စက်ဘီးများကို ပြန်လည်စီးနင်းကြည့်ခြင်း

စက်ဘီးများကို ပြန်လည်စီးနင်းကြည့်ခြင်း
Published 15 May 2018

Photo: Pinterest

လူတစ်ဦးချင်းစီ၌ အစွဲအလမ်း တစ်ခုစီလောက်တော့ ရှိကြလိမ့်မည်ဟု ထင်ပါသည်။ ထိုအစွဲအလမ်းသည် အင်္ကျီကလေး တစ်ထည်အပေါ်၌ ဖြစ်နိုင်သလို စက်ဘီးကလေးတစ်စီးစီ၌လည်း ဖြစ်နိုင်ပါသည်။ နှင်းများဝေနေသည့် ဆောင်းနံနက်ခင်းတစ်ခု ဖြစ်နိုင်သလို ရွှေရောင်များ ဝင်းအိနေသည့် လယ်ကွင်းကြီးများလည်း ဖြစ်နိုင်ပါသည်။ ထို့အတူ စာအုပ်တစ်အုပ်၊ ကဗျာတစ်ပုဒ်လည်း ဖြစ်နိုင်သလို ဂစ်တာတစ်လက် သီချင်းတစ်ပုဒ်လည်းဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ထိုမျှမက ခွေးကလေးတစ်ကောင်၊ ကြောင်ကလေး တစ်မိသားစုလို သက်ရှိများ ဖြစ်နိုင်သလို ခုံတန်းကလေးတစ်ခု မြေနီနီလမ်းသွယ်ကလေးတစ်သွယ်လို သက်မဲ့နေရာများလည်း ဖြစ်နိုင်ပါသည်။

ဟုတ်ပါသည်။ ကျွန်တော့်တွင်လည်း အစွဲအလမ်းတစ်ခု ရှိပါသည်။ ကျွန်တော်၏ အစွဲအလမ်းမှာ သက်မဲ့စက်ဘီးကလေးတစ်စီးပင် ဖြစ်ပါသည်။ တိတိကျကျပြောရလျှင် ဖီးဆင့်အမျိုးအစား အစိမ်းပုပ်ရောင် မိန်းမစီး ဘီးကလေးဖြစ်ပါသည်။ မှတ်မှတ်ရရပင် ဖြစ်ပါသည်။ ထိုစက်ဘီးလေးကို ကျွန်တော် အထက်တန်းသို့ စတင်တက်ရောက်ရမည့်နှစ်တွင် ကျွန်တော်၏ ဘကြီးဖြစ်သူက ဆုအဖြစ် ဝယ်ယူပေးခဲ့ခြင်း ဖြစ်ပါသည်။ စက်ဘီးကလေးမှာ အသစ်စက်စက်မဟုတ်၊ အသစ်နီးနီးအတိုင်း ရှိနေသည့်၊ တစ်ပတ်နွမ်း ဘီးလေးသာဖြစ်ပါသည်။

တကယ်တော့ ထိုအချိန်၊ ထိုကာလများဆီက စက်ဘီးဆိုသည်မှာ ကျွန်တော်တို့ လူငယ်များ အလိုချင်ဆုံး အသုံးအဆောင်ပစ္စည်း တစ်ခုဟုပင် ပြောရလိမ့်မည်ထင်ပါသည်။ တကယ်လည်း ထိုစဉ်က ရပ်ကွက်များထဲ၌ စက်ဘီးစီးနိုင်သည့်သူဆိုသည်မှာ လက်ချိုးရေ၍ပင် ရနိုင်ခဲ့ပါသည်။ စက်ဘီးမှသာမဟုတ်၊ အခြားမော်တော်ဆိုင်ကယ်များ၊ ကားများဆိုသည်မှာလည်း ယခုလောက်အထိ မပေါများ ရပ်ကွက်များထဲသို့ ရောက်လာသည့်အခါ ကလေးများ ဝိုင်းအုံကြည့်ရှုတတ်ကြသည့် အနေအထား၌ပင် ရှိကြပါသေးသည်။

