တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ (၅)

တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ (၅)
Published 12 May 2018

ဓာတ်ပုံ-အောင်ကျည်စိုးမြင့်

ထီးချက်စောင့်နတ်သမီး ဖိနပ်ဖြင့် ထုခံရခြင်း

မြန်မာ့တရားစီရင်ရေးစနစ်တွင် ဘုရင်ခေတ်က နောက်ဆုံးအယူခံရုံး တရားစီရင်သူမှာ ဘုရင်ဖြစ်သည်။ တရားစီရင်ရေးတွင် ကနက္ကဒါန်ထီးဖြူလေးလက် ယှက်မိုးထားသည့် ရာဇပလ္လင်ပေါ်တွင် ကတိလေးပါး လိုက်စားခြင်းမရှိ၊ ဖြောင့်မတ် တည်ကြည် သစ္စာတရားဖြင့် စီရင်ရသည်။ ဖောက်လွှဲဖောက်ပြန်ပြုပါက ထီးချက်စောင့်နတ်သမီး ကိုယ်ထင်ပြသည်ဟု မြန်မာတို့အစဉ်အလာ ယုံကြည်ခဲ့ကြပါသည်။

ယခုကား ခေတ်သစ်တရားစီရင်ရေးစနစ်တွင် တရားရုံးကို ဖိနပ်ဖြင့် နှစ်ကြိမ်ထုခံခဲ့ရပေပြီ။ မကျေမနပ်သံများ၊ ဆဲဆိုသံများ၊ စွပ်စွဲချက်များ၊ ပြစ်တင်ရှုတ်ချမှုများ ပဲ့တင်လျက်ရှိသည်။ တရားစီရင်ရေးနှင့်ပတ်သက်၍ သဘောထားတင်းမာသူဟု ယူဆကြသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သမ္မတဖြစ်လာသည့်အခါ စိုးရိမ်ပူပန်မှုများ၊ ကြိုဆိုမှုများ ပဲ့တင်လာသည်။

စင်စစ် တရားစီရင်ရေးဆိုရာ၌ တရားရုံးတစ်ခုတည်းကိုသာ ပြုပြင်ပြောင်းလဲမရနိုင်။ ဆက်စပ်နေသော အဖွဲ့အစည်းအားလုံး ပြုပြင်ရုံမျှသာမက ပြည်သူတို့၏ အသိအမြင်နှင့် အဆင့်အတန်းကိုပါ မြှင့်တင်ကြရပေမည်။ တရားစီရင်ရေး၏ လားရာနှင့် လာရာကိုသိမှ အကျိုးအပြစ် ဆင်ခြင်နိုင်မည်။ ထိုသို့ ဆင်ခြင်နိုင်မှ ပြင်စရာကို ပြင်နိုင်ပေလိမ့်မည်။ တရားဥပဒေစိုးမိုးမှုမရှိဘဲ တရားစီရင်ရေးကိုလည်း မြန်ဆန်မှန်ကန်အောင် တည်ဆောက်နိုင်လိမ့်မည် မဟုတ်ပေ။

တရားကိုယ်သဘောနှင့် သဘာဝ

နိုင်ငံရေးသိပ္ပံဗေဒအရ တရားရုံးသည် အာဏာ၏အစိတ်အပိုင်းဖြစ်သည်။ အာဏာရသူက သူ့အကျိုးစီးပွားကို ကာကွယ်သည့်ဥပဒေ၊ သူ့လူတန်းစားရန်သူ့ကို ဖိနှိပ်သည့်ဥပဒေကို သူ့ဥပဒေပြုလွှတ်တော်ကတစ်ဆင့် ပြဋ္ဌာန်းမည်။ ထိုဥပဒေအရ တရားရုံးက အကောင်အထည်ဖော်မည်။ ဤကား တကယ့်တရားကိုယ်သဘော။ ဤအမြင်ဖြင့်ကြည့်လျှင် တရားရုံး၏ လက္ခဏာချက်ကို မြင်နိုင်မည်။

