သင်္ချာတွက်တဲ့ သူငယ်ချင်း

သင်္ချာတွက်တဲ့ သူငယ်ချင်း
Published 24 May 2018

(၁)

ငယ်ငယ်တုန်းက သူငယ်ချင်းတွေအကြောင်း စဉ်းစားရင် ဒီကောင့်အကြောင်း  ခေါင်းထဲဝင်လာတတ်တယ်။ ထူးခြားတာတစ် ခုခုရှိလို့နေမှာပေါ့လို့များ ပြောမလား။ ဟုတ်ပါတယ်။ ထူးခြားတာရှိတယ်။ ဒီကောင်က သင်္ချာသိပ်တော်တယ်။ တော်ရုံတန်ရုံ အပေါင်း အနုတ်လောက်ကတော့ စိတ်တွက်တွက်ပြီး ခဏနဲ့ အဖြေထွက်နေပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့  Trachtenberg Speed System of Basic Mathematics လို စာအုပ်မျိုးကို သူ့အဖေ ဗီရိုထဲက ထုတ်ဖတ်နေတတ်ပြီ။ “မင်းနားလည်လို့လား”မေးတော့ “ဘိုလိုရေး ထားတာတွေကွာ။ ဘယ်လိုလုပ် လုံးစေ့ပတ်စေ့ နားလည်မှာလဲ။ ရှင်းလင်းချက်တွေကြည့်တာတော့ သဘောပေါက်တာပေါ့တဲ့။ အဲဒီလိုနဲ့ သူ့ရဲ့ သင်္ချာစွမ်းရည်က ပိုတက်လာတယ်။

(၂)

အရွယ်ရောက်လာချိန်မှာ သူ့ရဲ့ သင်္ချာ အတွေးအခေါ်တွေ ပြောင်းလာတယ်။

“တစ်ထဲကနေ တစ်နုတ်ရင် တစ်ကျန်တာတွေ ရှိတယ်ကွ။ ဥပမာကွာ ငါ့အပေါင်းအသင်းထဲမှာ ငါ့အတွက်လည်းဘာမှ အကျိုးမပြု၊ ငါ့ကိုဒုက္ခတွေချည်းပေးနေတဲ့ တစ်ယောက်ရှိတယ်လို့ ဆိုပါစို့။ ဒီကောင့်ကို ငါ့အပေါင်းအသင်းစာရင်းက နုတ်ပယ်လိုက်ရင် ငါ့အတွက် ဘာမှ ယုတ်လျော့မသွားဘူး။ ဒါ အလွယ်ဆုံး ဥပမာပေးတာကွာ”

ရွေးချယ်စရာ ထွေထွေထူးထူးမရှိလှတဲ့ ခေတ်ကြီးထဲမှာ သူလို ငါလို ကြီးပြင်းလာခဲ့ကြတယ်။ ကျွန်ုပ်တို့၏ယုံကြည်ချက်ဆိုလည်း ယံြုကည်လိုက်ရတာပါပဲ။ မနက်ခင်းကျောင်းတက်ချိန်တွေမှာ ဆိုခဲ့ကြရတာပါပဲ။ တစ်ခုထူးဆန်းတာက ဒီကောင်က အဲဒီ ကျွန်ုပ်တို့၏ ယုံကြည်ချက်ဆိုတာကြီးကို လိုက်မဆိုတာ။ တစ်ရက်မဟုတ်၊ နှစ်ရက်မဟုတ်နဲ့  ကြာလာလို့ သတိထားမိတဲ့အခါ တိုးတိုးတိတ်တိတ် မေးကြည့်မိတယ်။

“ဟေ့ကောင်၊ မင်းဘာဖြစ်လို့ အဲဒါ မဆို တာလဲ”

“ငါ မယုံဘူးကွ”

(၃)

မယုံတာကို မယုံဘူးပြောတဲ့ သူငယ်ချင်း က ယုံတာကိုလည်း ယုံကြောင်းပြောတယ်။

“ဟေ့ကောင်တွေ၊ တစ်နဲ့ တစ်ပေါင်းရင်  နှစ်မဟုတ်ဘဲ သုံးရတာတွေရှိတယ်လို့ ပြောရင် ယုံမလား”

“မင်းကရော ယုံလို့လား”

ခွကျကျသူငယ်ချင်းတစ်ယောက်က သူ့ အမေးစကားကို အမေးနဲ့ ပြန်ဖြေတယ်။

“ယုံသကွ။ ဥပမာ မင်းနဲ့ ငါနဲ့ နှစ်ယောက် ပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ကြတယ် ဆိုပါစို့။ အတွေ့အကြုံ၊ အတွေးအခေါ်၊ ဉာဏ်ပညာတွေ ပူးပေါင်းလိုက်ရင် ပေါ်ထွက်လာမယ့် စွမ်းဆောင်မှုက တစ်ယောက်စာရဲ့ နှစ်ဆမက ဖြစ်နိုင်တယ်။ သုံးဆအောက်ထစ်ပေါ့ကွာ”

(၄)

သူပြောတဲ့ တစ်အပေါင်း တစ် ညီမျှခြင်း သုံး သီအိုရီကို သူစီးပွားရေးလုပ်ငန်းတစ်ခု လုပ်ချိန်မှာ လက်တွေ့ကျင့်သုံးတယ်။

“ငါ့ပါတနာရဲ့ ဓနအင်အား၊ အတွေ့အကြုံ၊ အိုင်ဒီယာတွေနဲ့ ငါ့မှာရှိတာတွေပေါင်းလိုက်ရင် ငါတို့ သုံးဆလောက် လုပ်နိုင်ကြမှာကွ”

နှစ်အတော်ကြာချိန်မှာ သူတို့ရဲ့စီးပွားရေးလုပ်ငန်းကြီး ပြိုလဲသွားကြောင်းနဲ့ အရှုံးနဲ့ ရပ်လိုက်ကြကြောင်း သတင်းကြားရတယ်။ အဲဒီသတင်းကြားပြီး သိပ်မကြာခင် ဆရာတစ်ယောက်ရဲ့နာရေးမှာ သူငယ်ချင်းတွေ ဆုံကြတော့ အကျိုးအကြောင်းမေးကြည့်မိတယ်။

“ငါ မှားသွားတယ်ကွ။ အတ္တတွေ၊ မာနတွေ၊ အလျှော့မပေးချင်စိတ်တွေ၊ တစ်ယူသန်ဆန်မှုတွေကို ထည့်မတွက်ခဲ့မိဘူး။ တစ်နဲ့တစ် နဲ့ ပေါင်းတာ သုညလည်း ထွက်နိုင်တာ ပါပဲကွာ”

ဆရာ့နာရေးအပြီးမှာ သတင်းမကြား၊ လူ မတွေ့နဲ့ နှစ်ပေါက်ခဲ့တယ်။

(၅)

အဆက်အသွယ်ပြန်ရခဲ့တာက Facebook ကိုယ်တော်ကြီးကျေးဇူးပေါ့။ သူ့အစ်မက Facebook သုံးတယ်။ အဲဒီတော့ Facebook စာမျက်နှာမှာ အမှတ်မထင်တွေ့တော့ အစ်မနဲ့ ဆက်သွယ်မိသွားခဲ့တယ်။ သတင်းဖလှယ်ကြ၊ အကျိုးအကြောင်းပြောကြရင်းနဲ့  ဒီကောင်ကြီးအကြောင်းကို ကြားရတယ်။ အခြေအနေက သိပ်မကောင်းလှဘူးတဲ့။ ဘာရောဂါလဲ၊ ဘာညာ ထိတ်ထိတ်ပျာပျာဖြစ်ပြီး စေ့ငုကြည့်တော့ စိတ်တဲ့။ သိပ်တော့ မဟုတ်ဘူးထင်တာပဲ။ “လာနိုင်ရင် လာကြည့်ကြပါဦး တဲ့” မောင်ဖြစ်သူ လူပျိုကြီးကို အစ်မအပျိုကြီး ကစောင့်ရှောက်နေရတဲ့ ဘဝ။

ဒါနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ချိန်းပြီး စုစည်းရသမျှအင်အားနဲ့ ဒီကောင့်ဆီ ချီတက်ခဲ့ကြတယ်။

(၆)

