အမေ့ရဲ့ ဆည်းဆာချိန်

အမေ့ရဲ့ ဆည်းဆာချိန်
Published 4 May 2018

ယခုအခါ အသက် ၈၈ နှစ် ရှိပြီ ဖြစ်သည့် ဆရာမကြီး အာကျန်ပင်းဆွတ်ပလန်း

အမေဟာ အသက် ၈၈ နှစ် ရှိပါပြီ။ ဒီ ၁၀ နှစ်ဝန်းကျင်အတွင်းမှာ သူ့ရဲ့ ကျန်းမာရေးက သိပ်မကောင်းလှဘူး။ ကျောကုန်းအောင့်တဲ့ ဝေဒနာကို ခံစားလာခဲ့ရတာလည်း နှစ်ပေါင်း ၃၀ ကျော်လောက်ကြာခဲ့ပြီလေ။ အကိုက်အခဲ ပျောက်ဆေးမျိုးစုံကို သုံးစွဲလာရလွန်းလို့ ကျောက်ကပ်တွေလည်း ပျက်စီးနေကြပြီ။ ဒါကြောင့်မို့လို့ တစ်ပတ်ကို နှစ်ခါ ဆေးရုံကိုသွားပြီး ကျောက်ကပ်ဆေးပေးနေရတယ်။ တကယ်ဆိုရင် ဒီအတွက် ဆေးဖိုးကကြီးလွန်းလို့ ကျွန်မတို့ မတတ်နိုင်ဘူး။ ဒါပေမဲ့ ထိုင်းအစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်ပေး မှုစနစ်ကောင်းကြောင့် အစိုးရကို ကျေးဇူးတင်ရပါတယ်။ အမေဟာ တစ်ချိန်က Surin Agricultural College မှာ ကထိက လုပ်ခဲ့တဲ့အတွက် ဆေးကုသမှု ကုန်ကျစရိတ် အားလုံးကို အစိုးရက ကျခံပေးပါတယ်။

ပြီးခဲ့တဲ့ နှစ်သစ်ကူးကာလက ဘန်ကောက်မှာ အအေးလွန်ကဲတာမို့ အမေဟာ ခိုက်ခိုက်တုန်အောင် ချမ်းနေရှာတယ်။ အပူချိန်ဟာ ၁၇ ဒီဂရီ စင်တီဂရိတ်ထိ ထိုးကျသွားခဲ့တယ်။ အေးလွန်းတဲ့ ဒဏ်ကို သူမခံနိုင်ရှာဘူး။ ဒါဟာ ပုံမှန်မဟုတ်ဘူးလို့လည်း ပြောတယ်။ ပြီးတော့ အပြင်းဖျားလာတယ်။ ဒါကြောင့် ကျွန်မတို့ အမေ့ကို ဆေးရုံကိုပို့ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အမေ့ကို ဆေးရုံတင်တော့ ကျွန်မက ဆေးရုံမှာ အမေ့ကို ပြုစုရင်း လူနာ စောင့်လုပ်ရတာပေါ့။

ပထမဦးဆုံးညမှာ အမေဟာ ဘယ်လိုမှ အိပ်လို့မရဘူး။ အသက်ရှူရခက်လွန်းလို့။ သွေးပေါင်ကလည်း ပုံမှန်မဟုတ်သလို အောက်ဆီဂျင်ကလည်း အရမ်းနည်းနေတယ်။ သူနာပြု ဆရာမတွေကလည်း တစ်နာရီတစ်ခါ ပုံမှန်ကြည့်ပေးတယ်။ အသက်ရှူကျပ်လို့ မောပန်းနေတဲ့ အမေ့ကို ကျွန်မ ဘယ်လို ကူပြီး လုပ်ပေးရမလဲဆိုတာကို မသိဘူး။
သူ ခံစားနေရတာကို ကြည့်ရင်း ကျွန်မဟာ မိခင်တစ်ယောက်ရဲ့ ဖြစ်အင်ကို စဉ်းစားကြည့်မိတယ်။ ကျွန်မတို့ ကလေးဘဝတုန်းက အမေဟာ ကြက်မကြီးက သားအုပ်ကို ထိန်းကျောင်းသလို စောင့်ရှောက်ပေးနိုင်ခဲ့ပေမယ့် အမေ ဒီလို မကျန်းမမာဖြစ်နေချိန်မှာတော့ သားသမီးတွေ အားလုံး အနားမှာ မရှိလို့ သူ ဝမ်းနည်းနေလားလို့လည်း တွေးနေမိတယ်။

