တရားဝင် ခွင့်ပြုမထားပေမယ့် တွင်ကျယ်နေတဲ့ အနှိပ်ခန်း၊ မြို့ပြကြွက်ပြဿနာနဲ့ CCCC ရဲ့ ရန်ကုန်မြို့သစ် စီမံကိန်း

တရားဝင် ခွင့်ပြုမထားပေမယ့် တွင်ကျယ်နေတဲ့ အနှိပ်ခန်း၊ မြို့ပြကြွက်ပြဿနာနဲ့ CCCC ရဲ့ ရန်ကုန်မြို့သစ် စီမံကိန်း
Published 6 May 2018

ရန်ကုန်မြို့ မြို့စွန်တစ်ခုရှိ အမှိုက်ပုံကြီးကို မြင်ရစဉ်

၁၂ ရက်ကြာအောင် ငြှိမ်းသတ်ခဲ့ရတဲ့ လှိုင်သာယာမြို့နယ်က ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းမှုနဲ့ ပိုမိုပူပြင်းလာတဲ့ ရာသီဥတု အခြေအနေကြောင့် မြန်မာနိုင်ငံတစ်ဝန်းက အမှိုက်ပုံတွေ မီးဆက်လက်လောင်ကျွမ်းနိုင်မလားဆိုတာနဲ့ တကယ်လို့များ မီးလောင်ရင် ဘယ်လိုကြိုတင် ပြင်ဆင်ထားသလဲဆိုတာ မေးခွန်းထုတ်စရာတွေ ရှိလာခဲ့တဲ့ ဒီရက်သတ္တပတ်မှာ အစ္စလာမ္မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) က ဘင်္ဂါလီဒုက္ခသည်စခန်းတွေဆီ သွားရောက်ခဲ့တာကြောင့် မြန်မာနိုင်ငံအပေါ် ဘယ်လိုထပ်ဆင့်စွပ်စွဲချက်တွေ ရောက်လာဦးမလဲဆိုတာကိုလည်း စိတ်ပူပန်စရာတွေ ရှိခဲ့ပါတယ်။

တစ်ဖက်မှာဆိုရင်လည်း တိုက်ပွဲတွေအကြား ပိတ်မိနေတယ်ဆိုတဲ့ ကချင်တိုင်းရင်းသားတွေရဲ့ အခက်အခဲတွေအကြားမှာ မြန်မာ့ပဲအတွက် အဓိကအားထားရာ အိန္ဒိယက ပဲစဉ်းငုံတန်ချိန်နှစ်သိန်း တင်သွင်းခွင့်ပေးဖို့ တောင်းဆိုမှုကို အကြောင်းမပြန်ခဲ့တဲ့အပြင် သူတို့ပြန်လည်တင်သွင်းဖို့ ဆုံးဖြတ်ထားတဲ့ ပမာဏကလည်း မြန်မာ့ပဲအတွက် မက်လောက်စရာ အခြေအနေ မဟုတ်တာကြောင့် မြန်မာက Quota ရလည်း ပဲတင်ပို့နိုင်မှုအတွက် အခြေအနေကောင်းမယ်လို့ မှတ်ယူမရတဲ့အခြေအနေမှာ ဈေးကွက်ကို မစူးစမ်းဘဲ စိုက်ပျိုးမိရင် စိုက်ပျိုးသူတွေ နစ်နာနိုင်မလားဆိုတဲ့ အခြေအနေတစ်ရပ်အတွက်တော့ တာဝန်ရှိဝန်ကြီးဌာနတွေက နှုတ်ဆိတ်နေကြတာကိုလည်း စိတ်မသက်သာစရာအဖြစ် တွေ့မြင်နေရပါတယ်။