ဒီကောင့်အိမ်ကို ရောက်သွားချိန်မှာ သူ့ အစ်မအပျိုကြီးက ဆီးကြိုတယ်။ ကိုယ်တွေ တောင်မှ သက်ပြည့်ပင်စင်ရသူရ၊ ထာဝရ အနားယူသူယူနဲ့ဆိုတော့ ဒီကောင့်ထက် ၁၀ နှစ်ကျော်ကြီးတဲ့ အစ်မကြီးလည်း အနည်းဆုံးတော့ ၇၀ ကျော်ခဲ့ပြီ။

“လာ လာ မောင်လေးတို့ကို အစ်မက မျှော်နေတာ။ ဖုန်းရပြီးကတည်းက နေ့တိုင်းလိုလိုပဲ။ ခဏထိုင်ကြဦးနော်”

ဧည့်ခန်းကဟောင်းနွမ်းပြီး ဖုန်စလေးတွေတောင်မှ မြင်နေရတဲ့ သစ်သားဆက်တီခုံတွေမှာ နေရာချထားပေးခဲ့ပြီး နောက်ဖေးကို ဝင်သွားတယ်။

“နေ နေ အစ်မ ဘာမှလုပ်မနေနဲ့။ ကျွန်တော်တို့က ဒီကောင့်ကိုတွေ့ချင်လို့ လာခဲ့ကြတာ”

လက်သွက်ခြေသွက်နိုင်တယ်ဆိုတဲ့ ဌာနတစ်ခုရဲ့အရာရှိဘဝကနေ ပင်စင်ယူခဲ့တဲ့ သူငယ်ချင်းက အရင်ဆုံး ပြောလိုက်တယ်။

(၇)

“ရပါတယ်ကွယ်။ ဘာမှ မလုပ်ပါဘူး။ အမောပြေ ရေကလေး သောက်ပါဦး”

ဖန်ခွက်ကလေးတွေမှာ သောက်ရေသန့်သန့်ထည့်ပြီး လာတိုက်တယ်။

“ရေကတော့ အယ်လ်ပိုင်းကွဲ့။ ထည့်ထားတာကတော့ တို့များအညာက သဲအိုးမှာ။  ရေခဲသေတ္တာက မီးလာ မလာပေါ် တည်တယ်လေ။ သဘာဝလွန်အအေးနဲ့ရေကို မင်းတို့ သူငယ်ချင်းကလည်း မကြိုက်ဘူးရယ်”

“ဟုတ်တာပေါ့အစ်မရယ်။ ကျွန်တော်တို့လည်း ရိုးရိုးရေပဲ သောက်ပါတယ်”

“ယမကာမှီဝဲချိန်မှသာ ရေခဲတို့၊ ရေခဲရေတို့ သောက်ပါတယ် ပြောဦးလေကွာ”

သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက် ပြောကြတာတွေကြားမှာ လွင့်ပါးပျောက်ကွယ်နေဟန်ရှိတဲ့ အပြုံးတစ်ပိုင်းတစ်စ အစ်မကြီး မျက်နှာပေါ်မှာ ပေါ်ပေါက်လာခဲ့တယ်။

(၈)

“အေးကွယ်။ မင်းတို့စကားတွေကြားရမှ  အစ်မလည်း လူ့လောကအစစ်ထဲကို ပြန် ရောက်သလိုခံစားမိတယ်။ တစ်နေ့ တစ်နေ့  မောင်လုပ်တဲ့သူ ဝေယျာဝစ္စနဲ့ အချိန်ကုန်နေတာ။ အားချိန်လေးမှာ Facebook လေး ပွတ်ရင်း သူငယ်ချင်းအပေါင်းအသင်းတွေနဲ့တွေ့ နေရတာ။ နည်းပညာတွေနဲ့ ဖန်တီးထားတဲ့  ပတ်ဝန်းကျင်အတုကြီးမှာ ပျော်နေရတာ။ တကယ့်ဘဝထဲမှာ၊ လောကထဲမှာ သာသာယာယာ နေချင်တာမျိုးလေးတွေလည်း ရှိသေးတာပေါ့”

