တီးတိုးသံကလေးတစ်ခု

တီးတိုးသံကလေးတစ်ခု
Published 15 May 2018

Photo: thecolour.com

ဒီနေ့ ကျုပ် ဟန်ကျနေတယ်။ ကျုပ် ကြိုက်နှစ်သက်တဲ့ ညောင်ရွက်ကို သုပ်စားနိုင်ခဲ့ပြီ။ ကျုပ် အခါတွင်းအားလပ်ရက်တွေမှာ ရေးဆွဲမယ်လို့ စိတ်ကူးထားတဲ့ ပန်းချီကားတချို့လည်း ရေးဖြစ်ခဲ့တယ်။ ဒီနေ့ ရေးဆွဲပြီးစီးသွားတဲ့ ပန်းချီကားက ‘ကျွနု်ပ်၏ ဈေးပေါသော စံပြမယ်’ ဆိုတဲ့ ပန်းချီကားပဲ။ ကျုပ် အလုပ်ပြီးလို့ ပေါ့ပါးသွားတယ်။ အဲဒီပန်းချီကားကို ခင်ဗျားတို့ ကြိုက်နှစ်သက်လိမ့်မယ်လို့ ကျုပ် မထင်ဘူး။ အဲဒီပန်းချီကားဟာ အမျိုးသမီးတစ်ယောက်ရဲ့ ပုံကို ရေးဆွဲထားတာဆိုပေမယ့် ကျုပ် စိတ်ပါသလောက်ပဲ ရေးခဲ့တာ။ အဲဒီပန်းချီကားထဲမှာ ခဲနဲ့အကြမ်း ရေးခြစ်ထားတာတွေကို မြင်တွေ့နိုင်တယ်။ ကြည့်ရှုသူအဖို့ စိတ်ပျက်သွားနိုင်ပေမယ့် ကျုပ်ကတော့ဖြင့် သဘောကျတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ပုံပါပဲ။ နို့ပေမဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအနည်းငယ်မျှ။ မျဉ်းကြောင်း အနည်းငယ်မျှသာ။ အဲဒီပန်းချီကားမှာ ကျုပ် ‘ရဲလိုအော်ကာ’ လို့ခေါ်တဲ့ အဝါရောင် တစ်ရောင်တည်းပဲ သုံးထားတယ်။ သူ့မျက်နှာကို မမြင်ရဘူး။ ဒါဟာ ကျွနု်ပ်ရဲ့ ဈေးပေါသော စံပြမယ်ပါပဲ။ ကျုပ်ရဲ့ လက်ရာတစ်ခုပါပဲ။ ကျုပ် အခါတွင်း အားလပ်ရက်ကို ငါးချပ်ရေး ဆွဲခဲ့ရာမှာ နှစ်ချပ်က အမျိုးသမီးပုံတွေ။ သူ့ပုံတွေ ဖြစ်နေတာကို ကိုယ့်ဘာသာပြန်ပြီး သတိပြုမိတယ်။ ဒါကိုတော့ တယ်သဘောမကျလှဘူး။ ငါးပုံမှာ နှစ်ပုံဆိုတော့ ကျုပ်အဖို့ များပါတယ်။ ဒီတော့မှ ငါ တကယ် ရေးချင်တဲ့ ပန်းချီကားဟာ ဘယ်လိုဟာများတုန်းလို့ ကျုပ် စဉ်းစားမိတော့မယ်။ ကျုပ်အဖြစ်က ဘာမှ အသစ်အဆန်း မရှိနိုင်တော့ဆိုတဲ့ အချိန်မှာကျမှ အသစ်အဆန်းတစ်ခုခုကို ဖန်တီးကြည့်ချင်နေတာ။ ကျုပ် ပီကာဆိုရဲ့ လက်ရာတွေနဲ့ ကျွမ်းဝင်ရင်းနှီးခဲ့တယ်။ ဗင်းဆင့်ဗင်ဂိုးရဲ့ ပန်းချီလက်ရာတွေနဲ့ ထိတွေ့နိုင်ခဲ့တယ်။ ဆာဗေဒိုဒါလီရဲ့ ပန်းချီလက်ရာတွေထဲ ဝင်ရောက်သွားခဲ့ဖူးတယ်။ မိုဒီဂလျာနီရဲ့ လက်ရာတွေကို လေ့လာကြည့်ဖူးတယ်။ ပေါလ်ကလီးရဲ့ ပန်းချီလက်ရာတွေရှေ့မှာ ငြိမ်သက်နေခဲ့ဖူးတယ်။ ဒီကူနင်းရဲ့ ပန်းချီကားတွေရှေ့မှာ တုန်လှုပ်ချောက်ချား နေခဲ့ဖူးတယ်။

ကျုပ် ပန်းချီကျောင်းတက်ရောက်နေခဲ့စဉ်က သူ့ပုံရေးဖို့ စိတ်အားထက်သန်နေခဲ့တယ်။ ဒါတွေက ပြီးခဲ့ပါပြီလေ။ ဒီရက်တွေဟာဖြင့် ကျုပ်အဖို့ ကျေနပ်ဖို့ကောင်းတဲ့ ရက်တွေပါပဲ။ ကျုပ် ရေးဆွဲခဲ့တဲ့ ပန်းချီကားငါးချပ်မှာ ကျုပ်အဖေရဲ့ ပုံတူကိုလည်း ရေးဆွဲနိုင်ခဲ့လို့ပါပဲ။ အဖေနဲ့ချွတ်စွပ်မတူပေမယ့် မျဉ်းကြောင်းတွေက အဖေ့ကို သတိရပြီး အဖေ့ကို ကိုယ်စားပြုပြီး ရေးဆွဲခဲ့တာ။ ကျုပ် ကျေနပ်တယ်။ ကျုပ် ရေးဆွဲခဲ့တဲ့ ပန်းချီကားကို ဝယ်ယူသူတချို့ရှိနေပါပြီ။ ကျုပ်က အဲဒီအချက်ကို အခုလက်ရှိထက် ပိုပြီးနားလည်အောင်၊ ပိုမိုပြည့်စုံအောင် ကြိုးစားကြည့်တဲ့အခါ ကျုပ် တကယ်ရေးချင်တဲ့ ပန်းချီကားဟာ ဘယ်လိုအမျိုးအစားလဲဆိုတာ စဉ်းစားမိတာပါပဲ။ ဒီနှစ် (၂၀၁၈ ခုနှစ်) နှစ်ဆန်းပိုင်းက ကျုပ်ရဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲကို ပြုလုပ်ခဲ့တော့ လာရောက်ကြည့်ရှုခဲ့တဲ့ ကဗျာဆရာတစ်ယောက်က ဒီလိုမှတ်ချက်ပြုတယ်။ ပန်းချီရေးဆွဲသူအမည် လက်မှတ်ထိုးတာက ကြီးနေတယ်တဲ့။ အဲဒီပြပွဲက ကျုပ်ရဲ့မအောင်မြင်ခဲ့တဲ့ ပြပွဲပါပဲ။ ပြပွဲပထမနေ့မှာ ပန်းချီကားတစ်ချပ် ရောင်းချရတယ်။ ပြပွဲဒုတိယနေ့မှာ ပန်းချီဆရာကို တွေ့ချင်တဲ့သူတွေ ရောက်နေပြီ။ မြန်မြန်လာခဲ့ပါလို့ ပြခန်းပိုင်ရှင်က ဖုန်းလှမ်းဆက်တော့ ကျုပ် တည်းခိုခန်းမှာလေ။ ဒီနေ့အဖို့ ကျုပ်မလာတော့ဘူး။ ဒီနေ့ Book Plaza က ကဗျာရွတ်ပွဲကို သွားဖို့ရှိတယ်လို့ဆိုတော့ ပြခန်းပိုင်ရှင်က ပန်းချီပြပွဲကို သူပါထားရစ်ခဲ့ပြီး ကျုပ် သွားတယ်ဆိုတဲ့ Book Plaza က ကဗျာရွတ်ပွဲကို သူပါ လိုက်တက်တယ်လေ။ ကျုပ်တို့ပန်းချီပြပွဲက ပန်းချီကားသုံးချပ်လောက် ရောင်းရပြီး ပြီးသွားတယ်။ ကျုပ် တည်းခိုခန်းခရှင်းဖို့၊ အသွားအပြန် ခရီးစရိတ်နဲ့ သုံးစရာ၊ စွဲစရာ နည်းနည်းပါးပါးတော့ ရတာပေါ့လေ။ ကျုပ် ဘာကိုစိတ်ဝင်စားနေသလဲဆိုတာ ကျုပ်ပြခန်းပိုင်ရှင်က သိပုံရတယ်။ ကျုပ် တကယ်ရေးဆွဲချင်တာက လူတစ်ယောက်ရဲ့ စိတ်ခံစားမှုကို နှိုးဆွပေးနိုင်တဲ့ လက်ရာမျိုးပါ။ ပြီးတော့ ကျုပ်မှာ အာသီသတစ်ခုရှိတယ်။ ဈေးပေါတဲ့ အခန်းတွေငှားပြီး ကျဉ်းကျဉ်းကျတ်ကျတ် ရေးဆွဲနေတာမျိုး မဟုတ်ဘဲ ကိုယ်ပိုင်စတူဒီယိုကလေးတစ်ခုနဲ့ အလုပ်လုပ်ချင်တာလေ။ ပီကာဆိုမှာ မွန်ပါနာစေသုသာန်ဘက်ကို မျက်နှာမူထားတဲ့ စတူဒီယိုတစ်ခုရှိခဲ့တယ်။ ဘယ်လောက် ဟန်ကျလိုက်သလဲဗျာ။ သူ့ရဲ့ စတူဒီယိုကနေ အပြင်ကို လှမ်းကြည့်လိုက်ရင် သုသာန်ကိုသွားတဲ့လမ်းကို တွေ့ရလိမ့်မယ်။ ဝက်သစ်ချပင်ကြီးက အရွက်တွေ ကြွေကျနေတဲ့ လမ်းဖြစ်ကောင်းဖြစ်မယ်။ လက်ရှိ ရှင်သန်နေတဲ့ဘဝကို အပြီးအစီး ဆင်ခြင်ကြည့်နိုင်တဲ့နေရာမှာ သူ့စတူဒီယိုကို တည်ဆောက်ခဲ့တာပါကလား။ သူ့ပန်းချီလက်ရာတွေက အံ့ဖွယ်ခွန်အားကို သူ ဘယ်လိုဖော်ပြနိုင်ခဲ့တယ်ဆိုတာ အငြင်းပွားဖို့ မလိုတော့ဘူး။

ကျုပ် ပြခန်းပိုင်ရှင်ကို နှုတ်ဆက်ပြီး ရထားတစ်စီးပေါ်တက်လိုက်ကာ ပြန်လာခဲ့ပါတယ်။ ကျုပ်အခန်းကို ပြန်ရောက်ရင် သေသေချာချာ စဉ်းစားရမယ့်အချက် သုံးခုရှိတယ်။ ကျုပ် တကယ်ရေးဆွဲချင်တဲ့ ပန်းချီကားဟာ ဘယ်လိုလက်ရာမျိုးလဲ။ ကျုပ်ပန်းချီကားတွေကို ငွေကြေးအရ ဘယ်လောက်အထိ မျှော်လင့်နိုင်မလဲ။ ကျုပ် ရေးဆွဲနိုင်တဲ့ လက်ရာက