မြန်မာပန်းချီပညာရှင်များကို ပြုစုပျိုးထောင်ခဲ့သူ မစ္စတာကင့်ချ်

မြန်မာပန်းချီပညာရှင်များကို ပြုစုပျိုးထောင်ခဲ့သူ မစ္စတာကင့်ချ်
Published 17 May 2018

လန်ဒန်ပန်းချီပွဲတွင် ပန်းချီစံဝင်း၊ မစ္စတာကင့်ချ်၊ ပန်းချီဦးဘကြည်နှင့် ပန်းချီဦးခင်မောင်တို့အား တွေ့ရစဉ်

မြန်မာပန်းချီကို ပိုမိုဖွံ့ဖြိုးအောင်ဆောင်ရွက်သူများတွင် မစ္စတာကင့်ချ်လည်း အပါအဝင် ဖြစ်သည်။ မြန်မာလူငယ်လေးများ ပန်းချီတိုးတက်အောင် အဝတ်အစားများချွတ်၍ ကိုယ်ဟန်ပြသည်။ လူငယ်လေးများက ရှက်၍ အဝတ်အစား မြန်မြန်ဝတ်ပါတော့ဟု ဆိုလျှင် “မင်းတို့တတ်အောင်လို့ ဒီလိုပဲဆွဲ၊ ဒါ ရှက်စရာ မဟုတ်ဘူး” ဟု ဆိုလေ့ရှိသူဖြစ်သည်။ မစ္စတာကင့်ချ်ပါဝင်သော မြန်မာပြည်ပန်းချီအသင်း (Burma Art Club) သည်လည်း  ပန်းချီဟောပြောပွဲ၊ ပန်းချီသင်တန်းများဖြင့်  မြန်မာလူငယ် ပန်းချီဝါသနာရှင်များကို ဥရောပ ပန်းချီရေးနည်းများဖြင့် ထိတွေ့ပေးခဲ့သည်။

မစ္စတာကင့်ချ်သည် ၁၉၀၀ ပြည့်နှစ်လွန်ကာလများတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသူဖြစ်သည်။ ယခင်က လယ်သမားတစ်ဦးဟုဆိုသည်။ သူ၏အစ်ကိုဖြစ်သူမှာ ဘုံဘေ အကောက်ဌာနတွင်လုပ်ပြီး အစ်မဖြစ်သူမှာ  ပြင်သစ်တွင် နေထိုင်သည်ဟု သိရသည်။ မစ္စတာကင့်ချ်သည် မြန်မာပြည်တွင် ဗိုလ်ကြီးအဖြစ် အမှုထမ်းသည်။ ထို့နောက် ပညာရေးဘက်ပြောင်းပြီး မော်လမြိုင်မြို့ စိန့်မက်သယူး ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ် ပညာမင်းကြီးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူဖြစ်သည်။ စကောက်လှုပ်ရှား မှုများပေါ်လာသောအခါ သူ၏ကျောင်းတွင် စကောက်အဖွဲ့စဖွဲ့ပေး၍ အစိုးရက စကောက်မင်းကြီးအဖြစ် ခန့်အပ်ခဲ့သည်။

