ဟစ်စ်ထရီဘကွန်း၏ မီးမောင်းများ

ဟစ်စ်ထရီဘကွန်း၏ မီးမောင်းများ
Published 20 May 2018

A Tale of Two Cities (1935) ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်း

ငယ်စဉ်တက္ကသိုလ်ကျောင်းသားဘဝတုန်းက ‘ဟစ်စ်ထရီဘကွန်း’ ဆိုတဲ့ သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးပါတယ်။ သူငယ်ချင်းတွေထဲမှာ အသက်အကြီးဆုံးဖြစ်တဲ့ ကိုဘကွန်းဟာ ရေနံချောင်းဇာတိဖြစ်ပြီး မိဘတွေကလည်း အတော်ချမ်းသာပါတယ်။ သူဟာ အင်မတန်သဘောကောင်းပြီး စလို့နောက်လို့လည်း အင်မတန်ကောင်းပါတယ်။ အမှန်က သူ့နာမည်က ‘ကိုဘကွန်း’ ပါ၊ သူပြောသမျှတွေဟာ သမိုင်းနဲ့ပတ်သက်တဲ့ အကြောင်းတွေချည်းပဲဖြစ်နေလို့ သူငယ်ချင်းတွေက နောက်ပြောင်ပြီး ခုလို ‘ဟစ်စ်ထရီဘကွန်း’ လို့ သူ့ကိုနာမည်ပေးလိုက်ကြတာ ဖြစ်ပါတယ်။ အဲဒါကို သူကစိတ်မဆိုးတဲ့အပြင် “အံမာ..မင်းတို့ ငါ့ကို အဲဒီလိုခေါ်တာကို ငါကခပ်ကြိုက်ကြိုက်ဗျ” လို့ ပြောနိုင်အားသေးတဲ့အတွက် ကိုယ်တို့အားလုံး အံ့သြကြရပါတယ်။ တစ်ခါမှာတော့ ကိုယ်တို့တစ်တွေက တစ်ယောက်ကို ဆီချက်ခေါက်ဆွဲ နှစ်ခွက်ကျွေးရင် သူပြောတဲ့သမိုင်းတွေကို နာရီဝက်ပြည့်အောင် နားထောင်မယ်လို့ ပြောကြတဲ့အခါ သူက ဝမ်းသာအားရ လက်ခံသွားပါတယ်။ အဲဒါနဲ့ တစ်ညမှာ ကိုယ်တို့ကို ဆီချက်ကျွေးရင်း သူပြောချင်တဲ့ သမိုင်းအကြောင်းတွေကို တောက်လျှောက်ကြီး ပြောချတော့တာပါပဲ။ ကိုယ်တို့ကတော့ အစက ဘာရယ်မဟုတ်၊ ဒီကိစ္စကို ရယ်စရာလို့သဘောထားပြီး နားထောင်ခဲ့တာပါပဲ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူပြောသွားတဲ့စကားတွေကို တစ်သက်မေ့မရနိုင်အောင် ဖြစ်သွားကြရပါတယ်။

ကိုဘကွန်းပြောတဲ့ သမိုင်းနဲ့ဆက်စပ်နေတဲ့ အကြောင်းအရာတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ အဲဒီတုန်းက အင်္ဂလိပ်စာရေးဆရာကြီး ‘ချားလ်စ်ဒစ်ကင်’ Charles Deicken (၁၈၁၂-၁၈၇၀) ရေးတဲ့ A Tale of Two Cities ဆိုတဲ့ ဝတ္ထုစာအုပ်အကြောင်း တက္ကသိုလ်ကျောင်းသားကြီးတွေ မကြာခဏပြောကြတာကို နားထောင်ခဲ့ရပြီး စိတ်ဝင်စားလို့ အဲဒီဝတ္ထုကို ဖတ်ကြည့်ခဲ့မိတာနဲ့ ပတ်သက်နေပါတယ်။ ဝတ္ထုကိုဖတ်ကြည့်မိတဲ့အခါကျမှ ကျောင်းသားကြီးတွေ ဒီဝတ္ထုအကြောင်း ဘာ့ကြောင့်ခဏခဏ ဆွေးနွေးနေကြရတာလဲဆိုတာကို သိလာရပါတယ်။ ဒါ့ပြင် ခုချိန်ထိ ဒီဝတ္ထုကို အခြေခံရိုက်ကူးခဲ့ကြတဲ့ ရုပ်ရှင်ဇာတ်ကား ၁၂ ကားတောင် ရှိတယ်ဆိုတာကိုသိခဲ့ရပြီး ဘယ်နိုင်ငံက နိုင်ငံသားမဆို ဒီဝတ္ထုဇာတ်လမ်းကိုသိထားရင် ကောင်းမှာလို့လည်း တွေးမိခဲ့ပါတယ်။ ဒါ့ကြောင့် ၁၉၃၅ ခုနှစ်မှာ ဒီနာမည်နဲ့ပဲ ပေါ်ထွက်လာခဲ့တဲ့ဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းကို တင်ပြပေးလိုက်ရပါတယ်။

