ယင်ကောင်နဲ့ ပျားတူ

ယင်ကောင်နဲ့ ပျားတူ
Published 6 May 2018

12 angry men ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်း

ငယ်စဉ်အထက်တန်းကျောင်းသားဘ၀ မွေးရပ်မြို့လေးမှာ ကတည်းကစပြီး ချစ်ခင်ခဲ့ရတဲ့ ငယ်သူငယ်ချင်းရဲ့ ဖခင်အကြောင်း သွားသတိရမိတာကလည်း ၁၉၅၇ ခုနှစ်မှာ ပေါ်ထွက်လာခဲ့တဲ့ 12 angry men ဆိုတဲ့ ကမ္ဘာ့ဒုတိယ အကောင်းဆုံးတရားခွင် ဇာတ်ကားကို ကြည့်လိုက်မိလို့ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကြည့်အပြီးမှာ သူငယ်ချင်းအဖေရဲ့ ရုပ်သွင်ဟာ ကိုယ့်မျက်လုံးထဲမှာ ပေါ်လာပါတယ်။ တရားသူကြီးတစ်ဦးဖြစ်တဲ့ အဲဒီတုန်းက သူငယ်ချင်းရဲ့ အဖေရတဲ့လစာကို အဲဒီတုန်းက ရွှေဈေးနဲ့ ဒီကနေ့ ရွှေပေါက်ဈေးတို့ကို စံထားပြီး နှိုင်းယှဉ်တွက်ကြည့်ရင် ဒီကနေ့ငွေ ကျပ်သိန်း ၄၀ လောက်နဲ့ သွားညီမျှနေတာကို တွေ့ပါတယ်။ သူငယ်ချင်းတို့အိမ်ဟာ တိုင်းမင်းကြီးရုံးဝင်းနံဘေးမှာ တည်ရှိပြီး ခြံနဲ့ဝင်းနဲ့ နှစ်ထပ်တိုက်ကြီးဖြစ်တယ်။ သူတို့ အိမ်နားကိုရောက်ရင် နေ့နေ့ညည ရာသီဥတုက အစဉ်အေးမြနေတာကိုလည်း သတိထားမိပါတယ်။ အဲဒီလို သာယာအေးမြတဲ့ အိမ်ကြီးအနီးကို ဘယ်တရားလိုတရားခံမှ မသီရဲကြသလို အရပ်သားတွေလည်း သိပ်သွားလေ့မရှိကြတာကို မှတ်မိနေတယ်။ သူငယ်ချင်းရဲ့အဖေဟာ ကိုယ်တို့မြို့လေးမှာ အဲဒီလောက်ထိအောင် ဂုဏ်ရှိန်သြဇာ ကြီးမားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာက တရားစီရင်ရေးအကြောင်း တစေ့တစောင်း လေ့လာကြည့်လို့ရအောင် သူငယ်ချင်းတို့ မိသားစုလေးအကြောင်း ဆက်မပြောခင် အထက်ကပြောခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းအကြောင်း အရင်ပြောပြချင်ပါတယ်။ ရုပ်ရှင်စပြပြချင်း အခန်းတစ်ခန်းထဲမှာ ဂျူရီလူကြီး ၁၂ ယောက်ဟာ လူသတ်မှုတစ်မှုအကြောင်းကို ဆွေးနွေးဖို့ ရောက်နေကြပြီး လူ ၁၂ ယောက်ရှိတဲ့အနက် အပြစ်ရှိတယ်လို့ ဆုံးဖြတ်သည်ဖြစ်စေ အပြစ်မရှိဘူးလို့ ဆုံးဖြတ်သည်ဖြစ်စေ ဂျူရီအဖွဲ့ဝင် လူကြီး ၁၂ ယောက်စလုံးရဲ့ အဆုံးအဖြတ်တွေဟာ အတူတူပဲ ဖြစ်နေရမယ်လို့ အထက်က အသိပေးထားတဲ့အကြောင်း ပြောဆိုဆွေးနွေးနေကြတာကို တွေ့ရပါတယ်။ နောက်ခဏအကြာ စားပွဲထိပ်မှာထိုင်တဲ့ ဂျူရီအဖွဲ့ခေါင်းဆောင်လည်းဖြစ် ဂျူရီနံပါတ် ၁ လည်းဖြစ်တဲ့လူက “ကဲ အပြစ်ရှိတယ်လို့ ဆုံးဖြတ်တဲ့လူ လက်ထောင်” လို့ ပြောလိုက်တဲ့အခါ ၁၁ ယောက်က လက်ထောင်ပြီး နံပါတ် ၈ ဂျူရီလူကြီး Henry Fonda ကတော့ လက်မထောင်ပါဘူး။ ဒါ့ကြောင့် “ခင်ဗျားက ဒီတရားခံ အပြစ်မရှိဘူးလို့ ယုံကြည်တယ်ပေါ့၊ ဟုတ်လား” လို့ သူ့ကိုဝိုင်းမေးကြတဲ့အခါ နံပါတ် ၈ က “ကျွန်တော်မသိဘူး” လို့ ဖြေပါတယ်။ “ဟာ ခင်ဗျားဟာကလည်း မဟုတ်သေးပါဘူး ဘာသဘောလဲ” လို့ စောဒက တက်ကြပါတယ်။ အဲဒီအခါမှာ နံပါတ် ၈ က “ခင်ဗျားတို့ ၁၁ ယောက်စလုံးက လက်ညှိုးထောင်ထားကြတော့ ကျွန်တော်သာ လိုက်ထောင်လိုက်ရင် အစွပ်စွဲခံရသူ လျှပ်စစ်ကုလားထိုင်ပေါ် တက်ရပြီပေါ့ဗျ၊ ဘာတစ်ခုမှလည်း သေသေချာချာ ဝိုင်းမဆွေးနွေးကြဘဲနဲ့ ဒီအတိုင်းအပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် သဘာဝလည်းမကျ တရားလည်းမတရားဘူးထင်လို့ ကျုပ်က လက်မထောင်တာ၊ နောက်ပြီး ဒီကလေး ကိုးနှစ်သားက အမေဆုံးသွားတယ်။ နောက်ပြီး အဖေက လိမ်လည်မှုနဲ့ ထောင်ကျသွားလို့ အဖေနဲ့လည်း အတူမနေရဘူး၊ သူနေရတာကလည်း ဆင်းရဲသားရပ်ကွက်ထဲမှာ လူတကာကလည်း နေ့စဉ်သူ့ကိုနှိမ်ကြတယ်၊ ဒါ့ကြောင့် သူ့စိတ်ပိုင်းဆိုင်ရာတွေကိုလည်း လေ့လာဆန်းစစ်သင့်တယ်။ နောက် သူတို့သားအဖနှစ်ယောက် စကားများပြီး သားဖြစ်သူက သူ့အဖေရဲ့ရင်ညွန့်ကို ဓားနဲ့တစ်ချက် ထိုးစိုက်လိုက်လို့ သေရပါတယ်လို့ ထွက်ဆိုကြတဲ့ သက်သေနှစ်ယောက်က ဒီလူသတ်မှုကို ဘယ်လိုမြင်လိုက် တွေ့လိုက်ကြရတာလဲ ဆိုတာလောက်ကိုတော့ ကျုပ်တို့တစ်နာရီလောက်ဖြစ်ဖြစ် ပြန်ဆွေးနွေးသင့်တယ်၊ ဒါ လူတစ်ယောက်ရဲ့ အသက်ဗျ၊ နောက်ပြီး ကောင်လေးက အခုမှ အသက် ၁၈ နှစ်ပဲ ရှိသေးတယ်။ မတော်လို့ သူသတ်တာမဟုတ်ခဲ့ရင် ဘယ်လိုလုပ်မလဲလို့” လို့ပြောပါတယ်။ ဂျူရီလူကြီးတွေလည်း သိပ်တော့ဘဝင်မကျကြပေမယ့် တစ်နာရီလောက် ဆွေးနွေးဖို့တော့ သဘောတူလိုက်ကြပါတယ်။

