မြောင်းမြကြိုးတံတားကပေးတဲ့ သင်ခန်းစာ

မြောင်းမြကြိုးတံတားကပေးတဲ့ သင်ခန်းစာ
Published 14 May 2018

မြောင်းမြကြိုးတံတား ပျက်ကျနေသည်ကို တွေ့ရစဉ်

၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှ စတင်ကာ မြောင်းမြမြို့နှင့် လပွတ္တာမြို့များအတွက် စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ မြောင်းမြကြိုးတံတားဟာ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်မှာ တာဝန်ကနေ အနားယူခဲ့ပါတယ်။ မြောင်းမြမြို့နယ်နှင့် လပွတ္တာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူပေါင်း လေးသိန်းကျော်သာမက မြန်မာနိုင်ငံတစ်ခုလုံးမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ဒါကိုမယုံကြည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ဒါဟာ April Fool မဟုတ်ပါဘူး။ တကယ်ကိုဖြစ်ခဲ့တဲ့ အမှန်တရားပါ။ ထိုနေ့ ထိုအချိန်မှာ ရန်ကုန်မြို့ကနေ မြောင်းမြမြို့ကို ကြက်စာကုန်များ တင်ဆောင်လာတဲ့ ၁၆ တန် ခြောက်ဘီးယာဉ်တစ်စင်းနဲ့အတူ ယာဉ်မောင်း ဦးမဲကြီး (ခ) ဦးသန့်ဇင်ထိုက်၊ ယာဉ်အကူ ကိုဂျူးဂျူး (ခ) ကိုဝင်းထိုက်အောင်တို့ နှစ်ဦးကိုပါ မြောင်းမြကြိုးတံတားကြီးဟာ မြစ်ကြမ်းပြင်အောက်သို့ ခေါ်ဆောင်သွားခဲ့ပါတယ်။

၁၂၇၀ ပေ အလျားရှိပြီး နေ့စဉ် မော်တော်ယာဉ်အစီးရေ ၅၀၀ ကျော်နဲ့ မော်တော်ဆိုင်ကယ်အစီးရေ ထောင်ကဏန်းခန့် ဖြတ်သန်းသွားလာနေပြီး အလေးချိန် တန် ၂၀ အထိ ခွင့်ပြုပေးထားတဲ့ တံတားတစ်စင်းဟာ အခုလို ပျက်ကျပျက်စီးသွားမယ်လို့ မည်သူကမျှ ထင်မထားပါဘူး။ လူနှစ်ဦးနဲ့ ကုန်ကားတစ်စီးပါဝင်သွားတဲ့ တံတားကြီးပျက်ကျမှုဟာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာပေါ်မှာပါ ဖြစ်ခေါင့်ဖြစ်ခဲ့ကိစ္စပါပဲ။ တန်ချိန်ပိုမို တင်ဆောင်လာလို့ ခံနိုင်ဝန်အားမမျှမတဘဲ ပျက်ကျခဲ့ရတာမဟုတ်ဘူး။ သတ်မှတ်ထားတဲ့ ခံနိုင်ဝန်အားအောက်မှာ ကုန်ယာဉ်တန်ချိန်အတိုင်း ဖြတ်သန်းချိန်မှာ ပျက်ကျခဲ့တာပါ။ မတ် ၁၁ ရက်ကပင် တံတားပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ထားပြီး ပြင်ဆင်ထိန်းသိမ်းပြီးနောက် ၂၁ ရက်အကြာမှာ အခုလို တံတားကြီးတစ်စင်းလုံး ပြိုကျပျက်စီးသွားမယ်လို့ မည်သူကမျှ ထင်မထားခဲ့ပါဘူး။

