စစ်ညှီနံ့

စစ်ညှီနံ့
Published 25 May 2018

ဧပြီ ၂၀ ရက် ညနေပိုင်းက ကဆုန့်ဒေသတွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် ကဆုန့်ကျေးရွာနှင့် ဇွတ်မိုင်ယန်ကျေးရွာမှ ရွာသူရွာသားများ နမ္မတီးမြို့နှင့် မြစ်ကြီးနားမြို့သို့ ထွက်ပြေးတိမ်းရှောင်လာစဉ် (ဓာတ်ပုံ-မုန်ဆန်အောင်)

မကြေနိုင်သော စစ်လျော်ကြေး
ယမ်းငွေ့အကြား
သွေးပျက်ငြားသော
သားသည်မအေ
နို့တိုက်နေသည်
အသေခလေးငယ်ကိုတည်း။
မောင်ယဉ်မွန်
(၁၉၇၂)

ကျွန်တော်တို့ ငယ်ငယ်က ငှက်ပျောလက်များကို ခုတ်ကြသည်။ ရလာသော ငှက်ပျောလက်များကို အရွက်များကိုဖြတ် အရိုးချည်းယူလိုက်သည်။ အရိုးအပေါ်တွင် ဓားဖြင့် အထစ်ကလေးထွင်းပြီး အစကလေးများ ထောင်ထားလိုက်ကြသည်။ ထို့နောက်ထောင်နေသော အစကလေးများကို လက်ဝါးစောင်းဖြင့် ဖြောင်းခနဲ ရိုက်ချလိုက်သည့်အခါ ဖတ် ဖတ် ဖတ် ဖတ်နှင့်မြည်၍ ထိုအသံများကိုပင် သေနတ်ပစ်သံလုပ်ကာ စစ်တိုက်တမ်း ကစားကြသည်။ အဖေ အမေတို့နှင့် ကျိုက်ထီးရိုး သွားသည့်အခါတိုင်း ဝါးသေနတ်ကလေးများကို ရအောင် ပူဆာဝယ်ယူကြပြီး သူငယ်ချင်းများနှင့် တဒက်ဒက် ပစ်ကြသည်။ “မင်းကို ထိသွားပြီ မင်းသေပြီ” ဟု အော်ဟစ်ကြသည်။ အမေများ၊ အဒေါ်ကြီးများက ကလေးများကို လက်ညှိုးထိုး၍ “တော်တော်ဆော့တဲ့ ကလေးတွေ နားညည်းလိုက်တာ” ဟု ရယ်ပြီးပြောကြ၏။

ကုက္ကိုသီးများသီးသည့်အချိန်တွင် ထိုကုက္ကိုသီးတောင့်များဖြင့် တစ်ယောက်နှင့် တစ်ယောက် ပစ်ရင်း စစ်တိုက်တမ်းကစားကြပြန်သည်။ ကုက္ကိုသီးတောင့်နှင့် ထိထိမိမိ အထုခံရလျှင် ကလေးဘဝကမို့ နာပါသည်။ သို့သော် ကျွန်တော်တို့သည် ကလေးအရွယ်မို့ပဲလားမသိ စစ်တိုက်ကစားခြင်းကို အလွန်ခုံမင်လှသည်။ နာလို့ နာရကောင်းမှန်းမသိ။ ခုံမင်မှုက ဤမျှမရပ်နိုင်ကော်စေ့ကလေးများ ထည့်ပစ်ရသော လေသေနတ်ခေတ်ရောက်သောအခါ သူ့ထက်ငါ အလုအယက်ဝယ်၍ စစ်တိုက်တမ်းကစားကြပြန်သည်။ တကယ်တော့ ထိုလေသေနတ်များသည် ကလေးသူငယ်များ ကစားရန် မသင့်လှပါ။ သေနတ်မောင်းအားက ပြင်းထန်လှပြီး ကော်စေ့ကျည် ဆန်မှန်လိုက်တိုင်း ကျွန်တော်တို့မှာ မိဘက ဝါးခြမ်းနှင့်ရိုက်သည်ထက်ပင် နာကျင်လှပေသည်။ သို့သော် ကျွန်တော်တို့ကား ကစားမြဲ အနီးကပ်အပစ်ခံရ၍ သွေးခြည်ဥသူဥ၊ အရေပြား ပေါက်ပြဲသူပေါက်ပြဲဖြင့် မသက်သာလှပါ။ တစ်ခါတွင်တော့ ကျွန်တော့်သူငယ်ချင်း တစ်ယောက် ထိုလေသေနတ်တိုက်ပွဲတွင် မျက်ခွံကို မှန်လေရာ ကံကောင်းလှ၍သာ မကန်းခဲ့ခြင်းဖြစ်၏။ ကလေးများ စစ်တိုက်တမ်းကစားကြသည်ကိုကြည့်၍ လူကြီးသူမများ မရယ်နိုင်ကြတော့။ မရယ်နိုင်ကြသည့် အပြင် ထိုကျည်ဆန်ထိမှန်သော သူငယ်ချင်း၏အမေမှာ မိုးမွှန်သည့်တိုင်အောင် ဆဲရေးနေတော့ရာ သူ့မိဘ ကိုယ့်မိဘ ရန်ဖြစ်ကြသည် အထိပင်။