ရေရှည်ဖြေရှင်းရတော့မယ့် ရခိုင်ပဋိပက္ခဘက်က ကြည့်မယ်ဆိုရင်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနယ်စပ်က ပြန်လည်လက်ခံရေးစခန်းတွေဆီ သွားရောက်လေ့လာပြီး နေရပ်စွန့်ခွာမှုမရှိတဲ့ ဘင်္ဂါလီကျေးရွာသားတွေ၊ ဟိန္ဒူဘာသာဝင်တွေနဲ့ တိုင်းရင်းသားတွေကို တွေ့ဆုံခဲ့သလို မြန်မာအစိုးရတာဝန်ရှိသူတွေကို ဆက်ဆံခဲ့ပုံတွေကလည်း အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက ပြည်သူတွေ အတွက်တော့ မချိတင်ကဲတွေ ဖြစ်ခဲ့ရပါတယ်။

ဘက်စုံဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် တစ်ဖက်မှာ ဝန်ထမ်းလစာတိုးအပြီး လှုပ်ခတ်လာတဲ့ ကုန်ဈေးနှုန်းဒဏ်ကြောင့် စိုးရိမ်စရာတွေ မပြေပျောက်နိုင်သေးတဲ့ ဒီရက်သတ္တပတ်မှာ စီးပွားရေးသုံးသပ်ချက်အဖြစ် တရားဝင်ခွင့်ပြုမထားပေမယ့် တွင်ကျယ်နေတဲ့ အနှိပ်ခန်းတွေအကြောင်း၊ ရန်ကုန်မြို့ပြရဲ့ ကြွက်ပြဿနာနဲ့ ရန်ကုန်မြို့သစ်ကြီးကို အခုပဲစပြီး ဆောက်တော့မလို ပြောနေပေမယ့် အခုထိတောင် CCCC မှာ ဘာ Plan မှ ရှိမနေတာကို သိခဲ့ကြတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

