w နာလန်မထူနိုင်သူတို့၏ စိုက်ပျိုးရေးတာအဖွင့် - Eleven Media Group <

နာလန်မထူနိုင်သူတို့၏ စိုက်ပျိုးရေးတာအဖွင့်

မကွေးမြို့နယ်အတွင်း မိုးကြိုနှမ်း စိုက်ပျိုးမှုလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်လေ့ရှိသည့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ရက်ကပင် မိုးနံ့သင်းခဲ့သည်။ ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့်နှမ်းကို အဓိကစိုက်ပျိုးလေ့ရှိသည့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင် မိုးနံ့မသင်းသည့်တိုင် နှစ်စဉ် ဧပြီလကုန်ပိုင်းရောက်သည်နှင့် မိုးကြိုကြဲအဖြစ် မြေပဲနှင့်နှမ်းများကို စိုက်ပျိုးလေ့ရှိကြသည်။

ယခုနှစ်တွင် သင်္ကြန်ပြီးစကာလမှစ၍ မကွေးမြို့နယ်အတွင်း မြေပဲနှင့်နှမ်းများကို မိုးကြိုစိုက်ပျိုးသည့်နည်းဖြင့် စိုက်ပျိုးခဲ့ကြသည်။ မေလဆန်းပိုင်းတွင် မိုးသက်လေပြင်းများနှင့်အတူ မကွေးတိုင်းအတွင်း မြို့နယ်အချို့တွင် မိုးရွာသွန်းမှုများ ရှိခဲ့သောကြောင့် ပုံမှန်မိုးဦးကျအဖြစ် သီးနှံများ စတင်စိုက်ပျိုးခဲ့ကြသည်။ ယင်းသို့ မိုးကြိုရာသီ စိုက်ပျိုးရေးလုပ်ငန်းများ စတင်လာသည်နှင့် အစဉ်အလာတစ်ခုကဲ့သို့ မြင်တွေ့ကြားသိနေရသည်မှာ မျိုးစေ့မျိုးဆန်ဖိုး ဈေးကြီးမြင့်မှု၊ လုပ်သားနှင့် ခိုင်းနွားမလုံလောက်မှု၊ တောင်သူများ မျှော်မှန်းသကဲ့သို့ ရာသီဥတုပုံမှန်မဖြစ်မှုတို့ပင် ဖြစ်သည်။

အဆိုပါအသံများကို နှစ်စဉ်နီးပါး ကြားနေရသည်သာမက သီးနှံရိတ်သိမ်းချိန်တွင်လည်း လုပ်သားနှင့် နွားရှဉ်းများ ဈေးကြီးမှု၊ သီးနှံထွက်နှုန်း လျော့ကျမှု၊ ရာသီပေါ်သီးနှံ ဈေးမကောင်းမှုတို့ကလည်း ပုံမှန်ဖြစ်ပေါ်လေ့ရှိကြသည်။ ယင်းသို့အခြေအနေများကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ရင်ဆိုင်ဖြတ်သန်းလာခဲ့ရသော်လည်း တောင်သူများအနေဖြင့် မိုးရိပ်ဆင်လာသည်နှင့် ထွန်ရေးပြင်ကြရသည်။ မိုးပေါက်ကျသည်နှင့် မျိုးစေ့ချကြရသည်။ တွက်ခြေမကိုက်သော်လည်း စိုက်ပျိုးရေးသံသရာထဲတွင်သာ တ၀ဲလည်လည် ဖြတ်သန်းကြရသည်။ ဘိုးဘွားအစဉ်အဆက် ယာမြေများကို ထွန်ယက်၍ သီးနှံစိုက်ပျိုးလာသူများ ဖြစ်သည့်အပြင် အခြားအလုပ်အကိုင် အခွင့်အလမ်းများလည်း မရှိကြသောကြောင့် နှစ်စဉ်နီးပါး အရှုံးဖြင့်သာ နပန်းလုံးရသော်လည်း စိုက်ပျိုးရေးကိုမစွန့်ပယ်နိုင်ဘဲ ဖက်တွယ်ထားကြရသည်။

