ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံခရီးစဉ်က ဘာသင်ခန်းစာတွေ ရလိုက်သလဲ

ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံခရီးစဉ်က ဘာသင်ခန်းစာတွေ ရလိုက်သလဲ
Published 14 May 2018

ဧပြီ ၃၀ ရက်က ရောက်ရှိလာသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လက်ခံတွေ့ဆုံစဉ် (Photo: AFP)

UNSC ၏ နှစ်ရက်တာခရီးစဉ်

ပြီးခဲ့သည့် ဧပြီ ၃၀ ရက်နှင့် မေ ၁ ရက်တို့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ကိုယ်စားလှယ် ၄၀ ကျော် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြသည်။ အဆိုပါ ခရီးစဉ်ကို Peru သံအမတ်ကြီး Gustavo Adolfo Meza Cuadra Velasqez က ဦးဆောင်ခဲ့ပြီး လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံနှင့် အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံတို့မှ သံအမတ်များ လိုက်ပါခဲ့ကြသည်။ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၃၀ ရက်တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အပြင် နေပြည်တော်ရှိ အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် တွေ့ဆုံခဲ့ကြသည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးအချို့နှင့် အလုပ်သဘော ညစာ စားသုံးခဲ့ကြသည်။ မေ ၁ ရက်တွင် မောင်တောဒေသများသို့ သွားရောက်ခဲ့ပြီး စစ်တွေမြို့တွင် အရပ်ဘက် အဖွဲ့အစည်းအချို့နှင့် တွေ့ဆုံခဲ့ကြသည်။ ထို့နောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ လွှတ်တော်ကိုယ်စားလှယ်များနှင့်မူ အချိန်မရဟု အကြောင်းပြကာ တွေ့ဆုံသွားခဲ့ခြင်း မရှိပေ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆိုသည်မှာ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံ၊ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံ စုစုပေါင်း ၁၅ နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်သည်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့မှ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရရှိပြီး အခြားကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံတို့မှ ၁၀ နိုင်ငံစီ အလှည့်ကျ ပါဝင်ခွင့်ရသည်။ လက်ရှိ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံတို့မှာ ဘိုလစ်ဗီးယား၊ အိုင်ဗရီကို့စ်၊ အီကွေတိုရီရယ်ဂီနီ၊ အီသီယိုပီးယား၊ ကာဇက်စတန်၊ ကူဝိတ်၊ နယ်သာလန်၊ ပီရူး၊ ပိုလန်နှင့် ဆွီဒင် နိုင်ငံတို့ဖြစ်ကြသည်။ ဆုံးဖြတ်ချက်ချချိန်တွင် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံမှ ဗီတိုအာဏာဖြင့် ပယ်ချခွင့်ရှိပြီး တစ်နိုင်ငံက ပယ်ချခဲ့လျှင်ပင် အဖွဲ့ဝင် ၁၄ နိုင်ငံ သဘောတူသည့်တိုင်အောင် သဲထဲရေသွန်ဖြစ်စေသည့် မူဝါဒကို ကျင့်သုံးထားသည်။

