေးကတော့ အဟောင်းအတိုင်း လတ်ဆတ်နေမြဲသာ။ ကျွန်တော်တို့ရပ်ကွက်၏ အခြားတစ်ဖက်ရှိ ရွာများမှ ဈေးသည်များသည် မနက် သုံးနာရီ လေးနာရီလောက်မှစ၍ပင် ရာသီစာသီးနှံများ၊ ကုန်စိမ်းများကို စက်ဘီး၊ ဆိုင်ကယ်တို့ဖြင့် သယ်ယူ၍ မြို့ထဲသို့ သွားရောက်ရောင်းချလေ့ရှိကြသည်။ ဆိုင်းထမ်းများ၊ ခြင်းများဖြင့် ပုရွက်ဆိတ်တွေလို လမ်းကလေးကို တောဈေးသည်များ ဖြတ်သန်းပြီးသည့်အခါ အလုပ်ခွင်ဝင်မည့် အလုပ်သမား၊ အလုပ်သမားများပြီးလျှင် ကျောင်းသားများ စသည်ဖြင့် အရွယ်စုံ၊ လူစုံ မနက်မိုးလင်းမှ မိုးချုပ်သည်အထိ လမ်းကလေးပေါ် လူပြတ်လပ်သည်ဟူ၍ မရှိပေ။ အမည်နာမ မရှိ၊ ရုပ်ဆင်းအင်္ဂါချို့ငဲ့ပေမဲ့ သည်လမ်းကလေးသည်သာ ကျွန်တော်တို့၏ ခြေလှမ်းများကို သိမ်းကျုံးပိုက်ပွေ့ထားခဲ့သည်။

လမ်းကလေးကို အမှီပြု၍ ဘဝရဲ့ခရီးများအထိ ကျွန်တော်တို့ ဆက်လက်ထွက်ခွာခဲ့ကြရသည်သာ။

တစ်နယ်တစ်ကျေး အလုပ်မှအိမ်သို့ ကျွန် တော်ပြန်လာခဲ့သည်။ လမ်းကလေးကို ဖြတ်သန်းစဉ် အတိတ်မှ ရုပ်ပုံလွှာများကို ပြန်လည် မြင်ယောင်နေခဲ့မိသည်။ လမ်းကလေးမှာ အမည်မဲ့မြဲ မဲ့လျက်။ ကောင်းမွန်ပြေပြစ်ခြင်းနှင့် လုံးဝမသက်ဆိုင်သည့်အနေအထားနှင့်ပင် တည်ရှိ၍နေဆဲပင်။ လမ်းဘေးလူနေအိမ်တချို့သာ တိုက်အိမ်များအဖြစ် ပြောင်းလဲ၍ နေသည်ကို တွေ့ရသည်။ ယခင်က လူများ၊ စက်ဘီးများ၊ ဆိုင်ကယ်များသာ စီးမျော၍ နေလေ့ရှိသည့် လမ်းကလေးအပေါ်သို့ ဇိမ်ခံကားများ ခေါက်တုံ့ခေါက်ပြန် သွားလာနေကြသည်ကို တွေ့ရသည်။

နိစ္စဓူဝအသုံးပြုနေရသည့် အဟောင်းတစ်ခု၏ ရှေးမူမပျက်ရှိနေခြင်းက ဆုတ်ယုတ်ခြင်း၏ သဘောခြင်းရာတစ်ရပ်ဖြစ်မည်ဟုကျွန်တော်မြင်မိပါသည်။ အဟောင်းအတိုင်း လတ်ဆတ်မှုက ခံစားတတ်သူဘက်မှ ကြည့်လျှင် နာကျင်ဝမ်းနည်းစရာကောင်းသည် ထင်မိသည်။ လမ်းကလေးပေါ်မှ ဖြတ်သန်း စီးဆင်းသွားသည့် ခေတ်ရေအလျင်သည် လမ်းကလေးကို အဟောင်းအတိုင်း ပစ်ချထားခဲ့သည်။ မြို့ထဲလမ်းများလို တစ်ဆင့်ပြီးတစ်ဆင့် ကောင်းမွန်ပြန့်ပြူးခြင်းတို့ လမ်းကလေးဆီသို့ မည်သည့်အတွက် ဆိုက်ရောက်၍  မလာကြသနည်း။ လမ်းကလေးဆီမှ လွင့်တက်လာသည့် ဖုန်မှုန့်များသည် ငယ်ဘဝက ဖုန်မှုန့်များဖြစ်လိမ့်မည်ဟု ကျွန်တော်မထင်မိပါ။

တစ်ရက်။ လမ်းကလေးပေါ်မှာ တည်ရှိသည့် တံတားတစ်စင်းသည် အနိစ္စတရားကိုပြသ၍ သွားလေရာလမ်းကလေး၏ တစ်အိမ်ကျော်မှ လမ်းသွယ်ကလေးဆီသို့ ခြေထောက်များ၊ တာယာဘီးများ ဆိုက်ရောက်သွားလေတော့သည်။ ယခင်က ရှိမှန်းပင်မသိနိုင်အောင် ကျဉ်းမြောင်းသည့်လမ်းသွယ်ကလေးသည် နေ့ချင်းညချင်း လူသူစည်ကားရာ အရပ်ဒေသဖြစ်သွားတော့၏။ လမ်းပိတ်ထားသော်လည်း ခရီးကိုရပ်ထား၍မရသည့် လူတို့သည် လမ်းသွယ်ကလေးပေါ် ကူးသန်း၍ အလိုရှိရာသို့ ဆက်လက်သွားလာကြရသည်။ တစ်ချိန်က အမေ့လျော့ခံလမ်းသွယ်ကလေး၏ ရုတ်တရက်တိုးတက်စည်ပင်လာမှုကြောင့် လမ်းသွယ်ကလေး၏ ဝဲယာတွင် အပြိုင်းအရိုင်းတောထ၍ ဗိုလ်စွဲထားသည့် မြက်ပင်များခမျာ လူတို့၏ ခြေရာ၊ ယာဉ်တို့ ၏ဘီးရာများကို အချိန်တိုအတွင်းမှာပင် လက်နက်ချ အညံ့ခံလိုက်ကြရလေတော့သည်။

