နှစ်များ

နှစ်များ
Published 13 May 2018

Photo: Pinterest

၁။

အဲဒီလိုဘာမှန်းမသိတဲ့ စိတ်ခံစားချက်ကြီးနဲ့သာ အိမ်အပြင်ဘက်ကို ထွက်လာခဲ့တာ။ ကိုယ်တိုင်ဘာမှလည်း မတတ်နိုင်၊ ဘယ်လိုလုပ်ရမှန်းလည်း မသိတဲ့အတွေးတွေနဲ့ပေါ့။ ညညအိပ်မပျော်တာ ဘယ်လောက်ကြာခဲ့ပြီလဲတဲ့။ အိမ်ပြောင်းတဲ့နေ့ကလား။ အကြွေးတွေ စတင်သွားတဲ့နေ့ကလား။ ကလေးတွေ တစ်သက်လောက်တောင် ရှိနေပြီလားဆိုတာ ကျွန်တော်မသိတော့ဘူး။ မိုးရွာရွာ လေတိုက်တိုက် ဝရန်တာရှေ့ ထွက်ရပ်နေမိတာကရော အင်တာနက်ကို ဖုန်းတွေနဲ့စသုံးလို့ရတဲ့ အချိန်ကတည်းကလား။ အဖေ့ကျန်းမာရေးစပြီး ဆိုးရွားခဲ့တဲ့ နှစ်ကာလတွေတုန်းကလား ကျွန်တော် သေသေချာချာ မမှတ်မိတော့ပါဘူး။ အဲဒါတွေက ကြာခဲ့ပြီးပြီပဲ။ အဲဒီထက်ပိုကြာခဲ့တာတွေကျတော့ မှတ်မိနေတတ်ပြီး စိတ်တွေပြုတ်ကျခဲ့ရတဲ့ နေ့ရက်တွေအစကို မမှတ်မိတော့တာက အခုတလော ပိုသောက်လာမိတဲ့ စီးကရက်တွေကြောင့်များ ဖြစ်နေမလားမသိဘူး။ တစ်ခါတစ်ခါဆို တစ်နေရာရာမှာ အကြာကြီး ထိုင်စဉ်းစားနေမိတယ်။ အရမ်းကြီးကိုစိုက်ပြီး ငေးကြည့်နေမိတယ်။ တစ်ခါတလေ ကျပြန်တော့ ငိုင်ပြီးရပ်နေမိတာကိုက အကြာကြီး။ အိပ်မရတာကို အကြောင်းပြပြီး ဝရန်တာရှေ့မှာ မီးခိုးတွေ လေထဲမှုတ်ထုတ်နေမိတာကပဲ ဘယ်လောက်ကြာနေခဲ့ပြီလဲ။ အခုရော ဒီနေရာမှာ ကြက်သေသေနေမိတာ ဘယ်အချိန်ကတည်းကလဲဆိုတာ ကျွန်တော်တွေးနေမိတယ်။