ဘင်္ဂလားဒေ့ရှ်သို့ အရင်သွားရောက်ခဲ့

လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်မလာခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဦးစွာသွားရောက်ခဲ့ကြသည်။ ဧပြီ ၂၈ ရက်တွင် Cox's Bazar မြို့သို့ရောက်ရှိခဲ့ပြီး ဧပြီ ၂၉ ရက်တွင် Kutupalong ဒုက္ခသည်စခန်းနှင့် တန်ဘရူးနယ်စပ်အနီးရှိ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းတွင် ယာယီနေထိုင်လျက်ရှိသူများထံသို့ သွားရောက်တွေ့ဆုံခဲ့ကြသည်။ ဧပြီ ၃၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina နှင့်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံထဲက ထွက်ခွာလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာနေထိုင်သူ သိန်းနဲ့ချီတဲ့ (၎င်းတို့အခေါ်) ရိုဟင်ဂျာမွတ်စလင်တွေကို နေရပ်ပြန်ခေါ်ရေး မြန်မာကိုဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်မှ ကုလသမဂ္ဂလုံခြုံရေးကောင်စီ သံတမန်များကို တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ မထွက်ခွာမီ ဒါကာမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ဘင်္ဂါလီဒုက္ခသည်များ၏ ငိုကြွေးပြမှု၊ မြန်မာနိုင်ငံအပေါ် အပြစ်ပုံချ ပြောဆိုမှုတို့ကို တစ်ဖက်သတ် နားထောင်ပြီးနောက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲဖြစ်ခြင်းကြောင့် ကိုယ်စားလှယ်များထံမှ မီဒီယာသို့ ပြောဆိုမှုများကလည်း တစ်ဖက်သတ်များသာ ဖြစ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသို့ ရောက်ရှိလာရင်တော့ မြန်မာဘက်က တာဝန်ရှိသူများအသံ၊ ဒေသခံရခိုင်တိုင်းရင်းသားများအသံ၊ ဟိန္ဒူဘာသာဝင်များအသံနှင့် နယ်ခံမျက်မြင်များ၏ အသံကို နားထောင်ပြီးပါက ကုလသမဂ္ဂကိုယ်စားလှယ်တို့ အနေဖြင့် နှစ်ဘက်မျှမျှတတ ပြန်လည်စဉ်းစား သုံးသပ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့မိသည်။

တာဝန်ရှိသူများ ရှင်းကြပြီ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ ရှင်းလင်းပြောကြားစဉ် UNSC ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့်နေ့တွင်ပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံကာ ပြောဆို ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်တိုးတက်မှုများ၊ ကိုဖီအာနန်၏ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည့်အပြင် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည့် အကြောင်း၊ ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီများနှင့် ထိတွေ့ဆောင်ရွက်သွားမည့်အကြောင်း၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့် နားလည်မှု စာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးသွားမည့် အကြောင်းများကိုပါ ပြောဆိုခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူများကလည်း UNSC ကိုယ်စားလှယ်အဖွဲ့ကို ဧပြီ ၃၀ ရက် မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံခဲ့ပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဘင်္ဂါလီများအား ပြန်လည်လက်ခံနိုင်မည့် အခြေအနေများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် အခြားကိစ္စအများအပြားကို ပြောဆိုဆွေးနွေးနိုင်ခဲ့သည့်အပြင် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သော စာရွက်စာတမ်းများနှင့် ဓာတ်ပုံမှတ်တမ်းစာအုပ်များကိုပါ ပေးအပ်ခဲ့သည်ဟု သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူများက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ ရှင်းလင်းပြောကြားစဉ် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေမှလည်း လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကာ ဦးကျော်တင့်ဆွေ၊ UEHRD အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့က ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့ပါသေးသည်။

ပြင်ပ ပကတိ အရှိတရားမှန်ကို လက်တွေ့ပြသ

မေ ၁ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များကို ရခိုင်ပြည်နယ် မောင်တော၊ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ လှဖိုးခေါင်ကြားစခန်းတို့ရှိ ပြန်လည်လက်ခံနေရာချထားရေး ဆောင်ရွက်ထားမှုများနှင့် ရွှေစား၊ သစ်ဆုံးနားခွဆုံ၊ အိုးထိန်း၊ တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင်၊ ရွှေဇား၊ ပန်းတောပြင် စသည့်ကျေးရွာများကို ပြသပေးခဲ့သည်။ ပန်းတောပြင်ရွာရှိ ဘင်္ဂါလီများနှင့် တွေ့ဆုံရာတွင် ဘင်္ဂါလီများမှ ၎င်းတို့၏ ကျေးရွာများကို မီးရှို့သူများသည် တပ်မတော်နှင့် ရခိုင်လူမျိုးများဖြစ်သည်ဟု ကြိုတင်ဇာတ်တိုက်ထားသည့်အတိုင်း “Military Military” ဆိုသောစကားကိုသာ ပြောဆိုခဲ့သည်ဟု ကြားသိရသည်။ ထို့ပြင် UNSC အဖွဲ့များအပြန်တွင် ပန်းတောပြင်ရွာသားတစ်ဦးက စာတစ်စောင်ပေးခဲ့သည်ဟုသိရပြီး ယင်းစာထဲတွင်ပါဝင်သည့် အကြောင်းအရာများမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ပေးလိုက်သည့် စာပါအကြောင်းအရာများနှင့် အတူတူဖြစ်သည်ဟုလည်း ကြားသိရပါသည်။

