နယုန်

နယုန်
Published 20 May 2018

Photo: Getty

(တစ်)
လယ်တစ်ကွင်းလုံး ဝင်းနေတာကို ကားလမ်းပေါ်ကနေ လှမ်းမြင်နေရတယ်။ ဒါတွေကို ရိတ်သိမ်းဖို့ ပြင်နေတဲ့ လယ်ကွင်းပြင်ကြီးတွေကို ငေးကြည့်ချင်မိတယ်။ အစိမ်းခက်တွေကြားမှာ အဝါဖက်နေတဲ့ လယ်ယာရှုမျှော်ခင်းတွေက ငေးကြည့်ချင်စရာလေ။ စပါးတွေ ကိုင်းညွတ်နေတဲ့ လယ်ကွင်းတွေကို ကန်သင်းအနားထိဆင်းပြီး ကြည့်လိုက်တယ်။ ပြီးတော့ ဒါဘာလဲဆိုတာကို အသံတွေမပါဘဲ မေးခွန်းထုတ်မိလိုက်တယ်။ အမေးရဲ့နောက်မှာ စိတ်ကူးတွေက အဆီးအတားမရှိ တသီတတန်းကြီးပဲ။ ဒါ နယုန်လလေ။

ဒီလဟာ နယုန်လ။ ရာသီမေထုန်၊ လနယုန်ပေါ့။ နယုန်မိုးသေး၊ မြက်သားမွေးလို့တောင် ရာသီကို စာညီထားတာ ရှိသေးတာ။ ဒါ့အပြင် ဘာရှိသေးလဲ။ ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်ဆိုတာလည်း ရှိသေးတယ်။

ဘာသာရေးနဲ့ ပတ်သက်ရင်ကော ဘာကျန်သေးလဲ။ အဲဒီဘက်မှာလည်း မလျော့ဘူး။ ရှိတယ်။ နှစ်ချက်ရှိတာ သိထားတယ်။ ပထမတစ်ခုက နယုန်လပြည့်နေ့မှာ နတ်နဲ့ ဗြဟ္မာတွေကို ဗုဒ္ဓက မဟာသမယသုတ်တော် ဟောကြားခဲ့တယ်။ ဒါကြောင့်လည်း နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့လို့ ခေါ်တာ။ ဒုတိယတစ်ခုကတော့ စာပြန်ပွဲတွေ ကျင်းပပေးတာပါ။ ဒီစာတော်ပြန်ပွဲတွေကို မြန်မာနှစ် ၁၀၀၀ လောက်ကမှစတယ် ပြောတယ်။ သာလွန်မင်းက စခဲ့တာလို့ ဖတ်ခဲ့ဖူးတယ်။ နယုန်လ၊ စာတော်ပြန်ပွဲပေါ့။

ပြီးတော့ နောက်ထပ်တွေးမိတာက ဒီလဟာ လယ်ယာဘဝရဲ့အစဆိုတာ။ လယ်လုပ်ငန်းရဲ့ ပဋိသန္ဓေလဆိုတာလေ။ ဒါပေမဲ့ ခုတော့ အစမဟုတ်တော့ဘဲ သူ့အရင် နွေစပါးတွေတောင် သားဦးအဖြစ် မွေးဖွားပြီးလို့ နယုန်ဆိုတာ စပါးရိတ်သိမ်းချိန် ဖြစ်နေပြီလေ။ ဝါဆိုမှ ပြန်စိုက်မှာတဲ့။ နယုန်ဟာ နွေစပါးအတွက်တော့ အဆုံးသတ်လပေါ့။

အင်းလေကြည့်စမ်း၊ အခုရိတ်သိမ်းတော့မှာတွေက နွေစပါးတဲ့။ နှစ်သီးစားတဲ့။ သုံးသီးစားတဲ့။ နောက်ထပ် ဘယ်နှသီးတွေ ထပ်စားကြရဦးမှာလဲ။ အခုစိုက်နေတာကလည်း ဟိုးတုန်းကလို ဒေသမျိုးတွေ မဟုတ်တော့ဘူးတဲ့။ ရာသီမလိုဘူး။ နာရီပဲလိုတယ်တဲ့။ စိုက်တတ်လိုက်ကြတာ။ ကမ္ဘာကြီးရဲ့ သိပ္ပဝ္စဗဟုဿစ္စတွေကလည်း အံ့မခန်းပါပဲ။ ခေတ်တွေကလည်း တအားပြောင်းနေတာပါပဲ။ လူဦးရေကလည်း အရမ်းတိုးလာနေတာပါပဲ။

