အမြီးရှည်ရှည် တမ်းချင်း

အမြီးရှည်ရှည် တမ်းချင်း
Published 17 May 2018

ရန်ကုန်တကသိုလ် ဘွဲ့နှင်းသဘင် အဆောက်အအုံကို တွေ့ရစဉ် (ဓာတ်ပုံ- အေးပပ)

(၁) ကြောင်ပေါက်ကလေးတစ်ကောင်နှင့် ဆော့ကစားသောအခါ ကြောင်ကလေးသည် သူ့အမြီးကိုသူ လိုက်ဖမ်းရင်း တစ်ပတ်ပြီးတစ်ပတ် ပတ်ချာလည် ဖြစ်သွားရုံသာရှိသည်။ အမြီးကို ဖမ်းမမိဘဲ ဖြစ်ခဲ့သည့်ဖြစ်စဉ်မျိုးအား လူ့လောက၌လည်း အများအပြား တွေ့မြင်ထိတွေ့ရနိုင်သည်။ မည်သည့်အခါမျှ ဖမ်းမမိနိုင်သော အမြီးကို လိုက်ဖမ်းသည့် ကြောင်ကလေးအဖို့ အကြောင်းကိစ္စမဟုတ်သော်လည်း လူ့လောကတွင် မိမိ အမြီးရှည်စေရန် အမောတကော အမိအရ လိုက်ဖမ်းသူများအတွက်မူ အလိုဆန္ဒပြည့်ဝရန် အလှမ်းဝေးနေတတ်ပေသည်။

(၂) တိရစ္ဆာန်တိုင်းလိုလိုတွင် အမြီးကိုယ်စီ ရှိကြသည်မှာ အငြင်းပွားစရာမလိုဟု ထင်သည်။ အမြီးတို့တွင် အရှည်၊ အတို၊ အင်အားကြီး၊ အင်အားသေးဟူ၍သာ ကွာခြားသည်။ ဥပမာအားဖြင့် မိကျောင်း၏ အမြီးသည် သန်မာကြံ့ခိုင်မှုအရှိဆုံးဟု ပြောနိုင်သကဲ့သို့ မျောက်လွှဲကျော်၏ အမြီးသည်သန်မာမှု လျော့နည်းမည်ဖြစ်သော်လည်း အသုံးဝင်မှုချင်းတော့ ကွာမည်မထင်ပေ။ ယင်းနှင့်ပတ်သက်၍ ‘အမြီး’ ကဗျာကို ရုပ်ရှင်အောင်လံမဂ္ဂဇင်း (၁၉၈၅) တွင် ရေးသားခဲ့သည့် အပိုဒ်တစ်ပိုဒ်ကို အမြည်းအဖြစ် ဖော်ပြလိုက်ပါသည်။

‘အမြီး’
မိကျောင်းမင်း၏
ရေဆင်းရေတက်၊ ရုတ်တရက်ကြုံ
ရန်သူဆုံတွေ့၊ လွှဲ၍ ရိုက်တား
တအားပိတ်ဆီး၊ သူ့အမြီးသည်
အံ့ချီးထိုက်စွာ၊ အရာဂုဏ်မြောက်
အားကိုးလောက်၏။

ထိုနည်းနှင်နှင် နွား၏အမြီးသည် အသုံးဝင်သည်ဟု ဆိုရပေမည်။ မှက်၊ ခြင်၊ ယင်တို့အား ယပ်ခတ်သလို လွှဲရိုက်ထုတ်နိုင်သည်။ ကျား၏ အမြီးကိုကား တစ်မျိုးတစ်ဖုံ ပြောရမည်ဖြစ်သည်။ ရှေးသရောအခါ ကြောင်သည် ကျား၏ဆရာ ဖြစ်ခဲ့ဖူးသည်ဟုဆိုသည်။ သားကောင်မရိပ်မိစေရန် ခြေလေးချောင်း ဖော့နင်းနည်းကို ကြောင်က ကျားကိုသင်ကြားပေးလိုက်သော်လည်း အမြီးအား မြေကြီးနှင့် မထိအောင် ကြွထားနည်း မသင်ပေးလိုက်သဖြင့် ယနေ့အထိ ကျားသည် အမြီးကိုမြေကြီးနှင့် တရွတ်တိုက်ဆွဲပြီးသာ လမ်းလျှောက်တတ်ခဲ့သည်။