ထို့နောက် UNSC သံတမန်အဖွဲ့ဝင်များသည် မောင်တောထွေအုပ်ရုံးတွင် ဟိန္ဒူမိသားစုဝင်များနှင့်တွေ့ဆုံခြင်း၊ ပန်းတောပြင် မွတ်စလင် ကျေးရွာများသို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အပါအဝင် ရခိုင်ပြည်နယ်မှ လူမှုအဖွဲ့အစည်းအချို့နှင့် စစ်တွေမြို့တွင် တွေ့ဆုံခဲ့ကြပါသည်။

ရှင်းလင်းခဲ့သမျှ အချည်းနှီးဖြစ်ခဲ့

UNSC ကိုယ်စားလှယ်အဖွဲ့သည် မေ ၁ ရက် မြန်မာနိုင်ငံမှ မပြန်ခင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းသတင်းစာရှင်းလင်းပွဲမှ ပြောဆိုချက်များသည် ယခင်အတိုင်း ပြောင်းလဲမှုမရှိခဲ့ပေ။ ၎င်းတို့အဖွဲ့အနေဖြင့် မြန်မာဘက်က ဆွေးနွေးခဲ့မှုများကို လုံးဝထည့်သွင်း စဉ်းစားခြင်းမရှိဘဲ မူလအတိုင်းသာ ပြောဆိုအပြစ်တင် တိုက်တွန်းသွားသည်ကို တွေ့ရသည်။ အထူးသဖြင့် ဗြိတိန်နိုင်ငံမှ ကိုယ်စားလှယ်ဖြစ်သူ Karen Pierce သည် ပြဿနာဖြေရှင်းရေးထက် အရေးယူရေးကိုသာ ဦးစားပေးနေခြင်းအား စိတ်ပျက်ဖွယ် တွေ့ခဲ့ရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတို့၏ သတင်းဖော်ပြချက်များအရ မြန်မာနိုင်ငံဘက်မှ ပြောဆိုဆွေးနွေးခဲ့မှုများသည် လွန်စွာပြည့်စုံမျှတပြီး ဆင်ခြင်သုံးသပ်ရမည့် အထောက်အကူများဟု ဆိုနိုင်သည်။ အလားတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒေသခံ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများ၏ ပြောဆိုမှုများကလည်း လက်ခံစဉ်းစားရမည့် အချက်များသာ ဖြစ်ပေသည်။ သို့သော် UNSC ကိုယ်စားလှယ်များက နှစ်ဖက်ညီညွတ်မျှတစွာ နားထောင်စဉ်းစားခဲ့ခြင်း မရှိဘဲ တစ်ဖက်သတ် စကားများကိုသာ နားထောင်ကာ တစ်ဖက်သတ်လွဲမှားစွာ ယုံကြည်လက်ခံထားကြသည်ကို တွေ့ရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင်များ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ တွေ့ဆုံနေစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

