ရေကူးနည်း

ရေကူးနည်း
Published 16 May 2018

Photo: Weitht Loss Resources

ရေကူးခြင်းအကြောင်းကို ကျွန်တော် ရေးဖွဲ့လိုပါသည်။ တစ်ဆက်တည်းပင် ကျွန်တော် ရေမကူးတတ်ကြောင်းကိုလည်း ဝန်ခံလိုပါသည်။ ကျွန်တော်တို့ အိမ်ရှေ့နှင့် ဝဲယာတွင် ရေမြောင်းများရှိပါသည်။ မိုးရာသီတွင် ကျွန်တော်တို့ရပ်ကွက်ထဲ ရေကြီးလေ့ရှိရာ ရေများ ပြန်ကျသွားသည့်အခါတွင်လည်း ရေမြောင်းထဲမှာ ရေများပြည့်လျှံလျက်ပင် ကျန်နေရစ်ခဲ့ပါသည်။ အမေက ကျွန်တော်တို့ ရေနစ်မည်ကို ကြောက်သည်ဟုဆိုကာ မည်သည့်အခါမျှ ရေမကစားခိုင်းပါ။ အိမ်ထဲကို ရေဝင်နေသည့် အချိန်များတွင်ပင် လူတစ်ရပ်မြုပ်လောက်သည့် ရေပမာဏမရှိသော်လည်း အမေက ရေထဲဆင်းဆော့ခြင်းကို ခွင့်မပြုပါ။ လှေကားခုံမှထိုင်ကာ ရေဖလားနှင့် ခပ်ယူပြီး အိမ်ပေါ်မှာပင် ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတစ်တွေ ရေချိုးရပါသည်။ ကျွန်တော် ရေမကူးတတ်ရခြင်းသည် အမေနှင့် တိုက်ရိုက် ဆက်စပ်နေသည်ဟု ကျွန်တော် မပြောလိုသော်လည်း သွယ်ဝိုက်တော့ ပတ်သက်နေလိမ့်မည်ဟု ထင်ပါသည်။

မိုးတွင်းရေကြီးသည့်အခါ ကျွန်တော်တို့ အိမ်ခါးပန်းအထိ ရေများ ဝင်ရောက်လေ့ရှိသည်။ ထိုရေကြီးခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ ထိုထက်ပို၍ ရေကြီးသည့်အခါ ပြတင်းပေါက်ကို ကျော်သွားသည့်အခါ ကျော်သွားသည်။ တစ်ခါတစ်ရံတွင်မူ တံစက်မြိတ်အထိပါ ရေတက်သည်ကိုလည်း ကြုံတွေ့ခဲ့ရဖူးပါသည်။ ထိုအခါမျိုးတွင် ကျွန်တော်တို့မိသားစုသည် ရေလွတ်ရာ အိမ်နီးချင်းများ၏အိမ်တွင် သွားရောက်၍ ခိုကပ်နေထိုင်ခဲ့ကြရသည်။ ဆန်အိတ်နှင့် အိုးခွက်ပန်းကန်များကို သယ်ယူပြီး ရေလွတ်ရာအိမ်များဆီ သွားခဲ့ရသည့် ပုံရိပ်များကို ကျွန်တော် ယခုထိ မှတ်မိနေပါသေးသည်။

မိုးရာသီရေကြီးချိန်များတွင် ကျွန်တော်တို့ အိမ်အရှေ့ဘက်ရှိ လယ်ကွင်းများသည် ရေများ ဖုံးလွှမ်းနေပြီး သစ်ကိုင်းခြောက်များ၊ တစ်ခါတစ်ရံ သစ်လုံးများ၊ ကျွဲ နွားများ၊ ဝက်များ မျောပါနေကြသည်ကိုလည်း မြင်ခဲ့ရဖူးသည်။ လူအချို့ ရေစီးထဲမှ ထင်းများကို ဆယ်ယူနေကြပုံကို ကျွန်တော် ရင်တထိတ်ထိတ်ဖြင့် ငေးကြည့်နေခဲ့ဖူးပါသည်။