ကျွန်မမှာ မောင်နှမ လေးယောက်ရှိတယ်။ အစ်ကိုတစ်ယောက် မောင်တစ်ယောက်နဲ့ ညီမတစ်ယောက်ပါ။ အမေနဲ့ အဖေကတော့ ဘန်ကောက်သူ ဘန်ကောက်သားတွေပါ။ ဒါပေမဲ့ အဖေက အစိုးရဝန်ထမ်းဖြစ်လို့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်က ဆူရင်ဆိုတဲ့ မြို့ကလေးမှာရှိတဲ့ Surin Agricultural College မှာ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ကျခဲ့တယ်။ အမေလည်း ဒီ ကောလိပ်မှာပဲ ဇီဝဗေဒနဲ့ ဓာတုဗေဒ ဘာသာရပ်နှစ်ခုကို သင်တဲ့ ကထိက ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ အခုတော့ ဒီကောလိပ်ဟာ Rajamangala University of Technology Isan Surin Campus လို့ နာမည်ပြောင်းသွားပါပြီ။

လွန်ခဲ့တဲ့ နှစ် ၄၊ ၅၊ ၆၀ ကျော်ကာလက ဒီမြို့ကလေးဟာ သိပ်မစည်ကားတဲ့ တောမြို့ ကလေးတစ်မြို့ပါ။ ခေတ်မမီသေးတဲ့ အရပ်မို့ ဖွံ့ဖြိုးတိုးတက်မှုလည်း ဘာမှ မရှိသေးပါဘူး။ ဗဟုသုတလည်း နည်းကြပါတယ်။ ဒီဒေသမှာ လယ်မြေတွေ အကျယ်ကြီး ရှိတယ်။ နွားတွေ မွေးကြတယ်။ ဒါပေမဲ့ နွားနို့ကို ကောင်းမွန်စွာ အသုံးမချတတ်ကြသေးဘူး။ အဖေဟာ ဒီကို ရောက်ပြီးတဲ့နောက်မှာ နွားနို့ရဲ့ အသုံးဝင်ပုံ၊ လူတွေအတွက် အကျိုးပြုပုံကို အရင် ဟောပြောပို့ချတယ်။ ပြီးတော့ သူ့တပည့်တွေနဲ့ ခေတ်မီနည်းပညာကို အသုံးပြုပြီး စီးပွားဖြစ် ထုတ်လုပ်နည်းကို သင်ပေးတယ်။ အဖေ့ကျောင်းက စိုက်ပျိုးရေးကောလိပ်ကျောင်းဆိုတော့ နွား၊ ဝက်၊ ဘဲ၊ ကြက်၊ ဆိတ် စတာတွေ အကောင်ရေ ရာပေါင်းများစွာ မွေးထားတယ်။

ကျောင်းနောက်ဘက်မှာလည်း သစ်ပင်တွေ ထူထပ်တဲ့ တောကြီးရှိတယ်။ ကျောင်းပိုင် လယ်ဧကတွေလည်း ရာနဲ့ချီ ရှိတယ်။ အဖေက ခေတ်မီ စိုက်ပျိုးရေး မွေးမြူရေး စနစ်တွေကို သေသေချာချာ သင်ပေးတာမို့ ခုချိန်ထိ ဆူရင်နယ်မှာ အာကျန် ချလောင် ဆွတ်ပလန်ဆိုရင် သိနေကြတုန်းပဲ။ တပည့်တပန်း အလွန်များတယ်။ သူတို့ ဆရာကြီးကိုလည်း အလွန် ချစ်ခင် လေးစားကြတယ်။