တည်စဉ်က လွဲချော်မှုများ

မြောင်းမြကြိုးတံတားဟာ ၁၉၉၄ ခုနှစ် မတ် ၁ ရက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ထိုအချိန်က တရုတ်နိုင်ငံမှ အင်ဂျင်နီယာများနှင့် ပူးပေါင်းကာ ပင်မတံတားအလျား ၆၀၀ ပေ၊ မြေပြင်ခန်းဖွင့်တံတား အလျား ၂၇၀ ပေ၊ ချဉ်းကပ်တံတား အလျား ၄၀၀ ပေနဲ့ စုစုပေါင်း တံတားအလျားဟာ ပေ ၁၂၇၀ ရှည်လျားခဲ့ပါတယ်။ ယာဉ်သွားလမ်းအကျယ်ဟာ စတင်တည်ဆောက်ပြီးချိန်မှာ ၂၄ ပေ ၇ ဒသမ ၃ လက်မ ကျယ်ခဲ့ပေမယ့် နောက်ပိုင်း တံတားခံနိုင်ဝန်အား လျော့ကျလာတာနဲ့အမျှ မော်တော်ယာဉ်သွားလာဖို့ လမ်းပိုင်းအကျယ်ကို လျှော့ချကန့်သတ်ခဲ့ပါတယ်။ လူသွားလမ်းအကျယ်ဟာ တစ်ဖက်ကိုငါးပေ ပါဝင်ခဲ့တယ်ဆိုပေမယ့် သံဘောင်ဆွဲကြိုးတံတားဖြစ်ပေမယ့် အသုံးပြုထားတဲ့ လူသွားလမ်းဟာတော့ သစ်သားခင်းလမ်းပါ။

ကြိုးတံတားအသစ် စတင်တည်ဆောက်ပြီးချိန်ကတည်းက တံတားဟာ နည်းပညာလိုအပ်ချက် ထိုအချိန်က တာဝန်ရှိသူများရဲ့ အာဏာကို တလွဲအသုံးမှုများကြောင့် တန်ချိန် ၈၅၀၀ အလေးချိန်ရှိသော ကွန်ကရစ်ကြိုးထိန်းခုံ နိမ့်ကျမှုဖြစ်စဉ်ရှိခဲ့၍ ပြန်လည်ပြင်ဆင်ခဲ့ရသော တံတားဖြစ်ပါတယ်။ ကွန်ကရစ်ကြိုးထိန်းခုံဟာ သတ်မှတ်ရက်မတိုင်မီ ကြိုးဝိတ်ကို ထမ်းခဲ့ရတာကြောင့် မြောင်းမြဘက်ကမ်းရှိ ကွန်ကရစ်ကြိုးထိန်းခုံ နိမ့်ကျခဲ့ပြီး တာဝါတိုင်ပါ မြစ်၏ဆန့်ကျင်ဘက်သို့ ၁၁ လက်မ စောင်းရမည့်အစား မြစ်ဘက်သို့ ခုနစ်လက်မ စောင်းနေခဲ့ရပါတယ်။ ထိုအချိန်က တံတားတည်ဆောက်ရာမှာ ပါဝင်ခဲ့တဲ့ အင်ဂျင်နီယာများရဲ့ ပြောကြားချက်များအရ မြောင်းမြကြိုးတံတားကို တည်ဆောက်ပေးခဲ့တဲ့ တရုတ်အင်ဂျင်နီယာများဟာ အာမခံသက်တမ်း နှစ် ၂၀ သာပေးခဲ့တယ်လို့ ဆိုပါတယ်။ တံတား မကြာခဏပျက်စီးမှုတွေကြောင့် အကြိမ်ကြိမ် ပြင်ဆင်ခဲ့ရပါသေးတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ယခုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြောင်းမြမြို့နယ် အောင်နိုင်ရေးခရီးစဉ်မှာ လူထုခေါင်းဆောင်ကို လာရောက်ကြိုဆိုနှုတ်ဆက်ကြသူတွေ များပြားလွန်းတာကြောင့် မြောင်းမြကြိုးတံတားမှာရှိတဲ့ သံပေါင်ဆွဲကြိုးတစ်ချောင်း ပျက်တောက်ခဲ့မှုကို ပြန်လည်ပြင်ဆင်ခဲ့ရပါသေးတယ်။

တံတားပျက်စီးပြီးနောက် ဘာတွေလုပ်ခဲ့ကြလဲ

မြောင်းမြကြိုးတံတား ပျက်ကျခဲ့ခြင်းကြောင့် အခက်အခဲမျိုးစုံကို တွေ့ကြုံရတာဟာ မြောင်းမြမြို့နယ်အတွင်းမှာရှိတဲ့ လူဦးရေနှစ်သိန်းကျော်တွင်မကဘဲ လပွတ္တာမြို့နယ်အတွင်းရှိ လူဦးရေ နှစ်သိန်းကျော်ပါ ပါဝင်ခဲ့ပါတယ်။ လပွတ္တာမြို့နယ်နဲ့ မြောင်းမြမြို့နယ် မြို့နှစ်ခုလုံးက မှီခိုအားထားရတဲ့ တံတားကြီးတစ်စင်းလုံး ပျက်ကျသွားတာဟာ။ မြို့နယ်နှစ်ခုစလုံးရဲ့ လမ်းပန်းဆက်သွယ်ရေး ပျက်တောက် ကုန်စည်စီးဆင်းမှု ပျက်တောက်ရခြင်းပါပဲ။