ရေနှင့် အနေနီးခဲ့ရသော်လည်း ကျွန်တော် ရေမကူးတတ်ခဲ့ခြင်းသည် ကျွန်တော့် ကြောက်စိတ်နှင့်လည်း အတော်များများ သက်ဆိုင်နေလိမ့်မည်ဟု ထင်ပါသည်။ ရေကူးလျှင် ရေနစ်မည်ဟု အမေ အမြဲပြောတတ်သဖြင့် ရေကူးဖို့ တွေးလိုက်ရုံနှင့် ရေနစ်မည့်ကိစ္စက ခေါင်းထဲကို အလိုလိုဝင်လာ၍ ကျွန်တော် ရေမကူးတတ်ခြင်းလည်း ဖြစ်မည်ထင်ပါသည်။ ငယ်ရွယ်စဉ်အခါက အထပ်ထပ် အခါခါ ကြားသိခဲ့ရသည့် အကြောင်းအရာများ၊ အဆုံးအမများ၊ အကြောက်တရားများသည် အလွန်ဖျောက်ဖျက်ရ ခက်ခဲသည်ဟု ကျွန်တော် တွေးခဲ့ဖူးပါသည်။

ကျွန်တော် သုံးတန်း၊ လေးတန်းရောက်သည့်အခါ အိမ်ထဲသို့ ရေအတန် အသင့်ဝင်သည့်အခါများတွင် ဝက်စာကျွေးသည့် သစ်သားစလောင်းကို စီး၍ ကျွန်တော်တို့ ရေထဲ ဆော့ကစားကြပါသည်။ ကျွန်တော်တို့ အလွန်ပျော်ရွှင်ခဲ့ကြသည်။ ရေပေါ်မှ လွန့်လွန့်နှင့် ပေါ်ပြီးလာသည့် ရေမြွေများနှင့် မျှော့တွေကိုမြင်လျှင် ကျွန်တော်တို့ အိမ်ပေါ်ကို တက်ပြေးကြသည်။

ကျွန်တော်တို့ မွေးခဲ့သည်က ရွာမှာဖြစ်သော်လည်း ကြီးပြင်းလာခဲ့သည်က ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်၍ ကျွန်တော် ရေမကူးတတ်ခြင်းဖြစ်လိမ့်မည်ဟု တွေးမိသော်လည်း ထိုအကြောင်းကိစ္စသည် ခိုင်လုံမှုမရှိပါချေ။ ရွာသို့ အလည်သွားသည့်အခါ ချောင်းထဲမှာ ညီမများ ရေကူးနေကြသည်ကို ငေးမောကြည့်ရင်း အားကျနေခဲ့ဖူးသည်။ သို့သော် ကျွန်တော် ရေကူးဖို့ မကြိုးစားမိပါ။ ချောင်းစပ်က ရေချိုးဆိပ်မှာ ရေဖလားဖြင့်ခပ်ပြီး ရေချိုးနေသည့် ကျွန်တော့်အား သူတို့ အသံတစာစာ အော်ခေါ်နေကြပေမယ့် ဘယ်သောအခါမျှ ကျွန်တော် ရေကူးဖို့ မကြိုးစားခဲ့ပါ။ ဖျံများလို ဟိုဘက်ကမ်း သည်ဘက်ကမ်းကို ရေကူးနေကြသည့် သူတို့ကို အားကျနေသည်ကတော့ အမှန်ပင်။

တစ်ရက်တော့ ကျောင်းပိတ်ရက်တစ်ခုမှာ သူငယ်ချင်းများနှင့် ရေကူးမည်ဟုဆိုကာ ချောင်းကလေးတစ်ခုဆီ ကျွန်တော် လိုက်ပါသွားခဲ့သည်။ ချောင်းကလေးဟု ဆိုရခြင်းမှာ ရေမြောင်းများထက်ကြီးပြီး ချောင်းကြီးအထိလည်း မကျယ်သဖြင့် ခေါ်ကြခြင်းဖြစ်ပါသည်။ အင်္ကျီဘောင်းဘီများကို အပြေးအလွှားချွတ်၍ ရေထဲ တဝုန်းဝုန်း ခုန်ဆင်းပြီး သူငယ်ချင်းများ ရေကူးကြသည်။ ကျွန်တော်ကတော့ ထုံးစံအတိုင်း ချောင်းစပ်မှာသာ ရေဖလားဖြင့် ခပ်ချိုးပြီး သူတို့ကို ငေးမောနေမိသည်။ ရေကူးရင်း ပြောင်၍ နောက်၍ သူတို့ အားရသွားသောအခါ ချောင်းစပ်တွင် တစ်ယောက်တည်း ကျန်နေသည့် ကျွန်တော့်ကို အော်ဟစ်ခေါ်ကြသည်။ သူတို့ ရေကူးနေကြပုံကို ကြည့်ရင်း ရေကူးချင်စိတ်များ ပေါ်လာသော်လည်း တစ်ခါမှ ဆင်းမကူးဖြစ်ခဲ့ပါ။