ကျွန်မတို့ မောင်နှမ လေးယောက်လုံးကို ဆူရင်မှာပဲ မွေးဖွားခဲ့တယ်။ သားသမီးတွေက အသက်သိပ်မကွာတာမို့ သူ ဘယ်လောက် ပင်ပန်းလိုက်မလဲ။ ညညများဆိုရင် တစ်ယောက်က သေးပေါက်တာနဲ့ တစ်ယောက်က နို့ဆာလို့ ငိုတာနဲ့။ ဟိုတစ်ယောက်က ချေးပါလို့ ဟိုတစ်ယောက်က ဗိုက်နာလို့ စသဖြင့် သား သမီးလေးယောက်ရဲ့ ဝေယျာဝစ္စတွေနဲ့ ကောင်းကောင်း အိပ်ရတယ် ဘယ်ရှိပါ့မလဲ။ နေ့ဘက် ကျပြန်တော့ အိမ်မှုကိစ္စ ဗာဟီရတွေကလည်း အမေ့တာဝန်။ ဆရာမ ဖြစ်လို့ စာသင်ဖို့လည်း ပြင်ဆင်ရ။ ဒီကြားထဲကနေ သူဟာ ကျွန်မတို့ကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခဲ့တယ်။

ကံကောင်းတာကတော့ အခု သူ တက်နေတဲ့ ဆေးရုံဟာ ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး ဆေးရုံတွေထဲက တစ်ရုံဖြစ်တဲ့ Ramathibodi Hospital ဖြစ်ပါတယ်။ ပြီးတော့ ကျွန်မတို့အတွက် သီးသန့် အခန်းရတယ်။ ဒီလိုရဖို့ဆိုတာ အလွန်ခက်တယ်။ ဒါဟာ ဆရာဝန်တွေ သူနာ ပြုတွေရဲ့ အမေ့အပေါ်ထားတဲ့ မြင့်မြတ်တဲ့စိတ်ထားကြောင့် ရတာလို့ ကျွန်မ သဘောပေါက်လိုက်တယ်။ သူတို့ဟာ လူတွေရဲ့ အသက်ကို ကယ်ဆယ်ကြတယ်။ လူတွေကို ကူညီဖေးမကြတယ်။ ဆရာဝန်က အမေဟာ အဆုတ်ရောင်ရောဂါကို ခံစားနေခဲ့ရတာလို့ နောက်တစ်နေ့မှာ ပြောတယ်။ အသက်ရှူကျပ်တဲ့ ရောဂါကို သက်သာစေတဲ့ Anti biotics တွေ သောက်ပြီးတဲ့နောက် သူဟာ သက်သာလာတယ်။ သူဟာ ဆရာဝန်နဲ့ သူနာပြုတွေရဲ့ စကားကို ဂရုတစိုက် လိုက်နာတယ်။

နောက်တစ်နေ့မှာ ဆေးရုံကို ကျွန်မရဲ့ ညီမလေးလာတယ်။ သူ လာတဲ့အခါ အမေ့အတွက် စားစရာ မုန့်ပဲသွားရည်စာတွေ အများကြီး ဝယ်လာတယ်။ အမေက “သမီးပန့်ရေ အမေ ဆေးရုံစာကို မစားချင်ဘူး”လို့ ကျွန်မကို ပြောတယ်။ ပြီးတော့ ဆေးရုံကပေးတဲ့ ညနေစာကို ကျွန်မကို စားလိုက်ပါလို့ ပြောတယ်။ သူကတော့ သရေစာပဲ စားမယ်တဲ့။ ကျွန်မ အမေ့ ဆန္ဒကို လိုက်လျောလိုက်ပါတယ်။

ဒီညတော့ အမေတစ်ယောက် ကောင်းကောင်း အိပ်ပျော်သွားသလို အဖျားလည်း သက်သာသွားတယ်။ ဒါပေမဲ့ အမေဟာ အားနည်းနေတုန်းပဲ။ အောက်ဆီဂျင် လိုနေတုန်းပဲ။ ဆရာဝန် ပြောတာကတော့ နောက်ထပ် နှစ်ရက် သုံးရက် ဆေးရုံပေါ် နေရဦးမယ်တဲ့။

