သတိရမိတဲ့ ကျောပိုးအိတ်နေ့ရက်တွေ

သတိရမိတဲ့ ကျောပိုးအိတ်နေ့ရက်တွေ
Published 22 May 2018

Photo း Dreamstime

ကျောပိုးအိတ်လေးတစ်လုံးလောက် မိတ်ဆွေမှာ ရှိခဲ့ဖူးပါသလား။ ကျွန်တော့်မှာတော့ ကျောပိုးအိတ်တွေ များစွာရှိခဲ့ဖူးပါတယ်။ လေးတန်းကျောင်းသားဘဝမှာ အဖေဝယ်ပေးလို့ ကျောပိုးအိတ်လေးတစ်လုံးဟာ ကျွန်တော့်ထံ ရောက်ရှိလာပါတယ်။ အဲဒီကျောပိုးအိတ်လေး စလွယ်ပြီးနောက်မှာ ကျွန်တော်ဟာ ကျောပိုးအိတ်ကြိုက်သူ ဖြစ်လာပါတော့တယ်။ ကလေးတစ်ယောက်ရဲ့ နေ့ရက်တွေကို ပျော်ရွှင်ခြင်းတွေအပြည့် အသိပ်ထည့်ကာ ဖြတ်သန်းနိုင်ဖို့အတွက် ကျောပိုးအိတ်လေးက ကျွန်တော့်ကို ကူညီပေးခဲ့ပါတယ်။ လွယ်အိတ်ထက်စာရင် ကျောပိုးအိတ်က ထည့်ချင်တာတွေ ပိုထည့်လို့ရတယ် မဟုတ်လား။

ကျောင်းသားတစ်ယောက် ကလေးလေး တစ်ယောက်အတွက် သူထည့်ချင်တာတွေထည့်ပြီး သွားလေရာကို  ယူသွားနိုင်တယ်လေ။ ကစားစရာအရုပ်တွေကို ကျောင်းကို သယ်သွားဖို့ ကျောပိုးအိတ်လေးက ကျွန်တော့်အတွက် အကောင်းဆုံးအရာ ဖြစ်ပါတယ်။ လွယ်အိတ်နဲ့ဆိုရင် ကျောင်းစာအုပ်တွေ၊ ခဲတံခဲဖျက်တွေနဲ့ ကစားစရာ အရုပ်တွေဟာ ရောထွေးလို့ နေပါတယ်။ ကျောပိုးအိတ်လေးကတော့ အိတ်တွေ အများကြီးပါတာမို့ ကျောင်းစာအုပ်တွေ၊ ခဲတံခဲဖျက်နဲ့ ကစားစရာအရုပ်တွေကို သတ်သတ်စီခွဲထည့်ပြီး သယ်သွားလို့ရတာပေါ့။ ကျောင်းမတက်ခင်နဲ့ နေ့လယ်မုန့်စား ကျောင်းဆင်းချိန်တွေမှာ ကျွန်တော်နဲ့ သူငယ်ချင်းတွေဟာ ကစားစရာအရုပ်တွေနဲ့ကစားရင်း ပျော်ရွှင်နေခဲ့ရတာပေါ့။

ကျောပိုးအိတ်လေးထဲမှာ နောက်ထပ်ပါတတ်တဲ့အရာကတော့ ကာတွန်းစာအုပ်တွေပဲ ဖြစ်ပါတယ်။ ကျောင်းကိုပဲဖြစ်ဖြစ် အခြားတစ်နေရာကိုပဲဖြစ်ဖြစ် ကာတွန်းစာအုပ်တွေကို ကျောပိုးအိတ်လေးထဲကိုထည့်ပြီး  ကျွန်တော် ယူသွားလေ့ရှိပါတယ်။ ကာတွန်းဖတ်ချင်တဲ့အချိန်မှာ ကျောပိုးအိတ်လေးထဲက ကာတွန်းစာအုပ်ကိုထုတ်လို့ ဖတ်ပါတယ်။ ကျွန်တော်နဲ့ သူငယ်ချင်းတွေဟာ တစ်ယောက်တစ်လှည့် ကာတွန်းစာအုပ် ဖတ်ကြပါတယ်။ အတန်းချိန် အကူးအပြောင်းလုပ်ရလို့  စာသင်ခန်းကို ဆရာတွေ ရောက်မလာသေးတဲ့ အချိန်တွေမှာပေါ့။ ကာတွန်းစာအုပ်ကို တစ်ယောက်က ဖတ်ပြနေတဲ့အခါ ကျန်တဲ့သူတွေက ငြိမ်သက်စွာ နားထောင်ကြပါတယ်။