ကျောင်းလစ်၍ သူငယ်များ ရေကူးသည့် နေရာသို့လည်း လိုက်သွားဖူးသည်။ ထိုစဉ်က ခေတ်စားသည့် ဝူခုန်းကွ၊ စူပါမင်းကွလို့ အော်ပြီး ချောင်းကမ်းပါးမှ ခုန်ချပြီး ပျော်ပါးနေကြသည့် သူငယ်ချင်းများကိုကြည့်ပြီး အားကျမိသည်။ သူတို့ ဘယ်လို ခေါ်ခေါ် ကျွန်တော် ရေထဲဆင်းပြီး စမ်း၍ပင် မကူးခဲ့ပါ။ အတတ်ပညာ၏ သဘောတရားတစ်ခုမှာ သင်ယူရခြင်းပင်ဖြစ်မည် ထင်ပါသည်။ သင်ယူရခြင်း၌ စိတ်ပါဝင်စားမှုရှိရန်လည်း လိုအပ်မည်ထင်သည်။ ပါရမီထူးချွန်သူများမှအပ ဝါသနာနှင့် ကြိုးစားမှု အရင်းတည်မှ နေရာတစ်ခုသို့ ရောက်ရှိကြမည်သာ။

ရေကူးခြင်းအကြောင်းကို တွေးမိတော့မှ ကျွန်တော့်အားနည်းချက်များကို ကျွန်တော် ပြန်မြင်ရသည်။ ကျွန်တော် ရေမကူးတတ်ခြင်းလိုပင် ကျွန်တော် ပိုက်ဆံမရှိခြင်းကလည်း ကျွန်တော့်ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါလိမ့်မည်။ ကျွန်တော် အခုထိ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု မရှိသေးသည့် အချက်ထဲတွင်လည်း ကျွန်တော့်လုံ့လဝီရိယ စိုက်ထုတ်မှု လျော့နည်းခဲ့ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။ ကျွန်တော် ရေမကူးတတ်သော်လည်း ချောင်းရေများ စီးဆင်းဆဲပင်။ ကန်ရေပြင်တွေလည်း ကြည်လင်ဆဲပင်။ စီးနေသည့် ရေထဲ၊ ကြည်လင်နေသည့် ရေထဲ လက်ပစ်ကူးသူများ၊ ပက်လက်ကူးသူများ၊ လုံချည်ကို ပူဖောင်းလုပ်၍ စီးနေကြသူများဖြင့် ပျော်ရွှင်စွာ ရှိနေကြ၏။ ကမ်းပေါ်မှ ငေးကြည့်နေသူတစ်ယောက်သည် မည်သည့်အရသာနှင့် ခံစားတွေ့ထိရမည်နည်း။

မိုးကာလတစ်ခု၌ မကြုံစဖူး ကျွန်တော်တို့ အိမ်ပြတင်းပေါက်များအထိ ရေများမြင့် တက်လာခဲ့သည်။ အိမ်မှာ တွယ်ကပ်နေ၍ မဖြစ်တော့ ထုံးစံအတိုင်း ရေလွတ်ရာ အိမ်နီးချင်းအိမ်သို့ အိုးခွက်ပန်းကန်များ အဝတ်အစားများကို ထုပ်ပိုးပြီး ကူးပြောင်းခဲ့ကြရသည်။ အဖေက အမေကို တစ်လှည့် ကျွန်တော့် ညီ၊ ညီမများကိုတစ်လှည့် ရေကူးပြီး လိုက်ပို့ပါသည်။ အတော်ကြာသည်အထိ အဖေက ပေါ်မလာပါ။ တရိပ်ရိပ်တိုးနေသည့် ရေကိုကြည့်ရင်း ကျွန်တော် ကြောက်ရွံ့နေမိသည်။