မြန်မာအစိုးရကိုပါ မထီမဲ့မြင်ပြုခဲ့

လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံမှ တာဝန်ရှိသူ ပြည်ထောင်စုဝန်ကြီးများက ရှင်းပြနေချိန်တွင် ပြဿနာကို စိတ်ရှည်လက်ရှည် အာရုံစိုက်နားထောင်ရမည့်အစား မထီမဲ့မြင် အပြုအမူများ ပြုလုပ်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် UEHRD အဖွဲ့ဝင်များပြောပြီးနောက် ဒေါက်တာဝင်းမြတ်အေး ပြောဆိုချိန်တွင် မတ်တပ်ရပ်ကာ ထပြန်မည့်ပုံစံ ပြောဆိုခဲ့သည်။ နားမထောင်ချင်သည့် ပုံစံ၊ မလိုအပ်သည့်ပုံစံမျိုး ပြသခဲ့ကြသည်။ ကုလသမဂ္ဂသံတမန်ဟူသည်မှာ သံအမတ်အဆင့်သာရှိပြီး Protocol အရ ပြည်ထောင်စုဝန်ကြီးအောက်တွင် ရှိနေသည်။ မြန်မာနိုင်ငံ၏ ပြဿနာကို လာရောက်လေ့လာသူ သံအမတ်များက အဆင့်မြင့်ဝန်ကြီးတစ်ဦး ပြောဆိုချိန် နားမထောင်လိုဘဲ ထပြန်မည်ပြုလုပ်ခြင်းက နိုင်ငံတော်နှင့် အစိုးရကို စော်ကားခြင်း ဖြစ်ပေသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မြန်မာပြည်သူအားလုံးက လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့အပေါ် ဒေါသထွက်ခဲ့ကြသည်။

ကုလသမဂ္ဂတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဒေါက်တာ ဒေါ်ရင်ရင်နွယ်မှ UNSC ကိုယ်စားလှယ်များက မြန်မာနိုင်ငံ အကြီးအကဲများကို တင်းမာစွာ ဆက်ဆံခြင်းသည် နိုင်ငံတော်၏ဂုဏ်သိက္ခာကို စော်ကားရာရောက်ကြောင်း၊ ကုလသမဂ္ဂမှ တိုင်းပြည်တစ်ပြည်၏ နိုင်ငံရေးနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လျှင် ထိုတိုင်းပြည်သည် ကောင်းလာနိုင်စရာမရှိသဖြင့် အလျှော့မပေးသင့်ကြောင်း၊ ကုလသမဂ္ဂ၏ သဘောသဘာဝသည် အလျှော့ပေးလေ ပိုပြီးလူပါး၀ အနိုင်ကျင့်လေဖြစ်ကြောင်း၊ သို့ဖြစ်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့အား အင်ဒိုနီးရှားသမ္မတက UNHCR ကို နှင်ထုတ်သကဲ့သို့ နှင်ထုတ်သင့်ကြောင်း Facebook မှတစ်ဆင့် သတိပေးပြောဆိုခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံမှလည်း နှင်ထုတ်ခဲ့ဖူးကြောင်းနှင့် ကုလသမဂ္ဂကြောင့် အင်ဒိုနီးရှားနိုင်ငံမှ အရှေ့တီမောဒေသ ပဲ့ထွက်ခဲ့သည့်ဖြစ်စဉ်၊ ယူကိုဆလားဗီးယားနိုင်ငံမှ ကိုဆိုဗိုပြည်နယ် ပဲ့ထွက်ခဲ့သည့် ဖြစ်စဉ်များကိုလည်း ဥပမာပေး ပြောဆိုခဲ့သည်။ ထိုသို့ ပြောဆိုပြီးမကြာမီမှာပင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်မှာ Facebook ၏ သတိပေးခြင်းကို ခံခဲ့ရသည်။