မစ္စတာကင့်ချ်သည် ဆီဆေး၊ ရေဆေး၊  မင်ခြစ်နည်းများကို ကျွမ်းကျင်သည့် ပန်းချီချစ်မြတ်နိုးသူတစ်ဦး ဖြစ်သည်။ ဆီဆေးပန်းချီကို ပိုသန်သည်။ ဖော်ရွေသူ၊ ရယ်စရာများ ပြောတတ်သူဖြစ်သဖြင့် မြန်မာလူငယ်များနှင့် အကျွမ်းဝင်သည်။ ဦးဘဉာဏ်၏ လက်ရာများကို အစောဆုံးနှစ်ခြိုက်ခဲ့သူဖြစ်သည့်အပြင် ဦးဘဉာဏ်ကို ပန်းချီအခြေခံနှင့် အင်္ဂလိပ်စာတို့ကို သင်ကြားပေးခဲ့သည့် ဆရာရင်းလည်း ဖြစ်သည်။ ၁၉၁၅ ခုနှစ်ခန့်က  ဦးဘဉာဏ် သည် ပန်းချီထူးချွန်သဖြင့် ပန်းတနော်မှ မော်လမြိုင်သို့ ပန်းချီပညာသင်ရန် အစိုးရထောက် ပံ့ကြေးရခဲ့သည်။ စတုတ္ထမြောက် ဂျော့ဘုရင်ပုံတူကို ရေဆေးရောင်စုံဖြင့် လက်စွမ်းပြရာ မြန်မာတနိုင်ငံလုံးတွင် ပထမရခဲ့သည်။ ဘုရင်ခံနှင့် ပညာမင်းကြီးတို့က ဦးဘဉာဏ်ရှိရာ မော်လမြိုင်မြို့၊ နော်မန်ကျောင်းသို့ ချီး ကျူးစာများပို့ခဲ့ကြသည်။ ထိုအချိန်တွင် လူသိ များထင်ရှားလာသော ဦးဘဉာဏ်နှင့် စိန့်မက်သယူးကျောင်းအုပ်ကြီး မစ္စတာကင့်ချ်တို့ ဆုံမိကြတော့သည်။

မစ္စတာကင့်ချ်သည် ဦးဘဉာဏ်ကို သူ၏ကျောင်းသို့ခေါ်သည်။ ဥရောပပန်းချီရေးဆွဲနည်းများကို လက်ထပ်သင်ပြပေးသည်။ “မင်း ပန်းချီပုံဆွဲ တကယ်တတ်လို တော်လိုရင် လူကိုသာကြည့်ပြီးရေး၊ ကူးပြီးမဆွဲနဲ့၊ အလွတ်လည်းမဆွဲနဲ့ဟု သြဝါဒပေးသည်။ ဦးဘဉာဏ်က မိမိငယ်စဉ်က သဘာဝကိုသာ ကြည့်၍ ရေးဆွဲခဲ့ကြောင်း၊ အိမ်တွင် လေ့ကျင့်ရာတွင် ညီငယ်မောင်ဘဖန်ကို ထိုင်ခိုင်းပြီး လေ့ကျင့်ခဲ့ကြောင်းပြောပြရာ မစ္စတာကင့်ချ်က မောင်ဘဖန်ကိုပါ မော်လမြိုင်သို့ခေါ်ခဲ့သည်။ (နောင်တွင် မစ္စတာကင့်ချသည် မောင်ဘဖန်ကို မိမိ၏ကျောင်းတွင် ပုံဆွဲဆရာခန့်ခဲ့သည်။ မောင်ဘဉာဏ်သည် လူကိုတူအောင် ဆွဲနိုင်သည့်အဆင့်မှ အရိုးသဘော၊ အသား၊ အကြောတို့၏အနေအထားနှင့် ကိုယ်ခန္ဓာ တည်ဆောက်ပုံ အချိုးအစားများပါ သဘောပေါက် နားလည်လာခဲ့သည်။ ခဲမင်ကလောင်တို့ဖြင့် ပုံကြမ်းရေးခြစ်နည်း၊ ရေဆေးရောင်စုံ  သုံးစွဲနည်းများကိုလည်း စနစ်တကျ တတ်မြောက်လာခဲ့သည်။ မစ္စတာကင့်ချ်သည်  အားလပ်ချိန်များတွင်လည်း ဦးဘဉာဏ်ကို  အင်္ဂလိပ်စာအခြေခံကို သင်ကြားပေးခဲ့သည်။

