ဆရာဇော်ဂျီနှင့် မြန်မာပန်းချီ

ဆရာဇော်ဂျီနှင့် မြန်မာပန်းချီ
Published 3 May 2018

ပန်းချီဆရာများ ဂုဏ်ပြုဧည့်ခံပွဲတစ်ခုတွင် တွေ့ရသော ဆရာဇော်ဂျီ

ဆရာဇော်ဂျီသည် မြို့မအမျိုးသား အထက်တန်းကျောင်း မြန်မာစာပြဆရာ၊ မန ္တလေး ဥပစာကောလိပ် မြန်မာစာနည်းပြဆရာ၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူး၊ သမိုင်းကော်မရှင်ဥက္ကဋ္ဌ၊ ဂုဏ်ထူးဆောင် မြန်မာစာပါမောက္ခ စသည်ဖြင့် ရာထူးဌာနန္တရ အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာကြီးဘဝတစ်လျှောက်တွင် အကြာဆုံးနှင့် အပျော်မွေ့ဆုံး တာဝန်ထမ်းဆောင်ခဲ့သည်မှာ  ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူးရာထူးဖြစ်သည်။ ဆရာကြီးသည် စာကြည့်တိုက်သို့ရောက်ရှိလာသော ပန်းချီပန်းပုဝေဖန်ရေး စာအုပ်များကို ဖတ်ရှုသည်။ ထို့နောက် လူငယ်ပန်းချီဆရာများကို ပြန်လည်မျှဝေပေး သည်။ အကြံဉာဏ်ကောင်းများ ပေးလေ့ရှိသည်။ ရန်ကုန်တက္ကသိုလ်အပန်းဖြေရိပ်သာတွင် ကျင်းပသော ပန်းချီပွဲများကို ကြည့်ရှုအားပေးသည်။ ရန်ကုန်တက္ကသိုလ်နယ်မြေတွင်  ပန်းချီဆွဲနေလေ့ရှိသော ပန်းချီနန်းဝေကို “ မင်းသေရင် တက္ကသိုလ်မှာ တစ္ဆေဖြစ်မယ့် အကောင်”ဟု ပြောခဲ့ဖူးသည်။

ဆရာကြီး၏ရုံးစားပွဲနောက်တွင် ပန်းချီဦးစံဝင်း၏ ဆီဆေးရှုခင်းပန်းချီကားလေး တစ်ချပ်ကို ချိတ်ထားသည်။ “ကိုစံဝင်းနဲ့ဆရာက  သူငယ်ချင်းတွေကွ၊ အင်မတန်အေးဆေးပြီး စိတ်ထားကောင်းတဲ့ ပန်းချီဆရာတစ်ယောက်ပဲ။ သူ ဖွဖွရိုက်တဲ့စုတ်ချက်တွေက မိုနေးနဲ့တူတယ်။ သူဟာ အတွေးထဲမှာ ကြာကြာနေတဲ့ ပန်းချီဆရာတစ်ယောက်ပဲ။ အင်မတန်စိတ်ရှည်တယ်။ သူ့ရှုခင်းတွေကို ကြည့်ရတဲ့သူဟာ ကြည်နူးဆွတ်ပျံ့ဖွယ်အေးချမ်းတဲ့ အရသာ သန ္တရသကို အမြဲခံစားရတယ်။ ကိုစံဝင်းသာ ကဗျာဆရာဖြစ်မယ်ဆိုရင် ဆရာ့လို ကဗျာဆရာဖြစ်လိမ့်မယ်။ ဆရာလည်း ပန်းချီဆရာသာဖြစ်မယ်ဆိုရင် ကိုစံဝင်းလို ပန်းချီဆရာဖြစ်မှာ သေချာတယ်” ဟု ပန်းချီလှတင်ထွန်းကို ပြောခဲ့သည်။