ရှိစေတော့။ လူသည်ကော အမြီး ရှိ မရှိ မည်သို့ပြောရမည်နည်း။ လူသည်လည်း အမြီး အတို အရှည် အမျိုးမျိုး အကွဲကွဲ အပြားပြားရှိသည်။ အချို့သော အမြီးများအား တစ်ပါးသူက လာရောက်တပ်ဆင် ပေးအပ်သွားခြင်းလည်း ရှိသကဲ့သို့ အချို့ကိုမူ မိမိဘာသာ အလွယ်လမ်းလိုက်ရယူ၍ တပ်ဆင်လိုက်ကြသည်လည်းရှိသည်။ တစ်ဖန်၊ အချို့အမြီးများကိုမူ အတုအပမှန်းမသိဘဲ ဝယ်ယူတပ်ဆင်လိုက်မိသည်လည်း ရှိပြန်သည်။

(၃) စားဝတ်နေရေးတည်းဟူသော ဘဝဖူလုံမှုအတွက် လုပ်ငန်းကိုင်ငန်း၌ လိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် အဆင်ပြေစေရန် စောင့်စည်းရမည့် လူ့စည်းကိုပင် ဖောက်ဖျက်ကာ ဟိုးတစ်ချိန်တစ်ခါက ပညာရေးလောကတွင် မကျူးလွန်အပ်သည်ကို ကျူးလွန်လာခဲ့ကြဖူးသည်။ ဆယ်စုနှစ်များစွာ ကြာသည့်တိုင်အောင် ပညာရေးအဆင့် နိမ့်ကျလာခြင်းနှင့်အတူ ကုန်ပစ္စည်းအတုတစ်ခုကို အလွယ်တကူ ထုတ်လုပ်လိုက်ဘိသကဲ့သို့ လက်မှတ်အတု၊ စာရွက်စာတမ်းအတုတို့ကိုလည်း အလွယ်ထုတ်လုပ် ကိုင်ဆောင်လာခဲ့ကြသည်ကို တွေ့နေရသည်။ အင်ဂျင်နီယာလောကတွင် ၁၀ တန်းပင် မအောင်သော သူတစ်ယောက်က ဘွဲ့လက်မှတ် အမျိုးမျိုးကိုပင် အတုပြုလုပ်ကာ ကိုင်ဆောင်လာခဲ့သည်။ ၎င်းပုဂ္ဂိုလ်၏ အကြံအစည်မှာ အင်ဂျင်နီယာအသင်းနှင့် အင်ဂျင်နီယာကောင်စီ၌ နေရာယူ၍ ပြင်ပလုပ်ငန်းရှင်များထံမှ လုပ်ငန်းများရယူရန် ကြံစည်ခြင်းဖြစ်နိုင်သည်ဟု ဝေဖန် သုံးသပ်သူတို့က ယူဆနေကြသည်။ မည်သို့ပင်ဆိုစေ၊ ပြီးခဲ့သည့်ကာလများတွင် ထိရောက်သော ပညာရေးပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ပေးနိုင်ခြင်းမရှိခဲ့သော အစိုးရဟောင်းအပေါ် ဝေဖန်မှု အများဆုံးရှိခဲ့သည်မှာ ထင်ရှားသည်။ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများအတွက် တိုးတက်အောင်မြင်သည့် ပညာရေးစနစ်ဖြစ်လာရန်မှာ ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့် လိုအပ်သည့် နေရာတွင် ဖြည့်ဆည်းပံ့ပိုးပေးသည့် တာဝန်သာ ယူသင့်ကြောင်း ပြောဆိုဝေဖန်မှုများ ရှိနေခဲ့သည်။