အမှုအခင်းသဘာဝကား နိုင်သူပြုံး၍ ရှုံးသူငိုစမြဲ။ ရှုံးသည့်ဘက်က မည်သည့်အခါမှ ကျေနပ်လိမ့်မည် မဟုတ်။ ဆန္ဒပြရုံ၊ မီဒီယာဖြင့် ခြိမ်းခြောက်ရုံ၊ ဖိနပ်နှင့်ထုရုံမျှဖြင့် အမှားက အမှန်၊ အမှန်က အမှား ဖြစ်လာလိမ့်မည် မဟုတ်။ မှားယွင်းသော စစ်အာဏာရှင်စနစ် အခြေခံအုတ်မြစ်ပေါ်တွင် တရားစီရင်ရေး အဆောက်အအုံကို တည်ဆောက်ခဲ့လျှင် ဖိနပ်ဖြင့် ထု၍မရ။ ယင်းစနစ် ယင်းအဆောက်အအုံကို မြူမှုန်မျှမကျန်အောင် ဖောက်ခွဲဖျက်ဆီးမှ တန်ကာကျပါလိမ့်မည်။

သို့ဖြင့် ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူ့အကျိုးစီးပွားမှတစ်ပါး အခြားမရှိဟူသော နှလုံးသားဖြင့် လောကပါလတရား၊ ဗြဟ္မစိုရ်တရားဖြင့် ဖြောင့်မတ်၊ မှန်ကန်သော တရားစီရင်ရေးကို အာရုံပြု၍ တင်ပြလိုက်ပါသည်။

တရားစီရင်ရေး၏ လာရာ

မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်ကို ပိုင်းခြားလျှင် (၁) ကိုယ့်ထီးကိုယ့်နန်းခေတ် ပဒေသရာဇ်ခေတ်၊ (၂) ကိုလိုနီခေတ်၊ (၃) ဖဆပလခေတ်၊ (၄) တော်လှန်ရေးကောင်စီနှင့် လမ်းစဉ်ပါတီခေတ် မဆလခေတ်၊ (၅) ၁၉၈၈-၂၀၁၀ ဒုတိယစစ် အာဏာရှင်ခေတ်၊ (၆) သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေနှင့် မျက်မှောက်ခေတ်ဟု ခွဲခြားနိုင်ပါလိမ့်မည်။

(၁) ပဒေသရာဇ်ခေတ် တရားစီရင်ရေး

ပုံစံကျ တရားစီရင်ရေးစနစ် မြန်မာနိုင်ငံတွင် ပေါ်ထွန်းလာပုံကို လေ့လာပါက ပုဂံခေတ် (A.D-840-1287) က စတင် ခြေရာကောက်ရပေမည်။ သက်ဦးဆံပိုင်ခေတ် တရားစီရင်ရေးတွင် ဘုရင်သည် အမြင့်ဆုံးတရားစီရင်ရေး အာဏာပိုင်ဖြစ်ပြီး အိမ်ရှေ့မင်း၊ လွှတ်တော်နှင့် ဝန်ကြီး၊ မြို့စား၊ သံပျင်၊ ကလန် စသည်တို့ကလည်း အထောက်အကူပြုရသည်။

ထိုခေတ် မြန်မာတရားစီရင်ရေး၏ ထီးလိုမင်းလို (အေဒီ ၁၂၁၁-၁၂၃၁) လက်ထက်တွင် မြန်မာ့တရားလွှတ်တော် စတင်ပေါ်ပေါက်သည်ဟု ယူဆကြသည်။ ထီးလိုမင်းလို၏ အခြားအမည်မှာ နန်းတောင်းများဖြစ်သည်။ ယင်းမင်းလက်ထက်တွင် ညီတော်နောင်တော်လေးပါးအား နိုင်ငံ့အရေးကိစ္စများကို လွှဲအပ်ဆောင်ရွက် စီမံအုပ်ချုပ်စေရာမှ လွှတ်တော်ပေါ်ပေါက်လာသည်ဟု အဆိုရှိသည်။ လွှတ်တော်သည် ကုန်းဘောင်မင်းဆက်တိုင် မြန်မာတို့၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အရေးပါသောဌာနတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။

မြန်မာတရားဥပဒေများသည် မြန်မာနိုင်ငံ တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံများ (ဝါ) ထုံးတမ်းစဉ်လာများ (Burmese Customs)၊ ဖြတ်ထုံးစသည့် တရားစီရင်ထုံးများ (ဝါ) စီရင်ချက်များ (Hpyat Htones)၊ ဘုရင့် အမိန့်ပြန်တမ်းများ (Edicts)၊ ကြေညာချက်များ (Prodsmations) နှင့် ဓမ္မသတ်များ (ဝါ) ဥပဒေကျမ်းများ (Dhammathats) အပေါ် တွင် အခြေပြုထားသည့် ထုံးတမ်းစဉ်လာဥပဒေများ (Burmese Customary Laws) ဖြစ်ပေသည်။