ပြင်သစ်တော်လှန်ရေးကြီး ဖြစ်ခါနီးနေချိန်မှာ တရားစီရင်ခံရဖို့နေနေသာသာ ဘာမှန်းညာမှန်းတောင် မသိလိုက်ရဘဲနဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့က ကမ္ဘာကျော် ‘ဘာစတီး’ ခံတပ် အကျဉ်းထောင်ကြီးထဲမှာ ထောင်ချခံလိုက်ရတဲ့ ဒေါက်တာ ‘မန်းနက်’ ဆိုသူဟာ ၁၈ နှစ်အကြာမှာ ထောင်ကလွတ်လာပါတယ်။ ဒါကိုသိသွားလို့ အင်္ဂလန်နိုင်ငံလန်ဒန်မြို့က သူ့သမီး ‘လူစီ’ ဟာ အင်္ဂလန်ဘဏ်လုပ်ငန်းရှင် မစ္စတာ ‘လော်ရီ’ ဆိုသူနဲ့အတူ ပါရီကိုလိုက်သွားခဲ့ပါတယ်။ အပြစ်မရှိတဲ့ ဒေါက်တာမန်းနက်ကို အဲဒီအချိန်က မူးမတ်နွယ်ဝင်တစ်ဦးဖြစ်တဲ့ ‘အဲဗားမောင့်’ ဆိုသူက လုပ်ကြံပြီး ထောင်ချခဲ့တာဖြစ်ပါတယ်။ အဲဗားမောင့်မှာ ‘ဒန်နေ’ ဆိုတဲ့ တူတစ်ယောက်ရှိပြီး ဒန်နေရဲ့ကျူရှင်ဆရာကတော့ ‘ဂေဘဲလ်’ ဖြစ်ပါတယ်။ အဲဗားမောင့်ဟာ မော်ကြွားလွန်းသူဖြစ်ပြီး တစ်ခါမှာ ရပ်ကွက်ထဲ အမြန်မောင်းနေတဲ့ သူ့ရထားလုံးက ဝင်တိုက်လိုက်မိလို့ ‘ဂက်စပတ်’ ဆိုသူရဲ့ ငါးနှစ်အရွယ်ကလေး သေသွားခဲ့ရပါတယ်။ အဲဒီအခါမှာ အဲဗားမောင့်က ကလေးကို ဒီလိုလွှတ်ထားရကောင်းလားဆိုပြီး ရပ်ကွက်ထဲကလူကြီးတွေကို ဆူပူကြိမ်းမောင်းပြီး လေ ျာ်ကြေးအဖြစ် ကြေးပြားတစ်ပြားကို လမ်းပေါ်ပစ်ချပေးသွားခဲ့ပါတယ်။ ဒန်နေနဲ့ သူ့ဆရာဂေဘဲလ်တို့ကတော့ ဆင်းရဲတဲ့ပြည်သူတွေအပေါ် ကြင်နာတတ်သူတွေဖြစ်ကြလို့ အဲဗားမောင့်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်ကြပါတယ်။ တစ်ခါမှာတော့ ဒန်နေဟာ ဦးလေးဖြစ်သူ အဲဗားမောင့်နဲ့စကားများပြီး အင်္ဂလန်ကို သွားလည်မယ်လုပ်တဲ့ခါ ဒန်နေအင်္ဂလန် ရောက်ရောက်ချင်း သူလျှိုမှုနဲ့ အင်္ဂလိပ်တွေ ဖမ်းတာခံရအောင် အဲဗားမောင့်က စီမံလိုက်ပါတော့တယ်။

