အထူးကိုယ်စားလှယ်နှင့် လွတ်လပ်၊ တက်ကြွ သံခင်းတမန်ခင်း

အထူးကိုယ်စားလှယ်နှင့် လွတ်လပ်၊ တက်ကြွ သံခင်းတမန်ခင်း
Published 10 May 2018

မြန်မာနိုင်ငံသို့ ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး ဧပြီ ၃၀ ရက်က ရောက်ရှိလာသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လက်ခံတွေ့ဆုံစဉ် (Photo: AFP)

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် သုံးတတ်လျှင် ဆေးဖြစ်ပြီး၊ ဘေးထွက်ဆိုးကျိုးများလည်း ရှိနေသည်။ စိန်ခေါ်မှု၊ အကျပ်အတည်းနှင့် ဖိအားများအကြား ရုန်းနေကန်နေရသည့် မြန်မာနိုင်ငံအနေဖြင့် အထူးကိုယ်စားလှယ် သံခင်းတမန်ခင်းကို လွတ်လွတ်လပ်လပ်၊ တက်တက်ကြွကြွ သူလည်းနိုင်၊ ကိုယ်လည်းနိုင် ဖော်ဆောင်နိုင်ရန် ပဓာနကျသည်။ အထူးကိုယ်စားလှယ်နှင့် ဗျူဟာမြောက် ဆက်ဆံရေးထူထောင်ရင်း ကုလသမဂ္ဂ၊ အမေရိကန် အပါအဝင် အနောက်နိုင်ငံများနှင့် ခပ်စိမ်းစိမ်း ဖြစ်လာနေသည့် အခင်းအကျင်းကို အားကောင်းမောင်းသန် ပြောင်းပြန်လှန်ပစ်နိုင်ရမည်ဖြစ်သည်။ သို့မှသာမြန်မာ့သံခင်းတမန်ခင်းသည် လမ်းရိုးလမ်းဟောင်းမှ ဖောက်ထွက်ဖို့ ခြေလှမ်းပြင်နိုင်မည်ဖြစ်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး ခရစ္စတီးနားရှ ရမ်နာဘိုဂန်နာ (Christine Schraner Burgener) ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း ၂၀၁၈ ခုနှစ် ဧပြီ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်ထားရေးကို အဆုံးအဖြတ်ပြုခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက် ချမှတ်ပြီးနောက် လေးလကြာမှသာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ခန့်အပ်နိုင်ခဲ့သည့်အပေါ် အားမလို၊ အားမရ သုံးသပ်သံများလည်း ကြားနေရသည်။

ဆွစ်သံတမန် ခရစ္စတီးနားရှရမ်နာဘိုဂန်နာသည် ပီရူးသံတမန်အယ်ဆာရိုဒီဆိုတို၊ မလေးရှားသံတမန်ရာဇာလီအစ္စမေးလ်၊ နိုက်ဂျီးရီးယား သံတမန်အီဘရာဟင်ဂမ်ဘာရီ၊ အိန္ဒိယသံတမန်ဘီဂျေနမ်ဘီယာတို့နေရာကို ဆက်ခံသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ငါးဦးမြောက် အထူးကိုယ်စားလှယ်ဖြစ်သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နေရာသည် စိန်ခေါ်မှုမြင့်မားပြီးဖြစ်သည့်အပြင် လက်ငင်းမြန်မာအရေးနှင့် ဆက်စပ်၍ နိုင်ငံတကာ သံခင်းတမန်ခင်းတွင် အကျပ်အတည်းများ မြင့်မားနေဆဲဖြစ်သည့် အားလျော်စွာ အကြိတ်အနယ်၊ တွန်းတွန်းတိုက်တိုက် တာဝန်ထမ်းဆောင်ရနိုင်ဖွယ်ရှိသည်။ မြန်မာအစိုးရအနေဖြင့် အထူးကိုယ်စားလှယ်သံခင်း တမန်ခင်းနှင့် ပူးပေါင်းဆောင်ရွက်ရင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ပိုမိုမျက်နှာပန်းလှလာရေးကို ဦးတည်ရမည်ဖြစ်သည်။