ဧပြီ ၁ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်မှာ တံတားကြီး ကျိုးကျပျက်စီးခဲ့ပါတယ်။ တံတားပျက်စီးပြီးနောက် မနက်ပိုင်းကနေစပြီး မြောင်းမြမြို့ဘက်ကမ်းမှာ ကားအစီးရေ ၂၀၀ ခန့်၊ ကွယ်လွယ်ကျေးရွာဘက်ကမ်းမှာ ကားအစီးရေ ၂၀၀ ခန့်က ဦးတည်ရာခရီးကို ဆက်လက်မထွက်ခွာနိုင်တော့ဘဲ ပိတ်မိနေခဲ့ပါတယ်။ ခရီးသည်တင်ယာဉ်လိုင်း အားလုံးဟာလည်း ယာယီရပ်နားလိုက်ရပြီး ခရီးသွားပြည်သူတွေဟာ ကူးတို့လှေများနှင့်တစ်ဆင့် လိုရာခရီးကို ဆက်သွားရပါတော့တယ်။ တိုင်းဒေသကြီးအစိုးရ ပြည်ထောင်စုဝန်ကြီးများစွာ မြောင်းမြမြို့ကို ရောက်ရှိလာပြီးတော့ တံတားပျက်စီးပြီးနောက် လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်ဖို့ အလျင်အမြန် စီစဉ်ပေမယ့် လုပ်ငန်းစဉ်အချို့ဟာ လွဲချော်ခဲ့ပါတယ်။

ဧပြီ ၂ ရက် ညနေပိုင်းကနေ စတင်ပြီးတော့ မြောင်းမြမြို့ခံပြည်သူများက ခရီးသွားပြည်သူများ အဆင်ပြေစေရေးအတွက် ကူးတို့လှေများကို အခမဲ့ စတင်ပြေးဆွဲပေးခဲ့ပါတယ်။ ဒါဟာ အစိုးရပိုင်းက လုပ်ဆောင်တာ မဟုတ်ပါဘူး။ ပြည်သူများအင်အားနဲ့ လုပ်ဆောင်တာပါ။ အစိုးရပိုင်းက မော်တော်ယာဉ်များ သွားလာရေးအတွက် ဇက်ဆိပ်ဆောက်လုပ်ဖို့ အလျင်အမြန်စီစဉ်ပြီး မြောင်းမြမြို့ဘက်ကမ်းမှာ ပြန်ကြားရေးရုံးရှေ့မှာ တစ်နေရာ၊ ကွယ်လွယ်ဘက်ကမ်း ဇက်ဆိပ်ဟောင်းနေရာမှာ တစ်နေရာ စတင်ပြီးတော့ တည်ဆာက်ခဲ့ပါတယ်။ အစိုးရပိုင်းက ဇက်တွေကို အလျင်အမြန်ပို့ဆောင်ပေးမယ်လို့လည်း ကတိပေးခဲ့ပါသေးတယ်။

ဧပြီ ၄ ရက်မှာတော့ မော်တော်ယာဉ်များ စတင်ကူးသန်းဖို့အတွက် ဇက်တစ်စင်း စတင်ရောက်ရှိလာပါတယ်။ ဒါဟာ အစိုးရကစီစဉ်တဲ့ ဇက်မဟုတ်ပါဘူး။ မြောင်းမြမြို့သူ မြို့သားများရဲ့ အကူအညီတောင်းခံမှုအရ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးဝင်းအောင်ဆိုသူက သူကိုယ်ပိုင်ဇက်နဲ့ သူကိုယ်တိုင်မောင်းနှင်ကာ အခမဲ့ လာရောက်ကူညီပေးခြင်းပါ။ သူ့ဆီသူထည့် သူ့ထမင်း သူစားပြီး မြို့ခံလူမှုရေးအဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ အခမဲ့လာရောက် ကူညီပေးခဲ့တာပါ။ ဦးဝင်းအောင်ရဲ့ ဇက်အပြင် မြောင်းမြမြို့ခံ လှိုင်စက်ဘီးအပိုပစ္စည်းဆိုင်က ပိုင်ရှင်ရဲ့ ကူညီပေးမှုကြောင့် ဇက်ကြီးတစ်စင်းပါ လာရောက်ကူညီပေးခဲ့မှုကြောင့် မြို့ပေါ်မှာပိတ်မိနေတဲ့ မော်တော်ယာဉ်များကို သယ်ပို့ပေးနိုင်ခဲ့ပါတယ်။ ယင်းဇက်အတွက် ကုန်ကျခဲ့တဲ့ စက်သုံးဆီဖိုး ကျပ်သိန်း ၇၀ ကိုတောင်မှ မည်သူမျှ ပြန်လည်မပေးနိုင်ခဲ့ပါဘူး။ အဲဒီအချိန်မှာ မြောင်းမြမြို့ ၇ လမ်း သင်္ဘောဆိပ်မှာ ရပ်နားထားတဲ့ အစိုးရပိုင်ဇက်ကြီးများကို ငေးကြည့်ရုံပဲ ကြည့်ခဲ့ရပါတယ်။