ကျွန်တော် မှတ်မိသလောက် ထိုစဉ် ထိုကာလက လူကြိုက်များ၊ ရေပန်းစားခဲ့သည့် စက်ဘီးအမျိုးအစားများမှ ပန်းကမ္ဘာ၊ ဖီးဆင့်၊ မောင်ဗမာ၊ ရလေး (Raleigh)၊ မိကျောင်းဘီးနှင့် BMX အမျိုးအစား စက်ဘီးများ ဖြစ်ကြပါသည်။ ထိုအထဲမှ ဖီးဆင့်၊ ပန်းကမ္ဘာနှင့် BMX အမျိုးအစား စက်ဘီးများမှာ ကျွန်တော်တို့ကလေးများ၊ လူငယ်များ ကြိုက်နှစ်သက်တတ်ကြသည့် စက်ဘီးအမျိုးအစားများဖြစ်ပြီး ကျန် ရလေ (Raleigh)၊ မောင်ဗမာ စက်ဘီးအမျိုးအစားများကတော့ လူကြီးများ ကြိုက်နှစ်သက် အစီးများ၊ အသုံးများကြသည့် အမျိုးအစားများ ဖြစ်ကြပါသည်။

တကယ်တော့ စက်ဘီးကလေး၏ အကြောင်းကို ပြောမည်ဆိုလျှင် ကျွန်တော်တို့၏ ကျောင်းသွားချိန်၊ ကျောင်းပြန်ချိန်များကိုလည်း မေ့လျော့ထားခဲ့၍မရဟု ထင်ပါသည်။ တကယ်လည်း ကျွန်တော်တို့၏ ကျောင်းပြန်ချိန် ကျောင်းသွားချိန်များက ယနေ့ခေတ်လို ကျောင်းကားများမရှိ၊ ဘယ်လောက်ဝေးဝေး ခြေကျင်တစ်မျိုး မြင်းလှည်းဖြင့်တစ်ဖုံ စက်ဘီးဖြင့်တစ်သွယ်သာ ဖြတ်သန်းကျော်ဖြတ်ခဲ့ကြရပါသည်။ အထူးသဖြင့် စက်ဘီးများကိုသာ အားကိုးကြရပါသည်။ ထို့အတူ ကျောင်းသွားချိန်၊ ကျောင်းပြန်ချိန်များ၌ စက်ဘီးစီးသူ သူငယ်ချင်းများ အချင်းချင်း စက်ဘီးများကို အပြိုင်အဆိုင် နင်းခဲ့ကြရသည့်ကာလများက ပျော်စရာကောင်းလှသလို စက်ဘီးရှိသူ သူငယ်ချင်းများက စက်ဘီးမရှိသူ သူငယ်ချင်းများကို လမ်းကြုံတင်ခေါ်သွားတတ်ကြ၊ အချင်းချင်း ရိုင်းပင်းကူညီတတ်ကြသည့် အလေ့အထလေးသည်လည်း ထိုကာလများဆီက ချစ်စဖွယ် အလေ့အထလေးတစ်ခုအဖြစ် ရှိတည်ခဲ့ဖူးပါသေးသည်။

ကျွန်တော်သည် ထိုစက်ဘီးကလေးဖြင့် ကျောင်းသို့သွားပါသည်။ စာအုပ်အငှားဆိုင်သို့ သွားသည့်အခါတွင်လည်း စက်ဘီးကလေးဖြင့်သာ ဖြစ်ပါသည်။ ကျောင်းလွယ်အိတ်၊ ထမင်းချိုင့်ကဲ့သို့ ပစ္စည်းများကို စက်ဘီးကလေးရှေ့ရှိ ခြင်းထဲသို့ထည့်ပြီး နောက် ကယ်ရီခုံပေါ်မှာတော့ အတွေ့ဦးသည့် သူငယ်ချင်း တစ်ဦးဦးကို တင်လေ့ရှိပါသည်။ ၎င်းကျောင်းသွားဖော် သူငယ်ချင်းများကို ကျွန်တော်၏ သက်ရှိသူငယ်ချင်းများဟု ပြောမည်ဆိုလျှင် စက်ဘီးကလေးကို ကျွန်တော်၏ သက်မဲ့ သူငယ်ချင်းဟု ပြောရလိမ့်မည်အထိ စက်ဘီးလေးနှင့် ကျွန်တော်သည် အမြဲတမ်း တပူးတွဲတွဲ ရှိခဲ့ကြပါသည်။