ရခိုင်ပြည်နယ်အရေးနှင့် ဆက်စပ်လျက် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ပြစ်တင်ဝေဖန်မှုများ၊ ဖိအားပေးခံရမှုများ၊ စုံစမ်းစစ်ဆေးမှုများ သိသိသာသာ မြင့်မားနေချိန်တွင် မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံများနှင့် သံခင်းတမန်ခင်းကို ဗျူဟာမြောက် ထိန်းညှိဖော်ဆောင်နိုင်ရန် သေရေးရှင်ရေးတမျှ အရေးကြီးလျက်ရှိနေသည်။ သံခင်းတမန်ခင်း မျက်နှာစာတွင် လမ်းရိုးလမ်းဟောင်းကြီးမှ ဖောက်ထွက်ပြီး၊ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို စကားလုံးသက်သက်မဟုတ်၊ အလုပ်နှင့်သက်သေပြ၊ ဖော်ဆောင်နိုင်ရန် လိုအပ်နေဆဲဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေးနှင့် ဆက်စပ်၍ သုတေသနနှင့် မူဝါဒအကြံပေးနိုင်မည့် အထူးအလုပ်အဖွဲ့တစ်ရပ်ကို အစိုးရတစ်ပိုင်းပုံစံ သို့မဟုတ် သီးခြားလွတ်လပ်သည့်ပုံစံဖြင့် ဖွဲ့စည်းလျက်၊ အားကောင်းမောင်းသန် ဆောင်ရွက်လာနိုင်မည်ဆိုလျှင် သံခင်းတမန်ခင်းသည် ပိုမိုစိတ်လှုပ်ရှားဖွယ် ဖြစ်လာနိုင်ခြေရှိသည်။

သံခင်းတမန်ခင်း အထူးအလုပ်အဖွဲ့ အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့များနှင့် အလွတ်သဘော၊ အလုပ်သဘောတွေ့ဆုံ ဆွေးနွေးမှုများ၊ ကြားနာမှုများ ပြုလုပ်နိုင်ရန် အရေးကြီးသကဲ့သို့ မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ၊ အစီရင်ခံစာများကိုလည်း အချိန်နှင့်တစ်ပြေးညီ လေ့လာဆန်းစစ်၊ သုံးသပ်ပြီး၊ အချက်အလက် အထောက်အထား ပြည့်ပြည့်စုံစုံဖြင့် ပြန်လည်ထုချေ၊ ရှင်းလင်းတင်ပြနိုင်ရေး ရည်မှန်းချက်ထားသင့်သည်။ အစိုးရတစ်ပိုင်းပုံစံဖြစ်စေ၊ သီးခြားလွတ်လပ်သည့်ပုံစံဖြစ်စေ၊ အထူးအလုပ်အဖွဲ့ အနေဖြင့် အစိုးရ၏နိုင်ငံခြား ဆက်ဆံရေးအစီအမံ၊ ဗျူဟာ၊ နည်းနာများနှင့်စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြ၊ အကြံပြုနိုင်ရန် သော့ချက်ကျမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသည် ဂျာမနီနိုင်ငံဆိုင်ရာဆွစ်ဇာလန် နိုင်ငံသံအမတ်ကြီး ခရစ္စတီးနားရှရမ်နာဘိုဂန်နာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းအပေါ် သဘောတူ လက်ခံပြီးဖြစ်သည်ဟု သိရှိရသည်။ အထူးကိုယ်စားလှယ်သည် ကုလသမဂ္ဂ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် မြန်မာနိုင်ငံအကြား ဆက်သွယ်၊ ညှိနှိုင်း၊ ဆောင်ရွက်ရမည့် အရေးကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ ဆောလျင်စွာ အလည်အပတ် လာရောက်နိုင်ရေး တက်တက်ကြွကြွ ညှိနှိုင်း၊ ပူးပေါင်း ဆောင်ရွက်နိုင်မည်ဆိုလျှင် ပိုမိုလျော်ကန်သင့်မြတ်မည်ဖြစ်သည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ပထမဆုံးခရီးစဉ်အတွင်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ပွင့်လင်းမြင်သာ ရှင်းလင်း၊ ညှိနှိုင်းဆွေးနွေး၊ ပေါင်းစပ်အဖြေရှာနိုင်ရေး ရည်မှန်းချက်ထားသင့်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတီးနားရှရမ်နာဘိုဂန်နာ (Christine Schraner Burgener) သည် ဇူးရစ်တက္ကသိုလ်မှ ဥပဒေဘွဲ့ရတစ်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်ကတည်းက ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ သူမ၏ ခင်ပွန်းဖြစ်သူ ခရစ်စ်တော့ဘိုဂန်နာ (Christoph Burgener) သည် မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် ၂၀၀၉ ခုနှစ် သြဂုတ်လမှ ၂၀၁၅ ခုနှစ် သြဂုတ်လအထိ ပူးတွဲတာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ခရစ္စတီးနားရှရမ် နာဘိုဂန်နာသည် ဆွစ်ဇာလန် ဆိုရှယ်ဒီမိုက ရက်တစ်ပါတီဝင်တစ်ဦးဖြစ်ပြီး သူမ၏ခင်ပွန်း သံအမတ်ကြီးကို အကြောင်းပြုလျက် မြန်မာနိုင်ငံနှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည့် ဝါရင့်သံတမန်ကြီးတစ်ဦးလည်း ဖြစ်သည်။