ဘယ်လိုလက်ရာလဲ။ ပန်းချီရေးဆွဲစရာ ပစ္စည်းကိရိယာ မလုံလောက်လို့ ဝိုင်ထည့်တဲ့စည်ရဲ့ အဖုံးပေါ်မှာ ရေးဆွဲခဲ့ရတဲ့ ပန်းချီဆရာကို ကျုပ် မှတ်မိတယ်။ သူဟာ ဝိုင်နဲ့ ပေါင်မုန့်နဲ့ အဲဒီပန်းချီကားကို လဲလှယ်ခဲ့ရတယ်။ ကျုပ်ရေးဆွဲထားတဲ့ “ကျွန်ုပ်၏ ဈေးပေါသော စံပြမယ်” ပန်းချီကားဟာ ခပ်ပိန်ပိန် အမျိုးသမီးတစ်ယောက်ရဲ့ တစ်စိတ်တစ်ပိုင်းပုံပါပဲ။ ဒါဟာ လူတစ်ယောက်ပုံ မဟုတ်ပါဘူးလို့တောင် ထင်မှတ်စရာ လက်ရာတစ်ခုပါ။ မျဉ်းကြောင်းလည်း အများကြီး သုံးစွဲမထားဘူး။ ထုထည်ကလည်း ပါတယ်ဆိုရုံမျှ။ အရောင်ကလည်း “ရဲလိုးအော်ကာ” ပဲ သုံးထားတယ်။ လူတစ်ယောက်ကို အလွယ်တကူ စိတ်ပျက်သွားစေနိုင်တဲ့ လက်ရာတစ်ခုပဲ။ နို့ပေမဲ့ ဒီပန်းချီကားကို ရေးဆွဲလိုက်နိုင်လို့ ကျုပ် ကျေနပ်တယ်။ ဘာမှ ထပ်ဖြည့်ဖို့မလိုတော့ဘူးလို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့ပုံဟာလည်း အံ့သြစရာပါပဲ။ စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးမှု အတတ်ပညာကို မြင်တွေ့ဖို့ ခက်ခဲပေမယ့် ပန်းချီလက်ရာကို ကျုပ် ဖန်တီးမိတာပါပဲ။ ကလေးကလား ဖြစ်ကတတ်ဆန်း လက်ရာတစ်ခုနဲ့ ခွဲမရအောင် တူနေတဲ့ လက်ရာတစ်ခုပါ။ ဒါပေမဲ့ ဒါဟာ အနုပညာ လက်ရာတစ်ခုလို့ ကျုပ် ယုံကြည်ပါတယ်။ ကျုပ်ရဲ့ လက်ရှိဘဝကို အကောင်းဆုံး ထင်ဟပ်မှုတစ်ခုဖြစ်တဲ့ လက်ရာလည်းဖြစ်တယ်လို့ ကျုပ် ပြောပါရစေ။ ဘယ်တော့မှ ကြီးကျယ်ခမ်းနားတဲ့ လက်ရာတစ်ခု ဖြစ်မလာနိုင်တဲ့ ပန်းချီကားတစ်ချပ်ပါ။ ကျုပ်ရဲ့ လက်ရာစစ်စစ်တစ်ခုပါ။ အနုပညာရှင်တစ်ယောက်ရဲ့ တီးတိုးသံကလေးတစ်ခုပါ။