နံပါတ် ၈ ဆက်ပြောတာက “ကောင်းတာကတော့ ဆွေးနွေးပြီးရင် ခင်ဗျားတို့ ၁၁ ယောက် ပြန်ပြီးလျှို့ဝှက်မဲပေးကြ၊ အဲဒီအထဲမှာ ကျွန်တော်မပါဘူး၊ အဲဒါ လျှို့ဝှက်ပေးခဲ့တဲ့ မဲ ၁၁ မဲ လုံး အပြစ်ရှိတယ်လို့ချည်းပဲ ထပ်ဖြစ်နေမယ်ဆိုရင်တော့ ကျွန်တော်လည်း အပြစ်ရှိတယ်ဆိုတဲ့ဘက်ကိုပဲ မဲပေးလိုက်မယ်” လို့ ပြောပါတယ်။ ဒါဟာ ဂျူရီ ၁၁ ယောက်အနေနဲ့ သူတို့ဆုံးဖြတ်ချက်တွေအပေါ် သူတို့တစ်တွေဘယ်လောက်ထိ ခိုင်ခိုင်မာမာ ရပ်တည်နေကြသလဲဆိုတာကို သိနိုင်တဲ့ကိစ္စဖြစ်ပြီး သဘာဝလည်း အတော်ကျနေလို့ အားလုံးက သဘောတူလိုက်ကြပါတယ်။ အဲ တကယ်လျှို့ဝှက် မဲပေးတဲ့အခါကျတော့ ၁၀ မဲပဲ အပြစ်ရှိတဲ့ဘက်ကဖြစ်ပြီး မဲတစ်မဲက အပြစ်မရှိဘူးဆိုတဲ့ဘက်က ဖြစ်နေပြန်ရော။ အဲဒါကြောင့် နံပါတ် ၃ ကဒေါပွပြီး နံပါတ် ၅ ကို ထသောင်းကျန်းပါတော့တယ်။ “ဒါ ခင်ဗျာ့လက်ချက်ပဲ ဖြစ်ရမယ်၊ ခင်ဗျားက ဆင်းရဲသားရပ်ကွက်မှာ မွေးဖွားကြီးပြင်းလာခဲ့တာဆိုတော့ ဒီဆင်းရဲသားရပ်ကွက်က တရားခံလေးကို သနားတော်မူပြီး အခုလို လုပ်လိုက်တာမဟုတ်လား” လို့ ဇွတ်ကြီးစွပ်စွဲပါတယ်။ နံပါတ် ၅ က ဘာပြန်ပြောရမှန်းမသိလို့ ပေကလတ်ပေကလတ် ဖြစ်နေတုန်းမှာ နံပါတ် ၉ က “သူ့ကို သွားပြောမနေနဲ့ အဲဒါသူမဟုတ်ဘူး ကျုပ်ပဲ” လို့ ပြောလိုက်ပါတယ်။ နံပတ် ၉ ကပဲ စဉ်းစားစရာ အချက်တွေ အများကြီးရှိနေတာကို တွေ့လိုက်ရလို့ ကျွန်တော် ခုလိုလုပ်လိုက်တာ၊ သေသေချာချာ အစကပြန်ဆွေးနွေးကြရင် ကောင်းမယ်ထင်တယ်လို့ တောင်းဆိုလို့ အားလုံး သဘောတူလိုက်ကြရပေမယ့် ဂျူရီလူကြီး တချို့ကတော့ အတော်စိတ်ပျက်သွားကြတာကို တွေ့ရပါတယ်။