ရှေးအကျဆုံး ဓမ္မသတ်သုံးစောင်မှာ ဒွတ္တပေါင်ဓမ္မသတ်၊ အတီတရာဓမ္မသတ်နှင့် ပျူမင်းထီးဓမ္မသတ်များ ဖြစ်ကြသည်။

(က) အနော်ရထာ (အေဒီ ၁၀၄၄-၁၀၇၇)

အနော်ရထာဘုရင်သည် ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည်။ သုဝဏ္ဏဘူမိ သထုံပြည်ကို တိုက်ခိုက်သိမ်းပိုက်၍ ပိဋကတ်သုံးပုံ သယ်ဆောင်ကာ ထေရဝါဒဗုဒ္ဓသာသနာတော်ကို ပုဂံတွင် ထွန်းကားစေခဲ့သည်။ ထို့မှ မွန်ဘုရင်များ လက်ခံကျင့်သုံးနေသည့် ဟိန္ဒူမနဓမ္မသတ် ပုဂံသို့ ပျံ့နှံ့လာခဲ့သည်ဟု ယူဆရပေသည်။ မွန်တို့၏ ဓမ္မဝိလာသဓမ္မသတ်သည် ပုဂံသို့ရောက်ရှိသည့် အစောဆုံး မွန်ဓမ္မသတ်ဖြစ်နိုင်ပေသည်။

လက်ရှိ ရှေးအကျဆုံး မြန်မာဓမ္မသတ်မှာ မုတ္တမမြို့စား မွန်ဘုရင်ဝါရီရူ (အေဒီ ၁၂၈၁) လက်ထက်တွင် မွန်ဘာသာဖြင့် ရေးသားပြုစုခဲ့သည့် ဝါရီရူဓမ္မသတ်ပင်ဖြစ်သည်။ ၎င်းဓမ္မသတ်ကို ပါဠိနှင့် မြန်မာဘာသာသို့ ပြန်ဆိုရေးသားသူမှာ ဓမ္မစေတီမင်းလက်ထက် ကျော်ကြားသော ဥပဒေပညာရှင်ဖြစ်သည့် ဗုဒ္ဓယောသမာထေရ်ဖြစ်သည်။ ပေစာမူတွင် အေဒီ ၁၇၀၇ ဖော်ပြထားသည်။ ရန်ကုန်တက္ကသိုလ် ပါဠိပါမောက္ခဒေါက်တာ ဖိုးချမ်းမား (Dr E.Forchammer) ၏ အဆိုအရ ဤကျမ်းသည် လွန်ခဲ့သည့် ရာစုနှစ်ပေါင်းများစွာက မွန်ဘုရင်များ လက်ခံအသုံးပြုခဲ့ကြ၍ ရှေးဟိန္ဒူဥပဒေကျမ်းအချို့ကို မှီငြမ်းပြုထားသည်ဟု ဆိုသည်။ သို့သော် အိန္ဒိယနိုင်ငံတွင် ရေးသားပြုစုခဲ့သည့် ရှေးဟိန္ဒူဥပဒေများနှင့် များစွာ ကွဲပြားခြားနားကြောင်း မှတ်ချက်ပြုထားသည်။

(ခ) ဘုရင့်နောင် (အေဒီ ၁၅၅၀-၁၅၈၁)

ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်သော ဘုရင့်နောင်မင်းတရားကြီး လက်ထက်တွင် အရှင်ဗုဒ္ဓယောဿ၏ မြန်မာဘာသာ ပြန်ဆိုထားသော ဝါဂရူ (ဝါရီရူ) ဓမ္မသတ်အပေါ်တွင် အခြေပြုပြီး ဥပဒေစနစ်တစ်ရပ် တညီတညွတ်တည်း ပေါ်ပေါက်လာစေရန် ဆောင်ရွက်ပေးခဲ့သည်။ ၎င်း၏လက်ထက်တွင် ဓမ္မသတ်ကျမ်းသစ်နှစ်စောင် ရေးသားပြုစုပေးခဲ့သည်။ ယင်းတို့မှာ ၁။ ဓမ္မသတ်ကျော်၊ ၂။ ကိုးစောင်ကျော် (ဓမ္မသတ်ကိုးစောင် စုပေါင်းချုပ်ဆိုထားခြင်း) တို့ဖြစ်သည်။ ကိုးစောင်ချုပ်မှာ ဘုရင့်နောင်လက်ထက် မတိုင်ခင်ကပင် ရေးသားပြုစုခဲ့သည်။