ပြဿနာတစ်ခုကို ဝင်မပါခင် သမိုင်းနှင့် ဇစ်မြစ်သိဖို့ အရင်လေ့လာသင့်

UNSC အဓိကဦးတည်သည့် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ဘင်္ဂါလီပြဿနာသည် ပြည်တွင်းရေးပြဿနာတစ်ခုသာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံကသာ ကိုင်တွယ် ဖြေရှင်းရမည့်ကိစ္စဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့် ဝင်ရောက်စွက်ဖက် လိုလင့်ကစား ပြဿနာကို အသီးအပွင့်ကိုသာ မကြည့်ဘဲ အမြစ်ကိုပါကြည့်ဖို့ လိုလိမ့်မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းသို့ ဘင်္ဂါလီများ ရောက်ရှိလာခြင်းမှာ ကိုလိုနီခေတ်က အင်္ဂလိပ်တို့ ခေါ်သွင်းလာသည့် လယ်ကူလီများမှ အစပြုခဲ့သည်။ နောက်ပိုင်းတွင် ၎င်းတို့သည် အင်အားကြီးလာပြီး အကြမ်းဖက်မှုများ လုပ်ကိုင်လာခဲ့ကြသည်။ ၁၉၈၈ ခုနှစ်တွင် လုံခြုံရေးအင်အားနည်းနေမှုကို အခွင့်ကောင်းယူကာ ဘင်္ဂါလီများက မောင်တောမြို့ကိုသိမ်းပိုက်ရန် ကြိုးစားခဲ့ဖူးသည်။ ၁၉၉၈ ခုနှစ်တွင်လည်း (၎င်းတို့အခေါ်) ရိုဟင်ဂျာလွတ်မြောက်ရေးအဖွဲ့ (RLO) မှ မောင်တောမြို့သို့ ဝင်ရောက်ခဲ့ကာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများကို ဖျက်ဆီးခြင်း၊ ဗုဒ္ဓဘာသာဝင်များ နေထိုင်သော ရပ်ကွက်များကိုမီးရှို့ခြင်း၊ ရခိုင်တိုင်းရင်းသားများကို သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကာ မောင်တောကို သိမ်းယူရန် ကြိုးစားခဲ့သေးသည်။ ၂၀၁၇ သြဂုတ်လတွင်မူ ARSA သောင်းကျန်းသူအဖွဲ့မှ ရဲကင်းစခန်း ၃၀ ကို တစ်နေ့တည်း တစ်ချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ ပြည်သူအများအပြား သေဆုံးဒဏ်ရာရခဲ့ရသည်။ ၂၀၁၈ ခုနှစ် ဧပြီ ၃၀ ရက်အထိ မြန်မာတိုင်းရင်းသား ၇၂ ဦး သေဆုံးခဲ့ရပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။ လက်ရှိ ဘင်္ဂလားဒေ့ရှ်သို့ ဒုက္ခသည်များ ထွက်ပြေးနေခြင်းမှာလည်း ၂၀၁၇ သြဂုတ်လတိုက်ခိုက်မှု၏ နောက်ဆက်တွဲဖြစ်သည်။ လက်ရှိဖြစ်နေသည့် ပြဿနာမှာ ထွက်ပြေးသည့်ပြဿနာနှင့် ထွက်ပြေးသူကို လက်ခံရမည့်ပြဿနာသာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် တိုက်ခိုက်ခြင်း၊ နယ်မြေပိုင်ဆိုင်လိုခြင်း၊ အချုပ်အခြာအာဏာ ထိခိုက်ခြင်းနှင့် အမျိုးသားလုံခြုံရေးပြဿနာဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်များအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ ပြန်လည်လက်ခံရေးနေရာများသို့ ရောက်ရှိလေ့လာနေစဉ် မြန်မာနိုင်ငံအတွက် ကောင်းကျိုး၊ ဆိုးကျိုး

UNSC ကိုယ်စားလှယ်များ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ရလဒ်ကောင်းမထွက်သည့် ခရီးစဉ်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံတွင်းသို့ ပြဿနာဖြေရှင်းရန် လာရောက်လေ့လာခြင်းမဟုတ်ဘဲ ၎င်းတို့တရားသေ ဆုပ်ကိုင်ထားသည့် မူဝါဒကို လာရောက်ပြောဆိုခြင်း၊ မြန်မာတာဝန်ရှိသူများကို တရားခံသဖွယ် စစ်ဆေး မေးမြန်းခြင်းသာဖြစ်သည်။ ဖြစ်စဉ် အကြောင်းအရာနှင့်ပတ်သက်ပြီး ၎င်းတို့တွင် Input ရှိပြီးသားဖြစ်ပြီး တစ်ဖက်သတ် Input များကို လက်ကိုင်ထားကာ တစ်ဖက်သတ် Output ကိုသာ တစ်စိုက်မက်မက် ပြောဆိုခဲ့ကြသည်။ အသုံးချခံမီဒီယာများ၊ ငိုပြသူများနှင့် ၎င်းတို့ထံသို့ သတင်းစကားရောက်အောင် တင်ပြနိုင်သူများထံမှ သတင်းကိုသာ အတည်ယူကာ မြန်မာနိုင်ငံကို တရားခံအဖြစ်သာ ရှုမြင်နေကြသည်။ မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သော်လည်း မြန်မာဘက်မှ ပြောဆိုသမျှကို နားမထောင်ဘဲ ၎င်းတို့ပြောချင်သည်များကိုသာ ပြောဆိုသွားကြသည်။