တိုးလာတာမှ စားစရာတွေကို ခုလို ပိုမိုထုတ်ယူလာရအောင်ကို တိုးလာနေတာ။ သူများတိုင်းပြည်ဆီ ရောင်းစားဖို့လည်း ပါတာပေါ့။ ရှေးရှေးတုန်းကတော့ သိပ္ပံအတတ်တွေကလည်း ခေတ်မမီ၊ လူဦးရေကလည်းနည်း၊ ပဝေသဏီထိ ဝေးတဲ့နေရာတွေ ထိအောင်လည်း ရောင်းစားကြတာမဟုတ်တော့။ တစ်ဝမ်းတစ်ခါးစာ၊ ကိုယ့်ရပ်ကိုယ့်ရွာစာ၊ ကိုယ့်တိုင်းကိုယ့်ပြည်စာလောက်ပဲ စိုက်ကြ၊ ပျိုးကြတယ်ထင်တယ်။ နှစ်သီး၊ သုံးသီးတွေဆိုတာ မရှိသေးပါဘူး။

သူ့ခေတ် သူ့စနစ်နဲ့သူ တစ်သီးစားပဲ စိုက်ကြတာ။ စိုက်ရင်လည်း နယုန်လထဲရောက်မှပဲ စစိုက်ကြတယ်။ ဒါကြောင့် နယုန်လရဲ့ရာသီပွဲဟာ လယ်ထွန်မင်္ဂလာပွဲ ဖြစ်နေတာလေ။ ဘုရင်ကိုယ်တိုင်က မိဖုရားမောင်းမ၊ မိဿံတွေနဲ့အတူ လယ်ထွန်မင်္ဂလာပြုပေးရတာ။ ရမထာ ရွှေကြိမ်လုံး၊ ရွှေထွန်တုံးတွေနဲ့ ဖြူဖြူဆွတ်ဆွတ် ကြန်စုံနွားနှစ်ကောင်ကို ထမ်းပိုးတင်ပြီး ပျိုးခင်းကို ဝင်ကြတာ။ စစ်အင်္ဂါ အပြည့်အစုံနဲ့ ကောင်းကင်မှာ ငှက်ပျံလို့ မရအောင်ကို လေးသည်တော် အစောင့်အကြပ်တွေချပြီး ခင်းကျင်းထားကြတယ်။

တကယ့်ကို ပွဲကြီးလမ်းကြီးပါပဲ။ လူတွေလည်း ကြိတ်ကြိတ်တိုးနေအောင် စည်ကားတယ်။ ဘာလို့လဲဆိုတော့ ဘုရင်လယ်ထွန် မင်္ဂလာမဆင်းခင် သုံးလေးရက်လောက် အလိုကတည်းက ပွဲတွေ နေ့မပြတ်၊ ညမလပ်ကပြပေးထားတာကိုး။ ဒါကို ရွာလုံးကျွတ် အုန်းအုန်းကျွတ်ကျွတ် လာကြည့်ကြတယ်။ ရပ်ဝေး၊ ရပ်နီးအသီးသီးက လှေတွေ၊ လှည်းတွေနဲ့ လာကြတာတွေရှိတယ်။ နန်းတော်သူ၊ နန်းတော်သားတွေကြည့်ဖို့ နန်းတွင်းမှာသာ ကပြရတဲ့သဘင်တွေဆိုတော့ ရပ်သူရွာသားတွေ အနေနဲ့ ကြည့်ရခဲကြီး မဟုတ်လား။

