အခြေခံ အဆောက်အအုံတွေ တည်ဆောက်မယ်ဆိုတဲ့ လက်ကျန်သုံးနှစ်၊ ပြပွဲတွေနဲ့ ဆွဲတင်မယ့် စီးပွားရေးနဲ့ စက်မှုဇုန်တွေ ဖောင်းပွမယ့် ရန်ကုန်

အခြေခံ အဆောက်အအုံတွေ တည်ဆောက်မယ်ဆိုတဲ့ လက်ကျန်သုံးနှစ်၊ ပြပွဲတွေနဲ့ ဆွဲတင်မယ့် စီးပွားရေးနဲ့ စက်မှုဇုန်တွေ ဖောင်းပွမယ့် ရန်ကုန်
Published 13 May 2018

ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်အား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က မြန်မာနိုင်ငံအပေါ် ကမ္ဘာကဖိအားပေးစေရေး စည်းရုံးလှုပ်ရှားဖို့အတွက် ကော်မတီသစ်တစ်ရပ် ဖွဲ့စည်းလိုက်တဲ့ ဒီရက်သတ္တပတ်မှာပဲ ၄၅ ကြိမ်မြောက် OIC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ ရခိုင်ဖြစ်စဉ်တွေကို လူမျိုးစု သုတ်သင်ရှင်းလင်းမှု၊ အစိုးရအားပေးတဲ့ အကြမ်းဖက်မှုဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ဒါကာကြေညာချက်ကို ထုတ်ပြန်ခဲ့တာကြောင့် မြန်မာနိုင်ငံအနေနဲ့ ဒီအသုံးအနှုန်းတွေကို ပယ်ချကြောင်း ကြေညာခဲ့ရတဲ့ဖြစ်စဉ်တွေ ရှိပါတယ်။

NLD အစိုးရလက်ထက် မေလကုန်ပိုင်းမှာ လုပ်ဆောင်မယ့် တတိယပင်လုံမတိုင်ခင်မှာပဲ ပိုမိုဖြစ်လာတဲ့တိုက်ပွဲတွေကြားမှာ အပြစ်မဲ့ပြည်သူတွေကတော့ စစ်ဘေးရှောင်ရင်းနဲ့ သေဆုံးခြင်းတွေကို ကြုံတွေ့နေရချိန်မှာ နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ်ဆိုတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် သုံးကြမယ့် ငွေကျပ် ၁ ဒသမ ၆ ဘီလျံဟာ ကိုယ်စားလှယ် ၁၃ နေရာပဲဖြစ်လို့ အလုပ်မလုပ်တဲ့ ကိုယ်စားလှယ်တွေပဲ ဖြစ်နေမယ်ဆိုရင် ဒီလိုပြည်သူ့ဘဏ္ဍာငွေတွေက အလဟဿကုန် ဦးမလားဆိုတဲ့ တွက်ချက်သံတွေလည်း ညံခဲ့ပါတယ်။

ပဋိပက္ခတွေ၊ စစ်မီးတွေ၊ အကျပ်အတည်းတွေနဲ့ အခက်အခဲတွေကြားမှာ ပိုမိုကျဆင်းမှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံအတွက် ဆုံချက်ရန်ကုန်သာ စီးပွားရေးတိုးတက်ရင် ကျန်တဲ့ပြည်နယ်တွေနဲ့ တိုင်းတွေပါ စီးပွားရေးတိုးတက်မယ်ဆိုတဲ့ အယူအဆလေးတစ်ခုအတွက် ရန်ကုန်ကို Promotion ဆင်းခဲ့တဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်တွေအဖြစ်တော့ အစိုးရက သူ့လက်ကျန်သုံးနှစ်မှာ အခြေခံအဆောက်အအုံတွေ တည်ဆောက်မယ်ဆိုတာ၊ ပြပွဲတွေလုပ်ပြီး မြန်မာ့စီးပွားရေးဆွဲတင်မယ် ဆိုတာတွေနဲ့ စက်မှုဇုန်တွေ ထပ်ဆောက်မှာကြောင့် ဖောင်းပွလာမယ့် ရန်ကုန်စက်မှုဇုန်တွေအကြောင်းကို တင်ပြချင်ပါတယ်။