အိမ်ရှေ့က လမ်းတွင် ရင်စို့လောက်သာ ရှိလိမ့်ဦးမည်။ အိမ်ထဲကနေ ယင်းနေရာအထိ ရေကူးသွားမည်ဟု ဆုံးဖြတ်ပြီး ရေထဲခုန်ဆင်းကာ ခြေနှင့် လက်ကိုယက်၍ရေကူးပြီး ကျွန်တော် လိုက်လာခဲ့သည်။ တစ်ဖက်အိမ်မှ အဖေနှင့်အမေက အံ့သြကာ “နင့်ကို ဘယ်သူလိုက်ပို့တာလဲ” ဟု မေးမှ ကျွန်တော် ရေကူးပြီးလာခဲ့မိသည်ကို ပြန်သတိရပြီး ကိုယ့်ဘာသာပင် ကျောထဲစိမ့်၍ ကြောက်လန့်လာမိတော့သည်။ အိမ်မှာ တစ်ယောက်တည်းနေရမှာကို ကြောက်သည့်စိတ်နှင့် ရေမကူးတတ်သည့် ကိုယ့်အဖြစ်ကိုယ်မေ့ပြီး စိတ်ဇောတစ်ခုဖြင့်သာ ရေကူးပြီး လိုက်လာခဲ့မိခြင်း ဖြစ်ပါသည်။ သို့သော် နောက်တစ်ကြိမ် ရေထဲဆင်းသည့် အခါတွင်မူ ကျွန်တော် ရေမကူးတတ်တော့ပါ။ ရေထဲကို ကူးခတ်ပြီးလာခဲ့သည့်အဖြစ်က ပုံပြင်ဟု ထင်ရလောက်အောင်ကို ယနေ့အထိ ကျွန်တော် ရေမကူးတတ်ပါ။ ရေကူးခြင်းနှင့် ပတ်သက်ပြီး မကြာခဏ သတိရနေမိသည့် ကိုယ်တွေ့အဖြစ်အပျက် ကလေးတစ်ခု ဖြစ်ပါသည်။

တစ်ရက် ကျွန်တော် ရေမကူးတတ်သည့် အကြောင်းကို ဆရာတော်တစ်ပါးနှင့် စကားလက်ဆုံကျရင်း ရေကူးသင်တန်းမှ ဤပညာရပ်ဆိုင်ရာ သင်တန်းများအကြောင်းဆီ ရောက်သွားရင်း ဆရာတော်မိန့်သည့် စကားတစ်ခွန်းကို သဘောကျမိခဲ့သည်။ “ရေကူးခြင်းကို ရေမှာပဲ သင်ယူလို့ရတယ်။ ရေကူးခြင်းကို မြေပြင်မှာ သင်ယူလို့ မရဘူး” ဟူသော ဆရာတော့်စကားက ရိုးရိုးကလေးမျှသာ။ ကျွန်တော့် အတွေးများက ပြန့်ကားဆန့်ထွက်သွားရသည်။ အရာရာကို အမြင်ဖြင့် သင်ယူ၍မရနိုင်သည့် အကြောင်းမှသည် လေနှင့်ဆောက်သည့် ရဲတိုက်ကြီးများ၏ ဒြပ်မဲ့အကောင်အထည်များအထိ ကျွန်တော်တို့ လက်တွေ့ဘဝနှင့် ဝေးကွာနေခဲ့ပုံများကို တွေးမိသည်။

ရေကူးခြင်းကို မြေပြင်ပေါ်မှာ သရုပ်ပြ၍ သင်ယူခဲ့သည့် အချိန်ကာလများသည် သောင်တင်သင်္ဘောလို မည်သည့်နေရာကိုမှ မရွေ့နိုင်ဘဲ အသံများကိုသာ ထုတ်လုပ်နိုင်ခဲ့ကြသည်။ စီးဆင်းနေသည့် ရေတို့သည် ကြည်လင်၍နေကြ၏။ ချီတက်သွားသည့် ဖိနပ်သံများသည် အော်ဂလီဆန်အောင် ညံစီ၍ မနေပါ။ လက်တွေ့အကောင်အထည်ပေါ်မလာသည့် စီမံကိန်းများသည် အပေါစားဟာသအဖြစ်သာ တင်ကျန်နေရစ်ပါလိမ့်မည်။ စိတ်ကူးယဉ်ခြင်းသည် အမှန်တကယ် ဘဝဆီသို့ ကူးခတ်ရမည့် လှေငယ်တစ်စင်းဖြစ်မည်လား။ မည်သို့ပင်ဖြစ်စေ ရေကူးခြင်းကိုတော့ ရေပြင်၌သာ ကျွန်တော်တို့ သင်ယူကြရပေလိမ့်မည်။

Most Read

Most Recent