ဧပြီ ၆ ရက်မှာတော့ အစိုးရဇက်ကြီးများ စတင်ပြေးဆွဲပေးခဲ့ပြီး။ ဧပြီ ၉ ရက်မှာတော့ ခရီးသွားများ အဆင်ပြေရေးအတွက် အစိုးရက တောသူမယ် နှစ်ထပ်ရေယာဉ်တစ်စင်းရယ် ဆိပ်ခံဘောတစ်ခုရယ်ကို စီစဉ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စောမာလာအမည်ရှိ နှစ်ထပ်ရေယာဉ်တစ်စင်းကိုပါ အခမဲ့ ထပ်တိုးပြေးဆွဲပေးခဲ့ပါတယ်။ တပ်မတော်ရေကလည်း ကမ်းထိုးဇက်ရေယာဉ်နှစ်စင်းကိုပါ လာရောက်ကူညီပြေးဆွဲပေးခဲ့ပါတယ်။ မြောင်းမြမြို့ပေါ်တင် အိမ်စီးကားငယ်များ သွားလာနိုင်ရေးအတွက် ဇက်ဆိပ်အသစ်တစ်ခုကိုလည်း ထပ်မံတည်ဆောက်နေပြီးတော့၊ လပွတ္တာမြို့မှ မော်တော်ယာဉ်များ အလျင်အမြန် သွားလာနိုင်ရေးအတွက်လည်း လပွတ္တာ-ညောင်ချောင်းလေး- ငပုတောကားလမ်းမပေါ်မှာရှိတဲ့ ညောင်ချောင်းလေး ဇက်ဆိပ်အသစ်တစ်ခုကိုပါ ထပ်မံတည်ဆောက်ပေးခဲ့ပါတယ်။

မြောင်းမြကြိုးတံတား ပျက်ကျပြီးနောက် ခရီးသည်များ ခက်ခက်ခဲခဲသွားလာနေရစဉ်

အစိုးရပိုင်းက ဆောင်ရွက်ချက်တွေဟာ တကယ်အဆင်ပြေချောမွေ့ရဲ့လား

ဇက်ရေယာဉ်များကိုရော ခရီးသည်တင် ကူးတို့များကိုပါ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်အရ အခမဲ့လို့ဆိုပြီး ပြေးဆွဲပေးခဲ့ပါတယ်။ အခမဲ့ဆိုတာ ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုဆိုပေမယ့် လိုအပ်ချက်တွေ အများကြီးဖြစ်ပေါ်ခဲ့ပါတယ်။ အစိုးရက ဇက်များအတွက် ဆီ၊ အခြားသောဝန်ထမ်းများအတွက် ပုံမှန်လစာကိုပေးချေပေမယ့်။ ဇက်များပေါ် ကားများအတင်အချအတွက် လုပ်သားများ၊ ဇက်တင်ချရာတွင် အသုံးပြုမည့် ဆက်စပ်ပစ္စည်းများကိုတော့ လိုအပ်ချိန်တိုင်း မပေးနိုင်ပါဘူး။ မြို့ပေါ်မှ အလှူရှင်များဟာ ဇက်ရေယာဉ်မှ ဝန်ထမ်းများ၊ လာရောက်ကူညီဝိုင်းဝန်းသူ လူမှုရေးအဖွဲ့အစည်းများကို နေ့စဉ်ထမင်းလှူဒါန်းပေးနေခဲ့ပေမယ့် ဒါဟာ ရေရှည်မှာ လွယ်ကူတဲ့ကိစ္စ မဟုတ်တာကြောင့် နောက်ဆုံးမှာ မြောင်းမြမြို့နဲ့ လပွတ္တာမြို့များက ကုန်ကားပိုင်ရှင်များက စုစည်းပြီးတော့ ကုန်ကားတစ်စီး ဇက်ကူးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် စုစည်းပြီး လှူဒါန်းမှုတွေပါ လုပ်ရပါတော့တယ်။