အခြေခံအဆောက်အအုံတွေ တည်ဆောက်မယ်ဆိုတဲ့ လက်ကျန်သုံးနှစ်

“မြန်မာနိုင်ငံအနေနဲ့ လက်ရှိအစိုးရသက်တမ်းကျန်ရှိနေတဲ့ သုံးနှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ အဓိကလိုအပ်တဲ့ အခြေခံ အဆောက်အအုံအပိုင်းကို တစိုက်မတ်မတ် ဦးစားပေးပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အချို့အချို့သော စီမံကိန်းများဟာ နှစ်နှစ်၊ သုံးနှစ်တန်သည် မပြီးနိုင်တဲ့စီမံကိန်းများ ရှိသော်ငြားလည်း နောင်အစိုးရသက်တမ်းတွေမှာ ဆက်လက်ပြီးမြောက်အောင် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအတွက် မဖြစ်မနေ လိုအပ်တဲ့စွမ်းအင်နဲ့ လျှပ်စစ်ဓာတ်အားကိစ္စတွေ၊ ကူးသန်းသွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေးအတွက် အရေးကြီးတဲ့ လမ်းတံတားကိစ္စတွေဒါတွေက ကျွန်တော်တို့ ဦးစားပေးဆောင်ရွက်မယ့် နယ်ပယ်တွေထဲမှာ ရှိနေပါတယ်။ ဒီနည်းတူပဲ မြန်မာနိုင်ငံထဲမှာ တောင်နဲ့မြောက် စီးဆင်းနေတဲ့ မြစ်ကြီးတွေ။ ဒီမြစ်ကြီးတွေရဲ့ မြစ်ဝှမ်းတစ်လျှောက် ဝဲယာတွေမှာရှိတဲ့ လုပ်ငန်းနေရာတွေဟာ ကျွန်တော်တို့အတွက် ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းတွေ မြောက်မြားစွာရှိနေတဲ့ နေရာတွေလို့လည်း တင်ပြလိုပါတယ်” လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဆိုပါတယ်။

အစိုးရတစ်ရပ်အတွက် လက်ကျန်အချိန်ဆိုတာ ဘယ်တော့မှ အပြည့်အ၀ တွက်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ငါးနှစ်တာ စွမ်းဆောင်ရည်အတွက် ပြန်ပြီးအကဲဖြတ်မယ့် ရွေးကောက်ပွဲဆိုတာကြီးအတွက် မဲဆွယ်ကြဖို့ လုံးပန်းကြမယ့် အချိန်အတွက် ခြောက်လလောက်ကာလက တိုင်းပြည်အတွက် အလုပ်လုပ်ကြမယ်လို့ ယူဆလို့မရဘဲ လက်ရှိအစိုးရအာဏာ တည်မြဲရေးအတွက်ပဲ လုပ်ကြလေ့ရှိလို့ပါ။ နောက်တစ်ခုက မြန်မာ့အခြေခံအဆောက်အအုံကဏ္ဍဟာ ဒေါ်လာဘီလျံ ၁၀၀ ကျော် လိုအပ်နေတဲ့ကဏ္ဍဖြစ်ပြီး နှစ်ပေါင်းများစွာ တည်ဆောက်ယူရမယ့် အခြေအနေမှာ စဉ်ဆက်မပြတ် တည်ဆောက်ရေးမဟာဗျုဟာမျိုးနဲ့ လုပ်နေရမယ့် ရေရှည်စီမံကိန်းတွေပဲ ဖြစ်ပါတယ်။ ဒီလို ရေရှည်စီမံကိန်းတွေကို ဂါထာမန်းမှုတ်သလို လက်ကျန်သက်တမ်းနဲ့ တည်ဆောက်သွားဖို့ ဆိုတာကတော့ အပြောလွယ်ပေမယ့် လက်တွေ့ခက်ခဲနိုင်ပါတယ်။

