<

သိက္ခာတံတား

ပျက်ကျသွားခဲ့သော မြောင်းမြကြိုးတံတားကို ဧပြီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

“မြောင်းမြရောက်တော့မယ်။ ဟိုမှာ ကြိုးတံတားကို တွေ့နေရပြီ”

လွန်ခဲ့သော အနှစ် ၂၀ က မြောင်းမြဆေးရုံသို့ အသစ်စက်စက် လက်ထောက်ဆရာဝန် တစ်ယောက်အနေဖြင့် တာဝန်ထမ်းဆောင်ဖို့ အသွားသင်္ဘောပေါ်မှာ ခရီးသည်အချင်းချင်းပြောသည့် စကားသံကို ကြားလိုက်ရခြင်း ဖြစ်ပါသည်။ အခန်းပြင်ကို ထွက်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ မီးတွေဝင်းနေသည့် ကြိုးတံတားကို တွေ့လိုက်ရ၏။

ကျန်းမာရေးဦးစီးဌာနမှာ အလုပ်ဝင်ဖို့ လျှောက်လွှာတင်စဉ်က ဦးစားပေးအနေဖြင့် ကိုယ့်ဇာတိအညာက မြို့များကိုသာ လျှောက်ထားခဲ့သည်။ အလုပ်ခန့်စာရောက်လာတော့ ကိုယ်တစ်ခါမျှပင် စိတ်ကူးမယဉ်ခဲ့ဖူးသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်က မြောင်းမြမြို့ဆိုတော့ ဒေသသစ်ကို ရောက်ရတော့မည်ဟူသော အတွေးဖြင့် ခပ်ဖွဖွ ရင်ခုန်ခဲ့ပါ၏။

မြောင်းမြဆိုတာ ဧရာဝတီတိုင်းအတွင်းရှိ ဂုန်နီစက်ရုံတည်ရှိရာမြို့ဟူ၍ ၁၀ တန်း ပထ၀ီဝင် သင်ခန်းစာထဲမှာ သင်ဖူးတာ လောက်ကလွဲပြီး ကျန်တာဘာမျှမသိသည်မို့ သွားရေးလာရေးအတွက် နီးစပ်ရာ စုံစမ်းကြည့်ရသည်။ မြန်မာပြည်မြေပုံထဲမှာ ဧရာဝတီတိုင်းက မြစ်ချောင်းများဖြင့် ပြည့်နေသည့် အားလျော်စွာ ရန်ကုန်ကနေ တွံတေးတူးမြောင်းကိုဖြတ်ပြီး ပုသိမ် – မြောင်းမြသို့ သင်္ဘောဖြင့် သွားလာနိုင်သည်ဆို၍ တော်ပေသေး၏။

ရွာမှ ရွှေဘို၊ ရွှေဘိုမှ မန္တလေးသို့ ကားဖြင့်သွားကာ မန္တလေးမှ ရန်ကုန်သို့ ရထားစီးပြီး မြောင်းမြသင်္ဘောများဆိုက်ကပ်ရာဧရာ ၀တီသင်္ဘောဆိပ်မှာ သင်္ဘောချိန် စုံစမ်းရသည်။ ကိုယ့်ဆီမှာ သင်္ဘောကို တစ်စင်း၊ နှစ်စင်းဆိုပြီး ပြောဆိုသုံးစွဲကြသော်ငြား သူတို့ဆီမှာတော့ ‘ကောင်’ တဲ့။ သုံးနာရီကောင်က မမီတော့သည်မို့ သူတို့အခေါ် ငါးနာရီကောင်ဖြင့် လိုက်ဖြစ်ခဲ့သည်။ အစိုးရအလုပ်ဝင်ရန် လူတွေ့ဖြေဖို့အတွက် ရန်ကုန်ကို တစ်ခေါက်မျှသာ ရောက်ဖူးပြီး အသွားအလာနည်းပါးသည့် မအူမလည် ဆရာဝန်သစ်လွင်လေးကို ယောက်ဖဖြစ်သူက စိတ်မချသဖြင့် မြောင်းမြရောက်သည်အထိ လိုက်ပို့လေသည်။