သူဟာ ဆေးရုံနဲ့ မလှမ်းမကမ်းမှာ နေထိုင်ကြတဲ့ သူ့သူငယ်ချင်းတွေကို ဖုန်းခေါ်တယ်။ ကံမကောင်းတာကတော့ သူတို့တွေဟာ အဘွားအိုကြီးတွေဖြစ်ကြသလို လမ်းမလျှောက်နိုင်ကြသူတွေ၊ အပြင်ကို ထွက်ဖို့ ခက်ခဲသူတွေ ဖြစ်ကြတယ်။ ဒါကြောင့်မို့လို့ ဘယ်သူမှ အမေ့ဆီကို လာပြီး သတင်းမမေးနိုင်ကြဘူး။ သူ ပြောတာက သူတို့ မလာနိုင်တာ ပြဿနာမရှိပါဘူးတဲ့။ သူ သိစေချင်တာက သူ မသေသေးဘဲ အသက်ရှင်နေတုန်းဆိုတာကို သူငယ်ချင်းတွေကို အသိပေးသလို သူတို့လည်း အသက်ရှင်နေတုန်းဆိုတာကို သူသိရတာပေါ့တဲ့။

သူနာပြုဆရာမတွေက “အဘွား နေကောင်းရဲ့လား” လို့ မေးတဲ့အခါ အမေက “ငါ နေကောင်းပါတယ်”လို့ ပြန်ဖြေတတ်တယ်။ ဒါပေမဲ့ သူ ကောင်းကောင်း နေမကောင်းသေးဘူးဆိုတာ သူတို့ သိကြပါတယ်။ အမေဟာ သူ နေ့စဉ် သောက်ရတဲ့ ဆေးတွေရဲ့ အင်္ဂလိပ် နာမည်တွေ အားလုံးကို မှတ်မိတယ်။ သူ့ ဆေးပညာဝေါဟာရတွေကို အသံမှန်မှန် ထွက်နိုင်လို့ သူနာပြု ဆရာမတွေက အံ့သြကြတယ်။ သူတို့တွေက အမေ့ကို “ဒါတွေကို ဘာကြောင့် သိနေတာလဲ” လို့ မေးတော့ “ငါဟာ ဇီဝဗေဒ ဆရာမတစ်ယောက်ဖြစ်တယ်။ ငါ မင်းတို့ မမွေးခင်ကတည်းက ဒါတွေကို သင်ပေးနေခဲ့တာ”လို့ ဂုဏ်ယူစွာ ပြန်ပြောပြနေတယ်။
ဆေးရုံတက်လို့ ကိုးရက်မြောက်နေ့မှာ ဆရာဝန်က အမေ့ရဲ့ အောက်ဆီဂျင် ၉၃ အထက်မှာ ရှိနေရင် ဆေးရုံက ပြန်ဆင်းလို့ ရတယ်လို့ ပြောလာတယ်။ ဒါပေမဲ့ အမေ့ရဲ့ အောက်ဆီဂျင်အမှတ်က ၉၀၊ ၉၁ မှာပဲ ရှိနေတော့ ဆေးရုံပေါ်မှာ နောက်ထပ် ရက် အနည်းငယ် နေခဲ့ရတယ်။

ဒီဇင်ဘာ ၃၀ ရက်မှာတော့ အမေ့ရဲ့ ကျန်းမာရေးဟာ ပိုကောင်းလာပြီး အောက်ဆီဂျင်လည်း ပေးစရာမလိုတော့ပါဘူ။ ကျွန်မတို့ဟာ သူ့ကို ဘီးတပ်ကုလားထိုင်ပေါ်တင်ပြီး ပန်းခြံနဲ့ ဆိုင်တွေကို ခေါ်သွားပေးပါတယ်။ သူဟာ ဈေးဝယ်ထွက်ရလို့ ဝမ်းသာနေတယ်။ စားစရာတွေ မုန့်ပဲသရေစာတွေကို ဆဲဗင်း အလဲဗင်းဆိုင်က ဝယ်ခဲ့တယ်။ ဆေးရုံကပေးတဲ့ အစားအစာကို သူ မစားချင်ဘူးလေ။ ပြီးတော့ ဆင်းရဲသားလူနာတွေကို ကူညီပေးဖို့ တည်ထောင်ထားတဲ့ the Ramathibodi Foundation မှာလည်း ငွေလှူခဲ့တယ်။