တကယ်တော့ စက်ဘီးစီး၍ ခရီးသွားရခြင်းက ခြေလျင်လျှောက်၍ သွားရခြင်းထက် ခရီးပိုတွင်သလို စက်ဘီးစီးခြင်းမှ ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့် အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်သေးသည်ဟုလည်း ဆိုပါသည်။ အထူးသဖြင့် စက်ဘီးမှန်မှန်နင်းခြင်းကြောင့် ဦးနှောက်မှတ်ဉာဏ် တိုးတက်လာစေ၍ စိတ်ရောကိုယ်ပါ ရွှင်လန်းတက်ကြွ လာစေနိုင်သည်ဟု ဆိုပါသည်။ ထို့အတူ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ခြင်း၊ စိတ်အပန်းပြေစေခြင်း၊ ကျန်းမာကြံ့ခိုင်လာစေခြင်း၊ ခြေထောက်နှင့် အရိုးအဆစ်များကို ပိုမိုသန်မာလာစေခြင်း၊ ခါးတွင်းအဆီပိုများ မဖြစ်ပေါ်နိုင်ခြင်းနှင့် ဝမ်းဗိုက်သားကို ချပ်ရပ်စေခြင်း သွေးဖိအားကို လျှော့ချပေးနိုင်ခြင်းလို ကျန်းမာရေး အကျိုးကျေးဇူးများကိုလည်း ခံစားရနိုင်သေးသည်ဟု ဆိုပါသည်။

ထိုမျှမက စက်ဘီးဆိုသည်မှ လူတို့၏ ရှေးအကျဆုံး တီထွင်မှုများထဲက တစ်ခုဖြစ်သလို စက်ဘီးစီးခြင်း အားကစားနည်းသည်လည်း လူတို့၏ ရှေးအကျဆုံး အားကစားနည်းများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်ဟု ဆိုပါသည်။ သုတေသနပြုသူတို့၏ အဆိုအရ စက်ဘီးနှင့် အလားသဏ္ဌာန်တူသည့် နှစ်ဘီးတပ်ယာဉ်များကို ရှေးရှေးအီဂျစ်နိုင်ငံများ လက်ထက်ကပင် တွေ့ခဲ့ရပြီး ၁၇၉၀ ပြည့်နှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့မှ ဆစ်ဖ်ရပ်မြို့စားကြီး Count of Civrac တီထွင်ခဲ့သော Celerifere စက်ဘီးမှာ ကမ္ဘာ့အစောဆုံး စက်ဘီးဟု ယူဆဖွယ်ရာ ရှိသည်ဟူလည်း ဆိုထားခဲ့ကြပါသေးသည်။

နောက်ထပ်စက်ဘီးများနှင့် ပတ်သက်၍ ကျွန်တော့်၏ စိတ်ထဲတွင် စွဲထင်စွာ မှတ်မိနေခဲ့သည့် စာေရေးဆရာကြီးတစ်ယောက်၏ အကြောင်းပင်ဖြစ်ပါသည်။ ဟုတ်ပါသည်။ ထိုဆရာကြီးမှာ ဆရာကြီး ပီမိုးနင်းပင်ဖြစ်ပါသည်။ တကယ်လည်း ဆရာကြီးကို ၁၂၄၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက်၊ တနင်္လာနေ့ နံနက် ၉ နာရီအချိန်တွင် သုံးဆယ်မြို့ ရွာမရပ်တွင် မွေးဖွားခဲ့ပြီး ၁၉၄၀ မြန်မာသက္ကရာဇ် ၁၃၀၁ ခု နတ်တော်လဆုတ် ၁၂ ရက် နံနက် ၉ နာရီ ၁၉ မိနစ်အချိန်တွင် အကျဉ်းထောင်လုပ်သားတစ်ဦး၏ စက်ဘီးဖြင့် အတိုက်ခံလိုက်ရာမှ ရရှိလာသည့် ပေါင်ကျိုးသည့်ဒဏ်ရာဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု ရေးသားထားခဲ့ကြောင့် ယခုအချိန်အထိပင် ကျွန်တော်၏ စိတ်ထဲမှ စွဲထင်စွာ မှတ်မိနေခဲ့ပါသေးသည်။ တကယ်တော့ စက်ဘီးနှင့်ပတ်သက်၍ အမှတ်ရစရာများက ပြော၍ကုန်နိုင်ဖွယ် မရှိဟု ထင်ပါသည်။