ကြာလာရင် ကျွန်တော် ဒီထက်ပို ခံစားကောင်း ခံစားသွားရနိုင်တယ်လို့ ထင်မိပါတယ်။ အခုလို ဖြစ်နေတာထက် ပိုပြီး ကြောင်တောင်တောင်အတွေးတွေ ပိုတွေးမိချင် မိသွားနိုင်တာပေါ့လေ။ အဲဒီထက်လည်း ပိုဖြစ်လာနိုင်ပါသေးတယ်။ စိတ်ရူးပေါက်ပြီး တစ်ခုခု လျှောက်လုပ်မိတာမျိုးပေါ့။ ဒါမှမဟုတ် အရာရာကို ခံနိုင်ရည်ရှိသွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သေးတယ် မဟုတ်လား။ အခုလောလောဆယ် စိတ်က ပုံမှန်အလုပ်လုပ်နေတုန်းမို့သာ ဒီစကားတွေ ပြန်ပြောလို့ရနေတာပါ။ စိတ်က လေလွင့်နေတယ်ဆိုပေမယ့် စိတ်နဲ့ကိုယ် မလွတ်အောင်တော့ ထိန်းနေရသေးတယ်။ ကိုယ့်မှာ ကလေးတွေရှိတယ်။ ဘဝမှာ အလုပ်ချင်ဆုံးအလုပ်တချို့ လုပ်ခွင့်ရနေတယ်။ ငွေမရှိတာကလွဲလို့ ပျော်စရာတချို့ ရနေတယ်ပေါ့လေ။ ကျွန်တော့်ဘဝဟာ နေပျော်စရာကောင်းသေးပါလားလို့ ထင်လို့ရနေတုန်း အချိန်တွေပါပဲ။ နောက်ဆိုရင်တော့ ဘယ်လိုဖြစ်လာမယ်ဆိုတာ မပြောတတ်ဘူးပေါ့ဗျာ။ အဲဒီလို ဘေးစကားတွေကို နားယောင်လို့ လူငယ်ဘဝကို ေ၀ဝါးစွာ စတင်ခဲ့ရတဲ့အချိန်တွေကို ကျွန်တော်မမှတ်မိဘဲ ဘယ်နေပါ့မလဲ။ အဲဒီတုန်းကဆို ကျွန်တော်လည်း နုံအတဲ့လူမျိုးထဲမှာ ပါခဲ့တာပဲလေ။ နားယောင်လွယ်တဲ့ အရွယ်လောက်ကပဲ ဆိုပါတော့။ ကြိုးစားတာနဲ့ နုံအတာကို မကွဲသေးတဲ့ လူတချို့ကလွဲရင် အခု ကျွန်တော်ပြောတာတွေကို သဘောပေါက်မှာပါ။ ကိုယ့်ကို မြှောက်ပင့်ပြောဆိုလိုက်ပြီဆို ဘယ်သူပဲဖြစ်ဖြစ် ဘဝင်ခိုက်သွားစေတတ်တာပဲ မဟုတ်လား။ အဲဒီလို အူကြောင်ကြောင် ဂုဏ်တင်မှုတွေကို နှစ်ခြိုက်ခဲ့တဲ့ အချိန်တွေကတည်းက ဇာတ်လမ်းဟာ စပါတယ်။ အဲဒီတုန်းက ဘဝကို ဘယ်လိုအဓိပ္ပာယ် ဖွင့်ပြခဲ့သလဲဆိုတော့ အရာရာ လုံ့လပြုခြင်း ကံအကြောင်း အကျိုးတရား နောက်ပြီးတော့ ဉာဏ်ပညာ။ အဲဒီစာအုပ်ထဲက စကားလုံးတွေနဲ့ပေါ့လေ။ ကျွန်တော်ဘဝကို စာအုပ်ထဲက စကားလုံးတွေနဲ့ စခဲ့ပါတယ်။