အိပ်ခန်းမရတော့သဖြင့် သင်္ဘောသား အခန်းကနေ လိုက်ပါရင်းကနေ ကိုယ်နှင့် အကျွမ်းမ၀င်လှသည့် အောက်ပိုင်းက မြစ်တွေကို စူးစမ်းနေခဲ့မိသည်။ “စင်ရော်လေးတွေ ကြင်ဖော် ကြင်ဖော် စုံညီ” ဆိုသည့် မင်းအောင်သီချင်းထဲက စင်ရော်ငှက်တို့ကို ခုမှပင် မျက်မြင် တွေ့ဖူးတော့သည်။ သင်္ဘောအထွက်မှာ သင်္ဘောနှင့်အတူ လိုက်ပါပျံသန်းရင်း ခရီးသည်တို့ထံမှ အစာတောင်းခံကြသည့် စင်ရော်ငှက်တို့ကို မြင်ပြီးသကာလ ကားတစ်တန်၊ ရထားတစ်တန် လာခဲ့ရသည့် ခရီးပန်းမှုပင် ပြေပျောက်သွားသလိုရှိ၏။ ဧရာဝတီတိုင်း အတွင်းရောက်တော့ ဓနိပင်များနှင့် ဗေဒါအုပ်တို့ကိုအတွေ့မှာ ဆရာဇော်ဂျီ၏ ‘ဗေဒါလမ်း’ ကဗျာများကို ကြည်ကြည်နူးနူးဖြင့် အမှတ်ရနေမိသည်။

မီးများဖြင့် ထိန်ထိန်ညီးနေသော ကြိုးတံတားအောက်က ဖြတ်အပြီးမှာ ခရီးသည်တို့ အပြောဖြင့် စကြာနန္ဒဘုရားကို ဖူးခွင့်ရသည်။ မကြာခင်မှာပဲ မြောင်းမြသင်္ဘောဆိပ်သို့ သင်္ဘောဆိုက်ကပ်လေသည်။ အရုဏ်ဦး ရောင်ခြည်များအောက်ဝယ် အိပ်ရာမှနိုးထလာခါစ မြောင်းမြမြို့ကို ခပ်ဝါးဝါး တွေ့လိုက်ရ၏။ မင်္ဂလာနံနက်ခင်းပါ မြောင်းမြရေ။

မြောင်းမြရောက်အပြီး လပိုင်းအတွင်းလောက်မှာ မော်တော်ကားလိုင်းဖွင့်သံကို ကြားရသည်။ လူလွတ်တွေကကားဖြင့် ရန်ကုန်သွားကြပြီး ကုန်သမားတွေကတော့ သင်္ဘောဖြင့် သွားကြလေသည်။ ကားကတံတားပေါ်ကဖြတ်ပြီး သင်္ဘောကတော့ တံတားအောက်က သွားပေါ့။ သင်္ဘောက ၀ါးခယ်မနှင့် မအူပင်မှာ ခရီးတစ်ထောက်နားပြီး ကားကတော့ ထိုစဉ်က မြစ်ကူးတံတား မဆောက်ရသေးသဖြင့် ညောင်တုန်းအရောက်မှာ ကားအလဲအလှယ် လုပ်ရလေသည်။ မြောင်းမြမှလာသော ကားက တစ်ဖက်ကမ်းမှာ ကျန်ရစ်ခဲ့ပြီး ခရီးသည်များက ဧရာဝတီမြစ်ကို ဇက်ဖြင့်ကူးကာရန် ကုန်ဘက်မှလာသောကားကိုပြောင်းစီးရ၏။ သည်ဘက်ပိုင်းနှစ်များမှာတော့ ဗိုလ်မြတ်ထွန်းတံတား ဆောက်ပြီးသွားပြီမို့ ခရီးလမ်းပန်းက အတော်ပင် လွယ်ကူချောမွေ့သွားလေသည်။

အဆင်ပြေ ချောမွေ့ပြီဆိုခါမှ ပြင်ဆင်နေသည့်ကြားမှပင် ကြံ့ခိုင်မှု အားနည်းနေသည့် တံတားကခြေကုန်လက်ပန်းကျကာ ကြိုးပြတ်ကျသွားလေသည်။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်မြောင်းမြမှာ အလုပ်မ၀င်ခင်လေးတင် ဖွင့်လှစ်ခဲ့သည့် တံတားကမြောင်းမြသို့ ကိုယ်အလည်ရောက်နေစဉ်မှာ ပြတ်ကျသည်။ ကိုယ်တို့မိသားစု မြောင်းမြရောက်သည်က မတ် ၃၀ ရက် ညနေ။ တံတားပြတ်ကျသည်က ၃၁ ရက် ညသန်းခေါင်ကျော်ဆိုတော့ ကပ်လွတ်သွားသည်ဟု ဆိုနိုင်ကောင်း၏။