အထူးသဖြင့် ၁၉၉၀ ပြည့်နှစ်ကျော် ကာလများကို ဖြတ်သန်းခဲ့ရဖူးသူများထံ၌ စက်ဘီးများနှင့် ပတ်သက်သည့် အမှတ်ရစရာများ ပိုမိုကာ ရှိနေခဲ့လိမ့်မည်ဟု ထင်ပါသည်။ တကယ်လည်း ထိုအချိန် ထိုကာလများက စက်ဘီးနှင့် ပတ်သက်၍ ကျွန်တော်တို့ အရူးအမူး အဖြစ်ခဲ့ဆုံးကာလများဟု ပြောရလိမ့်မည် ထင်ပါသည်။ ထိုကာလများဆီက ကျွန်တော်တို့သည် ကျွန်တော်တို့၏ မုန့်ဖိုးငွေများကို စုဆောင်းကာ နာရီဖြင့် ငှားရမ်းသည့် စက်ဘီးများကို ငှားရမ်းစီးခဲ့ဖူးကြပါသည်။ လူကြီးများစီးသည့် စက်ဘီးကြီးများ၏ ဘားတန်းကြားထဲ ခြေထိုး၍လည်း မရမက စီးခဲ့ဖူးကြပါသည်။ ထိုမျှမက စက်ဘီးရှိ သူသူငယ်ချင်းများထံမှ စက်ဘီးကို နည်းလမ်းပေါင်းစုံဖြင့် ချော့မော့ ငှားရမ်း၍လည်း စက်ဘီးစီးရဖို့အရေးအတွက် ကြိုးစားခဲ့ဖူးကြပါသေးသည်။ စက်ဘီးတစ်စီး ပိုင်ဆိုင်ရဖို့ အိပ်မက်များ မက်ခဲ့ကြသည့် ကာလများဖြစ်သည်ဟု ပြောလျှင်တော့ ပိုမှန်လိမ့်မည် ထင်ပါသည်။

ထို့အတူ စက်ဘီးအကြောင်းပြောမည်ဆိုလျှင် ချန်ထား၍မရသည့် မြို့ကြီးတစ်မြို့လည်း ကျွန်တော်တို့နိုင်ငံအတွင်း၌ တည်ရှိနေခဲ့ပါသေးသည်။ ဟုတ်ပါသည်။ စက်ဘီး အကြောင်းပြောမည်ဆိုလျှင် စက်ဘီးမြို့တော်ဟုပင် တင်စားခေါ်ဝေါ်လေ့ ရှိတတ်ကြသည့် မန္တလေးမြို့ကြီးကိုလည်း ချန်ထား၍ မရဟု ထင်ပါသည်။ တကယ်လည်း ရွှေခြေကျင်းသည် မန္တလေး အမှတ်အသားဖြစ်သည်ဆိုလျှင် စက်ဘီးများသည့် မန္တလေး၏ သင်္ကေတဟု ပြောရလောက်မည့်အထိ မန္တလေးမြို့သည် ကျွန်တော်တို့နိုင်ငံမှ စက်ဘီးစီးသူအများဆုံး ရှိသည့် မြို့တစ်မြို့ပင် ဖြစ်ပါသည်။

နောက်ထပ် စက်ဘီးနှင့်ပတ်သက်၍ ကျွန်တော် မှတ်မိနေခဲ့သည့်တစ်ခုကတော့ ဝထ္ထုတိုတစ်ပုဒ်ပင် ဖြစ်ပါသည်။ ဟုတ်ပါသည်။ စာရေးဆရာကြီးတစ်ဦးဖြစ်သည့် ဆရာဆူးငှက်၏ ‘ကျွန်တော့်ချစ်သူ စက်ဘီး မစီးတတ်ပါ’ ဆိုသည့် ဝတ္ထုတိုလေးကိုပင် ဖြစ်ပါသည်။ ဆရာသည် ထိုဝထ္ထုလေးထဲတွင် သူ့ချစ်သူနှင့် စက်ဘီးစီးစဉ် ကြုံခဲ့ရသည့် အခက်အခဲများ မန္တလေးသူ မန္တလေးသားတို့၏ စက်ဘီးစီးနင်းတတ်သည့် ပုံစံ၊ ဓလေ့စရိုက်များနှင့် ထိုခေတ် ထိုကာလက စက်ဘီးတစ်စီး ဝယ်ယူဖို့ ကြိုးစားစဉ် ကြုံတွေ့ရသည့် အခက်အခဲများကို လွမ်းမော ပျော်ရွှင်ဖွယ် စိတ်ဝင်စားဖွယ်ရာကောင်းအောင် ရေးဖွဲ့ထားခဲ့သောကြောင့် ကျွန်တော့်စိတ်အတွင်းသားတို့၌ ယခုအချိန်ထိအောင် စွဲငြိ၊ မှတ်မိနေခဲ့ပါသေးသည်။

သို့ပါသော်လည်း ယနေ့အချိန်အခါမှာတော့ စက်ဘီးများ၏နေရာမှာ ဈေးပေါပေါဖြင့် ရရှိနိုင်သည့် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များ အစားထိုး ဝင်ရောက်နေရာယူထားခဲ့ကြသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်နေခဲ့ရပါသည်။