“ဟုတ်တယ်နော်။ အခုတောင် Facebook ကြောင့် ကျွန်တော်တို့ အဆက်အသွယ် ပြန်ရခဲ့တာ”

“အစ်မရယ်။ အခုလည်း အစ်မက လှမြဲ ပါပဲ။ နှုတ်ခမ်းနီလေးဆိုး၊ ဝမ်းဆက်လေးဝတ်ပြီး Facebook ပေါ်တင်လိုက်ရင် လှလိုက်တာတို့၊ လန်းနေတုန်းပဲတို့၊ ငယ်ငယ်တုန်းကလို ချောနေဆဲတို့ မှတ်ချက်တွေ တက်လာလိမ့် မယ်။ နှစ်သက်တာတွေ၊ ချစ်မက်တာတွေကို သင်္ကေတတွေနဲ့ ပြကြလိမ့်မယ်”

“ဒီကောင်က အစ်မကို ငယ်ငယ်တုန်းကတည်းက ကျိတ်ကြိုက်နေတာ။ အခု မုဆိုးဖိုဘဝမှာ ပြန်စချင်နေတာလားမသိဘူး။ သတိသာထား အစ်မရေ”

“ပေါက်တတ်ကရတွေကွယ်”

အဘွားကြီး ရှက်သွေးတွေဖျန်းပြီး စကား မြန်မြန်ဖြတ်လိုက်တယ်။ သူ့မောင်အခန်းကို လိုက်ပို့ပေးတယ်။

(၉)

မှောင်နေတဲ့ အခန်းထဲမှာ မှိန်ပျပျ ခရမ်း ချဉ်သီးတစ်လုံးရဲ့ အလင်းပဲရှိတယ်။

“မီးချောင်းဖွင့်လိုက်မယ်နော်”

သူ့အစ်မက ပြောပြောဆိုဆိုနဲ့ မီးချောင်းထွန်းပြီးအခန်းထဲက ပြန်ထွက်သွားတယ်။

“ထိုင်ကြကွာ”

ဒီကောင့်ရဲ့စကားအဆုံးမှာအဆင်သင့် ရှိနေတဲ့ ကုလားထိုင်တွေမှာ အဆင်ပြေသလို နေရာယူလိုက်ကြတယ်။ ငယ်ငယ်လေးကတည်းက သပ်သပ်ရပ်ရပ်နေတတ်၊ ရေးမှတ်တတ်တဲ့ အလေ့အထကတော့ မပျောက်သေးပါဘူး။ ခုတင်၊ စားပွဲ၊ ကုလားထိုင်တွေ၊ စာအုပ်စင်၊ ဗီရို၊ အဖြူရောင်ကျောက်သင် ပုန်းကြီး၊ အားလုံးဟာနေရာတကျ ရှိနေကြတယ်။

“ဟေ့ကောင် မင်းတစ်ယောက်တည်း နေတာကို ဘာကိစ္စ ကုလားထိုင်တွေ အများကြီး ချထားရတာလဲ”

“သြော်၊ မင်းတို့လာရင် အဆင်သင့် ဖြစ်နေအောင်လေ။ ငါ့ဆီကိုလူတွေ လာလည်ကြတဲ့၊ သတင်းလာမေးကြတဲ့ တစ်ချိန်ချိန်တော့ ရှိမှာမဟုတ်လား။ ဥပမာ ငါ နာဖျားမကျန်း ရှိချိန်တို့၊ ငါ့ကိုရူးသွားပြီလို့ ထင်ကြချိန်တို့၊ နောက်ဆုံးကွာ ငါသေသွားချိန်တို့ပေါ့”

“အေးပါကွာ ထားပါတော့။ မင်းအခန်းကလည်း မှောင်လိုက်တာ”

“အမြင်အာရုံတွေက လူကိုဒုက္ခပေးသကွ။ အကြားအာရုံလည်း အတူတူပဲ။ ဒါကြောင့် ငါ့အခန်းမှာ ဘာရုပ်မြင်သံကြားမှ မထားဘူး။ တယ်လီဖုန်းလည်း မဆောင်ဘူး”

(၁၀)