ပြပွဲတွေနဲ့ ဆွဲတင်မယ်ဆိုတဲ့ မြန်မာ့စီးပွားရေး

လုပ်ငန်းကဏ္ဍအသီးသီးအတွက် နိုင်ငံတကာအဆင့်ပြပွဲတွေ ကျင်းပနိုင်မယ်ဆိုရင် ခရီးသွားဝင်ရောက်မှု မြင့်တက်လာမယ့်အပြင် အခြား Business တွေပါ တက်လာနိုင်မှာဖြစ်ပေမယ့်လည်း နိုင်ငံတကာအဆင့်ပြပွဲကြီးတွေ လုပ်ဆောင်နိုင်မယ့် ခန်းမကြီးတွေ မရှိဖြစ်နေတာကြောင့် ခန်းမကြီးတွေ တည်ဆောက်ဖို့ ကြိုးပမ်းနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“International ပြပွဲကြီးတွေဆိုရင် ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်မှာ လုပ်နေတဲ့ အခြေအနေတွေ ကြည့်မယ်လို့ဆိုရင် နိုင်ငံတကာရောင်းမယ့်သူတွေကလည်း မြန်မာပြည်ကိုလာတယ်။ ဝယ်မယ့်သူတွေကလည်း မြန်မာပြည်ကိုလာတယ်။ ဒီလုပ်ငန်းမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းယန္တရားတွေ လည်ပတ်နိုင်ဖို့အတွက် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးနဲ့ ဆွေးနွေးနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပစ္စည်းတွေ လွယ်လွယ်ကူကူ သွင်းလာနိုင်ရေးနဲ့ လွယ်လွယ်ကူကူ ဝယ်ယူပြီး ထုတ်ယူသွားနိုင်ဖို့ ကျွန်တော်တို့ဘက်က သေသေချာချာ ပြင်ဆင်ပေးနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆို ဒီပြပွဲတွေ ကြီးကြီးမားမား လုပ်နိုင်မယ်ဆိုရင် ဟောင်ကောင်မှာ ရတနာပြပွဲလုပ်မယ်ဆိုရင် ဟောင်ကောင်က ဘာရတနာမှ မထွက်ပါဘူး။ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ ကျောက်စိမ်းတို့၊ ကျောက်မျက်တွေ ကျွန်တော်တို့ဆီမှာ ထွက်ပါတယ်။ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ မိုးကုတ်ပတ္တမြား ကျွန်တော်တို့ဆီမှာ ထွက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဈေးကွက်ဟာ ကမ္ဘာ့ဈေးကွက်ထဲမှာ မရှိဘူး။ ကျွန်တော်တို့ ဈေးကွက်ကို ထူထောင်နိုင်မယ်ဆိုရင် ကျွန်တော်တို့ဈေးကွက်မှာ လာရောင်းမယ်။ လာဝယ်မယ်ဆိုတဲ့ အခြေအနေဟာ Tourism လုပ်ငန်းကို အထောက်အကူဖြစ်နိုင်သလို ဘက်ပေါင်းစုံကနေ ဆွဲတင်နိုင်တဲ့ အခြေအနေ ရှိပါတယ်။ Tourism လုပ်ငန်းဆို Tourist Guide တွေ အလုပ်ရမယ်။ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ အခန်းပြည့်မယ်။ ဒီ့အပြင်ကို ခရီးသွားနယ်ပယ်မှာရှိနေတဲ့ လုပ်ငန်းအသေးအလတ်တွေ အားလုံးကို