ကျွန်တော်နဲ့ သူငယ်ချင်းတွေရဲ့ စိတ်ထဲမှာ စွဲနေတာ နောက်တစ်ခုက ကျောပိုးအိတ်လွယ်ထားရင် ကျွန်တော်တို့ဟာ ကာတွန်းဇာတ်လိုက် ကိုစူပါနဲ့ တူသွားတယ်လို့ ထင်မှတ်မှုပါပဲ။ ကိုစူပါဆိုတာ ကျွန်တော်တို့ရဲ့ ကာတွန်းသူရဲကောင်း ဖြစ်ပါတယ်။ ကိုစူပါရဲ့ ကာတွန်းဇာတ်လမ်းတွေကို ကျွန်တော်တို့ သိပ်ကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့် ကျွန်တော်နဲ့ သူငယ်ချင်းတွေဟာ ကျောပိုးအိတ်ဝယ်ပေးဖို့ မိဘတွေကို ပူဆာခဲ့ကြတာပါ။ မိဘတွေ ဝယ်ပေးလို့ ကျောပိုးအိတ်ရတဲ့သူကို ကျောပိုးအိတ်မရသေးတဲ့သူက ငေးမော အားကျခဲ့ရတာပေါ့။ ကျွန်တော် ပူဆာလို့  အဖေဝယ်ပေးခဲ့တဲ့ ကျောပိုးအိတ်က အကောင်းစားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျောပိုးအိတ်လေးတစ်လုံး ဖြစ်နေတာနဲ့ပဲ ကျေနပ်ပျော်ရွှင်ခဲ့ရတာပါ။

နွေရာသီကျောင်းပိတ်ရက်တွေဆိုရင် ကျွန်တော်တို့သူငယ်ချင်းတွေဟာ ကျောပိုးအိတ်ထဲကို လေးခွနဲ့ လောက်စာလုံးတွေထည့်ပြီး ငှက်ပစ်ဖို့ လျှောက်သွားကြတာပေါ့။ အိမ်က မိဘတွေကိုတော့ ဘောလုံးကန်သွား သလိုလို၊ စာအုပ်အငှားဆိုင်ကို ကာတွန်းစာအုပ်ပဲ သွားငှားသလိုလိုလုပ်ပြီး အိမ်က လစ်ထွက်ခဲ့ကြတာပေါ့။

ကလေးဘဝရဲ့ ပေါ့ပေါးလွတ်လပ်ခြင်းတွေဟာ ကျောပိုးအိတ်လေးနဲ့အတူ ကျွန်တော့်ဆီမှာ အမြဲရှိခဲ့တဲ့နေ့ရက်တွေပေါ့။ တစ်ခါတစ်ရံ ရေကန်တွေရှိတဲ့ မြို့ပြင်ဘက်ကိုသွားပြီး ငါးမျှားကြပါတယ်။ ကျောပိုးအိတ်တွေထဲမှာ စားစရာမုန့်တွေထည့်ပြီး သွားကြတာပါ။ ငါးမျှားရင်း ဗိုက်ဆာတဲ့အခါ မုန့်တွေထုတ်စားကြရင်း ကျောင်းပိတ်ရက်တွေကို ဖြတ်သန်းကြပါတယ်။

အလယ်တန်းကျောင်းသားဘဝမှာတော့ ကျောပိုးအိတ်လေးထဲမှာ ကျောင်းစာအုပ်တွေ ပိုများလာပါတော့တယ်။ ကစားစရာ အရုပ်တွေနေရာမှာ ဘောကန်အင်္ကျီနဲ့ ဘောကန်ဘောင်းဘီက အစားထိုးဝင်ရောက်လာပါတယ်။ ကျောပိုးအိတ်ထဲမှာ ကျောင်းစာအုပ်တွေအပြင် ဘောကန်အင်္ကျီနဲ့ ဘောကန်ဘောင်းဘီက မမေ့မလျော့ပါခဲ့တဲ့ နေ့ရက်တွေပေါ့။ ကျောပိုးအိတ်လှလှလေးတွေ ဝယ်ပေးဖို့ မိဘတွေကို ပူဆာတဲ့ နေ့ရက်တွေလည်း များများလာပါတယ်။ လူပျိုပေါက်တစ်ယောက်ဟာ အလှအပကိုလည်း မက်မောနေတတ်ပြီ မဟုတ်လား။ ကာတွန်းစာအုပ်တွေ အဖတ်နည်းလာပြီး ရွှေဥဒေါင်း၊ မင်းသိင်္ခတို့ရဲ့ စာအုပ်တွေဟာ ကျောပိုးအိတ်ထဲကို စတင်ရောက်ရှိလာပါတယ်။