“မင်းကသာ ရုပ်မြင်သံကြား မထားဘူး။ တယ်လီဖုန်းမဆောင်ဘူး ပြောနေတာ မင်း အစ်မကတော့ စမတ်ဖုန်းလေးပွတ်လိုက်၊ အင်တာနက်ဝင်လိုက်၊ ဇာတ်လမ်းတွဲကြည့်လိုက်နဲ့ ဟုတ်နေရော”

“ငါတို့လည်း Facebook ကနေတစ်ဆင့်  အဆက်အသွယ်ပြန်ရလို့ လူစုပြီး မင်းကို လာတွေ့နိုင်ကြတာ”

“မင်းတို့ကို မပြောဘူးလား။ ငါတော့ ရူးသွားပြီ။ လာကြည့်ကြဦးလို့။ တကယ်တော့ သူလည်း ရူးနေတာပဲကွ။ ကြည့်လေ၊ အသက် ၇၀ ကျော်မှ လှချင်ပချင်ရတာနဲ့။ ဓာတ်ပုံရိုက်ပြီး Facebook တင်ချင်ရတာနဲ့။ ပိုဆိုးတာက  ငါ့ကို အတင်းဓါတ်ပုံလာရိုက်ခိုင်းပြီး မလှဘူးထင်ရင် ပူညံပူညံနဲ့။ သူကိုယ်တိုင် ကောင်းကောင်း မရိုက်တတ်လို့ အကူအညီတောင်းတာကို ဒါလေးတောင် လုပ်မပေးနိုင်ဘူး။ သူ့မှာတော့ နေ့စဉ် ငါစားဖို့သောက်ဖို့အတွက် လုပ်ပေးနေရတာ ဘာညာနဲ့ ဆီမန်းမန်းပါလေရော။ တစ်ခါတစ်ခါကျတော့ ငါလည်းစိတ်ပေါက်ပေါက်နဲ့ ဟုတ်တယ်အစ်မ၊ နင်က အသက်သာကြီးတာ လှတုန်းပဲ။ တင်တု ရင်တု လေးတပ်၊ မိတ်ကပ်လေးလိမ်း၊ ဆံပင်လေး ဘာလေးပြင်၊ လှတပတလေး ဝတ်လိုက်ရင် မော်ဒယ်တွေ၊ မင်းသမီးတွေထက်တောင် သာဦးမယ် ပြောပစ်လိုက်တာ။ အဲဒါကို တကယ်ထင်ပြီး တစ်ရက်အပြင်သွားပြီး အလှတွေပြင်လာတာ ငါ့မှာရီရအခက်၊ ငိုရအခက်နဲ့”

သူငယ်ချင်းတစ်စု ဝိုင်းရယ်ကြတယ်။ အပြင်လောကမှာလည်း ဒါတွေကတကယ်ဖြစ်နေတာကိုး။ သက်ကြီးရွယ်အိုတွေက ပိုဆိုးနေကြတာကလား။ ပေါ့ပေါ့ပါးပါးစကားတွေ ပြောရင်းနဲ့ ကျောက်သင်ပုန်းဆီ ရောက်သွားခဲ့တယ်။

(၁၁)

ကျောက်သင်ပုန်းမှာ ဘာတွေရေးထားမှန်း မသိတဲ့ဂဏန်းတွေ၊ သင်္ကေတတွေ၊ ညီမျှခြင်းတွေ ရေးထားတယ်။

“ဘာတွေလဲဟ။ မင်း ပါရဂူတန်းတွေများ ကျူရှင်သင်နေသလား”

“အဲဒါ ပြဿနာကွ။ လူတွေက ကိုယ်နားမလည်တာတွေ့ရင် အထင်ကြီးတတ်ကြတယ်”

“နားမလည်ရင် အထင်သေးတာတွေလည်း ရှိတတ်ပါတယ်ကွာ”

“ထားလိုက်ပါကွာ။ အခုငါရေးထားတာတွေ မှန်လား”

သူငယ်ချင်းတွေ တစ်ယောက်မျက်နှာ  တစ်ယောက်ကြည့်ရင်း ဖြေလိုက်လေကွာလို့  အမူအရာဗေဒနဲ့ ပြောကြတယ်။ ဘယ်သူ့ဆီ က ဘာစကားသံမှ မကြားရတဲ့အဆုံးမှာ ဒီကောင် စကားဆက်တယ်။