အရပ်ဘက် အဖွဲ့အစည်းများ၊ ဒေသခံတိုင်းရင်းသားတို့နှင့် တွေ့ဆုံခဲ့သော်လည်း ပြောသမျှစကားများကို အလေးအနက်ထားခြင်း မရှိခဲ့ကြချေ။ မြန်မာနိုင်ငံကို ကူညီရန်ဟု မကြာခဏ ပြောဆိုလေ့ရှိကြသော်လည်း မြန်မာနိုင်ငံအပေါ် စေတနာ အမှန်မရှိကြပေ။ ခရီးစဉ်ကိုလည်း ကူဝိတ်နိုင်ငံမှ ထောက်ပံ့ပေးသည့် အထူးလေယာဉ်ကြီးဖြင့် ပျော်ပွဲစားထွက်သကဲ့သို့ ပျော်ရွှင်စွာ ခရီးထွက်နေကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံသို့ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ၊ မြန်မာဘက်မှ မည်သို့ပြောသည်ဖြစ်စေ ၎င်းတို့၏အမြင်၊ အတွေး၊ သဘောထားနဲ့ ဆုံးဖြတ်ချက်များက ရှိပြီးသားဖြစ်ရာ UNSC အဖွဲ့ဝင်များ ခရီးစဉ်သည် မြန်မာနိုင်ငံအတွက် ကောင်းကျိုးမရှိသည့် ခရီးစဉ်ဟုသာ သတ်မှတ်ရပေလိမ့်မည်။

သင်ခန်းစာများနှင့် ပြင်ဆင်စရာများ

UNSC ခရီးစဉ်သည် မြန်မာနိုင်ငံအတွက် ကောင်းကျိုးမရခဲ့သော်လည်း သင်ခန်းစာယူစရာ များစွာရရှိခဲ့သည်။ ပထမအချက်အနေဖြင့် UNSC မှ မြန်မာနိုင်ငံအပေါ်ထားရှိသည့် သဘောထားမှန်ကို ကွက်ကွက်ကွင်းကွင်း သိရှိခဲ့ရသလို ယင်းသဘောထားမှာ ခိုင်မာအမြစ်တွယ်နေပြီး ပြောင်းလဲဖို့ခက်သည်ကို မြန်မာဘက်က ကောင်းစွာသဘောပေါက်ခဲ့ကြရသည်။ ဒုတိယအချက်မှာ မြန်မာအစိုးရတာဝန်ရှိသူများ၏ အားနည်းချက်ဟု ဆိုနိုင်သည်။ ပြည်သူက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရလက်ထက် လူမှုရေးရာနှင့် နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများက သံတမန်များကို နားဝင်အောင် မရှင်းပြနိုင်ဘဲ ထပြန်အောင် လုပ်ခဲ့ခြင်းက အရုပ်ဆိုး အကျည်းတန်စေသည့် ဖြစ်စဉ်ဖြစ်သည်။ မြန်မာနိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် လူထုဆက်သွယ်ရေးနည်းနာ (Public Relation) အတတ်ပညာ လိုအပ်နေပြီး သံတမန်များကို မည်သို့ဆက်ဆံ စည်းရုံးရမည်၊ မိမိနိုင်ငံဘက်မှ အခြေအနေမှန်များကို နားဝင်သွားစေရန် မည်သို့ ဆွဲဆောင်မှုရှိရှိ တင်ပြမည်၊ ကျေနပ်လက်ခံသွားစေရန် မည်သို့လက်တွေ့ ဆောင်ရွက်လုပ်ကိုင်နေကြောင်း ပြသမည်ဆိုသော သံတမန်ဆန်ဆန် ဆက်ဆံပြောဆို စည်းရုံးသည့် နည်းပရိယာယ်များ၊ အရည်အချင်းများရှိဖို့ လိုအပ်နေသေးကြောင်း တွေ့နိုင်သည်။

ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများ တူးဖော်ရရှိခဲ့မှု၊ ရခိုင်တိုင်းရင်းသား ငါးဦး၊ မြိုတိုင်းရင်းသား ခုနစ်ဦးနှင့် ဒိုင်းနက်တိုင်းရင်းသား ခုနစ်ဦးတို့ ရက်ရက်စက်စက် အသတ်ခံခဲ့ရမှုများကို ကုလသမဂ္ဂသံတမန်များ မသိရှိကြခြင်းမှာ အစိုးရ၏ အားနည်းချက်ဖြစ်သည်။ ယင်းအားနည်းချက်ကြောင့်လည်း အိမ်ကွင်းမှာပင် ခံစစ်နှင့်ကစားနေရသည့် အဖြစ်မျိုးသို့ ရောက်ခဲ့ရခြင်းဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း (Civil Society Organizations) များ ရခိုင်ပြည်နယ်တွင် တွေ့ဆုံခဲ့ကြစဉ် တတိယအချက်မှာ မိမိတို့ဘက်မှ NGO များ၊ CSO များ အခိုင်အမာ မရှိခြင်းဖြစ်သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်များသည် နေပြည်တော်နှင့် စစ်တွေတို့တွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး ယင်းတို့၏အသံကို နားထောင်ခဲ့ကြသည်။ သို့သော် တက်ရောက်ခဲ့ကြသည့် NGO,INGO နှင့် CSO အဖွဲ့အချို့မှာ နိုင်ငံတကာ အဖွဲ့အစည်းများက ကျောထောက်နောက်ခံပေးထားသူများဖြစ်နေရာ ဘင်္ဂါလီတို့ဘက်မှသာ ရပ်တည်ပြောကြားခဲ့သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ လောင်းရိပ်ကင်းပြီး အမှန်တရားအတွက် ရပ်တည်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်း အများအပြား မြန်မာ့လူ့ဘောင်တွင် လိုအပ်နေကြောင်း သင်ခန်းစာယူရမည်ဖြစ်သည်။

ပြဿနာ၏နိဂုံး

UNSC ခရီးစဉ်နှင့်ပတ်သက်၍ အဓိကစိုးရိမ်စရာမှာ ဒုက္ခသည်များ ပြန်ပို့ရေးကိစ္စထက် ကျော်လွန်သည့် ပြောဆိုစွက်ဖက်မှုများဖြစ်ပြီး အရေးယူသည့်လမ်းကြောင်းပေါ်သို့ မရမက ဆွဲတင်နေသည့် အပြုအမူများပင်ဖြစ်သည်။ နှစ်ရက်တာ ခရီးစဉ်အတွင်း ဖြစ်ပျက်ခဲ့သမျှနှင့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သမျှအား ဆက်စပ်သုံးသပ်ကြည့်ပါက ၎င်းတို့အနေဖြင့် မူလစီစဉ်ထားသည့် အစီအစဉ်များကိုသာ အရှိန်အဟုန်ဖြင့် ဆက်လုပ်သွားလိမ့်မည်ဟု ကောက်ချက်ချနိုင်သည်။