“အဖေနော် ခင်ဗျားကို ကျုပ်သတ်မိလိမ့်မယ်” လို့ သားဖြစ်သူရဲ့အော်ပြောသံကို အဲဒီအိမ်အောက်ထပ်က အဘိုးကြီးက ကြားလိုက်ရတယ်ဆိုတာဟာလည်း အသံဆိုတာ ကြမ်းပြင်ကို ဖောက်လာနိုင်တာမဟုတ်ဘဲ အောက်ထပ်နဲ့ အပေါ်ထပ် ပြတင်းပေါက်တွေကတစ်ဆင့် ကွေ့ဝိုက်ဖြတ်သန်းလာရတာဖြစ်လို့ အသံကို သေသေချာချာ ကွဲကွဲပြားပြား ကြားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း နံပါတ် ၈ က ဆွေးနွေးပါတယ်။ အဲဒီနောက် ဝိုင်းဝန်းဆွေးနွေးကြရာမှာ အိမ်အောက်ထပ်က အသက် ၇၅ နှစ်အရွယ် လေဖြတ်ထားတဲ့အဘိုးကြီး ထွက်ဆိုတာက အပေါ်ထပ်က အော်သံကြားပြီး တစ်စက္ကန့်အကြာမှာ ကြမ်းပြင်ပေါ်ကို လူတစ်ယောက် လဲကျသွားတဲ့အသံကြီးကို ကြားလိုက်ရကြောင်း၊ ဒါ့ကြောင့် သူအိပ်ရာပေါ်ကထ အိပ်ခန်းအပြင်ထွက် စြင်္ကံအတိုင်း လှေကားရင်းထိ လျှောက်သွားပြီးကြည့်တဲ့အခါမှာ တရားခံကောင်လေး လှေကားကနေ ပြေးဆင်းလာပြီး တံခါးပေါက်ကနေ ထွက်ပြေးသွားတာကို မြင်လိုက်ရတယ်ဆိုတဲ့ အချိန်ထိ ၁၅ စက္ကန့်ကြာကြောင်း ပြောခဲ့တာနဲ့ပတ်သက်ပြီး အရင်စဆွေးနွေးကြပါတယ်။ အဲဒီအခါမှာ ဂျူရီလူကြီးတွေကိုယ်တိုင် အဘိုးကြီး ပုံစံအတိုင်း ခြေတစ်ဖက်ဆွဲပြီး လမ်းလျှောက် စမ်းသပ်ကြည့်တဲ့အခါမှာ အဲဒီအကွာအဝေးကို ၄၁ စက္ကန့်ကြာအောင်တောင် လျှောက်ကြရတာကို တွေ့ကြရပါတယ်။ ဂျူရီနံပါတ် ၅ နဲ့ ၆ တို့ဟာ အစကတည်းက ဒီအဘိုးကြီးအပေါ် သံသယရှိနေခဲ့ကြတာဖြစ်တဲ့အပြင် အခုလို လက်တွေ့စမ်းသပ် ကြည့်လိုက်တဲ့အချိန်မှာ ၁၅ စက္ကန့်နဲ့ လျှောက်ခဲ့တယ်ဆိုတာ လိမ်ညာပြောတာသာ ဖြစ်တယ်ဆိုတာဟာ ပိုသေချာသွားတဲ့အတွက် သူတို့နှစ်ဦးဟာ အပြစ်မရှိဆိုတဲ့ဲဘက်ကို ပြောင်းသွားကြပြန်ပါတယ်။

နောက်ပြီး ရထားလမ်းတစ်ဖက်မှာရှိတဲ့ နှစ်ထပ်တိုက်ပေါ်က အဒေါ်ကြီး လှမ်းမြင်လိုက်ရတယ်ဆိုတာကလည်း သူမြင်လိုက်တဲ့အချိန်မှာ ရထားဖြတ်သွားတာနဲ့ကြုံနေလို့ ရထားမှန်ပြတင်းတွေကို ဖြတ်မြင်လိုက်ရတာ ဖြစ်နေပါတယ်။ ဒါ့အပြင် အဲဒီအချိန်က ည ၁၂ နာရီ ၁၀ မိနစ်ဖြစ်နေလို့ မျက်မှန်အမြဲတပ်ရတဲ့ အဒေါ်ကြီးဟာ ဒီလို ညဉ့်နက်သန်းခေါင် အိပ်ရာက ခဏထချိန်မှာ မျက်မှန်တပ်ထားမှာ မဟုတ်တာ သေချာနေတဲ့အကြောင်းတွေကိုလည်း သေသေချာချာ ဝိုင်းဝန်းဆွေးနွေး ဖြစ်ကြပါတယ်။ အဲဒီအခါမှာ အဖြေမှန် ထွက်လာတဲ့အတွက် ၁၂ ယောက်စလုံးက အပြစ်မရှိဘူးလို့ တညီတညွတ်တည်း ဆုံးဖြတ်နိုင်သွားတဲ့အတွက် ဆွေးနွေးပွဲ ပြီးသွားပါတယ်။ နောက် တရားရုံးအပြင်ဘက်ရောက်တဲ့အခါ နံပါတ် ၉ က “ကျုပ်နာမည်ကတော့ ကာဒယ်လ်လို့ ခေါ်တယ်ဗျ။ ခင်ဗျာ့နာမည်က ဘယ်လိုခေါ်လဲ” လို့မေးတဲ့အခါ နံပတ် ၈ က ‘ဒေးဗစ်စ်’ ပါလို့ပြောပြီး လမ်းခွဲသွားကြတဲ့ အချိန်မှာ ရုပ်ရှင်လည်းပြီးသွားပါတယ်။