“နားမလည်လို့ အမှားအမှန် မဆုံးဖြတ်တာ ကောင်းပေမယ့် နားလည်အောင် မကြိုးစားတာက မကောင်းဘူးကွ။ ပိုဆိုးတာက  မူလတန်းပညာအတွေးအခေါ်နဲ့ ပါရဂူဘွဲ့ယူ စာတမ်းကို ဝေဖန်တာပဲ”

(၁၂)

“ကဲမင်းတို့ ဝေဖန်လို့ ရနိုင်တာတစ်ခု  ငါပြမယ်၊ ကြည့်”

ပြောပြောဆိုဆိုနဲ့ ကျောက်သင်ပုန်းမှာ  ရေးထားတဲ့စာတွေကိုဖျက်လိုက်တယ်။ အသစ်တစ်ခု ပြန်ရေးတယ်။ တစ် ညီမျှခြင်း တစ် ဆိုတာကိုဂဏန်းနဲ့ သင်္ကေတနဲ့ ရေးတယ်။

“ဒါလေးများကွာ၊ မှန်တာပေါ့”

“မင်းက ငါတို့ကို အထင်သေးတယ်ပေါ့လေ”

“မမှန်ဘူးကွ။ ပထမရေးတဲ့ တစ်က  သပ်သပ်ရပ်ရပ် လှလှပပ။ နောက်တစ်က  အချိုး မကျဘူး။ နောက်ပြီး မင်းတို့မေ့နေတာ က ဒီ တစ် တွေရဲ့ လာရာလမ်းကြောင်း။  ပေါင်းပြီးဖြစ်လာတဲ့ တစ် လား၊ မြှောက်ပြီး  ရလာတဲ့ တစ် လား။ နုတ်ပြီး ကျန်တဲ့ တစ်လား၊ စားလဒ်ရတဲ့ တစ်လား။ နောက်ပြီးတော့  တစ် ဆိုတာ ဘာလဲ”

ဒုက္ခပါပဲ။ ခက်တော့ဖြင့် ခက်နေပါပြီ။  သူငယ်ချင်းတွေ အသံတိတ် ရေရွတ်လိုက်ကြတယ်။ တိတ်ဆိတ်ခြင်းကို ဖြိုခွဲပြီး ဒီကောင့် အသံအကျယ်ကြီး ထွက်လာတယ်။

“မှတ်ထားကွ။ ညီမျှခြင်းဆိုတာ မရှိဘူး။  ဘယ်တော့မှ မညီမျှဘူး။ ညီမျှဖို့ ကြိုးစားတယ် ဆိုတာ ရူးနေလို့လုပ်တာ ဖြစ်ရင်ဖြစ်မယ်။  ဒါမှမဟုတ် လူတွေကို အရူးလုပ်နေတာဖြစ်မယ်။ ကဲ ကဲ ပြန်ကြတော့။ တော်နေကြာ ငါ  မရူးဘဲ မင်းတို့ ရူးကုန်မယ်”

(၁၃)

ဒီကောင့်ဆီကပြန်တော့ လမ်းမှာ အတွေးကိုယ်စီနဲ့ ငြိမ်သက်လို့။ ခဏနေတော့  သူငယ်ချင်းတစ်ယောက်က မေးတယ်။

“ဘယ်လိုသဘောရသလဲ သူငယ်ချင်း”

“ဘယ်လိုသဘောရသလဲ ဟုတ်လား။  သေချာတာကတော့ ငါ ဒီကောင့်ဆီထပ်သွားပြီး သူ့စကားတွေ နားထောင်ဦးမယ်ဆိုတာပဲ”

နားမလည်ပုံပေါက်နေတဲ့ အကြည့်တွေ  ဆောင်ထားတဲ့ မျက်လုံးတွေဟာ ဦးတည်ရာ တစ်ခုမှာ ဆုံစည်းကြတယ်။ ကိစ္စမရှိပါဘူးကွယ်။ ကိုယ့်ဘာသာတောင်မှ နားမလည်နိုင်တာတွေ များနေတဲ့ဟာ။

Most Read

Most Recent