အထူးသဖြင့် လာမည့် မုတ်သုံရာသီအတွင်း ရေလွှမ်းမိုးမှုများကြောင့် ဘင်္ဂါလီများ ကြုံတွေ့ရသည့် အခြေအနေများ၊ ရောဂါခံစားမှုများနှင့် သေကျေပျက်စီးမှုများအား အကြောင်းပြု၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ အဆိုမူကြမ်းတစ်ရပ် ချမှတ်အရေးယူနိုင်ရေး ဖိအားပေး ဆောင်ရွက်ခြင်းများ ပြုလုပ်လာနိုင်သည်။ အလားတူ ပြီးခဲ့သည့် မေ ၅ ရက် စနေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ စတင်ကျင်းပတဲ့ အစ္စလာမ်နိုင်ငံများပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံတွင် ဘင်္ဂါလီများနှင့်ပတ်သက်၍ မြန်မာအစိုးရအပေါ် ပြင်းထန်စွာ အရေးယူဖို့ ဆွေးနွေးခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က OIC နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးကြဖို့ ပြောကြားခဲ့ပြန်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ OIC နှင့် အနောက်နိုင်ငံများသည် ဒုက္ခသည်ပြန်ပို့ရေးပြဿနာထက် ကျော်လွန်သော ဖိအားများကိုပေးလာကြပြီး အနာဂတ်ကိုမြော်တွေးကာ ကူညီရမည့်အစား အတိတ်ဖြစ်စဉ်များအတွက် စစ်ဆေးအရေးယူရန် ပိုမိုအလေးပေးလာကြသည်။ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ၊ ဟိန္ဒူဘာသာဝင် ၅၂ ဦး အသတ်ခံရမှု၊ ရခိုင်၊ မြို၊ ဒိုင်းနက်စသည့် ဒေသခံတိုင်းရင်းသား ၁၉ ဦး အသတ်ခံရမှု၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး နှင့် တပ်မတော်သားနှစ်ဦး အသတ်ခံခဲ့ရမှုတို့ကို ပြည်ဖုံးကားချပြီး လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်သမားများ နှိမ်နင်းရေး ဆောင်ရွက်မှုများအပေါ် စစ်ဆေးမေးမြန်း အမှုဆင်လာကြသည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) နှင့်လည်းကောင်း၊ R2P နှင့်လည်းကောင်း ခြိမ်းခြောက်မှုများ ပြုလုပ်လာကြသည်။ ယင်းကဲ့သို့ မလိုအပ်ဘဲ တပ်မတော်အပေါ် ဖိအားအလွန်အကျွံပေးမှုများသည် ယူဂိုဆလားဗီးယားစစ်ပွဲအတွင်း ယူဂိုဆလားဗီးယားတပ်မတော်ကို ဖိအားပေးမှုများနှင့် အလားသဏ္ဌာန်တူနေသည်။ ယင်းအချက်သည် နိုင်ငံမတည်မငြိမ် ဖြစ်ရုံမျှမက အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားနိုင်သလို စစ်မီးကြီးဟုန်းဟုန်းတောက်ကာ ဆီးရီးယားနှင့် အာဖဂန်နစ္စတန်ကဲ့သို့ စစ်မြေပြင်လည်း ဖြစ်သွားနိုင်သည်။ တပ်မတော် အပေါ်ကို ပစ်မှတ်ထား ဦးတည်တိုက်ခိုက်သည်ဟု ဆိုသော်လည်း နိုင်ငံတော်နှင့် အစိုးရပါ သိက္ခာကျသည့်အပြင် အကျိုးဆက်ကို ပြည်သူ ၅၂ သန်းလုံးက ခံစားရမည်ဖြစ်သည်။ ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံတည်တံ့စေရေး၊ မြန်မာ့မြေကို နိုင်ငံတကာစစ်မြေပြင် မဖြစ်စေရေးနှင့် ရခိုင်ပြဿနာ၏ အဆုံးသတ်က မြန်မာနိုင်ငံ၏ နိဂုံးမဖြစ်ရန်မှာ ယနေ့ မြန်မာပြည်သူ အားလုံး၏ တာဝန်ဖြစ်ပေသည်။ အစိုးရဘက်မှလည်း ကစားကွက်ပြောင်းပြီး ကစားဖို့လိုအပ်သလို ပြည်သူများဘက်မှလည်း အစွဲအမျိုးမျိုးဖြင့် အိမ်ကြက်ချင်းခွပ်နေမှုကို ရပ်တန့်ကာ စည်းလုံးညီညွတ်စွာဖြင့် တုံ့ပြန်ရမည့် အချိန်ဖြစ်ပါကြောင်း အကြံပြု တိုက်တွန်းလိုက်ရပါသည်။