မစ္စတာလော်ရီနဲ့ လူစီတို့ပါရီကိုရောက်သွားချိန်မှာ တစ်ချိန်က ဒေါက်တာမန်းနက်ရဲ့ တပည့်တွေဖြစ်ပြီး အခုဝိုင်အရက်ရောင်းနေသူ ‘အားနက်စ်ဒီဖာ့ချ်’ ဆိုသူနဲ့ သူ့ဇနီး ‘ထဲရစ်ဆာ’ တို့က ဒေါက်တာမန်းနက်ကို စောင့်ရှောက်ထားတာကို တွေ့ကြရပါတယ်။ လော်ရီလူစီနဲ့ လူစီရဲ့ဖခင် ဒေါက်တာမန်းနက်တို့ အင်္ဂလန်ကိုပြန်ကြတဲ့အချိန်မှာ ဒန်နေဟာ သူတို့ရဲ့လှေနဲ့ အကြုံလိုက်သွားပြီး လူစီနဲ့လည်း မေတ္တာမျှသွားကြပါတယ်။ ဒန်နေဟာ လန်ဒန်ရောက်တာနဲ့ အဖမ်းခံရပြီး သူလျှိုမှုနဲ့ တရားစီရင်ခံရတဲ့အခါမှာ အရက်သေစာ အလွန်အကျွံ သောက်စားတတ်ပေမယ့် စိတ်ကောင်းရှိသူ အင်္ဂလိပ်လူမျိုးရှေ့နေ ‘ကာတန်’ ဆိုသူရဲ့ လျှောက်လဲချက်ကောင်းမွန်လို့ အမှုကနေ တရားသေလွတ်ခဲ့ပါတယ်။ ဒီလိုလွတ်အောင်လည်း တစ်ဦးတည်းသော မျက်မြင်သက်သေဖြစ်တဲ့ ‘ဘားဆဒ်’ ဆိုသူက သူဒန်နေ့ကို လူမှားသွားတာပါလို့ ရုံးတော်မှာ ထွက်ဆိုဖြစ်အောင် ကာတန်ကလုပ်နိုင်ခဲ့လို့ ဖြစ်ပါတယ်။ တရားစီရင်အပြီးမှာ အဲဒီအချိန်က ဒန်နေနဲ့ ရည်ငံနေပြီဖြစ်တဲ့ လူစီက ကာတန့်ကို ကျေးဇူးတင်ကြောင်း လာပြောတဲ့အခါမှာ ကာတန်ဟာ လူစ့ီကို အရူးအမူးချစ်မိသွားပါတယ်။ အဲဒီနောက် မကြာခင်မှာ လူစီဟာ ဒန်နေနဲ့ လက်ထပ်လိုက်ပါတယ်။ နောက်တော့ လူစီမွေးလာတဲ့ သမီးလေးက ကာတန့်ကို အတော်ခင်လို့ ကာတန့်ကျေးဇူးကို မဆပ်နိုင်သေးတဲ့ လူစီ့ခမျာ အလွန်ဝမ်းသာရပါတယ်။