ယင်းကဲ့သို့ ပညာရေး အဆင့်နိမ့်ကျသွားခြင်းနှင့်အတူ နိုင်ငံ့စီးပွားရေးနှင့် အခြေခံ စားသောက်ကုန်ဈေးနှုန်း အဆမတန်မြင့် တက်လာမှုတို့ကြောင့် အသက်ရှင်နေထိုင်နိုင်ရေးအတွက် ဖြတ်လမ်းကို ရွေးချယ်လျှောက် လှမ်းလာကြခြင်းဖြစ်သည်ဟု စာရေးသူ ထင်မြင်ယူဆသည်။ နောက်ထပ် အကြောင်းခြင်းရာတစ်ခုမှာ ယခင်က အများသိရှိပြီးဖြစ်သည့်အတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူတို့ကိုယ်တိုင်က ‘မြင်မြင်သမျှ ပါမောက္ခ၊ တွေ့ကရာလူ ပါရဂူ’ ဟူသောစကားရပ် တွင်ကျန်ရစ်အောင် ပါရဂူဘွဲ့ အမျိုးမျိုးကို ဖောဖောသီသီ ပေးအပ်စေခဲ့သည် မဟုတ်ပါလား။ ဤနိုင်ငံနှင့် ကာလရှည်ကင်းကွာခဲ့သော စာရေးသူပင်လျှင် တအံ့တသြ ဖြစ်ခဲ့ရသည်။ ဤနိုင်ငံတွင် နေထိုင်လျက်ရှိသည့် သူငယ်ချင်း၊ မိတ်ဆွေ၊ တပည့်တပန်း အတော်များများမှာလည်း ပါရဂူဘွဲ့ ကိုယ်စီနှင့် ဖြစ်နေကြသည်ကို တွေ့ရသည်။ (သူတို့ကို အားနာနာနှင့် မေးရသေးသည်၊ ဘယ်ကရခဲ့သည့် ပါရဂူဘွဲ့လဲဟု)။

အမှန်စင်စစ် အိုင်တီခေါ် သတင်းအချက်အလက် နည်းပညာခေတ်တွင် အွန်လိုင်းဟုခေါ်သည့် အင်တာနက်ကွန်ရက်ဖြင့် လိမ်ညာလှည့်စားသော၊ ပါရဂူဘွဲ့ချီးမြှင့်သော၊ တက္ကသိုလ်များပေါ် ပေါက်လာခြင်းကြောင့်ဟု ဆိုနိုင်သော်လည်း သဘောရိုးဖြင့်ဖြစ်စေ၊ မရိုးမသားသဘောဖြင့်ဖြစ်စေ အလွယ်လမ်း၊ အချောင်လမ်းကို လိုက်လိုသူ၏ စိတ်နေသဘောထားနှင့်သာ အဓိကသက်ဆိုင်သည်ဟု ပြောရမည်ဖြစ်သည်။ ပါရဂူဘွဲ့ဆိုသည်ကို အချိန်တိုဖြင့် ဆွတ်ခူးနိုင်မည်မဟုတ်၊ သက်ဆိုင်ရာ အထူးပြုဘာသာရပ်တစ်ခုခုတွင် သုတေသနပြုကာစာတမ်း အစောင်စောင် ရေးသားလိုက်ရုံမျှနှင့် မပြီးသေးပါ။ ကြီးကြပ်အုပ်ချုပ်သူ ဆရာကြီး၏ ရှေ့မှောက်တွင် မိမိ၏ ကျမ်းပြုချက်အကြောင်းအရာတို့နှင့် ပတ်သက်၍ မေးမြန်းသမျှကို ခုခံကာကွယ် ဖြေကြားရသေး၏။ ကာလအားဖြင့် အနည်းဆုံး လေးငါးနှစ်တော့ ကြာမြင့်တတ်သည်။ စာရေးသူ၏ တူတစ်ယောက်သည် အမေရိကန်နိုင်ငံရှိ နာမည်ရတက္ကသိုလ်တစ်ခုတွင် ပါရဂူဘွဲ့ရယူရာ၌ သူ ရွေးချယ်သော ဘာသာရပ်၏ ခက်ခဲနက်နဲမှုကြောင့် အချိန်များစွာ ကုန်လွန်ပြီး ထိုဘွဲ့ကို မရရှိဘဲ လက်လွှတ်လိုက်ရသည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ဖူးသည်။

အမြော်အမြင်ကြီးသူ၊ ပညာဉာဏ်ကြီးသူများသည် အတန်းပညာဘွဲ့နှင့် ဘဝဘွဲ့ မတူကြောင်း ပြောကြားခဲ့ဖူးသည်။ ပညာတကယ် တတ်မြောက်သူများသည် လောကဓံကို ရင်ဆိုင်နိုင်ရန် ခွန်အားနှင့် သတ္တိအပြည့် ပေးနိုင်စွမ်းသော ဘဝဘွဲ့ကို အနည်းနှင့် အများ ရရှိပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။ ယင်းသို့ဖြစ်ရန် ပညာရေးအဆင့်မြင့်မားမှသာ ဖြစ်နိုင်ပေမည်။ တစ်ခေတ် တစ်ချိန် တစ်ခါက ဘွဲ့တစ်ခု ဆွတ်ခူးလိုက်သည်နှင့် ဘဝအတွေ့အကြုံ ဗဟုသုတနှင့် ပေါင်းစပ်လိုက်သော် ပညာတကယ် တတ်မြောက်သူတစ်ဦး ဖြစ်လာရန် မခဲယဉ်းတော့။ မဟာတန်း၊ ပါရဂူတန်း နောက်သို့ အမောတကောလိုက်ကြသူ အနည်းအကျဉ်းသာ ရှိခဲ့သည်။