ယခုဆိုလျှင် မြောင်းမြမြို့မှာ တည်ဆောက်ဆဲ အိမ်စီးကားငယ်များ အသုံးပြုဖို့ ဇက်ဆိပ်ကတော့ စတင်အသုံးပြုလို့မရသေးတာကြောင့် မသိရသေးပေမယ့်၊ လက်ရှိအသုံးပြုနေတဲ့ ပြန်ကြားရေးရုံးရှေ့ ဇက်ဆိပ်ကတော့ လုံးဝကို အဆင်မပြေပါဘူး။ ဇက်ဆိပ်တည်ဆောက်ပုံ လိုအပ်ချက်တွေကြောင့် မော်တော်ယာဉ်များ ဇက်အဆင်းအတက်ပြုရာမှာ လုံးဝအဆင်မပြေတာကြောင့် မော်တော်ယာဉ်များ ထိခိုက်ပျက်စီးမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဧပြီ ၂၈ ရက်မှာဆို ကုန်တင်ယာဉ်တစ်စီး လေးထုတ်ပြုတ်ကျတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ ဇက်ကူးရာမှာ အဆင်ပြေရေး မြို့ခံပြည်သူများနဲ့ ဌာနဆိုင်ရာများ စုပေါင်းဖွဲ့စည်းထားတဲ့ ကော်မတီကနေ ဇက်ဆိပ်သစ်တစ်ခုကို တည်ဆောက်နေရပါတယ်။ ကုန်တင်ယာဉ်များမှ စုထည့်လှူဒါန်းတဲ့ အလှူငွေနဲ့ တည်ဆောက်နေတာပါ။

မြောင်းမြမြစ်ချောင်းအတွင်း မြစ်ရေညစ်နွမ်းမှုနဲ့ အသုံးပြုနေရတဲ့ ဇက်များရဲ့ အိုမင်းနေမှုကြောင့် ဇက်ရေယာဉ်များဟာ နေ့စဉ်လို စက်ပျက်ခြင်းများကို ဆက်တိုက်ကြုံနေရပါတယ်။ ဒီလိုစက်ပျက်ခဲ့ရင်လည်း အစိုးရပိုင်းက ပြင်ဆင်ဖို့ဆိုတာ မလာပါဘူး မြို့ခံပြည်သူများကပဲ ပြုပြင်နေရတာပါ။ ဒုတိယမြောက် ဖွင့်လှစ်ပေးခဲ့တဲ့ ညောင်ချောင်းလေး ဇက်ဆိပ်ဟာလည်း ရေတက်ရေကျအချိန်အရ အသုံးပြုနေရတာကြောင့် လုံးဝအဆင်ပြေမှုမရှိပါဘူး။ ဇက်အတက်အဆင်းလမ်း မပြေပြစ်မှုကြောင့် မော်တော်ယာဉ်များ ဆက်တိုက်ပျက်စီးထိခိုက်နေရတာပါပဲ။ မိုးတွင်းကာလသို့ ရောက်ရှိလာပါက မြစ်ရေပြင်လှိုင်းကြီးတာကြောင့် ဇက်ရေယာဉ်တွေ ပြေးဆွဲပေးဖို့ဆိုတာ မလွယ်လှတော့ပါဘူး။ အလှူငွေလက်ခံမှုတွေနဲ့ ခရီးသည်တင်ကားတွေဟာ အခမဲ့ကူးတို့ ပြေးဆွဲပေးမှုတွေကို လုပ်ဆောင်မှုပေါ် ယခုအထိ အငြင်းပွားနေလျက်ရှိနေသေးပြီး တိကျတဲ့ ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။