၂။

ဘယ်က စကြသလဲလို့မေးရင် အားလုံးကတော့ တစ်ကနေပဲ စရေရတာပေါ့လို့ ပြောကြမှာပေါ့။ နေ့တစ်နေ့တာကို မနက်ခင်းတစ်ခုကနေ စတင်နိုင်ခဲ့သလိုမျိုးပေါ့လေ။ စာတစ်ပုဒ်ကိုလည်း စာလုံးလေးတစ်လုံးကနေသာ စတင်ရသလိုနေမှာပေါ့။ ဒါပေမဲ့ အဲဒီခုနှစ်တွေမှာ အံ့အားသင့်စရာ ကောင်းလောက်အောင် စ လယ် ဆုံး ေ၀ဝါးခဲ့ရတဲ့ သမိုင်းဖတ်စာအုပ်တစ်အုပ်ဟာ ကျွန်တော်တို့ကိုယ်တိုင် ဖြစ်နေခဲ့တယ်။ အစကနေ အလယ်အဆုံးအထိ ဘာမှန်းမသိဘဲ ပြီးသွားတဲ့ဘဝတွေဆိုတာ ကျွန်တော်တို့ဆီမှာတော့ အများကြီးပဲရှိနေတတ်ပါတယ်ဗျာ။ အခုလည်း ကျွန်တော်ဘယ်ကနေ စပြောပြမလဲတဲ့။ ဒါမှမဟုတ် ဘယ်နေရာကနေ ဖောက်ပြောလို့ရမလဲဆိုတာ စဉ်းစားရင်း တစ်နေရာမှာ အကြာကြီး ထိုင်နေမိပြန်တယ်။ တစ်ကိုယ်တည်း တစ်ယောက်တည်း ရုန်းကန်ရွက်လွှင့်ခဲ့ရတဲ့ နေ့တွေဟာ လူငယ်ဘဝရဲ့ ခမ်းနားမှုတွေပါပဲလို့ ဒီလိုဆိုလိုက်ကြပါစို့ရဲ့။ ဘဝဆိုတာကြီးကို လူငယ်အဖြစ်မှာတော့ တစ်ကနေစတယ်ပဲပြောပြော သုညကနေပဲ ဖောက်ထွက်တယ်ဆိုဆို အရာရာကို အံကျိတ်ပြီးတော့ နေခဲ့ရတဲ့နေ့တွေက အတူတူချည်းနေမှာပါပဲ။ မပြည့်စုံခြင်းဟာ လူငယ်ဘဝရဲ့ အဟာရပဲ။ အဲဒီလိုလည်း ပြောတတ်ကြပါသေးတယ်။ ပုဆိုးခြုံထဲ လက်သီးသေးသေးလေးတွေ ဝှက်ထားရသလို မလောက်ငတဲ့လစာကို ပျော်ရွှင်ကြေကွဲစွာ ရယူခဲ့ရဖူးတာပေါ့လေ။ လမ်းဘေးလက်ဖက်ရည်ဆိုင် ထမင်းဆိုင် ခနော်နီခနော်နဲ့ အရက်ဆိုင် တစ်လစာ အခန်းလခ အပျော်အပါး။ အဲဒီလို အတွဲအစပ်မျိုးတွေနဲ့ ကျွန်တော်ကျင်လည်ခဲ့တာ။ ကျေနပ်စွာ ကျော်ဖြတ်ခဲ့ရတာပေါ့။ နောက်ပြီးတော့ ကျွန်တော်ရဲ့ဘာတစ်ခုမှ အစီအစဉ်ကျနစွာ ဖန်တီးယူလို့မရခဲ့တဲ့ နိစ္စဓူဝအိပ်မက်တွေ၊ ဝါသနာတွေ၊ ကောင်းမွန်တဲ့ အလုပ်အကိုင်တွေ နောက်ပြီး ဖြစ်ချင်ခဲ့တဲ့အနာဂတ် စိတ်ကူးတွေအားလုံး လုံးချာလည်လိုက်နေတော့တာပါ။ အားလုံးလည်း အတူတူချည်းပဲ ဖြစ်နေမှာပါပဲ။ အခု ကျွန်တော်ပြောပြပါ့မယ်။