ထိုသို့ ဆရာတပည့်နှစ်ဦးချီတက်နေချိန်တွင် ရန်ကုန်မှ ပါမောက္ခဝါ့ဒ်နှင့်မွေးစားသား မောင်စံဝင်းတု့ိ မော်လမြိုင်သိ့ု အလည်အပတ် ရောက်ရှိလာခဲ့ကြသည်။ ကျောင်းအုပ်ကြီး မစ္စတာကင့်ချ်၏ ကျောင်းတွင်ပင် တည်းခိုကြရာ မောင်ဘဉာဏ်၏ ပန်းချီလက်ရာများကို မစ္စတာဝါ့ဒ်က သိမြင်သွားခဲ့သည်။ မစ္စတာ ကင့်ချ်က “ဘဉာဏ် အရုပ်ရေးတတ်ပေမယ့် အရောင်သိပ်ပြီး မနိုင်သေးဘူး။ ငါလည်း နားမလည်ဘူး။ မင်းကြည့်လုပ်ပေးဦး” ဟု ဆိုတာ  ပါမောက္ခဝါ့ဒ်ထံတပည့်ကို အပ်နှံခဲ့သည်။ မစ္စတာကင့်ချ်သည် ၁၉၁၆ ခုနှစ်တွင် အိန္ဒိယ နိုင်ငံ လောင်းမန်းဂရင်းကုမ္ပဏီမှ မြန်မာနိုင်ငံအတွက် ရိုက်နှိပ်သော စတုတ္ထတန်းအင်္ဂလိပ် ဖတ်စာအုပ်တွင် မြန်မာတို့နှင့်စပ်ဆိုင်သော  မင်ခြစ်အရုပ်ပေါင်း ၅၁ ပုံနှင့် ရေဆေးပန်းချီ ကားသုံးကားရေးဆွဲခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် မင်းကြီးကတော် ဒေါ်မြမေ၏ အိမ်တွင် မြန်မာပြည် ပန်းချီအသင်း (Burma Art Club) ဖွဲ့စည်းရာတွင် ပါမောက္ခမစ္စတာဝါ့ဒ်၊ မီးရထား ကုန်စည်မန်နေဂျာ မစ္စတာမာတင်ဂျုံးတို့နှင့်  ဦးဆောင်ပါဝင်ခဲ့သည်။

မစ္စတာကင့်ချ်သည် လူဖြူများကြားတွင်  မြန်မာလူငယ်ပန်းချီဝါသနာရှင်များ ပန်းချီပညာ တိုးတက်စေရန် ကူညီထောက်ပံ့ပေးခဲ့သည်။ နောင် မြန်မာပန်းချီကျော် ဦးသက်ဝင်းကို သူ့အိမ်တွင်ကျွေးမွေးပြီး ပန်းချီသင်ပေးခဲ့သည်။ ဦးဘဉာဏ် ဘိလပ်သွားခါနီးတွင်လည်း အင်္ဂလိပ်စာ သင်ပေးခဲ့သည်။ လက်စရှိသူများကိုလည်း သူ၏ကျောင်းများတွင် အလုပ်ရှာပေးခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် မစ္စတာကင့်ချ်သည် ဘားမားဘွိုင်ခေါ် မြန်မာပြည်သား မဂ္ဂဇင်းကို ဦးဝန် (မင်းသုဝဏ်မဟုတ်)၊ ဒေါ်နယ်ဟော့တင်ဂျာတို့နှင့်အတူ လစဉ် ထုတ်ဝေခဲ့သည်။ ထိုမဂ္ဂဇင်းတွင် သူ၏လက်ရာများ၊ ဦးဘဇော်၊ ဦးဟိန်စွန်းတို့၏ ပန်းချီလက်ရာများကို ထည့်သွင်းခဲ့သည်။ မစ္စတာကင့်ချ်သည် ဦးဘဇော်၏ပန်းချီလက်ရာများကို ကြိုက်နှစ်သက်ခဲ့သည်။ ၁၉၂၇ ခုနှစ် ၊ မစ္စတာဝါ့ဒ် ကွယ်လွန်သည့်အခါ ဘားမားအတ် ကလပ်ဥက္ကဋ္ဌအဖြစ် ဆက်ခံခဲ့သည်။