ကျောင်းစာအုပ်တွေနဲ့ လေးလံလာတဲ့ ကျောပိုးအိတ်လေးကိုလွယ်ရင်း အလယ်တန်း ကျောင်းသားဘဝရဲ့ နေ့ရက်တွေကို ဖြတ်သန်းရတဲ့အခါ တခြားသော ပျော်ရွှင်ခြင်းတွေရရှိဖို့ ကျောပိုးအိတ်က ကူညီပေးနေဆဲပါပဲ။ ကျောင်းပြေးဖို့ အဝတ်အစားတွေကို ကျောပိုးအိတ်လေးထဲကို အိမ်ကမသိအောင် ခိုးထည့်ရင်း ဆယ်ကျော်သက်ဘဝရဲ့ လွတ်လပ်မှုကို လမ်းပေါ်မှာ ရှာပါတော့တယ်။ ကျောင်းပြေးပြီး တီဗွီဂိမ်းဆိုင်သွားပါတယ်။ တီဗွီဂိမ်းဆိုင်ရောက်တဲ့အခါ ကျောင်းဝတ်စုံကို လဲဝတ်ပါတယ်။ ကျောပိုးအိတ်လေးထဲ ခိုးထည့်လာတဲ့ အဝတ်အစားတွေနဲ့ပေါ့။ တစ်နေကုန် ဂိမ်းကစားရင်းနဲ့ ကျောင်းဆင်းချိန်ထိ ဂိမ်းဆိုင်မှာနေလို့ ကျောင်းဆင်းချိန်ကို စောင့်ပါတယ်။ ကျောင်းဆင်းချိန်ရောက်တဲ့အခါ အဖြူအစိမ်းကျောင်းဝတ်စုံကို ပြန်လဲ၊ အိမ်ကခိုးထည့် အဝတ်အစားတွေကို ကျောပိုးအိတ်လေးထဲ ပြန်ထည့်ပြီး မှင်သေသေနဲ့ အိမ်ကိုပြန်ခဲ့တဲ့ နေ့ရက်တွေပေါ့။ အိမ်ပြန်ရောက်တဲ့အခါ ကျောင်းတက်ရလို့ ပင်ပန်းနေတဲ့ပုံစံနဲ့ပေါ့။ အခန့်မသင့်လို့ ကျောင်းပြေးတာကို အိမ်ကသိသွားတဲ့အခါ ကျောကော့နေအောင် အရိုက်ခံရပါတော့တယ်။ ဒါပေမဲ့ အရှိုးရာ အထပ်ထပ်နဲ့ နာကျင်နေတဲ့ ကျောပြင်လေးပေါ်မှာလည်း ကျောပိုးအိတ်လေးဟာ ရှိနေခဲ့တာပါပဲ။

အထက်တန်းကျောင်းသားဘဝကို ကျွန်တော်ရောက်တဲ့အခါ ကျွန်တော်လွယ်တဲ့ ကျောပိုးအိတ်လေးဟာ ဆေးလိပ်မီးခိုးတွေကို ကြိုက်နှစ်သက်နေခဲ့ပြီပေါ့။ ကျောပိုးအိတ်လေးရဲ့ အတွင်းဘက်အကျဆုံးနေရာမှာ ဆေးလိပ်တွေ ရှိနေခဲ့ပါပြီ။ အိမ်ကနေကျောင်းကို သွားတဲ့လမ်းမှာ၊ ကျောင်းကနေ အိမ်ကို ပြန်တဲ့လမ်းမှာ ဆေးလိပ်ခိုးသောက်ဖို့အတွက် ကျောပိုးအိတ်လေးက ကူညီပေးခဲ့တာပေါ့။ ကျွန်တော် မိုက်မဲဆိုးသွမ်းဖို့အတွက်ကို ကျောပိုးအိတ်လေးကူညီပေးသလို ကျွန်တော် စာအုပ်တွေ ဖတ်ဖြစ်ဖို့လည်း သူကပဲ ကူညီပေးခဲ့တာပါ။ ရောက်လေရာနေရာ စာဖတ်တတ်တဲ့ အကျင့်စွဲသွားတာဟာ ကျောပိုးအိတ်လေးထဲမှာ စာအုပ်တွေထည့်ပြီး ယူသွားလို့ရလို့ပါပဲ။