တံတားကျိုးပျက်ပြီးနောက် ဘာတွေဖြစ်ကုန်လဲ

မြောင်းမြကြိုးတံတားကြီး ကျိုးပျက်ပြီးနောက် အသေချာဆုံးတစ်ခုက မြောင်းမြမြို့နဲ့ လပွတ္တာမြို့များမှာ ကုန်စည်စီးဆင်းမှု ရပ်တန့်သလောက်ဖြစ်ခဲ့ရပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာရခြင်းပါ။ စက်သုံးဆီများ မကြာခဏ ပြတ်လပ်မှု ဈေးနှုန်းမြင့်တက်မှုတွေလည်း အကြိမ်ကြိမ်ကို ကြုံတွေ့နေရပါတော့တယ်။

“တံတားကြီးကျိုးတာမှာ ကျွန်တော်တို့ ရေလုပ်ငန်းသမားတွေအနေနဲ့ အများကြီးအခက်အခဲဖြစ်သွားတာပေါ့ဗျာ၊ ကျွန်တော်တို့တင်ပို့နေတဲ့ ဈေးကွက်ရှိရာ ရန်ကုန်မြို့ကို အချိန်မီ အခါမီ မရောက်နိုင်ဘူး၊ အချိန်မီရောက်ဖို့ကို ဒီမှာလုပ်ငန်းတွေကို အရင်ကထက် အလျင်စလိုပြီးအောင်လုပ်ရတယ်၊ တစ်ချိန်တုန်းက ကျွန်တော်တို့က ကုန်ကိုတစ်နေ့လုံးဝယ်လိုက်တယ်။ ညနေဘက်ကျမှ ပါကင်ထုပ်တယ်။ ည ၉ နာရီ ၁၀ မှ ထွက်သွားလည်းရတယ်။ လမ်းခရီးက ကောင်းမွန်နေတော့ လေယာဉ်တင်ချိန်မီအောင်ရောက်အောင်။ အခုတံတားကြီးကျိုးသွားတော့ နေ့လယ်လောက်အထိပဲ တက်တဲ့ကုန်ကိုဝယ် ညနေပိုင်းကို အပြီးလုပ် ဟိုကသတ်မှတ်ထားတဲ့အချိန်ကို ရောက်အောင်ပြေးပေါ့။ အဲဒီလိုမျိုးတွေ ပြေးရတယ်။ ပြီးတော့လည်း ကုန်ပစ္စည်းတွေက အလေအလွင့်တွေ ဖြစ်လာတယ်။ အရင်ကဆို ကုန်ကိုကားပေါ် တင်ပေးလိုက်တာနဲ့ ဈေးကွက်နေရာကို ကားရပ်ပြီးချပေးလိုက်ရုံပဲ အခုကျတော့ တံတားမရှိတော့ မြောင်းမြရောက်တာနဲ့ ဟိုဘက်ကမ်းရောက်ဖို့အတွက် စက်လှေပေါ်တစ်ခါချ စက်လှေပေါ်ကနေ ဟိုဖက်ကားပေါ် ပြန်ထမ်းတင် အဆင့်ဆင့်လုပ်ရတဲ့အခါမှာကျတော့ ဂဏန်းဟာ အရှင်ဖြစ်တာမို့ တင်လိုက်ချလိုက်လုပ်တာမှာ အလေအလွင့်ဖြစ်လာတယ်” လို့ လပွတ္တာမြို့က ရေလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးဇော်တင်မိုးက ပြောပါတယ်။

မြောင်းမြကြိုးတံတားကြီး တည်ဆောက်မပြီးစီးစဉ်အချိန်က ယခုလိုပဲ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့တယ်ဆိုပေမယ့် ခေတ်ကာလ အခြေအနေချင်းဟာ မတူတော့ပါဘူး။ တစ်ချိန်က မြောင်းမြမြို့နှင့် လပွတ္တာမြို့ပေါ်မှာ မော်တော်ဆိုင်ကယ်အစီးရေတောင် ၁၀၀ ပြည့်အောင်မရှိခဲ့ဘဲ မော်တော်ကားအစီးရေဟာ ၂၀ ကျော်မှာပဲ ရှိခဲ့ပါတယ်။ ခေတ်နဲ့အညီ အရာရာပြောင်းလဲလာမှုကြောင့် တံတားတစ်စင်းဟာ အထူးအရေးပါလှပါတယ်။ ယနေ့အချိန်ထိလည်း ခရီးသည်များ သွားလာရေးအတွက် အဆင်ပြေချောမွေ့စွာ စီစဉ်ပေးနိုင်မှုများ မရှိသေးပါဘူး။ နိုင်ငံတော်အစိုးရက အရာရာကို အခမဲ့လို့ ပြောဆိုခဲ့ပေမယ့် အရာရာကို အကုန်ကျခံပေးခဲ့တယ်ဆိုပေမယ့် ဇက်ဆိပ်မှာ လုပ်ဆောင်နေရတဲ့ လုပ်သားတွေ စေတနာ့ဝန်ထမ်းတွေအတွက် စားသောက်ဖို့၊ ဇက်ရေယာဉ်ပျက်စီးမှုတွေအတွက် အလျင်အမြန်ပြင်ဆင်ဖို့ ကုန်ကျစရိတ်တွေဟာ အချိန်မီမရောက်ရှိပါဘူး။