ထိုသို့ဖြင့် ကျွန်တော်တို့အရွယ်တွေ ရောက်လာသည်။ စာတွေဖတ်လာကြသည်။ ကျွန်တော့်မှာ ကွန်ပျူတာစစ်ပွဲဂိမ်းများဖြစ်သော age of empire, COC, COK, General တို့ကို ဆော့ချင်စိတ်မရှိတော့ပါ။ စစ်ပွဲအစစ်များကို နေရာအနှံ့တွင် တွေ့လာနေရသည်။ ကျွန်တော်တို့နိုင်ငံ၏ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲကြီးရှိနေသည့် နောက်တော့ ကျွန်တော်တို့သည် စစ်ပွဲကို တကူးတက ရှာကြံနေဖို့ပင်မလို။ တိုက်ပွဲတွေက အရန်သင့်၊ ဒုက္ခသည်တွေက အရန်သင့်၊ မုဆိုးမတွေက အရန်သင့်၊ အံ့သြကုန်နိုင်ဖွယ်သော စစ်ဝါဒီများက အရန်သင့်။ ထိုအရန်သင့် စစ်ဝါဒီများက စစ်ပွဲများကို နာမည်လှလှကလေးတွေ ပေးကြပြန်သည်။ တရားသောစစ်၊ ခုခံစစ်။ စစ်ပွဲကို ခေါင်းဆောင်မင်းသားတင်၍ ပြဇာတ်ကဖို့ စိတ်ကူးနေကြသည်။ ထိုပြဇာတ် မင်းသားကား လူတိုင်းကို တစစ်စစ် ကိုက်ဝါးမျိုသွားနိုင်သည်ဆိုသည်ကို ကိုယ့်မထိ၍ မသိသလို လုပ်နေကြပါသည်။

“ပါရီတွင်ထိုင်ပြီး သတင်းစာထဲမှ စစ်သတင်းများကို ဖတ်ရုံဖြင့် စစ်၏ သရုပ်သကန်ကို မမြင်နိုင်ပါ။ စစ်မြေပြင်ဆိုသည်မှာ လူတို့၏အသက်ကို စနစ်တကျသတ်ဖြတ်ရန် ပြုလုပ်ထားသည့် ခမ်းနားသော စက်ယန္တရားကြီး ဖြစ်ပါသည်။ သူရဲကောင်းစိတ်ဓာတ်၊ ဘုန်းကံနှင့် ဆင်းရဲဒုက္ခတို့သည် စစ်မြေပြင်တွင် များစွာအရာမရောက်လှပါ။ မရဏတရားကို စက်တပ်၍ ပေးထားခြင်းသာ ဖြစ်ပါသည်” ဟု လူများသက္ကရာဇ်များ ဘဝထဲတွင် အာရင်ဘတ်က ရေးသားခဲ့သည်။

ကျွန်တော်တို့နိုင်ငံက လူအတော်များများမှာ အိမ်ထဲတွင် ဇိမ်ကျကျကျောချရင်း Facebook ကလေးပွတ်ကာ စစ်ပွဲတွေတိုက်ဖို့ လောဆော်နေကြသည်။ ငြိမ်းချမ်းရေး လှုပ်ရှားသူများကို ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်ဆဲဆိုနေနိုင်ကြသည်။ (မသေခင် ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်ဟု ဆိုခဲ့သော ဆရာကြီး အဘိုးသခင်ကိုယ်တော်မှိုင်း ရှိနေသေးလျှင်ပင် ငြိမ်းချမ်းရေးစကားဆို၍ ထောင်ချခံနေရမည်လား မပြောတတ်ပါ။) စစ်သည်နှစ်ဖက်စလုံးကို သေစေတတ်သည့်အပြင် စစ်နှင့်မဆိုင်သော အရပ်သားမိသားစုများ ကလေးငယ်များကိုပါ မဆီမဆိုင် အပူပွားဒုက္ခများ စေတတ်သည်ကို ၎င်းတို့၏ နှလုံးသားများက နားလည်လက်ခံနိုင်စွမ်း မရှိကြပါ။