အခုထက်ထိလည်း ရောက်ရာနေရာမှာ မလှုပ်မယှက် ရပ်နေရတုန်းပေါ့။ လှုပ်လိုက်တာနဲ့ မြောင်းထဲ ပြုတ်ကျသွားနိုင်တဲ့ နှုတ်ခမ်းပေါင်ပေါ် တောင့်တောင့်ကြီး မတ်နေရတာပဲလေ။ တကယ်လည်း လှုပ်လိုက်တာနဲ့ ပြုတ်ကျကျန်နေခဲ့သူတွေ ကျွန်တော့်ဘေးနားမှာ အများကြီးပဲရှိနေတယ်။ “တစ်ခုခု ထလုပ်လိုက်တာနဲ့ ဘဝနဲ့ချီမှားခဲ့ပါတယ်ဆိုပြီး ဖြစ်သွားကြသူတွေ ကျွန်တော်မျက်စိရှေ့ မြင်ခဲ့ရတာပဲ မဟုတ်လား။ ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်က သီချင်းတစ်ပုဒ်ထဲမှာလိုပေါ့။ ကျွန်တော်တို့ဘဝတွေဆိုတာ စက္ကူလေတံခွန် ကြိုးပြတ်ကျသွားသလို နေမှာပေါ့လေ။ ကျွန်တော်တို့ အရူးအမူးခံစားခဲ့တာ။ အဲဒါကလည်း အဝေးဆုံးလွင့်နေပေမယ့် ဘယ်အချိန်မှာတိုးလာတဲ့လေကို တောင့်မခံနိုင်ဘဲ စုတ်ပြတ်လွင့်စင် ကျိုးပဲ့သွားမလဲလို့ စိုးရိမ်နေရတာက ပိုခဲ့ပါသေးတယ်။ အချိန်တိုင်း ထိတ်လန့်ရင်ခုန်နေရတယ်လို့ပဲ ထားပါတော့။ ဒီလိုဖြစ်မှာပါ။ စိတ်ကို သီချင်းတစ်ပုဒ်ထဲမှာ စာအုပ်တစ်အုပ်ထဲမှာ နောက်ပြီး ပျက်စီးခြင်းငါးပါးထဲမှာပဲ နှစ်ထားကြရတယ်။ တစ်ခုခုကို မရမကဖတ်တွယ်ထားနေရသလို အဲဒီအရိပ်အငွေ့တွေ ပျောက်ကွယ်သွားတဲ့အခါကျတော့ ကျွန်တော်တို့လည်း ဘာမှဖုံးကွယ်ဟန်ဆောင်နေလို့မရတော့ပဲ ကိုယ်ဘယ်လောက် ယိုယွင်းနေပြီဆိုတာကို လက်ခံလိုက်ရတာပါပဲ။ ပျင်းပျော်ပျက်ပြေးတဲ့။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြောနေခဲ့ကြတာလေ။ အားလုံးကတော့ နေရာဒေသကို ကိုယ်စားပြုပြောတယ်လို့သာ ထင်ကြသုံးနှုန်းခဲ့ကြလိမ့်မယ် ထင်ပါတယ်။ ဒါပေမဲ့ အဲဒီပျင်းပျော်ပျက်ပြေးဆိုတဲ့စကားက နေရာဒေသကို ကိုယ်စားပြုတာမှ မဟုတ်ခဲ့တာ။ ကျွန်တော်တို့ တစ်ခေတ်လုံးကို ကိုယ်စားပြုခိုင်းနှိုင်းထားတာ။ ငြီးငွေ့လွယ်သွားကြတာပေါ့လေ။ ကျွန်တော်တို့ အရွယ်ရောက်စတုန်းကဆို ဘာလုပ်ရမှန်းမသိဘဲ ပျင်းစရာကောင်းနေတတ်တယ်။ နောက်ပြီးတော့ လမ်းပေါ်က အကြောင်းတွေသိလာ၊ မကောင်းမှုမှာ ပျော်မွေ့လာပြီး ပျက်စီးသွားတော့တာပါပဲ။ ကျွန်တော်တို့ အဲဒီနွံထဲက ထွက်ပြေး လွတ်မြောက်သွားချင်ပေမယ့် ဘယ်လိုမှ ရုန်းမထွက်နိုင်တော့သလိုပေါ့။

၃။

ကျွန်တော်တို့က ရေမြောင်းပေါ်က ဝေ့နေတဲ့ဆီတွေလိုပဲ။ အခုလည်း ကျွန်တော့်အကြောင်းတွေချည်း ပြောပြရတာ ရိုးလာသလို လိုခံစားနေရတယ်။ ဒါပေမဲ့ ကိုယ့်ဘေးက အကြောင်းတွေ ကြည့်လိုက်တော့လည်း တစ်ခေတ်လုံး ဒီဇာတ်အိမ်ထဲက ဒီဇာတ်ညွှန်းတွေနဲ့ချည်းပဲဆိုသလို ဒီဇာတ်လမ်းထဲက တစ်ထေရာတည်းတူတဲ့ ဇာတ်ကောင်စာရိုက်တွေချည်းသာ ဖြစ်နေတော့တယ်။ ကဲ မခက်ဘူးလား။ ကျွန်တော်ရေးတာတွေ ကြည့်လိုက်ရင် ကျွန်တော်က စကားနဲ့သာ လေကုန်ခံ မပြောချင်သလိုဖြစ်နေပေမဲ့ စာထဲမှာတော့ ဒီအကြောင်းတွေချည်းပဲ ထပ်နေလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်ဆက်ပြောနေမိတယ်။