နှစ်သစ်ကူး အကြိုညမှာ ဆေးရုံတစ်ရုံလုံး တိတ်ဆိတ်နေခဲ့တယ်။ အမြဲလိုလို ဆူညံဆူညံနဲ့ လူတွေနဲ့ ပြည့်နေတတ်တဲ့ Lobby လို နေရာမျိုးတောင် ခြောက်ကပ်နေတယ်။ စားသောက်ဆိုင်နဲ့ ဈေးဆိုင်တွေအားလုံးလည်း ပိတ်ထားကြတယ်။ ဒါကြောင့် ကျွန်မဟာ စားစရာကို အပြင်ထွက်ဝယ်ရတယ်။ ဆွေမျိုးတွေ လူနာလာမေးရင်း အမေ့အတွက် စားစရာတွေ ဝယ်လာပေးလို့ သူ့အတွက်တော့ အိုကေပါတယ်။ နှစ်သစ်ကူးနေ့မှာ ဆရာဝန်က ကျွန်မကို သတင်းကောင်းပေးလာတယ်။ နောက်တစ်ရက်ဆိုရင် အမေ ဆေးရုံက ဆင်းလို့ ရပြီတဲ့။ အောက်ဆီဂျင်ကလည်း ၉၆၊ ၉၇ ရှိနေပြီတဲ့။ ဒီလိုနဲ့ အမေဟာ ဆေးရုံပေါ်မှာ ၁၂ ရက် ကြာခဲ့တယ်။

ဆေးရုံက ဆင်းရတော့မှာမို့ ပစ္စည်းတွေကို သိမ်းလိုက်တယ်။ ဆရာဝန်တွေ သူနာပြုတွေကို လက်ဆောင်တွေ ပေးစရာရှိတာ ပေးကြတယ်။ ပြီးတော့ ကျေးဇူးတင်စကား ပြောပြီး အိမ်ပြန်ခဲ့ကြတယ်။ သူနာပြုဆရာမကြီးက နောက်တစ်ခေါက် ဆေးရုံကို ပြန်လာတာ မတွေ့ချင်တော့ဘူးလို့ နောက်ပြောလိုက်ပါသေးတယ်။ အိမ်ကို ပြန်ရောက်တဲ့အခါ အမေက ပြောတယ်။ “ငါ သိပ်ကို ကျန်းမာသွားပါပြီတဲ့” ပြောနေပုံက လွန်ခဲ့တဲ့ ၁၂ ရက်လုံးလုံး ဘာမှ မဖြစ်ခဲ့တဲ့ပုံမျိုး။ အဲဒီနောက်မှာတော့ သူဟာ တကယ်ပဲ ပိုပြီး ကျန်းမာလာပါတယ်။
အမေရဲ့ ထူးခြားချက်တစ်ခုက သူဟာ သေဖို့ကို ကြောက်ရွံ့နေသူ မဟုတ်ပါ။ လူတော်တော်များများက သေဆိုတဲ့ စကားကိုတောင် ကြားချင်ကြတာ မဟုတ်ဘူးလေ။ သူတော့ တခြားလူတွေနဲ့မတူဘဲ သေဖို့အတွက်လည်း ကြိုတင်ပြင်ဆင်ထားပြီးသူ ဖြစ်ပါတယ်။ သေတမ်းစာလည်း ရေးထားတယ်။ သူသေသွားပြီးနောက် ဘာလုပ်ရမယ် ဆိုတာတွေကို ရေးထားတယ်တဲ့။ ကိုယ်ရေးအကျဉ်းကိုလည်း ရေးထားတယ်တဲ့။ အဲဒါကို သူ သေပြီးတဲ့အခါ ပုံနှိပ်ပြီး သူ့ နာရေးကို လာရောက်ကြတဲ့ သူတွေကို ဖြန့်ဝေပေးရမယ်တဲ့။ အမေ ပြောတာက ခုအချိန်ထိ သူ အသက်ရှင် နေထိုင်ခွင့်ရတာဟာ အကျိုးရှိတဲ့ ဘဝပါတဲ့။