(နှစ်)
အဲဒီတုန်းကတည်းက စပါးတွေ အမျိုးများပေမယ့် ကောက်လျင်၊ ကောက်လတ်၊ ကောက်ကြီး၊ မုရင်းဆိုပြီး အုပ်စုတူ လေးမျိုးနဲ့ပဲ ခွဲပြောကြတယ်။ မုရင်းကလွဲရင် ကျန်တဲ့စပါးတွေကို နယုန်မှာ စိုက်ကြတယ်။ အဲဒီလိုစိုက်တော့ ကောက်လျင်ဆိုရင် သီတင်းကျွတ် ဆိုမှည့်ပြီ။ ကောက်လတ်ကျတော့ သက်တမ်းကြာတယ်။ ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်းပဲ ရှိသေးတာ။ ဖုံးဒဆိုတာက စပါးစေ့ သန္ဓေတည်ဖို့ ဖုလာတဲ့နေရာ။ အဲဒီ အဖုလေးတွေက တန်ဆောင်မုန်းလမှာမှ ထွက်လာတုန်း ရှိသေးတာ။

စပါးပင်တွေ လုံးတုန်းရှိသေးတာ။ ဒါကို တောဉာဏ်၊ တောဟန် အမှတ်အသားမှာတော့ စပါးပင်တွေ အားယူကောင်းတုန်း၊ အားအလိုအပ်ဆုံးအချိန်ပဲ ရှိသေးတာတဲ့။ ဒါဆို ကောက်လတ်က တန်ဆောင်မုန်းနှောင်းပိုင်းမှ မှည့်တော့မှာပေါ့။

ကောက်ကြီးက နတ်တော်မှည့်တာ။ ဦးပုညရဲ့ပြဇာတ်ထဲက ရေသည်ယောကျ်ားစားတဲ့ မုရင်းဆန်တစ်ခုပဲ တန်ဆောင်မုန်းမှာစိုက်ပြီး တပေါင်းမှာ ရိတ်တာရှိတယ်။

အဲဒီလိုတွေ စိုက်ဖို့၊ ပျိုးဖို့ လယ်သမားတွေကို မင်းမိန့်နဲ့ သတ်မှတ် ပြဋ္ဌာန်းပေးထားတယ်။ သမားဟူးရားတွေက တွက်ချက်ပေးရတယ်။ သာသနာပိုင်ဆရာတော်ကြီးက စိစစ်တည်းဖြတ်ပေးပြန်တယ်။ ဘယ်အချိန် စိုက်၊ ဘယ်အခါ ရိတ်၊ ဘယ်ပိုးတွေကျတတ်တယ် စသဖြင့် အမိန့်ပြန်တာက မှူးမတ်ဝန်မင်းတွေရဲ့အလုပ်ပေါ့။

ဘုရင့်လမိုင်းလယ်တွေအတွက်ကို လမိုင်းရွာတွေက တာဝန်ယူရတယ်။ မန္တလေးခေတ်မှာတော့ မတ္တရာမြို့အရှေ့မြောက်ယွန်းယွန်းက ရွာကြီးကို လမိုင်းရွာကြီးတွေအဖြစ် သတ်မှတ်ထားတယ်။ စဉ့်ကူးဘက်မှာလည်း လမိုင်းရွာနှစ်ရွာ ရှိသေးတယ်။ အောင်ပင်လယ်က သရက်ကုန်းရွာဆို လမိုင်းရွာပါပဲ။ တိုင်းရွှေပြည့်လက်နားက အောင်ပင်လယ်ရွာသူတွေကတော့ မန္တလေးခေတ်မှာ ကောက်စိုက် Specialist တွေ ဖြစ်ခဲ့မှာပေါ့။

ဒါကို ကြည့်ရင် နယုန်လရဲ့မြေပြင်အခြေအနေဟာ ရုန်းကန်တက်ကြွလို့နေမှာ။ စားစရာရိက္ခာအတွက် ဘုရင်ကအစ မောင်းမ၊ မိဿံအလယ်၊ လယ်သမားအဆုံး လမိုင်းရွာတွေ အပါအဝင် တစ်တိုင်းပြည်လုံး အလုပ်တွေ ရှုပ်နေကြတာကို တွေ့ရမှာပါ။