အမှန်တရားဟာ ဘယ်လောက်ဖော်ထုတ်ရခက်တယ် ဆိုတာနဲ့ ဘာအစွဲအလမ်းမှ မရှိဘဲ စဉ်းစားဆင်ခြင်ဆုံးဖြတ်မှ အမှန်ကို တွေ့မြင်နိုင်တယ်ဆိုတဲ့အချက်ကို ဒီဇာတ်ကားကိုရိုက်တဲ့ ဒါရိုက်တာက ပြချင်ပုံရပါတယ်။ တရားဥပဒေဆိုတာ မျက်စိကိုအဝတ်နဲ့ စည်းပြီးမှ စီရင်ရတာပါ။ ဘယ်လိုလူမျိုးကတော့ ဘာတွေလုပ်တတ်တယ်ဆိုတဲ့အစွဲမျိုးနဲ့ တရားစီရင်ဖို့ မသင့်ပါဘူး။ တရားခံ တရားလိုနဲ့ ဂျူရီတွေ တရားသူကြီးတွေဟာ ဘယ်လိုလူမျိုးတွေဆိုတာကို သိနေဖို့ မလိုအပ်ဘူးလို့လည်း ဒါရိုက်တာက ပြောချင်ပုံပါပဲ။ ဒါ့ကြောင့်လည်း ဆွေးနွေးပွဲပြီးသွားလို့ ရုံးအပြင်ဘက်ရောက်မှ နံပါတ် ၈ နဲ့ ၉ တို့ တစ်ယောက်နာမည် တစ်ယောက်က မေးဖြစ်ကြတာကို ဇာတ်လမ်းအဆုံးမှာ တမင်ထည့်သွင်း ဖော်ပြပေးသွားခဲ့တာပဲဖြစ်တယ်။