အခုလည်း ဘယ်ရောက်ကုန်ကြလဲ အပေါင်းအသင်းတွေလို့ ဆိုလိုက်တာနဲ့ တစ်ယောက်က အိမ်မှာတဲ့။ တစ်ယောက်ကတော့ အလုပ်ထဲမှာ နောက်တစ်ယောက်က လမ်းပေါ်ကို ရောက်နေပြန်ပြီ။ အဲဒီလို လမ်းပေါ်မှာပဲ အချိန်ကုန်နေတဲ့လူတွေ ဘာလို့များများလာခဲ့တယ်ဆိုတာ အစက ကျွန်တော်မတွေးမိဘူး။ ကျွန်တော်ကိုယ်တိုင် လမ်းပေါ်လျှောက်သွားနေတတ်တဲ့အခါကျမှ သဘောပေါက်တော့တာ။ အမှန်တော့ ကျွန်တော်တို့က ဘာမှလုပ်စရာ အထွေအထူးမရှိလို့ လမ်းပေါ်ကို အပျင်းပြေ လျှောက်ကြည့်နေခဲ့ကြတာ မဟုတ်ဘူး။ လုပ်စရာတစ်ခုခုကို လမ်းမပေါ်မှာတွေ့မလားဆိုပြီးလည်း ရှာနေခဲ့ကြတာ မဟုတ်ပြန်ဘူး။ ဘာမှကို မတွေးတတ် မလုပ်တတ်တော့လို့ကို ရည်ရွယ်ချက်မရှိဘဲ လမ်းမတွေပေါ် လေလွင့်နေခဲ့ကြတာ။ နှစ်ပေါင်း ၄၀ ဖက်တွယ်လာခဲ့သမျှ လူ့ဘဝကလည်း ကိုယ့်အတွက် ဘာမှမရနိုင်မှန်း ကိုယ်လည်း ဘာမှမချန်ထားရစ်ခဲ့နိုင်မှန်း သိသိကြီးနဲ့ ရှင်သန်နေရသလိုပဲလို့ ထင်လာတယ်။ တစ်ဖက်က စဉ်းစားကြည့်တော့လည်း ဒီအချိန်ကြီးကျမှ ဒီအရွယ်ကြီးကိုရောက်မှ လေလွင့်တဲ့စိတ်နဲ့ စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်နေမိတာ မဟုတ်သေးပါဘူးဆိုတာ သိနေတာပါပဲ။