ဘုရင့်နောင်သည် ဒုတိယမြန်မာနိုင်ငံကို ပြန်လည်ထူထောင်သည့် မင်းတစ်ပါးမျှသာမက ထင်ရှားသည့် တရားသူကြီးနှင့် ဥပဒေပညာရှင်တစ်ဦးဖြစ်သည်။ ၎င်းစီရင်ဆုံးဖြတ်ခဲ့သော စီရင်ထုံး၊ ဖြတ်ထုံးများမှာ မြန်မာ့သမိုင်းတွင် ထင်ရှားလှသည်။ ‘ဟံသာဝတီ ဆင်ဖြူများရှင် ဖြတ်ထုံး’ ဟု ကျော်ကြားသည်။

(ဂ) သာလွန်မင်း (အေဒီ ၁၆၂၉-၄၈)

သာလွန်မင်းတရားလက်ထက်၌ မြန်မာ့သမိုင်းတွင် ပထမဆုံးအကြိမ် အခွန်တော်စစ်တမ်းတစ်ရပ် ၁၆၃၈ ၌ ကောက်ယူခဲ့သည်။ ယခုခေတ် သန်းခေါင်စာရင်းကဲ့သို့ နိုင်ငံရှိလူဦးရေစာရင်း၊ အိမ်ထောင်စုဦးရေ၊ စိုက်ပျိုးသည့် လယ်မြေဧကစုစုပေါင်း၊ သီးနှံထွက်စာရင်း၊ ရရှိသော အခွန်အကောက် စသည်တို့ကို ပြည့်ပြည့်စုံစုံကောက်ယူခဲ့သည်။ ၎င်း၏လက်ထက်တွင် ကိုင်းစားရွာကိုစားရသော ဝန်ကြီးကိုင်းစား မနုကဓမ္မသတ်ကျမ်းတစ်စောင်ကို ပါဠိဘာသာဖြင့်မဟုတ်ဘဲ ပထမဆုံးအကြိမ် မြန်မာဘာသာဖြင့် ရေးသားပြုစုခဲ့လေသည်။ ၎င်းကျမ်းကို ‘မနုသာရရွှေမျဉ်း’ ဟုခေါ်တွင်လေသည်။ ၎င်းဓမ္မသတ်ကို ရေးသားပြုစုသော ကျမ်းပြုသူနှင့် ပြုစုစေသူ ဘုရင်တို့၏ နက်နဲသော ဥပဒေပညာဉာဏ်ကြောင့်လည်းကောင်း၊ ပါဝင်သော ဥပဒေအချက်အလက်များကြောင့်လည်းကောင်း၊ ပင်ကိုယ်အရည်အသွေးတို့ကြောင့်လည်းကောင်း နောင်ထွက်ပေါ်သည့် ဥပဒေကျမ်းများ၌ လေးစားစွာ ကိုးကားရည်ညွှန်းကြကြောင်း တွေ့ရှိရသည်။

(ဃ) အလောင်းဘုရား (အေဒီ ၁၇၅၂-၁၇၆၀)

ကုန်းဘောင်မင်းဆက်မစတင်မီ နိုင်ငံတော် ကစဉ့်ကလျား အခြေအနေများကြောင့် ဥပဒေကျမ်းများ ဖြစ်ပေါ်တိုးတက်မှု နှစ် ၁၀၀ ကျော်ခန့် ရပ်တန့်ခဲ့သည်။

တတိယမြန်မာနိုင်ငံ တည်ဆောက်သည့် အလောင်းဘုရားဦးအောင်ဇေယျ (၁၇၅၂-၁၇၆၀) သည် မုဆိုးဘိုရွာသားဖြစ်သည်။ အလောင်းဘုရားသည် တတိယမြန်မာနိုင်ငံကို စုစည်းတည်ဆောက်ရုံမျှမက ယဉ်ကျေးမှုအနုပညာနှင့် တရားဥပဒေများ ဖြစ်ထွန်းတိုးတက်စေခဲ့သည်။

အမတ်ကြီး လက်ဝဲသုန္ဒရပြုစုသည့် ‘ဗျူဟာစက္ကိ’ ပျို့နှင့် ‘နန္ဒိသေန’ ပျို့တို့မှာ မြန်မာ့စစ်သေနင်္ဂဗျူဟာနှင့် မြန်မာစာပေ ဖြစ်ထွန်းတိုးတက်မှုတို့၏ မှတ်တိုင်တစ်ရပ်ဖြစ်သည်။