မကွေးတိုင်းအတွင်း တောင်သူများတွင် “တစ်မိုးကောင်းတစ်ချောင်းစီး” ဟူသည့်စကားဖြင့် မျှော်လင့်ချက်ထားလေ့ရှိကြသည်။ ထိုစကားသည် စိုက်ပျိုးရေးလုပ်ငန်းတွင် သုံးနှစ်လျှင် တစ်နှစ်စာ ရာသီဥတုကိုက်ညီပါက အရင်းကြေသည့်အပြင် အမြတ်ပါရသည်။ သုံးနှစ်တွင် တစ်နှစ်တာ သီးနှံထွက်နှုန်းကောင်းလျှင် တောင်သူများအတွက် တွက်ခြေကိုက်သည်ဟု အဓိပ္ပာယ်ရသည်။ သို့သော် မိုးမျှော်ချိန်တွင် မိုးပြတ်သွားခြင်းကြောင့် သီးနှံပင်များပျက်စီးမှု၊ မိုးမလိုချိန်တွင် မိုးရွာသွန်းခြင်းကြောင့် သီးနှံပင်များ အသီးအဆန်မထည့်နိုင်မှု၊ သီးနှံရိတ်သိမ်းချိန်တွင် အခါမဲ့ မိုးရွာသွန်းခြင်းကြောင့် ရိတ်သိမ်းလက်စသီးနှံများ လေလွင့်ဆုံးရှုံးရမှုတို့က နှစ်စဉ်ဖြစ်ပေါ်လေ့ရှိသည်နှင့်အမျှ တောင်သူများနှင့် အသားကျသကဲ့သို့ပင် ရှိနေပြီဖြစ်သည်။

“ကျေးရွာတွေက နှစ်တိုင်းရှုံးနေတာကို ဘာကြောင့်စိုက်ပျိုးရေးတွေ ဆက်လုပ်နေလဲဆို သူတို့မှာ ဒီစိုက်ပျိုးမြေတွေကလွဲလို့ ကျန်တာလည်း လုပ်စရာမရှိကြဘူးလေ။ စိုက်ကြပျိုးကြတယ်ဆိုတာလည်း ဘိုးဘွားအစဉ်အဆက်ကတည်းက သမားရိုးကျနည်းတွေ အတိုင်းပဲ။ တကယ်က သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဖောက်ပြန်နေတဲ့ ရာသီဥတုကို ခံနိုင်ရည်ရှိမယ့်၊ ရာသီအလိုက် စိုက်ပျိုးရေးကို အထောက်အကူဖြစ်နိုင်မယ့် နည်းပညာတွေ ကူညီထောက်ပံ့ပေးနိုင်ဖို့ လိုပါတယ်။ ဒီလိုမှစီမံချက်ချပြီး မကုစားနိုင်ရင် လုံးပါးပါးလိုက်နေတဲ့ တောင်သူတွေရဲ့အနာဂတ်က အတော်စိုးရိမ်ဖို့ကောင်းပါတယ်” ဟု ရေနံချောင်းမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။

ထိုသူပြောပြသကဲ့သို့ တောင်သူများ၏ အနာဂတ်က စိုးရိမ်ရသည်ဆိုခြင်းထက် လက်တွေ့တွင်ပင် တောင်သူများ၏ဘ၀က စိုးရိမ်ရသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်ဟု ထင်မြင်မိသည်။ ခိုင်းနွားတစ်ကောင်လျှင် ကျပ် ၁၀ သိန်းဝန်းကျင်၊ လှည်းနှင့် လယ်ယာသုံး ကိရိယာများအတွက်က ကျပ် ၁၀ သိန်းခန့်၊ သီးနှံစိုက်ပျိုးသည့်ယာမြေများ၏ ကာလတန်ဖိုးများ စုစုပေါင်းကြည့်လျှင် တောင်သူတစ်ဦး၏ ပင်မရင်းနှီးထားရသည့် ပမာဏသည်ပင် ကျပ်သိန်း ၁၀၀ ခန့် အနည်းဆုံးရှိသည်။ ယာမြေဧက ၅၀ ခန့်ပိုင်ဆိုင်သည့် တောင်သူတစ်ဦးအတွက်ဆိုလျှင် ပင်မရင်းနှီးထားရသည့် ပမာဏကပင် ကျပ်သိန်း ၅၀၀ ကျော်ရှိမည်ဖြစ်သည်။