အထူးကိုယ်စားလှယ် သံခင်းတမန်ခင်းကို မြန်မာအစိုးရအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် ထိထိရောက်ရောက်၊ တွင်တွင်ကျယ်ကျယ် ကျင့်သုံးနိုင်ရန် အရေးကြီးမည်ဖြစ်သည်။ မြန်မာအစိုးရနှင့် ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံများအကြား သံခင်းတမန်ခင်း ဒဏ်ရာဒဏ်ချက်များ၊ ပြည်တည်နာများကို အထူးကိုယ်စားလှယ်သံ ခင်းတမန်ခင်းမှတစ်ဆင့် ထိထိရောက်ရောက် ကုစားနိုင်ရေး ချဉ်းကပ်စဉ်းစားသင့်သည်။ အနာနှင့်ဆေးတွေ့ဖို့ အရေးကြီးသည့်နည်းတူ ဆောလျင်စွာ ကုသပျောက်ကင်းနိုင်ရေး သော့ချက်ကျမည် ဖြစ်သည်။

၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် လျှောက်ထားခဲ့သည်။ ၁၉၄၈ ခုနှစ် ဧပြီ ၁၉ ရက်တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီနှင့် ကုလသမဂ္ဂအထွေထွေညီလာခံတို့၏ တစ်ခဲနက်ထောက်ခံ၊ အတည်ပြုမှုဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ ၅၈ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်။ ၁၉၉၅ ခုနှစ်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ပထမဆုံးအကြိမ် ခန့်အပ်တာဝန် ပေးခဲ့သည်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံသည် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ပထမဆုံးအကြိမ် ချမှတ်ခဲ့သည်။ မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ သဘောထား ထုတ်ပြန်ချက်ကို ၂၀၀၇ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့သည်။

မြန်မာအစိုးရသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီကို မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် သူမ၏သက်တမ်းအတွင်း ပူးပေါင်းဆောင်ရွက်မှု အားလုံးကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ အကြောင်းကြားခဲ့သည်။ မစ္စရန်ဟီလီသည် ၂၀၁၄ ခုနှစ် ဇွန်လနောက်ပိုင်း မြန်မာနိုင်ငံသို့ ခြောက်ကြိမ်လာရောက်ခဲ့သည်။ ထို့အပြင် မြန်မာအစိုးရအနေဖြင့် ၂၀၁၇ ခုနှစ် မတ် ၂၄ ရက် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အပြည်ပြည်ဆိုင်ရာ လွတ်လပ်သော အချက်အလက် ရှာဖွေရေးအဖွဲ့နှင့်လည်း ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့ အလုပ်သဘော အလည်အပတ် လာရောက်လိုကြောင်း မြန်မာအစိုးရကို အဆိုပြုခဲ့သည်။ မြန်မာအစိုးရက ဖေဖော်ဝါရီလတွင် လာရောက်မည်ဆိုပါက အဆင်မပြေနိုင်ဟု ပြန်ကြားခဲ့သည်။ ၂၀၁၈ ခုနှစ် ဧပြီလကုန်၊ မေလဆန်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ အလုပ်သဘော အလည်အပတ် လာရောက်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အချုပ်အားဖြင့်ဆိုသော် မြန်မာအစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့အနေဖြင့် ကုလသမဂ္ဂ၊ အမေရိကန် အပါအဝင် အနောက်နိုင်ငံများနှင့် ဗျူဟာမြောက် ထိတွေ့ဆက်ဆံနိုင်ရန်၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန် အရေးတကြီး လိုအပ်လျက်ရှိကြောင်း လယ်ပြင်မှာ ဆင်သွားသကဲ့သို့ ထင်ရှားနေသည့်အလျောက် ကုလသမဂ္ဂ၊ အမေရိကန် အပါအဝင် အနောက်နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြားက အသံဗလံများကို အလေးအနက် ကြားနာနိုင်ပြီး၊ သတင်းအချက်အလက်နှင့် အထောက်အထားများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ အချိန်နှင့်တစ်ပြေးညီ ရှင်းလင်း၊ အသိပေးနိုင်မည်ဆိုလျှင် အထူးကိုယ်စားလှယ် သံခင်းတမန်ခင်းသည် အစွမ်းထက်သော ဆေးဖြစ်ရုံသာမက လွတ်လပ်၍ တက်ကြွသည့် သံခင်းတမန်ခင်းကိုလည်း ရုပ်လုံးပေါ်စေမည်ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။