၁၇၅၀ ခုနှစ်တွင် ဆုံထားဆရာတော်က ‘မနုရင်း’ ဓမ္မသတ်ပြုစုခဲ့သည်။ ၁၇၅၆ ခုနှစ်တွင် မဟာသီရိဥတ္တမဇေယျသြင်္ကန်အား အလောင်းမင်းတရားကြီးက ‘မနုကျယ်ဓမ္မသတ်’ ရေးသားပြုစုစေခဲ့သည်။ တချိန်တည်းတွင် တရားသူကြီး လက်ဝဲဘိနန္ဒသူအား ‘ဓမ္မဂိနိစ္ဆယ’ ကျမ်းပြုစုစေခဲ့သည်။

၁၇၅၂ ခုနှစ်မှ ၁၇၅၆ ခုနှစ်အတွင်း မဟာတုလဆရာတော်အား မှုခင်းများကို တရားဖြောင့်မှန်စွာ စီရင်ဆုံးဖြတ်စေခဲ့သည်။ မဟာအတုလဆရာတော်၏ စီရင်ဆုံးဖြတ်ချက် ဖြတ်ထုံးများအရ ဆရာတော်သည် ဖြောင့်မတ်မှန်ကန်သော တရားသူကြီးသာမက ကြီးကျယ်ထင်ရှား ဥပဒေပညာရှင်တစ်ဦး ဖြစ်ကြောင်းလည်း ထင်ရှားစေခဲ့သည်။

ကုန်းဘောင်မင်းဆက် ၁၁ ဆက်တွင် မြန်မာ့တရားစီရင်ရေးစနစ် အခြေခံပိုမိုပီပြင် ခိုင်မာလာသည်ဟု ဆိုနိုင်သည်။ မြန်မာမင်းများလက်ထက် အုပ်ချုပ်ပုံစာတမ်းများအရ တရားစီရင်သည့် ရုံးငါးရုံးရှိသည်။ ယင်းကို လွှတ်ရုံးငါးရပ် ဟုခေါ်သည်။
ယင်းတို့မှာ (၁) လွှတ်တော်၊ (၂) ဗြဲတိုက်၊ (၃) ရှေ့ရုံး၊ (၄) နောက်ရုံး၊ (၅) တရားရုံး တို့ဖြစ်ကြသည်။

တရားရုံးမှာ တရားဖက်နှစ်ဖက် မျက်နှာစုံညီ စစ်ဆေးသည့်ရုံး/မူလရုံး (The Court of first Instance) ဖြစ်သည်။ အဝေးမြို့များမှာ တန်ဖိုးကျပ် ၅၀၀ ထက်ကျော်လျှင် မင်းနေပြည်တော်ရှိ တရားရုံးတွင် အယူခံခွင့်ရှိသည်။ တရားစာရေးများ စီရင်သောအမှုကို တရားနာခံထံ အယူခံခွင့်ရှိသည်။ တရားနာခံ စီရင်သောအမှုကို တရားသူကြီးထံ အယူခံခွင့်ရှိသည်။ တရားသူကြီးစီရင်သောအမှုကို လွှတ်တော်၊ ဝန်ကြီးများထံ အယူခံဝင်ခွင့်ရှိသည်။ ‘မြန်မာ့တရားစီရင်ရေးတွင် ဓမ္မသတ်ကို ရာဇသတ်ချုပ်သည်၊ ရာဇသတ်ကို ကတိဝုတ်စ်ချုပ်သည်ဟူ၍ ဆိုရိုးရှိသည်။’

ရန်ကုန်တက္ကသိုလ် ပါဠိပါမောက္ခ ဒေါက်တာဖိုးချမ်းမား (Dr Emil Forchammer) က ‘ဓမ္မသတ်များသည် မြန်မာဗုဒ္ဓဘာသာဝင်တို့ လိုက်နာကျင့်သုံးကြသော ဓလေ့ထုံးတမ်း အစဉ်အလာများဖြစ်ကြသည်။ ၎င်းကျမ်းများသည် ဓလေ့ထုံးတမ်းများ၏ အရေးကြီးသည့် မှတ်တမ်းဖြစ်သော်လည်း ဥပဒေသဘောသက်ဝင်သည့် ပြဋ္ဌာန်းထားသောဥပဒေများကား မဟုတ်။ လက်တွေ့အားဖြင့် ရှုပ်ထွေးနက်နဲလှသော စည်းမျဉ်းများကို လိုက်နာလေ့မရှိ။ ဓမ္မသတ်များပါ အချက်များသည် တည်ဆဲဓလေ့ထုံးတမ်းများနှင့်ဖြစ်စေ၊ တရားမျှတသော သဘောတရားများဖြင့်ဖြစ်စေ မကိုက်ညီက လိုက်နာလေ့မရှိပေ’ ဟု ကောက်ချက်ချခဲ့သည်။