ထိုငွေကြေးပမာဏများကို ဈေးတွက်တွက်ကြည့်လျှင် တစ်လစာချင်းအတွက် အတိုးနှုန်းကပင် မနည်းရှိမည်ဖြစ်သည်။ တောင်သူအများစုက ထိုသို့ပင်မရင်းနှီးထားရသည်များနှင့် ၎င်းတို့၏ ကိုယ်ပိုင်လုပ်အားခများ ထည့်မတွက်ပါဘဲနှင့် မျိုးစေ့ဖိုး၊ ထွန်ရှဉ်းခ၊ ငှားသုံးရသည့် လုပ်အားခများနှင့်ပင် တွက်ခြေမကိုက်မှုကို နှစ်စဉ်နီးပါး ကြုံတွေ့နေပြီဖြစ်သည်။

“အရင်နှစ်က ပဲစင်းငုံတစ်တင်းကိုကျပ် ၁၀၀၀၀ အောက်အထိ စံချိန်တင်ဆင်းသွားတော့ ကျေးရွာအများစုမှာ တောင်သူတွေက ပဲစင်းငုံကို လုံးဝမရိတ်သိမ်းဘဲ လွှတ်ထားလိုက်ကြတာတွေအထိ ဖြစ်ခဲ့တယ်။ တစ်တင်းလုံးရောင်းမှ ရမယ့်ငွေက အဲဒီတစ်တင်းစာအတွက် ခုတ်သိမ်းရမယ့် လုပ်အားခလောက်ဖြစ်နေတော့ ထပ်အရှုံးမခံတော့တာပါ။ ပဲစင်းငုံက အဆိုးဆုံးဖြစ်ခဲ့တယ်ဆိုပေမယ့် မြေပဲနဲ့ နှမ်းတွေလည်း သိပ်မထူးပါဘူး။ အရင်နှစ်က မြေပဲတွေ ထွက်နှုန်းကောင်းတယ် ဆိုပေမယ့် သူတို့ရောင်းရတဲ့ဈေးနဲ့ ကုန်ကျစရိတ်တွေ အကုန်တွက်ကြည့်ရင် သူတို့ကိုယ်ပိုင် လုပ်အားခတွေတောင် ရှုံးပါသေးတယ်” ဟု မကွေးမြို့မှ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ယခင်နှစ်က မကွေးတိုင်းအတွင်း မြို့နယ်အများစုတွင် မြေပဲအထွက်နှုန်းများ ကောင်းသည့်အခြေအနေ ရှိခဲ့သော်လည်း မြေပဲအတောင့်တစ်တင်းလျှင် ကျပ် ၁၀၀၀၀ ခန့် ဈေးရရှိချိန်တွင် မြေပဲခူးဆွတ်ခက တစ်တင်းလျှင် ကျပ် ၁၅၀၀ ရှိခဲ့သည်။ ထိုသို့ တစ်တင်းလျှင် ကျပ် ၁၅၀၀ ခူးဆွတ်ခပေးသည်ကိုပင် လုပ်သားလုံလောက်စွာမရရှိမှုကြောင့် မြေပဲပင်များကို ယာခင်းမှနုတ်၍ ရွာထဲသို့ သယ်ယူကာ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများပါ ခူးဆွတ်ပေးကြရသည်။ ထိုအခြေအနေများ ဖြစ်ပေါ်လာခဲ့သည်မှာလည်း သုံးနှစ်ခန့်ရှိခဲ့ပြီဖြစ်သည်။