မြှင့်တင်နိုင်မယ့် အခြေအနေတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒီပြပွဲကြီးတွေကို အမြန်ဆုံး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ နံပါတ် (၁) အခက်အခဲက နေရာဖြစ်ပါတယ်။ နေရာဟာ တကယ့်ကို နိုင်ငံတကာပြပွဲလုပ်နိုင်တဲ့ ခန်းမကြီးတွေ ရှိမှကိုဖြစ်မှာ ဖြစ်ပါတယ်။ ဒီအတွက် ဘုရင့်နောင်လမ်းမှာ ရှိနေတဲ့ ယခင်ဂုန်လျှော်စက်ရုံ အဟောင်းတစ်ခုကို ပြပွဲလုပ်နိုင်တဲ့ ရှစ်ဧကလောက်အမိုးရှိတဲ့ စက်ရုံအဟောင်းတစ်ခုကို တော်တော်ကြီးတဲ့ ခန်းမကြီးတစ်ခုကို ဆောက်နိုင်တဲ့ အလားအလာ ရှိပါတယ်။ ဘုရင့်နောင်လမ်းမကြီးကနေ ကားလမ်းကနေ သွားနိုင်သလို ရေလမ်းကလည်း Water Bus နဲ့ လာနိုင်တာမို့ Traffic ပြဿနာလည်း ဖြေရှင်းနိုင်မယ့် အခြေအနေ ရှိပါတယ်။ ဒါက ကျွန်တော်တို့က ဥပမာတစ်ခုအနေနဲ့ ပြောပြတာဖြစ်ပါတယ်။ MCC ခန်းမနေရာမှာလည်း ကျွန်တော်တို့က ခန်းမကြီးအသစ်တစ်ခု ဆောက်နေပါတယ်။ MCC ခန်းမက မကြာခင်ဖျက်ရမှာ ဖြစ်ပါတယ်။ ဒီလိုဖျက်လိုက်တာနဲ့ နောက်ထပ်ခန်းမတစ်ခုကို သုံးနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခြားနေရာတွေမှာလည်း Event တွေလုပ်နိုင်တဲ့ ခန်းမတွေ လုပ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ လုပ်ငန်းကဏ္ဍအသီးသီးဟာ ပြပွဲလုပ်ဖို့ လိုအပ်ပါတယ်။ ဒီပြပွဲက International အဆင့်ကို တက်နိုင်မှ ကျွန်တော်တို့နိုင်ငံရဲ့ အခြား Business တွေပါ တက်လာမှာ ဖြစ်ပါတယ်။ အခုလည်း ကျွန်တော်တို့နိုင်ငံမှာ ပြပွဲတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ တိုးတက်မှုဖြစ်စဉ်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီအဆင့်ကနေ International ကို တက်လိုက်နိုင်မှ Yangon Market ဆိုပြီး ဖြစ်လာမှာ ဖြစ်ပါတယ်။ ကျောက်စိမ်းနဲ့ပဲဖြစ်ဖြစ်၊ ပတ္တမြားနဲ့ပဲ ဖြစ်ဖြစ်၊ လက်ဝတ်ရတနာနဲ့ပဲ ဖြစ်ဖြစ်။ ဒီကိစ္စနဲ့ပတ်သက်ရင် အသင်းတွေဘက်ကလည်း ပြီးခဲ့တဲ့နှစ်တွေမှာ ကြိုးစားခဲ့တာ ရှိပါတယ်။ ဒီဟာတွေကနေ ရလဒ်ကောင်းတွေ ရှိပါတယ်။ ဒါပေမဲ့ International အဆင့်ကိုတော့ ၂၀၁၈ အကုန် ၂၀၁၉ ခုနှစ်ထဲမှာ လုပ်နိုင်အောင် ဒီနှစ်ကစပြီး လုပ်ငန်းရှင်တွေ အားလုံးရော၊ ဌာနဆိုင်ရာ အသီးသီးပါ ပေါင်းစပ်ညှိနှိုင်းပြီး တတ်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်” လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