မြန်မာပြည်သားမဂ္ဂဇင်းကို လေးနှစ် ကျော်ခန့်ထုတ်ဝေခဲ့ပြီး ရှမ်းပြည်နယ်သို့ ပညာ မင်းကြီးအဖြစ် ပြောင်းရွှေ့အမှုထမ်းရသော အခါ မဂ္ဂဇင်းလည်းရပ်သွားခဲ့သည်။ တောင် ကြီးမြို့တွင် အမှုထမ်းစဉ် ပန်းချီလက်စွမ်းရှိ သော မောင်ဘိုးစော (နောင် ရှမ်းပန်းချီပညာ ရှင်) နှင့်မောင်စံဖေ (နောင် ပန်းချီပန်းပုပညာ ရှင်) တို့ကို မွေးစားခဲ့သည်။ ပန်းချီပညာနှင့်   တင်းနစ်ကစားနည်းများကိုလည်း သင်ကြား ပေးခဲ့သည်။ ထိုစဉ်က အခြားကလေး ငါးဦး ခန့် ကိုလည်း မွေးစားခဲ့ပြီး တစ်အိမ်တည်းတွင် နေစေကာ သက်ဆိုင်ရာဝါသနာပါသည့် ပညာရပ်များလည်း သင်ကြားပေးခဲ့သည်ဟု အဆိုရှိသည်။ ဦးဖေမောင်တင်၏ စတုတ္ထ တန်း မြန်မာဖတ်စာအုပ်အတွက်လည်း မင် ခြစ်ပေါင်း ၂၀ ခန့်နှင့်ဆေးရောင်စုံ သုံးပုံကို ရေးဆွဲပေးခဲ့သည်။ ထိုစဉ်က မွေးစားသားဖြစ် သူ မောင်ဘိုးစောမှလည်း ကူညီတွဲဖက်ရေးဆွဲ ပေးခဲ့သည်။

မစ္စတာကင့်ချ်သည် ဒုတိယ ကမ္ဘာစစ် ကြီးဖြစ်သောအခါ အိန္ဒိယသို့လိုက်ပါသွားခဲ့ သည်။ လေနတ်သားစာစောင်တွင် ပန်းချီတာ ဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် မြန်မာပြည်သို့ပြန်မလာတော့ဘဲ ဘိလပ်သို့ ပြန်သွားရာ ၁၉၅၂ ခုနှစ်တွင် အင်္ဂလန်တွင် ကွယ်လွန်ခဲ့သည်ဟု အဆိုရှိသည်။ သို့သော်  ဦးအုန်းဖေ (ရှမ်းပြည်နယ် ဦးစီးအဖွဲ့ဝင် ဟောင်း) ၏ ပင်လုံစစ်တမ်းစာအုပ်တွင်မူ ၁၉၄၆ ခုနှစ် ပထမပင်လုံညီလာခံတွင် ပြခန်း များပြသကြရာ မစ္စတာကင့်ချ်၏ပြခန်းသို့ တပည့်ဖြစ်သူ မောင်စံဖေ၊ မောင်ဘိုးစောတို့ က ပန်းချီဆိုင်ရာများကို ဝိုင်းဝန်းဆောင်ရွက် ပေးခဲ့ကြသည်ဟုလည်း မှတ်တမ်းရှိသည်ကို တွေ့ရသည်။ ထု့ိနောက်တွင်မှ အင်္ဂလန်သို့ ပြန်သွားသည်ဟုလည်း ဆိုကောင်းဆိုနိုင်မည် ဖြစ်သည်။ မည်သို့ဆိုစေ မစ္စတာကင့်ချ်သည်  အင်္ဂလန်သို့ ပြန်ရောက်သောအခါတွင်လည်း မြန်မာပန်းချီလူငယ်များကို တတ်နိုင်သည့် ဘက်မှ  ဆက်လက်အားပေးကူညီခဲ့သည်ကို လည်း တွေ့ရသည်။