အဲဒီအချိန် ပြင်သစ်က ပါရီမြို့ကြီးမှာ မြင်းလှည်းတိုက်ခံရလို့ သေသွားတဲ့ ကလေးအဖေ ဂက်စပတ်ဟာ အဲဗားမောင့်ကို ညဘက်မှာလုပ်ကြံပြီး မကြာခင်မှာ ငတ်မွတ်တာကို မခံနိုင်တော့တဲ့ ဆင်းရဲသားလူထုကြီးဟာ အုံကြွကြပါတယ်။ ဒါ့အပြင် လက်နက်တွေကို သိုလှောင်ထားပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ‘ဘာစတီး’ အကျဉ်းထောင်ကြီးကို လက်နက်လိုချင်လို့ ဝင်စီးကြပါတယ်။ ပထမအကျအဆုံးများပြီး မအောင်မြင်ပေမယ့် နောက်ပိုင်း ပြင်သစ်ဘုရင့်တပ်မတော်က စစ်သည်တွေကပါ တော်လှန်ရေးသမားတွေဘက်က ဝင်ပါပြီး အမြောက်ပစ်ကူတွေနဲ့ ဝိုင်းတိုက်ပေးကြလို့ ဘာစတီးထောင်ကြီး ကျသွားပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာမန်းနက်ကို စောင့်ရှောက်ပေးခဲ့တဲ့ အားနက်စ်ဒီဖာ့ချ်ရဲ့ဇနီး ထဲရစ်ဆာဟာ တော်လှန်ရေးခေါင်းဆောင်ကြီးတစ်ဦး ဖြစ်လာပါတယ်။ ပြင်သစ်မှာရှိတဲ့ ထောင်နဲ့ချီတဲ့ မင်းဆွေမင်းမျိုးနဲ့ မြို့စားနယ်စားတွေဟာ ‘ဂင်လိုတင်း’ Guillotine လို့ခေါ်တဲ့ ခေါင်းဖြတ်စက်ကြီးနဲ့ အသတ်ခံကြရပါတယ်။ မင်းစိုးရာဇာတွေသာမက သူတို့ရဲ့ဆွေတွေမျိုးတွေ ဝန်ထမ်းတွေပါ အသတ်ခံကြရပါတယ်။ နောက်တော့ အပြစ်ရှိတဲ့လူတွေ အကုန်အသတ်ခံကြရာက အပြစ်မရှိတဲ့သူတွေပါ ရောကောသောကောနဲ့ အမြောက်အမြား အသတ်ခံကြရတဲ့ အခြေအနေမျိုးကို ဆိုက်ရောက်သွားပါတော့တယ်။ အဲဒီအချိန်မှာ ဒန်နေရဲ့ဆရာဂေဘဲလ်ကိုလည်း ထဲရစ်ဆာနဲ့ တော်လှန်ရေးတပ်သားတွေက သတ်ဖို့ပြင်နေကြပါတယ်။ “မင်းဟာ မင်းစိုးရာဇာတွေဘက်က လူမဟုတ်ဘူးဆိုတာ ဘယ်သူ့ကို သက်သေခံတင်သွင်းနိုင်မလဲ” လို့မေးတဲ့အခါ အင်္ဂလန်မှာရောက်နေတဲ့ တပည့်ဖြစ်သူ ဒန်နေ့ကို တင်သွင်းနိုင်ကြောင်း ဂေဘဲလ်က ပြောပြပါတယ်။ ကဲ ဒါဖြင့် စာရေးခေါ်လို့ တော်လှန်ရေးတပ်သားတွေကပြောလို့ ဂေးဘဲလ်ဟာ စာရေးပြီး လက်မှတ်ထိုးလို့မှ မင်မခြောက်သေးခင်မှာပဲ တော်လှန်ရေးတပ်သားတွေက သူ့ကို ဓားနဲ့ထိုးသတ်လိုက်ကြပါတယ်။ တကယ်တမ်းကျတော့ တော်လှန်ရေးတပ်သားတွေဟာ ဂေဘဲလ်ကို လိုချင်ကြတာမဟုတ်ပါဘူး။ အဲဗားမောင့်ရဲ့တူတော်သူ ဒန်နေ့ကိုသာ သတ်ချင်နေကြတာဖြစ်ပါတယ်။ စာရတဲ့အခါ ဒန်နေဟာ ဘယ်သူ့ကိုမှမပြောဘဲ ပြင်သစ်ကိုလိုက်သွားပြီး ပြင်သစ်မြေပေါ် ခြေချလိုက်မိတာနဲ့ အဖမ်းခံလိုက်ရပါတယ်။ ဒန်နေ့ကိုကယ်ဖို့ သက်သေထွက်ရအောင်ဆိုပြီး ဒေါက်တာမန်းနက် ပါရီကိုလိုက်သွားတဲ့အခါမှာ မစ္စတာလော်ရီ၊ လူစီနဲ့ သူ့သမီးငယ်လေးတို့လည်း နောက်ကလိုက်သွားကြပါတယ်။ ဒါပေမဲ့ ဒေါက်တာမန်းနက် တရားရုံးမှာ ထွက်ဆိုပေးတာတွေကို ထဲရစ်ဆာတို့ တော်လှန်ရေးတပ်ဖွဲ့တွေက လက်မခံကြတော့ပါဘူး။ ဒါ့ကြောင့် ဒန်နေ့ကို အဲဗားမောင့်ရဲ့တူဖြစ်လို့ဆိုတဲ့ စွဲချက်နဲ့ သေဒဏ်ချမှတ်လိုက်ပြီး ဘာစတီးမဟုတ်တဲ့ တခြားခံတပ် အကျဉ်းထောင်ကြီးတစ်ခုထဲမှာ ခေတ္တအကျဉ်းချထားလိုက်ပါတယ်။