ထို့အတူ ကျောင်းတက်၊ ကျောင်းဆင်းချိန်များတွင် ကြားရတတ်သည့် ‘ကလင် ကလင်’ ဆိုသည့် စက်ဘီးကလေးများဆီမှ ထွက်ပေါ်လာတတ်သည့် ဘဲလ်သံလေးများ၏ နေရာ၌လည်း ဆူညံလှသည့် ဆိုင်ကယ် အိပ်ဇောသံများက အစားထိုး ဝင်ရောက်နေရာယူသွားခဲ့ကြပြီ ဖြစ်ပါသည်။ ဖီးဆင့်၊ ပန်းကမ္ဘာ၊ မိကျောင်း၊ ဟီးရိုး၊ ရလေး ဆိုသည့် အမှတ်တံဆိပ်တို့၏နေရာ၌ Honda၊ Wave၊ Haojuo၊ Kambo အစရှိသည့် တံဆိပ်အမှတ်အသားများက အစားထိုး ဝင်ရောက်နေရာယူ သွားခဲ့ကြပြီဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အတိတ်ကာလများထဲ၌ စက်ဘီးများကို အရူးအမူး စွဲလမ်းခဲ့ဖူးကြသည် ဆိုခြင်းကား အသေအချာပင် ဖြစ်ပါသည်။ ထို့အတူ လူတစ်ဦးချင်းစီ၌ အခြားမတူညီသည့် အရူးအမူး အစွဲအလမ်းတစ်ခုစီလောက်တော့ ရှိကြလိမ့်မည်ဟူ၍လည်း ယုံကြည်နေခဲ့မိပါသေးသည်။

ထိုအစွဲအလမ်းမှာ အင်္ကျီကလေးတစ်ထည်ဖြစ်နိုင်သလို စက်ဘီးကလေးတစ်စီးလည်း ဖြစ်နိုင်ပါသည်။ နှင်းများဝေနေသည့် ဆောင်းနံနက်ခင်းတစ်ခုဖြစ်နိုင်သလို ရွှေရောင်များ ဝင်းအိနေသည့် လယ်ကွင်းပြင်ကြီးများလည်း ဖြစ်နိုင်ပါသည်။ ထို့အတူ စာအုပ်တစ်အုပ်၊ ကဗျာတစ်ပုဒ်လည်း ဖြစ်နိုင်သလို ဂစ်တာတစ်လက် သီချင်းတစ်ပုဒ်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ထိုမျှမက ကြောင်ကလေးတစ်ကောင်၊ ခွေးကလေးတစ်မိသားစုလို သက်ရှိများဖြစ်နိုင်သလို ခုံတန်းကလေးတစ်ခု မြေသားနီနီများဖြင့် လမ်းကလေးတစ်သွယ်လို သက်မဲ့များလည်း ဖြစ်နိုင်ပါသည်။ ဟုတ်ပါသည်။ ကျွန်တော့်တွင်လည်း အစွဲအလမ်းတစ်ခု ရှိပါသည်။ ကျွန်တော့်၏ အစွဲအလမ်းမှာ စက်ဘီးကလေးတစ်စီးပင် ဖြစ်ပါသည်။ တိတိကျကျပြောရလျှင် ဖီးဆင့်အမျိုးအစား အစိမ်းပုပ်ရောင် မိန်းမစီးဘီးလေး ဖြစ်ပါသည်။ သို့ပါသော်လည်း ယခုအချိန်၌ ထိုစက်ဘီးကလေးသည် ကျွန်တော့်ထံ၌ မရှိတော့ပြီ။ စက်ဘီးကလေး မရှိတော့လည်း စက်ဘီးကလေးအပေါ် စွဲလမ်းသည့်စိတ်ကတော့ ကျွန်တော့်၏ စိတ်ထဲတွင် ယခုအချိန်အထိ တံဆိပ်ရိုက်နှိပ်ထားသလို ထင်ထင်ရှားရှား ရှိနေခဲ့ ရှိနေဆဲပင် ဖြစ်ပါသည်။ ထို့အတူ ကျွန်တော်ကဲ့သို့ စက်ဘီးများကို စွဲလမ်းခဲ့ဖူးသည့် သူများလည်း ရှိခဲ့ဖူး၊ ရှိနေကြလိမ့်မည်ဟူ၍လည်း ယုံကြည်နေခဲ့မိပါသည်။

Most Read

Most Recent