အထက်တန်းကျောင်းသားဖြစ်လာတော့ ဖတ်တဲ့စာအုပ်တွေကလည်း ပြောင်းလာပါတယ်။ အချစ်ဝတ္ထုတွေလည်း အဖတ်များလာတာပေါ့။ မင်းလူနဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) ၊ မောင်လှမျိုး (ချင်းချောင်းခြံ) တို့ကို အရူးအမူးဖတ်ဖြစ်ခဲ့တာပေါ့။ သူငယ်ချင်းတစ်ယောက် ပေးဖတ်တာကနေ သစ္စာနီနဲ့ ကြူးနှစ်တို့ရဲ့ ဝတ္ထုတိုစာအုပ်လေးတွေကို ဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ သစ္စာနီနဲ့ ကြူးနှစ် စာအုပ် တစ်အုပ်မဟုတ် တစ်အုပ်ဟာ ကျောပိုးအိတ်လေးထဲမှာ အမြဲပါတော့ တာပါပဲ။ ကျောပိုးအိတ်ထဲမှာ နောက်ထပ် အမြဲပါတတ်တဲ့ စာအုပ်က မောင်သိန်းဇော်ရဲ့ နှင်းရည်စက်လက် ရှုမျှော်ခင်း ကဗျာစာအုပ်ပါပဲ။ ကျောပိုးအိတ်လေးဟာ သရုပ်မှန်တွေ မော်ဒန်တွေ ခေတ်ပေါ်ကဗျာတွေနဲ့ ပျော်မွေ့နေတတ်ပြီလေ။

၁၀ တန်းကျောင်းသားဘဝရဲ့ ရန်ပွဲတွေမှာလည်း ကျောပိုးအိတ်လေးက ကျွန်တော့်ကို ကယ်တင်ခဲ့ပါသေးတယ်။ နောက်ကနေ ပစ်လိုက်တဲ့ အုတ်ခဲတွေ၊ ရိုက်လိုက်တဲ့ တုတ်တွေဟာ ကျောပိုးအိတ်လေးကိုထိပြီး ကျွန်တော် သက်သာရာရသွားတာမျိုးပေါ့။ ကျောပိုးအိတ်လေးက လွယ်အိတ်အဖြူရောင်လေးကို ချစ်မိတဲ့အခါ အသည်းတွေ ဘာတွေကွဲလို့ လွမ်းဆွေးနေတဲ့ နေ့ရက်တွေလည်း ရှိခဲ့တာပေါ့။ လူငယ်ဘဝရဲ့လွမ်းမောဖွယ် နေ့ရက်တွေကို ကျောပိုးအိတ်လေးထဲထည့်ပြီး ရွက်စုတ်ပြက္ခဒိန်လေးကို တစ်ရွက်ချင်း စုတ်ဖြဲခဲ့ရတာပါပဲ။

ဒီလိုနဲ့ပဲ မိသားစုဘဝလေးကို ပိုင်ဆိုင်တဲ့ နေ့ရက်တွေဆီ ရောက်ရှိလို့လာခဲ့ရပါတယ်။ အခုကျွန်တော့်မှာ သမီးလေးတစ်ယောက် ရှိနေခဲ့ပါပြီ။ အခုထိ ကျွန်တော့်ကျောပေါ်မှာ ကျောပိုးအိတ်လေးတစ်လုံးကလည်း ရှိနေဆဲပါ။ ဒါပေမဲ့ ကျောပိုးအိတ်လေးထဲမှာတော့ သမီးလေးအတွက် ချစ်ခြင်းမေတ္တာတွေသာ သီးသန့်ထည့်လို့ ထားလိုက်ပါပြီ။ ကျွန်တော့်သမီးလေးကိုလည်း ကလေးဘဝရဲ့ လွတ်လပ်ခြင်းတွေ ထည့်ထားတဲ့ ကျောပိုးအိတ်လေး တစ်လုံးလွယ်လို့ မူကြိုကျောင်းကို သွားဖို့၊ လမ်းတွေပေါ်မှာ ဆော့ကစားတတ်ဖို့ ကျွန်တော် ကူညီပေးရဦးမယ် မဟုတ်လား။ လူ့ဘဝကြီးမှာ ကျောပိုးအိတ်တစ်လုံးတောင် မရှိခဲ့ရင်လည်း ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ပျော်ရွှင်ခြင်းတွေ လွတ်လပ်ခြင်းတွေကတော့ ရှိနေဖို့ လိုအပ်တဲ့အရာတွေပဲ မဟုတ်လား။ ပျော်ရွှင်ခြင်းတွေ၊ လွတ်လပ်ခြင်းတွေလို့ ဆိုလိုက်တိုင်း ကျွန်တော်လွယ်ခဲ့တဲ့ ကျောပိုးအိတ်လေးတွေကို အမြဲသတိရမိနေတော့တာပါပဲ။

Most Read

Most Recent