“ရာသီဥတုတွေကလည်း မှန်းမရ။ တကယ်စိုက်ရက်ပျိုးရက်ဆို လူကလည်း ခေါ်ချင်တိုင်း ခေါ်လို့မရဆိုတော့ မြေပဲဆိုရင် သက်ရင့် (ပင်ပြန့်) မြေပဲကိုကြဲသူတွေ နည်းလာတယ်။ သက်နု (ပင်ထောင်) မြေပဲတွေကိုပဲ စိုက်သူများလာတယ်။ ပင်ထောင်ကိုစိုက်တာလည်း မိုးဦးကျကျချင်း တန်းစိုက်တာမဟုတ်ဘဲ မိုးလယ်ပိုင်းလောက် မရောက်တရောက်မှ ၀ါဆိုပဲဆို စိုက်ကြတယ်။ အဓိကတော့ လုပ်သားချောင်မယ့် အချိန်ကိုကိုက်ပြီး စိုက်ပျိုးလာကြတာပါ။ လုပ်သားတွေ ခက်ခဲလွန်းတော့ ယာမြေများများပိုင်တဲ့ တောင်သူတွေက သူတို့ယာမြေအပြည့် သီးနှံစိုက်ရမှာကို ကြောက်လာကြတယ်။ လုပ်အားခတွေက ဈေးကြီးလွန်းတော့ သီးနှံပေါ်ချိန်ဆို ယာပိုင်ရှင်နဲ့ ကူလီနဲ့က တစ်ယောက်တစ်ဝက် ခွဲယူကြရသလို ဖြစ်လာပါတယ်” ဟု ရေနံချောင်းမြို့နယ် ဥသျှစ်ကုန်းကျေးရွာမှ တောင်သူဦးဘိုလွင်က ပြောကြားသည်။

ယခင်နှစ် မိုးဦးကျရာသီက စမုန်နက်နှမ်းများကို ဂျပန်နိုင်ငံမှ ၀ယ်ယူမည့်အခြေအနေများရှိခဲ့ပြီး မကွေးတိုင်းအတွင်းအထိ ကွင်းဆင်းလေ့လာမှုများ ရှိခဲ့သည်။ သို့သော် အမှန်တကယ် သီးနှံပေါ်ချိန်တွင် ဂျပန်နိုင်ငံမှ ၀ယ်ယူလိုသည့် အခြေအနေထက် နှမ်းများတွင် ဓာတု ဓာတ်ကြွင်းများ ပါဝင်နေသည်ဟုဆိုကာ မှန်းချက်နှင့်နှမ်းထွက် မကိုက်ညီဖြစ်ခဲ့ရသည်။

မည်သို့ပင် တွက်ခြေမကိုက်မှုများ၊ အရှုံးပေါ်မှုများ ရင်ဆိုင်နေရသည်ဖြစ်စေ ဘိုးဘွားစဉ်ဆက်မှစ၍ ယာမြေများကိုသာ ထွန်ယက်စိုက်ပျိုးလာကြသူများက မိုးကြိုရာသီကပင် သီးနှံစိုက်ပျိုးရေးများ စနေကြပြန်ပြီဖြစ်သည်။ “တစ်မိုးကောင်း တစ်ချောင်းစီး” ကိုမျှော်၍ စိုက်ပျိုးကြရင်း ရာသီဥတုဖောက်ပြန်မှု၊ သီးနှံဈေးကွက် မတည်ငြိမ်မှုများကိုသာ အသီးအပွင့်အဖြစ် မြင်တွေ့ခွင့်ရနေသည့် တောင်သူများက ၂၀၁၈ ခုနှစ် စိုက်ပျိုးရာသီကို မျှော်လင့်ချက်ကိုယ်စီဖြင့် တာစဖွင့်နေကြပြီ ဖြစ်သည်။

May 13, 2018














Copy Protected by Chetan's WP-Copyprotect.