ကိုယ်တို့ မိသားစုလွတ်သွားသော်ငြား ကံခေသည့် ညီအစ်ကိုခမျာတော့ ကြမ္မာဆိုးကို မရှောင်သာခဲ့။ ဆုံးပါးသွားသူ ညီအစ်ကိုနှစ်ယောက်အနက် အိမ်ထောင်သည် အစ်ကိုက ကလေးနှစ်ယောက် ရှိပါသတဲ့။ ညီကတော့သည်နှစ်မှ ၁၀ တန်း စာမေးပွဲဝင်ဖြေထားပြီး ခါတိုင်းကားလိုက်နေကျမဟုတ်ပါဘဲ ယခုအခေါက်ကျမှသာ ယာဉ်နောက်လိုက်မရှိသဖြင့် အစားထိုးလိုက်ပါသွားခြင်း။ သားနှစ်ယောက် တစ်ပြိုင်နက် ဆုံးပါးသွားသည့် မိဘတို့၏ ကြေကွဲမှု၊ လင်ယောက်ျား ရုတ်တရက် သေဆုံးသွားသည့် လူမမယ် ကလေးနှစ်ယောက်၏ မိခင်။ သည်အပူတွေကို ဘယ်သူကများ ကူမှာပါလိမ့်။

ကြိုးတံတား ပြတ်ကျမှုနှင့်အတူ သယ်ယူပို့ဆောင်ရေးတွေ နှောင့်နှေးသွားချိန်မှာ မြန်မြန်ဆန်ဆန် တက်လာတာကတော့ ကုန်ဈေးနှုန်းဖြစ်သည်။ ဂျပန်နိုင်ငံမှာဆူနာမီဒဏ် ခံနေရစဉ်အတွင်းက တကယ့်သေရေး ရှင်ရေး အခြေအနေ ကြုံနေလင့်ကစား ဘတ်စ်ကားတစ်စီး ဆိုက်လာလျှင် ကားပေါ် အလုအယက်တက်တာမျိုး မရှိတဲ့။ ကိုယ့်ဆီမှာတော့ ရေကြီးလည်း ကုန်ဈေးနှုန်းတက်၊ မုန်တိုင်းတိုက်လည်း ကုန်ဈေးနှုန်းတက်၊ တံတားကျိုးကျလည်း ကုန်ဈေးနှုန်းတက်ဖြင့် တက်လို့ကို မဆုံးနိုင်တော့။ ကိုယ့်ဆီက လူတော်တော်များများ၏ ကျင့်ဝတ်သိက္ခာနှင့် ကိုယ်ကျင့်တရားက အခက်အခဲ အကျပ်အတည်းဟူသော မှတ်ကျောက်ထက်မှာ အတော်ပင် ပွန်းပဲ့သွား တတ်ကြလေသည်။

တကယ်တော့ ကြံ့ခိုင်မှု အားနည်းနေသည့် တံတား၏ ခံနိုင်ဝန်ကို ပြတ်မကျမီကတည်းက စနစ်တကျ စမ်းသပ်စစ်ဆေးပြီး ဖြတ်သွားသည့်ကားများ (အထူးသဖြင့် ကုန်ကားများ)၏ တန်ချိန်ကို အသေအချာ ကြပ်မတ်သင့်ပါသည်။ အနည်းဆုံးတော့ အင်းဝတံတားမှာ ရေးထားသလိုမျိုး တန်ချိန်မည်ရွေ့မည်မျှအထက်ကားများ ဖြတ်သန်းခွင့်မရှိဟူသော စာတန်းလေးတော့ ရှိသင့်သည် ထင်ပါ၏။

အကောင်းမြင်မျက်စိဖြင့် ကြည့်ရလျှင်တော့ ညဥ့်သန်းခေါင်ကျော် အသွားအလာ နည်းသည့်အချိန်မှာ ပြတ်ကျသည့်အတွက် တံတားကို ကြံဖန်ပြီးကျေးဇူးတင်ရမလိုလို။ လူ့အသက်ဆိုသည့် အမြင်ဖြင့်ကြည့်လျှင်တော့ တံတားကြံ့ခိုင်မှု အားနည်းသည့်ကိစ္စကို အလေးအနက်ထားကာ ထိရောက်သည့် ကြိုတင်ကာကွယ်မှုများ စီမံနိုင်လျှင် လူ့အသက်ရော ဥစ္စာပစ္စည်းပါ မဆုံးရှုံးစေရန် ကာကွယ်နိုင်ပေမည်။ တံတားကြံ့ခိုင်မှုကို ကျွမ်းကျင်တတ်မြောက်သည့်အဖွဲ့နှင့် မှန်မှန်စစ်ဆေးကာ တံတား အ၀င်အထွက်မှာလည်း စောစောကပြောသလိုမျိုး စာတန်းချိတ်ဆွဲထားပြီး ကုန်ကားများ၏ တန်ချိန်ကို လာဘ်ပေး လာဘ်ယူ ကင်းရှင်းစွာဖြင့် စိစစ်နိုင်ပါလျှင် ကြေကွဲ ၀မ်းနည်းစရာတို့မှ ရှောင်လွှဲနိုင်စရာကောင်း၏။