၄။

ကျွန်တော်တို့အဖြစ်ကလည်း ဆရာချောပြောသလို ဒဏ်ခံကြိုးလေး ပွန်းပဲ့ပါးလျားလာနေသလို တစ်စစလျော့ကျ နိမ့်ဆင်းလာတဲ့ ကိုယ့်ခြေဖဝါးအောက်က အောက်ခံမြေသားပေါ် တက်ရပ်နေမိသလိုပေါ့။ သေချာတဲ့မြေကြီးပေါ်ကိုတောင် ကျွန်တော် ရဲရဲမနင်းနိုင်တော့ဘူးဖြစ်နေတာ။ ဟုတ်တယ်လေ။ လမ်းပေါ် ဒီလိုပဲ လျှောက်မသွားနေလို့ရော ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်သိမှမသိတာ။ ပြောနေကျ စကားတစ်ခွန်းရှိပါတယ်။ ကျွန်တော်တို့ဟာ လမ်းပေါ်က လူငယ်တွေတဲ့။ ကျွန်တော်တို့ ရောက်နေရပ်နေရတဲ့ အခြေအနေကို ရေးကြတာ။ ဒီနေ့ခေတ်ကို ဖွဲ့ကြတာက လေလွင့်သော နှစ်ကာလများဆိုပြီးတော့။ တကယ်လည်း ဦးတည်ချက်မဲ့နေတဲ့ အခြေအနေတွေကြုံတိုင်း စိတ်ထင်ရာ လျှောက်လေနေမိတဲ့ အကျင့်အခု ကျွန်တော့်မှာစွဲနေပြီ။ မြုံနေရတာတွေများတဲ့အခါ ဘယ်လိုမှမသိနိုင်တော့တဲ့ အခြေအနေတစ်ခုမှာ ပေါက်ကွဲထွက်သွားတတ်သလိုပေါ့။ ဒီလိုပဲ ကျွန်တော်ထင်နေတော့တယ်။ ပိတ်လှောင်မွန်းကျပ်တဲ့စိတ်နဲ့ ထွက်ပေါက်တစ်ခုခုကို ရှာလိုက်တယ်ဆိုပါစို့။ အဲဒါ မူးယစ်ဆေးပဲ။ စီးကရက်နဲ့ အရက်ပဲ။ လေလွင့်သော လမ်းမများပဲ။ အဲဒီလို ကျွန်တော်ကိုယ်တိုင်က အဲဒီသပွတ်အူမှာ လည်နေတော့တာ။
ပြောသလောက်ကြီးတော့လည်း မဟုတ်သေးပါဘူးလို့ စိတ်ကို ပြန်ဖြေလျှော့ကြည့်မိပြန်တယ်။ အခါးဆိုလည်း ကိုယ့်အတွက် ဆေးဖက်များဝင်နေဦးမလားလို့ အဲဒီလိုလည်း ပြန်တွေးနေမိတယ်ပေါ့လေ။ လောကဓံပါဆိုမှတော့ ခါးတစ်လှည့်ပြီးတဲ့အခါ ချိုသောအချစ်တွေလည်း လာမှာပဲပေါ့။ ခါးနေပေမယ့် ဆေးတစ်ခွက်အနေနဲ့လည်း အဖြစ်အပျက်များစွာနဲ့ ကြုံတွေ့လို့ ရနိုင်ပါသေးတယ် မဟုတ်လား။ အိမ်မှာ မိသားစုရှိတယ်။ ကလေးတွေ ရှိတယ်။ ကိုယ်ကြုံနေရတာလောက်က ဘာများဟုတ်သေးလို့လဲ ဘေးနားမှာ ကိုယ့်ထက်ဆိုးရွားနေတဲ့ ဘဝတွေ တပုံကြီးဆိုသလိုပေါ့လေ။ ကိုယ့်ဘေးနားမှာကိုပဲ ကိုယ့်ထက်ဆိုးတဲ့ဘဝတွေက အများကြီးရှိနေကြတာမဟုတ်လား။ ကျွန်တော်ကသာ ပတ်ဝန်းကျင်က တက်ဖို့မလွယ်ကူတဲ့ နံရံအမြင့်တွေချည်း လျှောက်ငေး လျှောက်တက်ချင်နေမိတာ။ မော့ကြည့်ရာ နံရံပြင်ကျယ်ကြီးကိုပဲတက်နိုင်တော့မှာ မဟုတ်ဘူးဆိုပြီး အားလျှော့ချင်နေမိတာ။ ရှေ့မှာ လမ်းတွေရှိနေတာပဲ။ စိတ်လိုလက်ရ လျှောက်ပါဦးလားပေါ့လေ။ ကျွန်တော်တို့လုပ်နေကျ ဖြစ်နေကျပုံစံလေးအတိုင်း လေလေလွင့်လွင့်တွေ ဝေငေးမော့ပြီးတော့ပဲဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့နှစ်တွေကလည်း အဲဒီလိုပဲမဟုတ်လား။ ကြာခဲ့ပါပြီ။

 

Most Read

Most Recent