မြောင်းမြကြိုးတံတားက ပေးတဲ့သင်ခန်းစာ

နိုင်ငံတော်၏အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မြောင်းမြမြို့ခရီးစဉ်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားသွားတဲ့ စကားတစ်ခွန်းရှိပါတယ်။ ကြိုးတံတားပျက်စီးမှုကြောင့် လူနှစ်ဦးပဲ အသက်ဆုံးသွားတယ်လို့ သူမအနေနဲ့ မယူဆဘဲ လူနှစ်ဦးတောင်မှ အသက်ဆုံးခဲ့ရတာပါလားလို့ သူမအနေနဲ့ယူပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ မှန်ပါတယ်။ လူနှစ်ဦးတောင်မှ အသက်ဆုံးပါးခဲ့ရတာပါ။ ဒါပေမဲ့ အဲဒီကုန်ကားနေရာမှာ လူဦးရေ ၄၀ ကျော် လိုက်ပါလာတဲ့ ခရီးသည်ကားတစ်စီးသာ ဖြစ်ခဲ့မယ်ဆိုလျှင်။

မြောင်းမြကြိုးတံတားဟာ တန်ချိန် ၂၀ အထိ တရားဝင်ဖြတ်သန်းခွင့်ပြုထားတဲ့ တံတားတစ်စင်းပါ။ မပျက်စီးမီ ရက်ပိုင်းအတွင်းမှာပဲ တံတားကြံ့ခိုင်မှု ပြုပြင်စစ်ဆေးခြင်းတွေ ပြုလုပ်ခဲ့ပါသေးတယ်။ တံတားပျက်စီးခဲ့ပြီးနောက်ပိုင်းမှာတော့ တံတားပျက်ကျခဲ့မှုဟာ ကွန်ကရစ်ခုံအတွင်းမှာ ထည့်သွင်းထားတဲ့ သံကြိုးကနေ ဆွေးမြည့်ပြီး ပျက်စီးတယ်လို့ ဆိုပါတယ်။ ကွန်ကရစ်ခုံထဲက သံကြိုးတွေကိုတော့ စစ်ဆေးလို့မရတာမို့ ကြံ့ခိုင်မှုကို မပြင်ဆင်နိုင်ခဲ့ဘူးလို့ ဆိုပြန်ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုတွေအကြား ပြည်သူနှစ်ဦးကတော့ အသက်ပေးလိုက်ရပါတော့တယ်။

တံတားပျက်ပြီးနောက်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ မြောင်းမြကြိုးတံတားအပါအဝင် ကြိုးတံတားပေါင်း ၃၀ ခုရှိပြီး တံတားအားလုံးကို တစ်နှစ်လျှင် နှစ်ကြိမ်ပုံမှန်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ ကျန်ရှိသောတံတားများ ကြံ့ခိုင်ရေးအတွက် တရုတ်နိုင်ငံမှ အင်ဂျင်နီယာများ၊ ဂျပန်နိုင်ငံမှ အင်ဂျင်နီယာများနှင့် ပူးပေါင်းကာ တံတားကြံ့ခိုင်မှုများအတွက် စစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်သွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။ သတင်းထုတ်ပြန်ပြီးနောက်ပိုင်းမှာ တကယ်လည်း ကြိုးတံတားအားလုံးကို သွားရောက်စစ်ဆေးနေတာကို မြင်ရပါတယ်။ မကြာမီရက်ပိုင်းအတွင်းက မော်လမြိုင်မြို့ ဇာသပြင်ကြိုးတံတားကို ခံနိုင်ဝန်အား ၁၃ တန်အထိ လျှော့ချလိုက်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာလည်း မြောင်းမြကြိုးတံတားအပြင် မြင်းကဆိပ်ကြိုးတံတား၊ ပုသိမ်ကြိုးတံတား၊ ဝါးခယ်မကြိုးတံတား၊ လပွတ္တာကြိုးတံတား၊ ကျွန်းကုန်းကြိုးတံတားတို့ ကျန်ရှိနေပါသေးတယ်။ မြင်းကဆိပ်ကြိုးတံတားဟာ မကြာခဏ တံတားသံပေါင်ဆွဲကြိုးများ ပြတ်တောက်ခြင်း ဖြစ်ပေါ်နေခဲ့တဲ့ တံတားတစ်စင်းပါ။ လပွတ္တာကြိုးတံတားဟာလည်း တံတားကြံ့ခိုင်မှု လျော့နည်းလာမှုကြောင့် ယာဉ်ကုန်တန်ချိန်များကို လျှော့ချသတ်မှတ်ထားရတဲ့ တံတားတစ်စင်းဖြစ်ပြီး ပုသိမ်ကြိုးတံတားကြီးကတော့ တံတားနိမ့်ကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