အခုခေတ်မှာတော့ အထက်ကပြောခဲ့တဲ့အချက်တွေ ကွယ်ပျောက်လုနီးပါးလောက် ဖြစ်နေပြီး တရားခွင်ပေါ်မှာထိုးနေတဲ့ အရိပ်တွေကလည်း အများကြီးပါ။ သူငယ်ချင်းတို့အကြောင်း ဆက်ပြောရရင် သူငယ်ချင်းဟာ ပထမအိမ်ထောင်နဲ့ ကွဲသွားပါတယ်။ အဲဒီအချိန်က သူ့ဇနီးလေးမှာ သူငယ်ချင်းနဲ့ရတဲ့ ကိုယ်ဝန်ပါသွားပါတယ်။ ဇနီးသည်ဟာ သမီးလေးမွေးပါတယ်။ ဒါပေမဲ့ ဒီသမီးလေးရဲ့မျက်နှာကို သူငယ်ချင်းရော သူငယ်ချင်းရဲ့အဖေပါ သူတို့နှစ်ဦးစလုံး ကွယ်လွန်သွားကြတဲ့အထိ မြင်တွေ့မသွားခဲ့ကြပါဘူး။ ဒါပေမဲ့ သူငယ်ချင်းရဲ့ အဖေဟာ သူမကွယ်လွန်ခင်မှာ သူမမြင်လိုက်ရတဲ့ သူ့မြေးမလေးအတွက် အမွေတွေ အလုံအလောက် ခွဲပေးသွားခဲ့တာကို တွေ့ကြရပါတယ်။ ဒီလို ကောင်းမြတ်ခြင်းတရားတွေဟာ သူငယ်ချင်းရဲ့အဖေကို နိုင်ငံတော်က ဘယ်လိုထားခဲ့တယ်ဆိုတဲ့အချက်က မွေးဖွားလာစေခဲ့တာ ဖြစ်တယ်လို့ပြောရင် မှားနိုင်မယ်မထင်ပါဘူး။ အခုအချိန်မှာ ကိုယ်တို့နိုင်ငံ ပြန်မရနိုင်တဲ့ အရာနှစ်ခုရှိတဲ့အနက် ပထမတစ်ခုက အရင်တုန်းက ရာသီဥတုဖြစ်ပြီး ဒုတိယတစ်ခုကတော့ သူငယ်ချင်းအဖေ ရတဲ့လစာမျိုးကို နိုင်ငံတော်က ပေးနိုင်တဲ့ အခြေအနေမျိုးပဲဖြစ်တယ်။ ‘တရားဥပဒေဆိုတာ ယင်ကောင်တွေကိုသာဖမ်းပြီး ပျားတူတွေကိုတော့ လွှတ်ပေးလေ့ရှိတယ်’ Law catches flies but let hornets go free. ဆိုတဲ့ စကော့ဆိုရိုးစကားလေးတစ်ခွန်း ရှိပါတယ်။ အခုအချိန်မှာ ကိုယ်တို့နိုင်ငံဟာ ကိုယ်အထက်တန်းကျောင်းသားဘဝတုန်းက ရာသီဥတုမျိုးကို ပြန်ရနိုင်ဦးမယ်ဆိုရင်တော့ ကိုယ်တို့တစ်တွေဟာ ယင်ကောင်တွေကိုရော ပျားတူတွေကိုပါ ဖမ်းနိုင်ဦးမှာဖြစ်ပေမယ့် ဒါတွေကို ပြန်ရနိုင်ဖို့ ကိုယ်တို့အတော်ရုန်းကန်ရဦးမှာပါလားလို့ တွေးပြီးရင်မောမိရပါတယ်။

ဒါပေမဲ့ ကိုယ်တို့အရွယ်တွေဟာ မြေးတွေရနေတဲ့ အရွယ်တွေဖြစ်နေကြပြီမို့ ကိုယ့်အတွက် အချိန်မီမမီ မသေချာတော့ရင်တောင်မှ ဦးတည်ထားတဲ့ ရည်မှန်းချက်တစ်ခုတော့ သားစဉ်မြေးဆက်တွေအတွက် ထားကိုထားကြရမှာဖြစ်တယ်။ ဒါ့ကြောင့် နိုင်ငံတော်က ကိုယ့်သူငယ်ချင်းရဲ့ အဖေတွေကို ပစ်မထားပါနဲ့၊ တတ်နိုင်သလောက်ပြန်ကြည့်ပေးပါ၊ တရားသူကြီးမင်းများကလည်း ဆန္ဒ ဒေါသ ဘယာ မောဟဆိုတဲ့ အဂတိတရားလေးပါးကို နိုင်ငံတော်အကျိုးမြှော်ကိုးပြီး အတတ်နိုင်ဆုံးရှောင်ခွာပေးပါ။ အစိုးရက ခုပြောသလို ဆောင်ရွက်ပေးနိုင်ဖို့ဆိုတာက ပိုက်ဆံရှိမှဖြစ်မှာမို့ ပြည်သူတွေကလည်း နိုင်ငံတိုးတက်အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းရမှာပဲ ဖြစ်ပါတယ်။ ဒါမှလည်း ကိုယ်တို့တစ်တွေဟာ ယင်ကောင်တွေကိုသာမက ပျားတူတွေကိုပါ တစ်ချိန်မှာ မလွတ်တမ်း ဖမ်းနိုင်သွားမှာ ဖြစ်ပါတယ်။

Most Read

Most Recent