အခုတော့လည်း မြန်မာ့ထုံးစံဆုံးရှုံးမှု ကြီးကြီးမားမား ကြုံပြီးမှသာ ကိစ္စရပ်တစ်ခုကို အလေးအနက်ထားရကောင်းမှန်း သိတော့သည်။ ကျန်သည့် ကြိုးတံတားများ၏ ကြံ့ခိုင်မှုအခြေအနေကို စစ်ဆေးသည် ဆိုရာတွင်လည်း ပြောတုန်းခဏ လူကြီးကျေနပ်ရုံသာ တစ်ခါ နှစ်ခါ စစ်ဆေးပြပြီး သွေးအေးသွားသည်နှင့် ကွမ်းတံထွေးကိစ္စလို၊ အမှိုက်ကောက်သည့်ကိစ္စလို မေ့မေ့ပျောက်ပျောက် ထားလိုက်ပါလျှင် ဘယ်လိုမှ မေ့ပျောက်မရနိုင်သည့် နစ်နာဆုံးရှုံးမှုတွေ နောက်ထပ် ကြုံတွေ့လာရဦးမှာပဲ ဖြစ်၏။ ကြိမ်တို့မှ သွားသည့် နွားများလိုပင် အဆက်မပြတ်ခိုင်းနေမှ အလုပ်လုပ်ရကောင်းမှန်းသိသူတို့ကို သူတို့နားလည်သည့် ဘာသာစကားဖြင့် ကိုယ့်အလုပ် ကိုယ်လုပ်ကြရန် မမေ့မလျော့ တွန်းအားပေးဖို့ လိုနေမည်မှာဧကန်။

တံတားပြတ်ကျမှုကြောင့် သွားရေးလာရေး နှောင့်နှေးသွားသည့်အတွက် ကိုယ်တို့ မိသားစုလည်း မြောင်းမြမှာ တစ်ရက် ပိုနေလိုက်ရသည်။ ဒါကလည်း လူ့အသက်တွေ ဆုံးရှုံးရတာနှင့် နှိုင်းစာလျှင် စာမဖွဲ့လောက်ပါချေ။ တံတားကျိုးသည့် အချိန်မှာ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ လျင်လျင်မြန်မြန် ပွင့်လာအောင် မြန်မြန်ထက်ထက် စီစဉ်ပေးခဲ့သည့် သက်ဆိုင်ရာအာဏာပိုင်များနှင့် တံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင်မှ ဇက်ဖြင့် ခရီးသွားပြည်သူတို့ အဆင်ပြေလေအောင် ကူညီပို့ဆောင်ပေးသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၀န်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များ၏ စေတနာနှင့် အားထုတ်မှုကိုတော့ လေးစားစွာ အသိအမှတ်ပြုရပါသည်။

တံတားကျိုးသည့်ဖြစ်အင်ကို ကိုယ်တိုင်ကိုယ်ကျကြုံပြီး နောက်ဝယ်မြောင်းမြက အပြန်လမ်းမှာ ကြိုးတံတားမြင်တိုင်း ရင်ခုန်ရလေသည်။ ဘေးမသီရန်မခဘဲ အိမ်ပြန်ရောက်မှသာ စိတ်ကို တုံးတုံးချနိုင်တော့၏။

တံတားဟူသည် ဟိုဘက်၊ သည်ဘက် ကူးလူးဆက်ဆံရာတွင် အဆင်ပြေချောမွေ့စေဖို့ ဖန်တီးထားသောအရာတစ်ခု ဖြစ်ပါသည်။ တံတားကျိုးပြတ်သွားသည်နှင့် ဟိုဘက်၊ သည်ဘက် ဆက်ဆံရေးတွေ အကုန်ပြတ်တောက်သွားတော့သည်။ သည်အထဲမှာ ကျင့်ဝတ်တွေ၊ သိက္ခာတွေလည်း ၀မ်းနည်းဖွယ်ပါသွားတတ်၏။

အများပြည်သူအတွက် ရှေ့ဆက်ပြီး မေတ္တာတံတားတွေ၊ သစ္စာတံတားတွေက တစ်ဆင့် ချစ်ကြည်ရေးတံတားဆောက်ကြရပါဦးမည်။ သည်တံတားတွေထဲမှာ လူသားဆန်သည့် နှလုံးသား၊ လူ့ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားတို့ကို မြှုပ်နှံတည်ဆောက်ထားလျှင်တော့ တံတားကျိုးပြတ်ကျဖို့ အလွန်တရာ ခဲယဉ်းမည်ဟု ထင်ပါသည်။

May 10, 2018














Copy Protected by Chetan's WP-Copyprotect.