စစ်ဝါဒီများသည် တစ်ဘက်ဘက်ကို အပြုတ်တိုက်သတ်ဖြတ်ရန် လူမကျန်တော့လျှင် ငြိမ်းချမ်းရေးကြီးရသွားမည်ဟု ထင်နေကြလေသည်။ လူကိုလူချင်းလူဟု သဘောမထားနိုင်တော့သည့်အခါတွင် အခြားသူ၏ ဒုက္ခအပူပေါ် ကျေနပ်အားရဖြစ်နိုင်ကြတော့သည်။ အဘယ်ကြောင့် ကျွန်တော်တို့နိုင်ငံ၏ ပြည်တွင်းစစ်ကြီး ဤမျှရှည်ကြာနေရ သနည်းဆိုသည်ကို ဇာစ်မြစ်ကျကျတွေးတောရန် စိတ်မဝင်စားကြတော့ပါ။ စစ်သည်မည်သူ့ကို ကောင်းကျိုးပေးနေသနည်းဆိုသည်ကိုလည်း နည်းလမ်းတကျ စဉ်းစားတတ်ရန် ဦးနှောက်မဖွံ့ဖြိုးနိုင်ကြပါ။ တိုက်ပွဲများ အမှန်တကယ် ဖြစ်ပွားရသည့် အခါတိုင်းတွင် သေရကြေရ ဒုက္ခိတဖြစ်ရသည်မှာလည်း ထိုသို့ ကော်မင့်များနှင့် တိုက်ဟ ချဟ သတ်ပစ်စသဖြင့် စစ်သွေးကြွနေသူများလည်းမဟုတ်ပါ။ အပြစ်မဲ့အရပ်သားများ၊ ကလေးငယ်များနှင့် နှစ်ဖက်အောက်ခြေစစ်သားများသာ သေရကြေကြရခြင်း ဖြစ်ပါသည်။

စစ်ပွဲသည်စာအုပ်ရောင်းသော ဒုက္ခိတ စစ်သားကြီးများကို ယူဆောင်လာပါသည်။ နယ်ဘက်ကျေးဘက်က ဘုန်းကြီးကျောင်းဝင်းများအတွင်းသို့ အဖေ အမေ မဲ့သွားသောတိုင်း ရင်းသားကလေးငယ်များကို ယူဆောင်လာပါသည်။ နောက်တန်းက စစ်တန်းလျားများဆီသို့ အလောင်းများကို ယူဆောင်လာပါသည်။ ချိုင်းထောက်များကို ယူဆောင်လာပါသည်။ စစ်ပွဲတွင် အဖေ ကျဆုံးသွားသည်ကို မသိသော ပန်းပွင့်ကလေးကိုင်လာသည့် သမီးငယ်လေးအတွက် မျက်ရည်စီးကြောင်းများကို ယူဆောင်လာပါသည်။ လင်သေဆုံးသည့် သတင်းဆိုးများကို ယူဆောင်လာပါသည်။ စစ်ပွဲများသည် နောက်ထပ်အမုန်းစစ်ပွဲများကိုသာ ဆက်လက်ယူဆောင်လာဖို့ ရှိပါသည်။ သို့သော်စစ်ပွဲများနှင့် ဝေးလံလှသော မြို့ကြီးပြကြီးများမှ မိုက်မဲသူများကတော့ ငြိမ်းချမ်းရေး ချိုးငှက်၏သန္ဓေကို ထိုးချဖျက်ဆီးရန်သာ အားထုတ်လျက် ရှိနေကြမြဲ ဖြစ်ပါသည်။ ဘယ်လောက်တောင် မိုက်မဲကြသူများပါလိမ့်။