ကျုပ် လူငယ်ဘဝက စွယ်စုံကျမ်းစာအုပ်ထဲမှာ ပြင်သစ်ပန်းချီဆရာကြီးကိုရိုးရဲ့ နံနက်ခင်းပန်းချီကားကို တွေ့ခဲ့တယ်။ လူသားတို့ ကျင်လည်နေထိုင်ရာ ကမ္ဘာမြေတစ်ခုလုံးကို စကားခွန်းချို နှုတ်ဆက်လိုက်တဲ့ ပန်းချီကား၊ နံနက်ခင်းလေပြည်ထဲက သစ်ပင်ကြီးတစ်ပင် အောက်မှာရှိတဲ့ မိန်းမတစ်ယောက်ရဲ့ ရုပ်ပုံလွှာကို ကျုပ် ခုထက်ထိ မှတ်မိနေဆဲပဲ။ ကျုပ်ဟာ ပန်းချီသီအိုရီတွေဖတ်ပြီး ပန်းချီဆရာကြီးတွေရဲ့ ပန်းချီကားတွေကိုကြည့်ပြီး နှစ်တွေ အကြာကြီး ဘာဆက်လုပ်ရမယ်ဆိုတာ မသိနိုင်ဘဲ ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ကျုပ်ဟာ ပုံတူကူးသမားတစ်ယောက်တော့ မဖြစ်ခဲ့ဘူး။ ဘယ်လွယ်မလဲ။ ကျုပ်ဟာ ပုံတူကူးသမား မဟုတ်ပါဘူး။ ကျုပ်ဟာ ပင်ကိုဖြစ်ခြင်းရဲ့ တန်ဖိုးကို သိထားသူတစ်ယောက်ပါ။ ကျုပ် ရေးဆွဲဖို့ ကြိုးစားခဲ့တာ တစ်ခုရှိတယ်။ ကျုပ်ရဲ့ အရိုင်းအစိုင်းဆန်မှုလို့လည်း ပြောနိုင်ပါတယ်။ အဲဒါကတော့ ပန်းချီကား ကင်းဗတ်စကို ကြာပွတ်နဲ့ တရွှမ်းရွှမ်းရိုက်ပြီး ပန်းချီရေးဆွဲဖို့ပဲ။ ကြာပွတ်မှာ ပန်းချီဆေးတွေ လိမ်းကျံပြီး ရွှမ်းခနဲ၊ ရွှမ်းခနဲ ရိုက်လိုက်ရင် ဘယ်လိုမျဉ်းကြောင်းတွေ မြင်တွေ့ရမှာလဲ။ ဘယ်လို အရောင်တွေဟာ ကင်းဗတ်စပေါ်မှာ ထင်လာမှာပါလိမ့်။ ဒါပေမဲ့ ကျုပ်ဟာ ဒီရေးဆွဲနည်းကို စွန့်လွှတ်ခဲ့ပါတယ်။ (မေမေ မကြိုက်ဘူး လူကလေးလို့ ပြောလိမ့်မယ်) ဘာကြောင့်လဲဆိုတော့ ပန်းချီကားဟာ နာကျင်စွာ အော်ဟစ်နေနိုင်လို့ပါပဲ။ “ခင်ဗျား အဲဒါကို ယုံကြည်သလား။ အော်သံ ပန်းချီကားလေ။ အက်ဒဗတ်မွန့်ချ်ရဲ့ အော်သံ ပန်းချီကားလေ” ခေတ်ကြီးတစ်ခုလုံးကို အော်ဟစ်ပြောကြားလိုက်တဲ့ အသံလည်းဖြစ်သလို ပန်းချီကား လေ့လာသူတွေ၊ ပညာရှင်တွေက တညီတညွတ်တည်း မှတ်ချက်ပြုခဲ့ကြတယ်။ ကျုပ် တိုးတိုးဖွဖွပဲ ပြောကြည့်ချင်တာပါ။ တီးတိုးသံကလေးမျှသာ။ ကျုပ်ဟာ ‘ကျွန်ုပ်၏ ဈေးပေါသော စံပြမယ်’ ပန်းချီကားကို ရေးဆွဲခဲ့တာ။ ၂၁ ရာစုအဝင် ဒုတိယဆယ်စုနှစ်ထဲက နွေနေ့တစ်နေ့မှာ အဲဒီပန်းချီကားကို ရေးဆွဲနိုင်ခဲ့တာ။

Most Read

Most Recent