တံတားပြင်၍မပြီးခင်မှာပင် လမ်းသွယ်ကလေးလည်း လူတို့၏ နိစ္စဓူဝခရီးများကြောင့် ကျန်းမာရေးချို့ငဲ့သွားရရှာလေတော့သည်။ ယခင်က စိမ်းစိုသည့်အရွက်များဖြင့် ကြွားရွားနေခဲ့ကြသည့် သစ်ပင်များသည် ဖုန်မှုန့်များ၏ သံယောဇဉ်တွယ်ငင်မှုကြောင့် မွဲခြောက် ခြောက်အရောင်အဆင်းသို့ ပြောင်းရွှေ့သွားတော့သည်။ ရေနံချေးရောင်ဖြင့် မည်းနက်နေခဲ့သည့် လမ်းသွယ်ကလေးနံဘေးမှ ခြံစည်းရိုးများသည်လည်း မည်းနက်သောဂုဏ်သရေမှ လျှောကျကာ မှိန်ဖျော့သိမ်ငယ်သွားကြလေတော့၏။ ဖုန်တသောသောလမ်းသွယ်ကလေးကို မနက်တိုင်း၊ ညနေတိုင်း ရေဖြင့် ဖြန်း၍ ဖုန်မှုန့်များကို နှိမ်နင်းသည့်အခါ ဖုန်မှုန့်များက ကျိန်စာဆို၍ ချိုင့်ခွက်များကို ဖန်ဆင်းလိုက်ကြ၏။

ခရီးက လူကိုမောင်းနှင်သည်။ လူက လမ်းကို စားသုံးသည်။ တံတားပြင်ပြီး၍ နဂို လမ်းဟောင်းကို ဖြတ်သန်းသွားလာ၍ ရသည့်အခါတွင် လမ်းသွယ်ကလေးသည် စစ်ကြောင်း ကျရွာကလေးလို ဒဏ်ရာ ဒဏ်ချက်များဖြင့် အတိပြီး၍ ကျန်နေရစ်ခဲ့မည်မှာ သေချာပါသည်။

နေ့လည်ခင်းတစ်ခု။ မြို့ထဲထွက်လာရင်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ လက်ဖက်ရည်ထိုင်သောက်ဖြစ်သည်။

ကျွန်တော့်ဝိုင်းနှင့် မလှမ်းမကမ်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူတစ်စု ထိုင်နေကြသည်။ ဆိုင်ရှေ့က ကတ္တရာလမ်းမကို မြေကော်ကားကြီးဖြင့် ကုတ်ခြစ်နေသည်ကို မြင်ရ၍ “ဘာလုပ်နေကြတာလဲ”ဟု သူတို့ကို လှမ်း၍စပ်စုမိသည်။

“ကွန်ကရစ်လမ်းခင်းဖို့ လုပ်နေကြတာ” ဟု အုပ်ချုပ်ရေးမှူးက လှမ်းပြောသည်။ သည်လမ်းကို ကတ္တရာခင်းပြီး ဖွင့်ပွဲလုပ်ထားသည်မှာ လေးနှစ်ပင်မရှိသေး။ ယခုအထိလည်း လမ်းသည်လည်း ကတ္တရာများဖြင့် မည်းပြောင်ချောမွေ့နေဆဲ။

“ဘာဖြစ်လို့ အသစ်ခင်းရတာလဲ။ တခြား မကောင်းတဲ့လမ်းတွေကိုပြင်ရင် ပိုမကောင်းဘူးလား။ ကျွန်တော်တို့ရပ်ကွက်ထဲက လမ်းပျက်နေတာ ရစရာကိုမကောင်းဘူး” လို့  မနေ နိုင်၊ မထိုင်နိုင် ထပ်ပြီးပြောမိတော့ “ဟကောင်ရ စီမံကိန်းဟ။ သူ့ဘာသာကောင်းချင်ကောင်း မကောင်းချင်နေ လုပ်ကိုလုပ်ရမှာပဲ။ မင်းတို့ရပ်ကွက်က လမ်းက စီမံကိန်းထဲ မပါသေးဘူး” လို့ အုပ်ချုပ်ရေးမှူးက လှမ်းဟောက်၍ ဇက်ကလေးပုကာ အသာငြိမ်နေလိုက်ရတော့သည်။ လက်ဖက်ရည်ဆိုင်က အပြန်လမ်းကလေးပေါ် လျှောက်ရင်း ကျွန်တော်တွေးနေမိသည်မှာ လမ်းကလေးအကြောင်း ဖြစ်သည်ဆိုသည်ကို ပြောရန်ပင် လိုမည်မထင်တော့ပါ။ ဆင်သွားလျှင် လမ်းဖြစ်သည်ဆိုသည့် ဆိုရိုးစကားတစ်ခုကို ကျွန်တော်မကြာခဏ ကြားခဲ့ရဖူးပါသည်။ ကျွန်တော်တို့ရပ်ကွက်ကလေးထဲသို့ ဆင်များတစ်ကောင်တစ်မြီးမှ ရောက်ရှိ၍ မလာသေးပါ။

Most Read

Most Recent