သို့သော်လည်း ကျွန်တော်တို့သည် စစ်ပွဲများ၏ဆိုးကျိုးကို သိရန်တိုက်ပွဲများကြား၊ ကျည်ဆန်တဝီဝီ၊ ယမ်းခိုးတအူအူ စစ်ပွဲအလယ်သို့ သွားရောက်ရန်လည်း လိုအပ်လှသည် မဟုတ်ပါ။ ကိုယ်ချင်းစာတရားထားနိုင်သူအဖို့၊ လူကိုလူချင်း မေတ္တာထားနိုင်သူအဖို့၊ ဆင်ခြင်ဉာဏ်နှင့် နေထိုင်နိုင်သူအဖို့ စစ်၏ အကျိုးယုတ်မှုကို ရှာတွေ့ရန် ခရီးတနံ တလျားထွက်ရန်ပင် မလိုအပ်ပါ။ အာရင်ဘတ်၏ လူများသက္ကရာဇ်များဘဝတွင် တွေ့နိုင်သည်။ ဆရာကြီးရွှေဥဒေါင်း၏ ဘဝတစ်သက်တာမှတ်တမ်းတွင် ဖတ်နိုင်သည်။ ဆရာသော်တာဆွေ၏ ကျွန်တော့်ဘဝဇာတ်ကြောင်းများတွင် မြင်ရနိုင်သည်။ ဆရာနိုင်ဝင်းဆွေသည် ငယ်ရွယ်လှသော စစ်ဗိုလ်ကလေးတစ်ဦး၏ အလောင်းကိုကြည့်ရင်း ငိုကြွေးနေခဲ့ဖူးသည်တဲ့။ စန္ဒရားဆရာတစ်ဦးသည် ရက်စက်ကြမ်းကြုတ်သော စစ်ပွဲအလယ်တွင် အံ့သြငြိမ်သက်နေခဲ့ဖူးသည်တဲ့။ ထို့နောက် စစ်ဘေးဒုက္ခသည်များ ကလေးငယ်များ၏ ဓာတ်ပုံများ။ ဆိုးရွားလိုက်သည့် စစ်ပွဲများ၏ ရလဒ်များ။ စစ်ပွဲဟု အမည်တပ်လိုက်လျှင် စကြဝဠာတစ်ခုလုံး ညှီဟောက်သွားတော့မတတ် ကမ္ဘာကြီးသည် ပုံပျက်ပန်းပျက်နိုင်ခဲ့ပါပြီ။

ကတုတ်ကျင်းထဲက စစ်သားတစ်ယောက်သည် သူ၏အိတ်ကပ်ထဲမှ သမီးလေး၏ပုံကို ထုတ်ကာနမ်းရှုပ်နေခဲ့သည်။ အခြားတစ်ဖက်မှ စစ်သားတစ်ယောက်က ဇနီးနှင့်သားလေး၏ပုံကို ဗုံးဆန်တွေကြား မျက်ရည်များဖြင့် တွေတွေကြီး ငေးကြည့်နေသည်။ ထို့နောက် စစ်ကြီးက ၎င်းတို့ကို ဝါးမျိုပစ်လိုက်တော့သည်။ စစ်ကြီးပြီးတော့ မီးခိုးတလူလူ ညှော်နံ့တသင်းသင်းနှင့် မီးလောင်ပြင်များ အော်ဂလီဆန်ဖွယ် ကျန်ရစ်ခဲ့သည်။ ထိုမီးလောင်ပြင်ပေါ်တွင် အောင်နိုင်သူမရှိ ကလေးငယ်များ ၏ဖြူမည်းဓာတ်ပုံကလေးတွေသာ ဟိုတစ်ပုံ ဒီတစ်ပုံနှင့် တော်တော်များများ ကျန်ရှိတော့သည်။ ထို့နောက် (နောက်တစ်ကြိမ် စစ်မြေပြင်အဖြစ် ပြန်လည်အသုံးပြုနိုင်ရန်) စစ်မိုးကြီးတစ်ခု ပြင်းထန်စွာ ရွာသွန်းလိုက်သည်။ မြေပြင်ပေါ်ထောင်လျက် အရိုးစုတော်တော်များများကို မိုးကြိုးကြီးပစ်ခတ်လိုက်သည်။ ဓာတ်ပုံကလေးများစွာ၏ အောက်မြေသားမှ ပန်းပွင့်လှလှကလေးများ ပွင့်မည့်အပင်ကလေးများ တိုးထွက်လာကြသည်။ စစ်လက် ကျန်မီးလောင်မြေ၏ မြေဆီမြေနှစ်ကောင်းမှုသည် ဝမ်းနည်းဖွယ် ပန်းခင်းကြီးတစ်ခု ဖြစ်လာခဲ့ပါတော့သည်။ ကမ္ဘာကြီးသည်လူတို့၏ အသက်ကို ပုံမှန်ခွဲတမ်းနှင့် ခြွေယူနေရသည်ကို အားမရ၍ မကြာခဏစစ်ပွဲများကိုဖန်တီးကာ စိတ်ကြိုက်ဝါးမျို စားသောက်နေပါသည်။ ထို့ကြောင့် ကျွန်တော်တို့၏ လူ့သမိုင်းဆိုသည်မှာ အော်ဂလီဆန်ဖွယ် စစ်ပွဲကြီးများ၏ သမိုင်းသာလျှင် ဖြစ်နေပါတော့သည်။

Most Read

Most Recent