ကျွန်မရဲ့ မိတ်ဆွေတချို့ ပြောတာကတော့ အမေ့ကို ပြုစုခွင့်ရတဲ့ ကျွန်မဟာ သိပ်ကံကောင်းတယ်တဲ့။ သူတို့မှာဆို မိဘတွေ ကွယ်လွန်သွားခဲ့ကြလို့ မိဘကျေးဇူးကို ဆပ်ချင်လို့တောင် ဆပ်ခွင့်မရတဲ့ဘဝတဲ့။ ကျွန်မအနေနဲ့တော့ အမေ့ကို အကောင်းဆုံး ပြုစု စောင့်ရှောက်သွားမှာပါ။ အမေ့ရဲ့ ကျေးဇူးတရားကို ဆပ်ခွင့်ရတဲ့အတွက်လည်း ကျွန်မ ဝမ်းသာဂုဏ်ယူမိပါတယ်။

အမေဟာ သူ့အတွက်နဲ့ သူတစ်ပါး ဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် ကြိုးစားနေထိုင်တတ်သူပါ။ ခုအချိန်ထိ သူဟာ အဝတ်လျှော်တယ်။ အဝတ်လှန်းတယ်။ မီးပူတိုက်တယ်။ ထမင်းဟင်းနွှေးတယ်။ တံမြက်စည်း လှည်းတယ် စသဖြင့် သူလုပ်နိုင်တာတွေကို လုပ်နေဆဲပါပဲ။ ကျွန်မက မလုပ်ပါနဲ့ ဒါတွေကို အမေ လုပ်စရာ မလိုပါဘူးလို့ ပြောပေမယ့် မရ ပါဘူး။ သူ့ပုံစံက သူ လုပ်နိုင်သေးတယ်။ သူဟာ အသုံးဝင်သေးတယ်ဆိုတာကို ပြချင်ပုံပဲ။

ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေဟာ ဘ၀ ကို အရွယ်သုံးပါးနဲ့ ပိုင်းခြား ပြောဆိုတတ်ကြတယ် မဟုတ်လား။ အမေဟာ ပထမအရွယ်မှာ ပညာစုံခဲ့သလို ဒုတိယအရွယ်မှာလည်း သာယာသော မိသားစုဘဝကို ကောင်းမွန်စွာ တည်ဆောက်ခဲ့ပြီးပြီလေ။ တတိယအရွယ် ခုလိုအချိန်မှာတော့ သူ့ရဲ့ဘဝဟာ ရင့်ကျက်တည်ငြိမ်တဲ့ ဘဝဖြစ်ခဲ့ပြီလို့ ကျွန်မ ယုံကြည်ပါတယ်။ တရား ဓမ္မစကားတွေကို ပါးစပ်က တတွတ်တွတ် ပြောမနေပေမယ့် သူ့ကြောင့် သူတစ်ပါး စိတ်ဒုက္ခ ကိုယ်ဒုက္ခ မရောက်ရအောင် အမြဲတမ်း ဂရုတစိုက် ပြုမူနေထိုင်လေ့ရှိတယ်။

ကဗျာဆန်ဆန် ပြောရရင် ဒီအချိန်ဟာ အမေ့ရဲ့ အလှပဆုံး ဆည်းဆာချိန်လေးပဲပေါ့။ ဆည်းဆာဆိုတဲ့ စကားလုံးလေးဟာ သိပ်ကိုချစ်စရာကောင်းတဲ့ စကားလုံးလေးပါ။ လှပတဲ့ နေဝင်ချိန်ကို တင်စားခေါ်ဆိုကြတာပဲလေ။ တစ်နေကုန် လောကကို အလင်းရောင် တွေပေးခဲ့တဲ့ နေမင်းကြီးဟာ နောက်ဆုံး မိုးချုပ်ခါနီးမှာတောင် ကောင်းကင် တစ်ခွင်လုံးကို တိမ်နီ၊ တိမ်ဝါ၊ တိမ်ပြာတွေနဲ့ အလှဆင်ပေးနေတာ မဟုတ်လား။

Most Read

Most Recent