တရားဝင် ခွင့်ပြုမထားပေမယ့် တွင်ကျယ်နေတဲ့ အနှိပ်ခန်းမျိုးစုံ

“KTV လုပ်ငန်းတွေကို ရန်ကုန်တိုင်းဒေသကြီး၊ ဗီဒီယိုလုပ်ငန်း စိစစ်ရေးကြီးကြပ်မှုကော်မတီက နေပြီးတော့ ခွင့်ပြုပေးလျက် ရှိပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေနဲ့ကတော့ Foot Massage, Oil Massage, Body Massage အချို့နေရာတွေမှာ အနှိပ်ခန်းတွေ ဖွင့်လှစ်ထားတာကို လုပ်ငန်းလိုင်စင်နဲ့ တရားဝင် ခွင့်ပြုပေးခြင်းမရှိပါဘူး။ ကျွန်တော်တို့ ဆံပင်ညှပ်နဲ့ မျက်နှာအလှပြင်ဆိုင်များ၊ ကျန်းမာရေးနဲ့ ခြေထောက်ဆေးစိမ်လုပ်ငန်းများ၊ မျက်မမြင်အကြောပြင်လုပ်ငန်းတွေကိုသာ ခွင့်ပြုပေးခြင်း ဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက မေ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဦးမြင့်သောင်းက ဒီလိုပြောကြားပေမယ့် လက်တွေ့မှာတော့ လုပ်ငန်းလိုင်စင်နဲ့ တရားဝင်ခွင့်ပြုမထားတဲ့ Foot Massage, Oil Massage, Body Massage တွေက တရားဝင် ခွင့်ပြုပေးထားတယ်ဆိုတဲ့ ကျန်းမာရေးနဲ့ ခြေထောက်ဆေးစိမ် လုပ်ငန်းတွေ မျက်မမြင်အကြောပြင် လုပ်ငန်းတွေထက် ဆယ်ဆလောက် များပြားနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဟိုတယ်တိုင်းလိုလိုမှာ ရှိနေတဲ့ Oil Massage, Body Massage တွေက ဈေးနှုန်းအနေနဲ့ဆိုရင်လည်း တစ်နာရီလောက်ကို အနည်းဆုံး ကျပ် နှစ်သောင်းကနေစပြီး တရုတ်နိုင်ငံသားတွေလာပြီးတော့ ဖွင့်လှစ်ထားတဲ့ Oil Massage, Body Massage တွေဆို တစ်နာရီကို တစ်သိန်းအထက် ရှိနေတယ်ဆိုတဲ့ အခြေအနေတွေကိုလည်း တွေ့မြင်နေရပါတယ်။ အစိုးရက လိုင်စင်အနေနဲ့လည်း ခွင့်ပြုမှုမရှိဘူး။ ပေါများလွန်းလှတဲ့ အနှိပ်ခန်းတွေ Oil Massage, Body Massage တွေကို ထိန်းကျောင်းမှုလည်း မရှိဘူးဆို တိုင်းပြည်က ဘာနစ်နာနေသလဲ တွေးကြည့်ဖို့ လိုအပ်လာပါတယ်။ အကြမ်းအားဖြင့်ဆိုရင် အခွန်အခတွေ နစ်နာပါတယ်။ ဒုတိယမှာဆိုရင် ဒီလိုအနှိပ်ခန်းတွေ Oil Massage, Body Massage တွေဟာ နားလည်မှုတွေနဲ့ ဖွင့်နေတာဖြစ်လို့ တာဝန်ရှိသူတွေအကြားမှာ လာဘ်ပေးလာဘ်ယူ အလေ့အထကို တွင်ကျယ်စေပါတယ်။ တတိယအဆင့်မှာဆို ဒီလိုအနှိပ်ခန်းတွေ၊ Oil Massage, Body Massage တွေဟာ နွမ်းပါးတဲ့ မြန်မာအမျိုးသမီးငယ်တွေကို ခေါင်းပုံဖြတ်မှုတွေ၊ အကျင့်စာရိတ္တ ပျက်ပြားစေနိုင်မှုတွေကိုပဲ ဦးတည်နေပါတယ်။ တရားဝင် ထိန်းချုပ်မှုလည်း မရှိ၊ ခွင့်ပြုမှုလည်း မရှိဘဲ တရားမဝင် ရပ်တည်နေတဲ့ အနှိပ်ခန်းတွေ Oil Massage, Body Massage တွေကို လျစ်လျူရှုထားတာဟာ မှန်ကန်တဲ့လုပ်ရပ်လားဆိုတာကိုတော့ တာဝန်ရှိသူတွေရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာတွေကပဲ မှတ်ကျောက်တင်သွားမှာ ဖြစ်ပါတယ်။