အဲဒီမှာ ကာတန်ဟာ ပြင်သစ်ကိုလိုက်သွားပြီး လန်ဒန်က ဒန်နေ့အမှုကိုစစ်တုန်းက လိမ်လည်သက်သေထွက်ဆိုခဲ့တဲ့ ဘားဆဒ်နဲ့တွေ့ပါတယ်။ ဘားဆဒ်ဟာ တော်လှန်ရေးမတိုင်ခင် ကာလကတည်းက ပါရီကိုရောက်နေခဲ့ပြီး တော်လှန်ရေးတပ်သားတွေနဲ့ အလွမ်းသင့်အောင် ပေါင်းနိုင်ခဲ့လို့ အခုခေတ်စကားနဲ့ပြောရရင် အကောင်ဖြစ်နေပါတယ်။ ဒါပေမယ့် ဘားဆဒ်ဟာ တော်လှန်ရေးမတိုင်ခင်က မင်းမျိုးစိုးနွယ်တွေရဲ့ အခစားသူလျှိုလုပ်ခဲ့ဖူးပါတယ်။ ဒါကို ကာတန်က ကောင်းကောင်းသိနေတဲ့အတွက် ဒီကိစ္စအဖော်ခံရမှာကိုကြောက်လို့ ကာတန်ခိုင်းသမျှ အကုန်လိုက်လုပ်ပေးပါတော့တယ်။ ဘားဆဒ်အကူအညီနဲ့ ကာတန်ဟာ အကျဉ်းထောင်တိုက်ခန်းထဲက ဒန်နေ့ကိုသွားတွေ့ပြီး မေ့ဆေးနဲ့မေ့သွားအောင် လုပ်လိုက်ပါတယ်။ နောက်မှ လူစီဖတ်ဖို့ သူရေးထားတဲ့ စာတစ်စောင်ကို ဒန်နေ့အိပ်ကပ်ထဲ ထည့်ပေးပြီး ဒန်နေနဲ့ လူချင်းလဲလိုက်ပါတယ်။ ဘားဆဒ်နဲ့ အစောင့်တစ်ယောက်တို့ဟာ မေ့မြောနေတဲ့ ဒန်နေ့ကို ပါရီမြို့ထဲက လူစီတို့ရှိတဲ့နေရာကို အရောက်ပို့ပေးနိုင်လိုက်လို့ လူစီတို့အဖွဲ့ဟာ ညတွင်းချင်း အင်္ဂလန်ကို ကူးသွားနိုင်ကြပါတယ်။ နောက်တစ်နေ့မနက်မှာ သေမိန့်ချခံထားကြရတဲ့ ကာတန်နဲ့ ‘ဗွန်တိမ်း’ ဆိုသူ စက်ချုပ်သမလေးတို့ဟာ ပါရီမြို့လယ်ကောင်က လူထုတွေစုဝေးနေတဲ့ လူသတ်ကွင်းကို မြင်းလှည်းတစ်စီးနဲ့ ခေါ်သွားခံကြရပါတယ်။ စက်ချုပ်သမလေးဟာ တော်လှန်ရေးအကြောင်း မကောင်းပြောတဲ့ လူတစ်ယောက်နဲ့ ဆက်သွယ်မိလို့ဆိုတဲ့ စွဲချက်နဲ့ သေမိန့်ကျခံထားရတာပါ။ ဗွန်တိမ်းမကြောက်လန့်အောင် ကာတန်ကာဂင်လိုတင်း စက်ကြီးနား ရောက်တဲ့အထိ အားပေးပြီး ခေါ်သွားခဲ့ပါတယ်။ နောက် ဂင်လိုတင်းစက်ကြီးကို တွေ့လိုက်ကြရပြီး မကြာခင်မှာ လန်ဒန်နဲ့ပါရီမြို့ နှစ်မြို့ကို ဇာတ်လမ်းနောက်ခံပြုရိုက်ကူးထားတဲ့ မြို့နှစ်မြို့ရဲ့ ပုံပြင်ရုပ်ရှင်ဇာတ်ကားဟာလည်း ပြီးဆုံးသွားခဲ့ပါတယ်။ သမိုင်းထဲမှာတော့ အဲဒီအချိန်ဟာ ဂင်လိုတင်းစက်ကြီးကို အသုံးပြုလို့ ကောင်းနေတုန်းဖြစ်တဲ့ ပြင်သစ်တော်လှန်ရေးကြီးရဲ့ အစဦးပိုင်းကာလပဲ ဖြစ်ပါတယ်။