(သုံး)
ဒါဆို နယုန်ဟာ အလုပ်နဲ့လက်မပြတ်တမ်း တက်ကြွလန်းဆန်းနေတဲ့ ရာသီတစ်ခုလို့ ဆိုရမှာပေါ့။ လယ်ထဲမှာ လယ်သမားတွေက ခွန်ပြည့်အားပြည့်နဲ့ လုပ်ကိုင်ဆောင်ရွက်နေကြတယ်။ နွားငေါက်သံတွေ ညံလို့။ ပျိုးနုတ်ဟန်တွေ မြန်လို့။ တချို့က ထွန်ရေးတွေ ငင်နေကြတယ်။ ကောက်စိုက်တွေ ပြိုင်နေကြတယ်။ ဒီလို လုပ်အားယှဉ်ပြိုင်နေတဲ့ကြားက ဆိုဖြစ်အောင် ဆိုလိုက်ကြတဲ့ တေးသီချင်း တကြော်ကြော်ကလည်း မိုးကို ခေါ်နေသလိုပဲနေမှာ။ ဒီတော့ လယ်ကွင်းတွေဟာ လုပ်အားအပြတွေနဲ့ ရုန်းထလှကြွနေတော့တာပေါ့။ လယ်သမားတွေရဲ့ ဒီလိုအပျင်းမဖက်တဲ့ လုပ်အားတွေကြောင့်လည်း ဗုဒ္ဓရဲ့ချီးမွမ်းတာကို ခံခဲ့ရတာ။ အသိအမှတ်ပြု၊ ဂုဏ်ပြုမှတ်တမ်း တင်တာကို ရရှိခဲ့ကြတာ။

ဘုရား ချီးကျူးတဲ့အလုပ်ဖြစ်ခဲ့ကြတာ။ ဒါကဘာလဲဆိုရင် ရဟန်းသံဃာတွေရဲ့ သင်္ကန်းတွေပါ။ တကယ်တော့ သင်္ကန်းတွေဆိုတာ လယ်ယာလုပ်ငန်းခွင်က လယ်သမားတွေကို ဂုဏ်ပြုရာကနေ ထွက်ပေါ်လာတာပဲ မဟုတ်လား။

ဗုဒ္ဓဘုရားက လယ်သမားတွေရဲ့ လုပ်အားအလှကို ဂုဏ်ပြုဖို့ လယ်ကွက်၊ လယ်ကွင်းတွေလို သင်္ကန်းတွေကို ချုပ်ခိုင်းခဲ့တယ်။ ဒါကို ညီတော်အာနန္ဒာက ပုံဖော်ပေးခဲ့တယ်။ ဒီလိုဆိုတော့ တောင်သူလယ်သမားတွေကို ဂုဏ်ပြုပေးတဲ့နေရာမှာ ဗုဒ္ဓကို ဘယ်သူမီပါ့မလဲ။

တောင်သူလယ်သမားနေ့ဆိုတာနဲ့ ဟိုးတစ်ခေတ်က နိုင်ငံတော်အလံရဲ့ စပါးနှံတွေကကော မီမယ်ထင်သလား။ စဉ်းစားသာကြည့်ပေါ့။ ဗုဒ္ဓက လယ်သမားတွေကို ဂုဏ်ပြုပေးတာကြောင့် ရဟန်းသံဃာတွေရဲ့ သင်္ကန်းတွေဟာ လယ်ကွင်းတွေလိုပဲ လယ်ကန်သင်းချုပ်ရိုးတွေနဲ့ အကွက်အမြှောင်းတွေနဲ့ ဖြစ်ကုန်တာ။ ဒီနေ့ထိ ဝတ်ရုံနေတဲ့ သင်္ကန်းဆိုတာ လယ်သမားတွေကို ဂုဏ်ပြုပြီး နောက်ပိုင်းမှ တိကျတဲ့ ချုပ်လုပ်မှုပုံစံတစ်ခုနဲ့ တိတိပပ ပေါ်ထွက်လာခဲ့တာပါ။ လယ်ကွက်ထဲမှာ လယ်ကန်သင်းတွေ အကန့်အကန့် ခြားနေသလို သင်္ကန်းမှာခန်းကြီး၊ ခန်းငယ်တွေနဲ့ ကြည်ညိုဖွယ်ဖြစ်အောင် စနစ်တကျ ပြုပြင်ချုပ်လုပ်ခဲ့ကြတာ။ ဒါဆို လယ်ယာလုပ်ကိုင်နေတာတွေကို ဗုဒ္ဓဘုရားက ကြည့်မြင်ရင်း သင်္ကန်းချုပ်ဖို့ ပြောခဲ့တာဆိုတော့ သင်္ကန်းဟာ နယုန်လနဲ့များ ပတ်သက်နေသလား။
အဲဒီမဇ္ဈိမဒေသ၊ မဂဓလယ်သမားတွေကကော ကျွန်တော်တို့လို နယုန်မှာ စိုက်ကြ ပျိုးကြ လုပ်ခဲ့ကြတာပဲလား။ ဒါကို နည်းမဟာဝဂ်၊ စီဝရုက္ခန္ဓကို ဖတ်တုန်းက မှတ်ထားတာ လေးကို အငေးလေးနဲ့ ဆက်စပ်ပြီး ကျွန်တော် အတွေးနယ်ချဲ့မိနေတာပါ။ နယုန်ဟုတ်၊ မဟုတ်ရယ်ကတော့ သေချာလှတယ်မဆိုနိုင်ပါဘူး။ သေချာတာတစ်ခုကတော့ သင်္ကန်းတွေဟာ လယ်ကွက်တွေကို တုခဲ့တယ်၊ လယ်သမားတွေကို ဂုဏ်ပြုခဲ့တယ်ဆိုတာပါပဲ။