မြို့ပြကြွက်ပြဿနာ

“အဓိကတော့ ကြွက်နဲ့ အမှိုက်နဲ့ ဆက်စပ်နေတာပါ။ အမှိုက်နဲ့ ဆက်စပ်ပြန်တော့ လူတွေရဲ့စည်းကမ်း၊ အမှိုက်ရယ် ကြွက်ရယ်က ဆက်စပ်နေတာပါ။ လူတွေက စည်းကမ်းမရှိဘူး။ အမှိုက်စွန့်ပစ်မှုကလည်း စည်းကမ်းမရှိဘူး။ အဲဒီအပေါ်မူတည်ပြီးတော့ ကြွက်ကလည်း ပွားတယ်။ စည်းကမ်းတကျ စွန့်ပစ်အောင်ထားပါတယ်။ စည်းကမ်းမဲ့ ရောင်းခြင်းထက် စည်းကမ်းမဲ့ စားသောက်ခြင်းဟာ ပိုပြီးတော့ အရေးကြီးတာကို သွားတွေ့ပါတယ်။ ရောင်းတာကတော့ ရောင်းမှာပဲ။ မရောင်းရင်လည်း လူတွေက အထုပ်ပိုက်ပြီးတော့ ကန်ပေါင်ပေါ်မှာ နှစ်ကိုယ်တူ ကြည်ဖြူပြီးတော့ပြီးလို့ရှိရင် ရှိတဲ့အစာစွန့်ပစ်ခဲ့တာပဲ။ အထူးသဖြင့် မြန်မာပလာဇာဘက်မှာ ပိုများပါတယ်။ စည်းကမ်းပိုင်းအရ စားပါ။ သို့သော်လည်း မစားရဘူး။ မလုပ်ရဘူး။ လုပ်ရင် ဒဏ်တပ်မယ်ဆိုတာထက်စားပါ။ လုပ်ပါ။ ဒဏ်တပ်မခံရအောင်လည်း စောစာက ပြောသလိုပေါ့။ ခွေးမွေးမယ်ဆိုရင်တောင် ကိုယ့်ခွေးရဲ့မစင်ကအစ တာဝန်ယူနိုင်တဲ့အဆင့်မျိုးရှိမှ တိုင်းပြည်ကတိုးတက်မှာ။ မလုပ်လို့ မတိုးတက်တာပါ” လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မေ ၄ ရက်မှာ ပြောခဲ့ပါတယ်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ကြွက်တွေပေါများနေတာက လူတွေ စည်းကမ်းမရှိလို့ဆိုပြီး ပြောသွားတဲ့အခြေအနေမှာ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဦးမောင်မောင်စိုးရဲ့ ပြောကြားချက်တွေအပေါ် နည်းနည်းလေးတော့ လွဲနေတယ်ဆိုပြီး လူမှုကွန်ရက်ကနေတစ်ဆင့် တုံ့ပြန်ခဲ့ပါတယ်။ ဦးမောင်မောင်စိုးရဲ့ လူတွေစည်းကမ်းမဲ့လို့ဆိုတဲ့ အပြောအဆိုဟာ လူမှုကွန်ရက်မှာ ဝေဖန်မှုမြင့်တက်ခဲ့သလို ဘာဖြစ်ဖြစ် ပြည်သူတွေမှာပဲ တာဝန်ရှိနေတာ၊ ဝန်ဆောင်ခရယူနေတဲ့ စည်ပင်မှာ တာဝန်မရှိဖြစ်နေတာဟာ အစိုးရနေရာရောက်သွားသူတွေတိုင်းရဲ့ မပြောင်းလဲနိုင်တဲ့ Mindset တွေလို့ပဲ ဆိုရတော့မှာဖြစ်ပြီး တိုင်းပြည် ဘာဖြစ်ဖြစ်တာဝန်ရှိနေတဲ့ ပြည်သူတွေအနေနဲ့လည်း တိုင်းပြည် ဘာဖြစ်ဖြစ် တာဝန်ယူပေးတတ်တဲ့ အစိုးရကောင်းတွေနဲ့ များများကြုံနိုင်ကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

ရန်ကုန်မြို့သစ်အတွက် ဘာ Plan မှ မရှိသေးတဲ့ CCCC

ရန်ကုန်မြို့သစ်ကြီးကို အခုချက်ချင်းပဲ ထဆောက်တော့မလို ပြောဆိုဆွေးနွေးနေကြပေမယ့် တကယ့်လက်တွေ့မှာတော့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ ဘာ Plan မှ လက်တွေ့ရှိမနေတာကို တွေ့မြင်နေရပါတယ်။

China Communications Construction Company (CCCC) က ရေးဆွဲမယ့် ရန်ကုန်မြို့သစ် စီမံကိန်းအကြိုအဆိုပြုလွှာမှာ နည်းပညာ အချက်အလက်တွေ၊ ဘဏ္ဍာရေးအဆိုပြုချက်နဲ့ စီးပွားရေးလုပ်ငန်းပုံစံတွေ ပါဝင်မှာဖြစ်ပြီး NYDC က သဘောတူလက်ခံပြီးရင် အများပြည်သူသိရှိဖို့ ချပြမယ်လို့ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်မယ့် New Yangon Development Co.,Ltd (NYDC) ရဲ့ ဒုတိယ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် (CEO) ဦးသိမ်းေ၀ (Mr. Serge Pun) က CCCC နဲ့ NYDC တို့ စီမံကိန်းအကြို အဆိုပြုလွှာ (Pre-Project Documents-PPD) ကို ပြင်ဆင်တင်သွင်းဖို့ မူဘောင်သဘောတူညီချက် (Framework Agreement) ကို လက်မှတ်ရေးထိုးစဉ်မှာ ပြောခဲ့ပါတယ်။