ခရီးသွားပြည်သူများအနေဖြင့် မြောင်းမြကြိုးတံတား ဖြစ်စဉ်အပြီးမှာ ကြိုးတံတားများအပေါ် ဖြတ်သန်းချိန်တိုင်းမှာ အရာရာကို အကြောက်တရား သတိနှင့်ယှဉ်နေခဲ့ကြရပါပြီ။ တံတားဖြတ်သန်းခ ဝင်ငွေအခွန်အခများကို တာဝန်ကျေပေးဆပ်နေတဲ့ ပြည်သူတွေဟာ အသက်ရင်း၍ ခရီးသွားလာရတယ်ဆိုတာ မဖြစ်သင့်တဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ ကျန်ရှိသော ကြိုးတံတားအားလုံးရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးခဲ့ပါတယ်ဆိုပေမယ့် မြောင်းမြကြိုးတံတားဟာ ကြံ့ခိုင်မှုစစ်ဆေးပြုပြင်ခြင်းအပြီး ရက်ပိုင်းခန့်မှာ ပျက်စီးခဲ့တာပါ။ တံတားကြံ့ခိုင်မှုအရ တန်ချိန်တွေ လျှော့ချတယ်ဆိုပေမယ့် မြောင်းမြကြိုးတံတားဟာ မပျက်စီးခင်အချိန်ကာလက တန်ချိန် ၂၀ ဖြတ်သန်းခွင့်ပေးထားပြီး တံတားကျိုးကျချိန်မှာ ဖြတ်သန်းခဲ့တဲ့ မော်တော်ယာဉ်ဟာ ယာဉ်ကုန် ၁၆ တန်ပဲ ရှိပါတယ်။ အာမခံချက် တာဝန်ယူမှု တာဝန်ခံမှုများစွာကို မေးခွန်းထုတ်စရာ ကောင်းခဲ့ပါတယ်။

သင်ခန်းစာယူတတ်ကြပါစေ

မြောင်းမြကြိုးတံတား ပျက်စီးခဲ့ချိန်မှာတော့ လူနှစ်ဦးဟာ အသက်ပေးခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ မြောင်းမြကြိုးတံတားနှင့် အလားတူ ကြိုးတံတား ၂၉ စင်းအထိ ရှိနေသေးတယ်လို့ သိရပါတယ်။ ကျန်ရှိသေးတဲ့ ကြိုးတံတားများရဲ့ ခိုင်ခန့်မှု အာမခံချက် တိကျစွာကို ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ခိုင်ခံ့မှု အားနည်းနေပြီဖြစ်တဲ့ တံတားများနေရာမှာ အစားထိုးတံတားအသစ်တွေကို အလျင်မြန်ဆောလျင်စွာ ကြိုတင်တည်ဆောက်ပြီးတော့ တံတားအဟောင်းနေရာမှာ အစားထိုးသုံးစွဲဖို့ စီစဉ်သင့်နေပါပြီ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောကြားမှုသကဲ့သို့ လူနှစ်ဦး အသက်ဆုံးပါးသွားရတယ် မဟုတ်ဘဲ လူနှစ်ဦးတောင်မှ အသက်ဆုံးပါးသွားရတယ်လို့ သတိချပ်ပြီး နှစ်ဦးထက်ပိုမိုသော ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားလာစေဖို့ ယခုအချိန်ကတည်းက စတင်သင့်ပါပြီ။

Most Read

Most Recent