တကယ်တော့ ပြင်သစ်တော်လှန်ရေးဟာ လုံးဝမအောင်မြင်ခဲ့ပါဘူး။ မင်းမျိုးစိုးနွယ်တွေကို ချေမှုန်းနိုင်ပြီးကာမှ တော်လှန်ရေးတပ်သားတွေဟာ အပိုင်းပိုင်းကွဲသွားခဲ့ကြတာဖြစ်တယ်။ နောက်တော့ ဘုရင့်ဂိုဏ်းသားတွေတောင် တချို့နယ်တွေမှာ သူပုန်တွေဖြစ်လာကြတဲ့အထိ အခြေအနေဟာ ယိမ်းယိုင်လာခဲ့ပါတယ်။ တော်လှန်ရေးတပ်သားတွေဟာ ရက်စက်မှုအပေါင်း သရဖူဆောင်းပြီး အချင်းချင်းပြန်သတ်နေကြလို့ ပြည်သူလူထုဟာ ဒီလိုသတ်ဖြတ်မှုတွေကို စိတ်ကုန်လာကြပါတယ်။ တိုတိုပြောရရင် ပြင်သစ်တော်လှန်ရေးကြီးကို ဆယ်နှစ်ကြာအောင် ဆင်နွှဲလာခဲ့ပြီးကာမှ ပြည်သူတွေကိုယ်တိုင်က အပ်နှင်းလိုက်လို့ တစ်နိုင်ငံလုံးရဲ့ အာဏာဟာ နပိုလီယံရဲ့လက်ထဲကို ကျရောက်သွားခဲ့ရတာဖြစ်တယ်။ ကိုဘကွန်းကပြောတာက နိုင်ငံတစ်နိုင်ငံဟာ ကျောက်ဆောင်တွေထူထပ်ပြီး ရေစီးလည်းသန်တဲ့ မြစ်ကြီးတစ်စင်းထဲမှာ ညဘက်ခုတ်နေရတဲ့ သင်္ဘောကြီးတစ်စင်းနဲ့တူတယ်တဲ့။ ဒါ့ကြောင့် ကျောက်ဆောင်တွေနဲ့ ဘယ်ဘက်ကမ်း ညာဘက်ကမ်းတို့ကို မတိုက်မိအောင် မီးထိုးကြည့်နိုင်ဖို့ အဲဒီသင်္ဘောကြီးပေါ်မှာ အားကောင်းတဲ့ မီးမောင်းကြီးတွေ အများကြီးတင်ထားနိုင်ဖို့လိုတယ်တဲ့။ အဲဒီ မီးမောင်းတွေမပါရင် မင်းတို့သင်္ဘော ဘယ်လောက် စက်အားကောင်းကောင်း မောင်းလို့မရဘူး။ ဖြည်းဖြည်းမောင်းလည်းသေမှာပဲ။ မြန်မြန်မောင်းလည်း မြန်မြန်သေမှာပဲ။ အဲဒီ မီးမောင်းကြီးတွေကတော့ ဂျပန်က မေဂျီပြုပြင်ပြောင်းလဲရေး ရုရှားက အောက်တိုဘာတော်လှန်ရေး ပြင်သစ်တော်လှန်ရေးနဲ့ အမေရိကန်ပြည်တွင်းစစ် အစရှိတဲ့ သမိုင်းက အဖြစ်အပျက်တွေပဲဖြစ်တယ်။ ဒါ့ကြောင့် အားကောင်းတဲ့ မီးမောင်းတွေ အများကြီးကို မင်းတို့သင်္ဘောတွေပေါ်မှာ တင်ထားကြဖို့လိုတယ်လို့ ‘ဟစ်ထရီဘကွန်း’ က ကိုယ်တို့ကိုပြောခဲ့တာပဲ ဖြစ်တယ်။

 

Most Read

Most Recent