ကိုလိုနီခေတ် တရားရေးကော်မရှင်နာ ဂျွန်ဂျာဒင်း (John Jardine) က ၎င်း၏ ဗုဒ္ဓဘာသာ ဥပဒေမှတ်စုများကျမ်း (The Notes on Buddhist law) မြန်မာ့တရားစီရင်ရေးစနစ်သည် အမှုသည်များ ယုံကြည်ကိုးစားသော ခုံလူကြီး၏ ဖြန်ဖြေဆုံးဖြတ် ဖြေရှင်းပေးခြင်းသာဖြစ်၍ မြန်မာတို့၏ ဥပဒေသဘောတရားများသည် ဗုဒ္ဓဝါဒ၏ လူ့ကျင့်ဝတ်များမှ ဆင်းသက်လာခြင်းဖြစ်သည်။ အကြောင်းနှင့် အကျိုးဆက်စပ်နေမှု၏ သဘောတရားပေါ်တွင် အခြေခံသည်။ အင်္ဂလိပ်တို့၏ ဥပဒေသဘောတရားသည် ဥပဒေပညာရှင် ဂျွန်အော်စတင် ဖော်ပြသကဲ့သို့ အမိန့်သဘော သက်ဝင်သော်လည်း မြန်မာဥပဒေသဘောတရားသည် လူ့ကျင့်ဝတ်နှင့် ဓလေ့ထုံးတမ်းများအပေါ် အမှီပြုသည်ဟု ဖော်ပြခဲ့သည်။

မြန်မာ့တရားစီရင်ရေးတွင် ရာဇဝတ်မှု၊ တရားမမှုများကို မြန်မြန်နှင့်မှန်မှန် ပြီးပြတ်လွယ်အောင်ဥပဒေနှင့် ပတ်သက်သောအချက်များ၊ တရားတက်ဉာဏ်ပူဇော်ရေး လုလင်မှစ၍ အရပ်ရပ်တရားဝင်စရိတ် ကျရန်ရှိသည်များကို အတိအကျ သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။ ဘိုးတော်ဘုရား (၁၇၈၂-၁၈၁၉) မင်းတုန်းမင်း (၁၈၅၃-၁၈၇၈) တို့လက်ထက်တွင် တရားမ၊ ရာဇဝတ်ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ထုံး၊ တရားစရိတ်စသည်များကို ညှိနှိုင်းရေးဆွဲပြဋ္ဌာန်းခဲ့သည်။ မြန်မာနောက်ဆုံးမင်း သီပေါမင်း (၁၈၇၈-၁၈၈၅) လက်ထက်တွင် ယင်းတို့ကို ပြန်လည်ပြင်ဆင် သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။

သို့ဖြစ်ရာ ဘုရင့်နောင်၊ အလောင်းဘုရားကဲ့သို့ လက်ရုံးရည်ပြည့်ဝသော ပဒေသရာဇ်ဘုရင်များသာမက၊ သာလွန်ဘိုးတော်ဘုရား၊ မင်းတုန်းမင်းကဲ့သို့သော နှလုံးရည်အခြေပြုဘုရင်များတို့ကပါ မြန်မာ့တရားစီရင်ရေး အခြေခံအုတ်မြစ်ကို အခိုင်အခံ့ စိုက်ထူပေးခဲ့ကြောင်း ထင်ရှားပါသည်။

မှီငြမ်းရည်ညွှန်း -

(၁) ဦးအောင်သန်းထွန်း ခေတ် (၄) ခေတ် မြန်မာ့တရားဥပဒေ (ပထမအကြိမ် ၁၉၆၀)

(၂) John Jardine ‘The Note on Buddhist Law’

(၃) ၁၈၉၉ ခုနှစ်ထုတ် G.D BURGESS တရားရေးဝန်ကြီး တည်းဖြတ်ပြုစုသည့် ‘A COLLECTION OF TEXTS FROM THIRTY SD--DHAMMA THATS’

(၄) တော်စိန်ခို၏ လွှတ်တော်မှတ်တမ်း

(၅) မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်းနှင့် ဘိုးတော်ဘုရား၏ ရာဇသတ်ခေါ်သော အမိန့်တော်တမ်း (၄) တွဲ

Most Read

Most Recent