“ဒီနေရာမှာ ကျွန်တော် တစ်ခုရှင်းအောင် ပြောချင်တာကတော့ Framework Agreement လက်မှတ်ရေးထိုးတာက CCCC ကို အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ခွင့်ပေးလိုက်တာ မဟုတ်ပါဘူး။ CCCC က စီမံကိန်းအကြို အဆိုပြုလွှာကို ပြင်ဆင်ပြီး NYDC ကလည်း သဘောတူ လက်ခံပြီးပြီဆိုရင်တော့ ဒီ PPD ကို အများပြည်သူကို ချပြမှာဖြစ်ပါတယ်။ ဒီအချိန်မှာ ဒီအဆိုပြုလွှာထက် ပိုကောင်းအောင် တင်ပြနိုင်သူ ဘယ်သူမဆို ပါဝင်ယှဉ်ပြိုင်လို့ ရပါတယ်။ ဒါပေမဲ့ မူလသဘောတူညီချက်မှာပါတဲ့ သတ်မှတ်ချက်နဲ့ ကန့်သတ်ချက်တွေကိုတော့ အတိအကျ လိုက်နာရမှာ ဖြစ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ ပန်းသီးနှစ်လုံး ဘယ်အလုံးပိုကောင်းလဲဆိုတာ ယှဉ်ကြည့်သလို ကြည့်လို့ရမှာပါ” လို့ ဦးသိမ်းဝေက ဆိုပါတယ်။

ဒီလို လက်မှတ်ရေးထိုးမှုမှာ CCCC ဟာ သူတို့တင်ပြတဲ့ PPD ကို အခြားကုမ္ပဏီတစ်ခုက ပိုကောင်းတာ တင်ပြလာရင်လည်း ပြန်ယှဉ်ပြိုင်ရမှာဖြစ်သလို လက်လွှတ်ချင်လည်း လက်လွှတ်နိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့သစ်ကြီးကို အခုပဲထပြီး တည်တော့မလို ပြောနေချိန်မှာ စီမံကိန်းအဆိုပြုလွှာတောင် အခုမှထဆွဲမယ်ဆိုတဲ့ အခြေအနေဟာ မြေပြင်အခြေအနေကို ကြည့်မယ်ဆိုရင်လည်း လက်ရှိမြို့သစ်စီမံကိန်းနေရာဟာ အစိုးရအဆက်ဆက် မြို့သစ်တည်ဆောက်ခဲ့ချိန်မှာ ဘယ်လိုမှမဖြစ်နိုင်လို့ ချန်ခဲ့တဲ့နေရာဖြစ်နေခြင်းကလည်း ဒီစီမံကိန်းဟာ ငွေကုန်ကြေးကျများလွန်းမှာကို ညွှန်ပြနေပါတယ်။

ရေနက်ဆိပ်ကမ်း ဖြစ်လာနိုင်တယ်ဆိုတဲ့ အိပ်မက်ရှိနေရင် ဒီရန်ကုန်မြို့သစ်စီမံကိန်းဟာ လက်လွှတ်ဖို့သင့်တော်ပြီး ပြည်သူတွေအတွက် အိမ်ရာလိုအပ်ချက် ဖြည့်ဆည်းဖို့ဆိုရင်လည်း လမ်းပန်းဆက်သွယ်မှုနဲ့ အခြေခံအဆောက်အအုံ မရှိတာကြောင့် မလုပ်ဆောင်သင့်တဲ့ အခြေအနေဖြစ်သလို အများစုက ကန့်ကွက်နေပေမယ့် ဒီနေရာမှာပဲ စီမံကိန်း လုပ်ချင်နေတာဟာ ဘာကြောင့်လဲဆိုတာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ပြည်သူတွေကို ဘယ်တော့များမှ ရှင်းပြမလဲဆိုတာ မေးခွန်းထုတ်ရင်းနဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Most Read

Most Recent