(လေး)
တကယ့်တကယ်က နယုန်လမြေပြင်မှာ မင်းနဲ့ပြည်သူတွေ အလုပ်များနေသလောက် ကောင်းကင်နက္ခတ်တွေမှာတော့ အကြည်ဆိုက်တဲ့သဘောတွေ ဆောင်နေတာပါ။ ရာသီလို့ ခေါ်တဲ့ ကြယ်စုတွေက ယောကျ်ား၊ မိန်းမ၊ ဖိုမအစုံကို ဆောင်နေတယ်။ မိထုနံ၊ မေထုန်။ နရယုဂေါ၊ မေထုန်တဲ့။ ယောကျ်ား၊ မိန်းမတစ်စုံဟာ မိထုနံ မေထုန်ပါပဲ။ နရယုဂေါကျတော့ အဲဒီနရယုသဒ္ဒါပျက်ပြီး နယုန်ယူတယ်ဆိုတယ်။ အဓိပ္ပာယ်ကတော့ ယောကျ်ား၊ မိန်းမအစုံပါပဲ။ နယုန်လရာသီရဲ့ အဇဋာကောင်းကင်မှာ ကြယ်စုတွေကို ကြည့်ရင် ယောကျ်ားနဲ့ မိန်းမပုံသဏ္ဌာန် ထင်ယောင်မြင်ယောင်ရတယ် ဆိုကြတယ်။

ဒီထက်ကွန့်မြူးတဲ့ အတွေးအခေါ်အရဆိုရင် လက်တစ်ဖက်က လှံတံ၊ လက်တစ်ဖက်က စောင်းကို ကိုင်စွဲထားတာကို မြင်ကြတယ်။ ဒါကို ဗမာ့စိတ်ကူး၊ ဗမာ့အကြိုက်နဲ့ သဟဇာတဖြစ်ဖို့ ဗမာ့ဒီဇိုင်းအနုပညာရှင်တွေ ကြိုးစားအားထုတ်ခဲ့တာ ရှိသေးတယ်။

မြန်မာ့ဒီဇိုင်းအနုပညာက မေထုန်ရာ သီရုပ်ကို ကိန္နရီ၊ ကန္နရာဖိုမရုပ်နဲ့ ဆန်းသစ်ပြခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ တစ်စိတ်တစ်ဒေသလောက်ပဲသိတဲ့ ပဒေသဉာဏ်ကတော့ ဒီအဆင့်တွေအထိ မြင်အောင် မကြည့်နိုင်သေးပါဘူး။ အာရုံကျက်စားလို့ရတဲ့ အတွေးအခေါ်တွေလောက်မှာသာ ဉာဏ်စူးကို ကျောက်ချထားနိုင်သေးတာပါ။ ကျွန်တော် ဘယ်အကြောင်းအရာတွေမှာ ကျောက်ချလို့ ပြာလဲ့ကို ဇာချဲ့ရင်း ငေးမိနေသလဲ။

Most Read

Most Recent