၁၉၄၉ ခုနှစ်တွင် ပန်းချီသမဂ္ဂဥက္ကဋ္ဌ ပန်းချီဘကြည်သည် ပြင်သစ်နိုင်ငံသို့ ပန်းချီ ပညာတော်သင်သွားခဲ့ သည်။ ထိုအချိန်တွင် ပန်းချီဦးစံဝင်းနှင့် ပန်းချီဦးခင်မောင်တို့သည် လည်း လန်ဒန်ပန်းချီသိပ္ပံတွင် ပညာဆည်းပူး နေခိုက်ဖြစ်သည်။ ဦးဘကြည်သည် လန်ဒန် သို့ သွားပြီး မစ္စတာကင့်ချ်နှင့် သွားရောက် တွေ့ဆုံခဲ့သည်။ ထို့နောက် မြန်မာပန်းချီဆရာ သုံးဦးပေါင်းကာ လန်ဒန်တွင် ပန်းချီပြပွဲပြု လုပ်ခဲ့သည်။ မစ္စတာကင့်ချ်နှင့်မောရစ်ကော လစ်သည် ပန်းချီပွဲဖြစ်မြောက်အောင် အကူ အညီများစွာပေးခဲ့သည့်အပြင် ပန်းချီကား ဝယ် မည့်ဖောက်သည်များကိုလည်း ပြပွဲသို့ ခေါ်လာပေးခဲ့သည်။ ဦးဘကြည်သည် မစ္စ တာကင့်ချ်ကျေးဇူးဖြင့် ဦးဘÓဏ် ပညာ ဆည်းပူးခဲ့ရာ တံခါးဝါကျောင်း၊ လန်ဒန်တော် ဝန်ပန်းချီသိပ္ပံ၊ ဗစ်တိုးရီးယားနှင့်အဲလ်ဘတ် ပြတိုက်ရှိ မြန်မာပန်းချီဆရာ ရတနာပုံမောင် စု၊ အမ်ထွန်းလှတို့၏လက်ရာများကို ကြည့်ခွင့် ရခဲ့သည်။ မစ္စတာကင့်ချ်၏ကျေးဇူးဖြင့်ပင် ဗြိတိသျှစာကြည့်တိုက်ရှိ  မြန်မာ့နန်းတွင်း ပုရပိုက်များ၊ ပန်းချီတော်ဦးကြာညွန့်၏သား  ဆရာစာ၊ ပန်းချီတော်ဆရာချုံ၊ ဆရာပုံတို့၏လက်ရာများကိုလည်း ကြည့်ရှုခွင့်ရရှိခဲ့သည်။

မြန်မာပန်းချီလောကကို တိုးတက်စေလိုသော၊ မြန်မာပန်းချီပန်းပုပညာရှင်များကို  ပျိုးထောင်ပေးခဲ့သော မစ္စတာကင့်ချ်သည် ၁၈၇၅ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၅၂ ခုနှစ် တွင် လန်ဒန်မြို့၌ ကွယ်လွန်ခဲ့သည်။ သေတမ်းစာတွင် သူ၏အဝတ်အစားများ၊ ပန်းချီ စာအုပ်နှင့် ဆေးပစ္စည်းများကို မွေးစားသားဖြစ်သူ ဦးစံဖေအား ပေးရန်မှာကြားခဲ့လေသည်။ ဦးစံဖေအင်္ဂလန်သို့ရောက်ရှိချိန်တွင်  မစ္စတာကင့်ချ်၏အစ်မဖြစ်သူက သေတမ်းစာအရ ပစ္စည်းများကို တရားဝင်လွှဲပြောင်းပေးခဲ့သည်။ မစ္စတာကင့်ချ်၏ လက်ရာများကို ကမ္ဘာသိမြန်မာအမျိုးသမီးပညာရှင် ဒေါ်မိမိခိုင်၏ Burmese Family စာအုပ်တွင် တွေ့မြင်နိုင်ကြောင်း သိရှိရပေသည်။ မြန်မာပြည်ပန်းချီအသင်း (Burma Art Club)  နှစ် ၁၀၀ ပြည့်ချိန်တွင် မြန်မာပန်းချီပိုမိုဖွံ့ဖြိုးစေရန် ဆောင်ရွက်ခဲ့သော မစ္စတာကင့်ချ်ကို အမှတ်တရ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

 

ရည်ညွှန်း

Burmese Painting(Andrew Renard)

မြန်မာ့ခေတ်သစ်ပန်းချီ (လူထုဒေါ်အမာ)

မြန်မာပန်းချီ၊ ပန်းပု၊ ဗိသုကာပညာရှင်များ (ညိုဝင်းရှိန်)

ပန်းချီဘကြည်ဘဝနှင့်လက်ရာ (ပန်းချီလှတင်ထွန်း)

ပင်လုံစစ်တမ်း (ဦးအုန်းဖေ - ရှမ်းပြည်နယ်ဦးစီးအဖွဲ့ဝင်ဟောင်း)

Most Read

Most Recent