စက်မှုဇုန်တွေ ဖောင်းပွဦးမယ့် ရန်ကုန်

ရန်ကုန်မြို့မှာ စက်မှုဇုန် ၂၉ ခု လက်ရှိ ရှိနေပါတယ်။ ဒါပေမဲ့ လာမယ့် သုံးနှစ်အတွင်းမှာ စက်မှုဇုန် ၁၁ ဇုန် ထပ်ပြီးထူထောင်ဖို့အတွက် ရန်ကုန်တိုင်းအစိုးရက ကြိုးပမ်းနေပြီဖြစ်ပါတယ်။

“လာမယ့်သုံးနှစ်အတွင်းမှာပေါ့။ အခု အစိုးရသက်တမ်းက နှစ်နှစ်ပြီးပြီ။ လာမယ့် သုံးနှစ်အတွင်းမှာတော့ အခုကတည်းက အစပျိုးပြီးတော့ သုံးနှစ်အတွင်းမှာ တော်တော်လေး အခြေတည်မိအောင် ဒါအကောင်အထည်ဖော်နိုင်မယ့် အနေအထား ရှိပါတယ်။ ဒါတွေ စည်ပင်သာနယ်နိမိတ်ပြင်ပ ၁၁ မြို့နယ်က တိုင်းစည်ပင်သာယာကနေ ကြီးမှူးပြီးတော့ အကောင်အထည်ဖော်မှာ။ မြေတွေကတော့ လက်ရှိကတော့ လယ်သမားတွေပိုင်တဲ့ လယ်ယာမြေ။ သို့သော် အဲဒါကို စက်မှုဇုန်အဖြစ် အသုံးချခွင့်ရအောင် ပြည်ထောင်စုအစိုးရကို တင်ပြမယ်” လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ဆိုပါတယ်။

မြေလက်ဝါးကြီးအုပ်မှုတွေ၊ ဈေးကစားမှုတွေနဲ့ မြေကွက်လွတ်တွေ ပြည့်နေတဲ့ စက်မှုဇုန်တွေကို အစိုးရအဆက်ဆက် တည်ဆဲဥပဒေအရ ပြန်သိမ်းမယ်လို့ ကြေညာချက် ထုတ်ခဲ့ပြောခဲ့ကြပေမယ့် လက်တွေ့မလုပ်ဆောင်နိုင်မှုတွေရဲ့နောက်မှာ ငါတို့လက်ထဲ မြေရှိအောင်လုပ်မယ်ဆိုတဲ့ အယူအဆမျိုးနဲ့ စက်မှုဇုန်တွေကို ရန်ကုန်မှာပဲ ထပ်ပြီးဖော်ဆောင်မယ်ဆိုရင် အောင်မြင်ဖို့ ခက်ခဲပါမယ်။

“ရှိပြီးသားစက်မှုဇုန်တွေက အားနည်းချက် မပြည့်စုံမှုတွေကို စနစ်တကျ စီမံချက်ချ ဖြေရှင်းဆောင်ရွက်နိုင်တာ မရှိဘူးဆိုရင် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေက စီမံခန့်ခွဲမှု အားနည်းမှု၊ မပြည့်စုံမှုတွေကို ထောက်ပြပြီး ထပ်မံအကောင်အထည်ဖော်မယ့် စက်မှုဇုန်စီမံကိန်း အသစ်တွေပေါ်မှာလည်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုနည်းပါးမှာ မုချဧကန်မလွဲပါပဲ။ နောက်ဆက်တွဲရလဒ်ကတော့ စက်ရုံထူထောင် ရင်းနှီးမြှုပ်နှံသူတွေထက် ငွေကြေးပိုလျှံသူတွေက နေရာတွေဝယ်ထားပြီး မြေဈေးပြန်ကစားတဲ့ အနေအထားပဲ ရောက်ရှိသွားမှာ ဖြစ်ပါတယ်” လို့ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဆွေးနွေးပါတယ်။

ဦးရန်ရှင်းရဲ့ ဆွေးနွေးမှုတွေက အမှန်ပါ။ နောက်တစ်ခုက ရန်ကုန်အစိုးရ လက်ရှိလုပ်ဖို့ကြံနေတဲ့ လယ်တွေသိမ်းပြီး ငွေမလျော်ဘဲ မြေရာခိုင်နှုန်း ၂၀ ပြန်ပေးမယ်ဆိုတဲ့ ၈၀၊ ၂၀ မူဝါဒဟာလည်း တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီမှု ရှိ မရှိ ပြန်သုံးသပ်ဖို့ လိုအပ်ပါမယ်လို့ ပြောကြားရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Most Read

Most Recent