(၄) လူတွင် အမြီးအတိုအရှည်ရှိကြောင်း၊ အမြီးရှည်သည်ထက်ရှည်စေရန် ဘာပဲလုပ်ရလုပ်ရ ကြံဖန်ပြီး ကြံဆောင်တတ်ကြသည်ဟု အထက်တွင်ရေးခဲ့ပြီးပြီ။ စာရေးသူတွင်လည်း အမြီးနှစ်ခုရှိ၏။ ပထမအမြီးကို ရယူပိုင်ဆိုင်ခဲ့ပြီးသည့်နောက်ပိုင်း မြန်မာ့စီးပွားရေးသည် အာရှတစ်ခွင် အမြင့်မားဆုံးအဆင့်ရှိနေရာမှ တဖြည်းဖြည်း လျှောကျသွားပြီး ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံအဖြစ်သို့ ရောက်သွားသောကြောင့် စားရေးမှအစ၊ နေထိုင်ရေး၊ အန္တရာယ်ကင်းရေး၊ လုံခြုံရေးအဆုံးမိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းမရှိတော့။ မိကျောင်းအမြီးကဲ့သို့ သန်မာကြံ့ခိုင်မှုမရှိဘဲ ချည့်နဲ့အားပျော့လာ၏။ ပထမအမြီးရရှိပိုင်ဆိုင်ပြီး နောက်ထပ်အမြီးတစ်ခုကို ရရှိပြန်၏။ အမြီးများနောက်သို့ လိုက်ရင်းနှင့် တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့သည်လည်း လိုက်လျောညီထွေစွာပင် အနိမ့်သို့လျှောကျနိမ့်ဆင်းလာ၏။

ဤတွင် ကြောင်ပေါက်ကလေးတစ်ကောင် သူ့အမြီးနောက်သို့ လိုက်ဖမ်းရင်း စက်ဝိုင်းတစ်ခု၏ စည်းအတွင်း၌သာ ပတ်ချာလည်နေလျက် အပြီးသတ်တွင် မူလနေရာမှ မရွေ့ဘဲရှိနေသည့် ဖြစ်ရပ်ကိုတွေးမိရင်း အမြီးနောက်သို့ အစစ်အတု ခွဲခြားနားလည်ခြင်းမရှိဘဲ ဣန္ဒြေမရစွာ အစဉ်တစိုက်လိုက်လျက်ရှိသော လူတချို့၏ဖြစ်ရပ်သည် ရယ်ဖွယ်မကောင်းပါသလော။

ပြီးတော့ လူ့အမြီးသည် ကျားအမြီးနှင့် တူ၏၊ မတူ၏ ပိုင်းခြားဆန်းစစ်ဝေခွဲမရ ဖြစ်နေသော စာရေးသူ၏ ကဗျာအဆုံးသတ် အပိုဒ်ကို သုံးသပ်ကြည့်ပါခင်ဗျား။

မျောက်လွှဲကျော်၏
တောပျော် ခုန်ကူး၊ မြူးရွှင် ဟီးလေး
ချိတ်ကွေးဒန်းစီး၊ သူ့အမြီးသည်
အံ့ချီးထိုက်စွာ၊ သူ့နေရာနှင့် သူပင်
အသုံးဝင်၏။
လူ့အမြီးသည်
ကျားမြီးနှင့် တူ၊ မတူသလား
ပြတ်သားတိကျ၊ ဝေခွဲမရစွာ
လူ့သိက္ခာကို၊ တန်ဖိုးပိုထား
ငဲ့သောအားဖြင့်
ပိုင်းခြားဆန်းစစ် နှစ်အသင်္ချေ။ ။
(ရုပ်ရှင်အောင်လံမဂ္ဂဇင်း - ၁၉၈၅)

Most Read

Most Recent