“ကိုဘကြည်ကတော့ တစ်ဘာသာကွ။ သူက Observation သိပ်ကောင်းတဲ့ ပန်းချီဆရာ။ ကခြေသည်လို့ နာမည်ပေးထားတဲ့ ပန်းချီကားတစ်ကားမှာ မင်းသမီး လက်မြှောက်ကနေတဲ့ ကကြိုးကကွက်ကို လှလှပပ ရေးဆွဲထားတယ်။ မင်းသမီးလက်မြှောက် ကကြိုးကြောင့် ခါးတင်နေတော့ အတွင်းခံအင်္ကျီမှာ ချိတ်ထားတဲ့ တွယ်ချိတ်ကလေးတစ်ချောင်း ထောက်ခနဲ ပြုတ်ထွက်ဟန်ကိုပါ အမိအရ ထည့်ရေးနိုင်စွမ်းတဲ့ ဆရာတစ်ယောက်ပေါ့”ဟု လည်း ဝေဖန်ပြခဲ့သည်။ ပန်းချီဦးဘကြည်က “ကိုသိန်းဟန်(ဆရာဇော်ဂျီ)ကတော့ တော်တော်မြင်တတ်တဲ့ ပုဂ္ဂိုလ်ကွ၊ အေးလေ သူက စာရေးဆရာဆိုတော့ မြင်တတ်ပြောတတ်တာပေါ့ကွာ၊ ငါတောင်သတိမထားမိဘူး” အမှတ်ရခဲ့သည်။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့သည် ခေတ်စမ်းစာပေကို ထူထောင်သကဲ့သို့ ပန်းချီဦးစံဝင်း၊ ပန်းချီဦးဘ ကြည်တို့သည်လည်း ခေတ်ဆန်းပန်းချီကိုထူထောင်ခဲ့ကြသူများဖြစ်သည်။

ဆရာဇော်ဂျီသည် ဝတ္ထုရှည်၊ ဝတ္ထုတို၊ ပြဇာတ်၊ ကဗျာ၊ စာတမ်းငယ်၊ ရသ၊ ဒဿနနှင့် သမိုင်းဆိုင်ရာ ဆောင်းပါးစသော စာကောင်းပေမွန်များစွာကို ရေးသားခဲ့သည်။ ထိုအထဲတွင် မြန်မာပန်းချီလောကကို တိုးတက်စေလိုသော စေတနာဖြင့်ရေးသားခဲ့သော စာများလည်း ပါဝင်သလို ကိုယ်တိုင်လည်း မြန်မာ့ ပန်းချီဖွံ့ဖြိုးမှုလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့လေသည်။ ဆရာဦးအေးမြင့် (မြန်မာမှုဒီဇိုင်း သုတေသီ) က “ ဆရာသည် စာပေသာမက ပန်းချီကိုလည်း မြတ်နိုးသည်။ ကမ္ဘာ့ပန်းချီ၊ မြန်မာပန်းချီကို အတိတ်၊ ပစ္စုပ္ပန် နက်နဲစွာ သိမြင်၍ အနာဂတ်ကို မှန်းကြည့်သည်။ ဆောင်းပါးများစွာလည်း ရေးခဲ့သည်။ ပုဂံခေတ်ပန်းချီသဘော၊ ဗုဒ္ဓဝင်ပန်းချီ၊ မဟာယာနပန်းချီ၊ တန္တရပန်းချီ၊ ပုဂံကနုတ်ပန်း၊ ရှေးရိုးမြန်မာပန်းချီ၊ ဗုဒ္ဓဘာသာအနုပညာ၊ ဒုရင်ပါကြေးကွေး၊ ကြာဖူးကြာပွင့် အပြောက်အမွမ်း စသည်ဖြင့် ရေးသား၊ ဟောပြောမှုများ ပြုလုပ်ခဲ့ပါသည်” ဟု မှတ်တမ်းတင်ခဲ့သည်။ ဆရာဇော်ဂျီသည် မျက်မှောက်ခေတ်မြန်မာ ပန်းချီ၊ ပန်းချီမေတ္တာစာ၊ ရှေးရိုးမြန်မာပန်းချီ၊ မြန်မာ့ပန်းချီနောင်ရေး စသော ပန်းချီစာများဖြင့် ပန်းချီလောကကို အကျိုးပြုခဲ့သလို မြန်မာပြည်ပန်းချီကောင်စီ၊ နိုင်ငံလုံးဆိုင်ရာပန်းချီ နှင့် အနုပညာပြပွဲ၊ စာပေဗိမာန်ပန်းချီပြပွဲတို့တွင်လည်း အမှုဆောင်၊ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပန်းချီပြပွဲကော်မတီဝင် စသည်ဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း တပ်မတော်အလံများ၊ တံဆိပ်များ၊ ဝတ်စုံများနှင့် မော်ကွန်းဝင် စစ်ပန်းချီကားများ ရေးဆွဲရန် ပန်းချီအကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် ဆရာဇော်ဂျီသည် ပန်းချီဦးဘဉာဏ်၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ ပန်းချီဦးစံဝင်း၊ ဦးဘကြည်၊ ဦးငွေကိုင်၊ ဆရာမင်းသုဝဏ်၊ သခင်ဘသောင်း၊ ဗိသုကာဦးသာထွန်း၊ ဗိုလ်လကျ်ာတို့နှင့်အတူ ပါဝင်ခဲ့သည်။ စစ်အခြေအနေ တဖြည်းဖြည်း ဆိုးရွားလာချိန်တွင် ပန်းချီဦးဘဉာဏ်သည် ရွှေတိဂုံဘုရား၊ တနင်္ဂနွေထောင့် အလယ်ပစ္စယာဇရပ်တွင် နေထိုင်သကဲ့သို့ ဆရာမင်းသုဝဏ်သည်လည်း အနောက်တောင်ထောင့်ရှိ ဇရပ်တွင် နေထိုင်ခဲ့သည်။ ဆရာဇော်ဂျီမှာ သွေးဆေးကန်စောင်းတန်းအနီးရှိဇရပ်တွင် စာပေနှင့်စာကြည့်တိုက်ဌာနခွဲ ရုံးခန်းဖွင့်ထားလေသည်။ ပန်းချီကျော်နှင့် ကဗျာဆရာအကျော်အမော်များမှာ ဘုရားရင်ပြင်တွင် ဆုံကြသည်။ ထမင်းဆိုင်တွင် ဆုံသည်။ လက်ဖက်ရည်လည်း အတူသောက်ကြသည်။

ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်က ဦးဘဉာဏ်ကို ပန်းချီစာအုပ်တစ်အုပ်ထုတ်ဝေရန် တိုက်တွန်းကြသည်။ ဦးဘဉာဏ်၏အကြောင်းကို ရေးသားရန် မိမိတို့တွင် ဆန္ဒရှိကြောင်းလည်း ပြောဖြစ်ခဲ့ကြသည်။ ဆရာဇော်ဂျီက ဦးဘဉာဏ်၏ စုတ်ချက်ကြမ်းကြမ်း၊ ဆေးသား ထူထူပျစ်ပျစ်ဖြင့် ရေးဆွဲသောပန်းချီကားများကို မြင်တွေ့ဖူးကြောင်း၊ စုတ်ချက်နုနုနှင့် မှိုင်းမှိုင်းပျပျ ကားမျိုးကို ကြည့်လို ကြောင်း၊ ရွှေတိဂုံညကားတစ်ချပ် ရေးဆွဲစေလိုကြောင်း တိုက်တွန်းခဲ့သည်။ ဆရာဇော်ဂျီ တိုက်တွန်းပြီးနောက်ပိုင်းတွင် ဦးဘဉာဏ်၏ နာမည်ကျော် နံနက် ၃ နာရီအမည်ရ ရွှေတိဂုံပန်းချီကားကြီး ပေါ်ထွက်လာခဲ့လေသည်။  ထိုလက်ရာမြောက်ပန်းချီကားကြီးကို  ဂျပန်ဘုရင်အား လက်ဆောင်ပေးခဲ့သဖြင့် ဆရာဇော်ဂျီအပါအဝင် ပန်းချီ၊ ကာတွန်း၊ စာပေဘက်မှ ပုဂ္ဂိုလ်များမှာ စိတ်မကောင်း ဖြစ်ခဲ့ကြရသည်။

လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ အထက်အောက်တွင် မြန်မာပြည်ပန်းချီသမဂ္ဂ၊ မြန်မာပြည်ပန်းချီအကယ်ဒမီ၊ ပန်းပုပညာရှင်များအသင်း စသည်ဖြင့် အနုပညာအသင်းများ တကွဲကွဲတပြားပြားဖွဲ့စည်းနေခဲ့ကြသည်။ ထိုအချိန်တွင် ဆရာဇော်ဂျီမှာလည်း စစ်အတွင်း ပျက်စီးသွားသော ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် အလုပ်များနေချိန်ဖြစ်သည်။ သို့သော် ပန်းချီအဖွဲ့အစည်းများ အစိုးရနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနိုင်မှုနည်းပါးနေခြင်းကို သတိပြုမိခဲ့ကြသည်။ ထို့ကြောင့် ဗိုလ်လကျ်ာဦးဆောင်မှုနှင့်အတူ ယင်းကိစ္စများကို ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အသိပေး အကြောင်းကြား တင်ပြခဲ့ကြသည်။ ထို့နောက် ပညာတတ်လူကြီးလူကောင်းများ၊ ပညာရှင်များ အများစုပါဝင်သည့် မြန်မာပြည်ပန်းချီကောင်စီကို ဖွဲ့စည်းခဲ့ကြသည်။ ထိုကောင်စီမှ ရှေးရိုးပန်းချီ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပန်းချီပညာအဆင့်အတန်း မြင့်မားရေးအတွက် ပန်းချီပြပွဲများကျင်းပရေး၊ ပန်းချီကျောင်းများတွင် သင်ရိုးညွန်းတမ်းများ ရေးဆွဲရေး၊ ပန်းချီ ပန်းပုဆရာများကို ဘွဲ့ထူးဂုဏ်ထူးများပေးရေး၊ အနုပညာရှင်များအတွက် အဆောက်အအုံပေးရေး၊ နှစ်စဉ်ထောက်ပံ့ကြေးပေးရေး၊  ယဉ်ကျေးမှုဝန်ကြီးခန့်ရာတွင် ယဉ်ကျေးမှုအနုပညာကို စိတ်ပါဝင်စားသူကိုသာခန့်ရေး၊ ညွှန်ကြားရေးဝန်ကို အနုပညာကို နားလည်တတ်ကျွမ်းသူကိုသာ ခန့်အပ်ရန်စသည့် အကြံဉာဏ်များ ပေးခဲ့ကြသည်။

ဆရာဇော်ဂျီသည် မြန်မာပန်းချီသမိုင်းကို ပုဂံခေတ်ပါလပန်းချီ၊ မန္တလေးခေတ်ဘက်သို့ ချဉ်းကပ်လာလေလေ မြန်ဆံလာလေလေ ဖြစ်သော ကုန်းဘောင်ခေတ်ပန်းချီ၊ ထို့နောက် နိုင်ငံတကာပန်းချီစနစ်များကို လက်ခံလာသော ဥရောပပန်းချီဟူ၍ မြန်မာပန်းချီဘ၀ သုံးဘဝကို ခွဲခြားပြခဲ့သည်။ ထို့နောက် “ စေတနာဖြစ်လာလျှင် ထိုစေတနာသည် ကျင့်သားရနေသော ပန်းချီစုတ်တံကို  ဦးဆောင်သွားမည်မှာ မုချဖြစ်သည်။ ထိုပန်းချီစုတ်တံမျိုးမှ ဖွားမြင်လာသော  ပန်းချီကားမျိုးသည် အပေါ်ယံ အလှကို ကျော်လွှားလျက်၊ ပီတိနှင့်ယှဉ်သော   လောကအမြင်အသိကို  ဝါ ဘဝအမြင်အသိကို ပေးနိုင်မည်မှာ မုချဖြစ်သည်။ ကျွန်တော်သည် ပန်းချီမြတ်နိုးသူအဖြစ်ဖြင့် ထိုသို့သော လောကအမြင်အသိကို ဝါ ဘဝအမြင်အသိကို  မြန်မာပန်းချီကားများမှ၊ အခါခပ်သိမ်း မဟုတ်စေကာမူ၊ ရံဖန်ရံခါရချင်ပါဘိ၏။ ရပါရစေဟု မေတ္တာရပ်ခံပါသည် ဆရာတို့” ဟု ပန်းချီမေတ္တာစာရေးခဲ့လေသည်။

ဆရာဇော်ဂျီနှင့်မိတ်ဆွေများ၏ ဆောင်ရွက်မှုများတွင် အထူးခြားဆုံးနှင့်အပေါ်လွင်ဆုံးမှာ စာပေဗိမာန် ပန်းချီပန်းပုပြပွဲများပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ စာပေဗိမာန်ပန်းချီ ပြပွဲကော်မတီတွင် ဆရာဇော်ဂျီသည် ဗိုလ်လကျ်ာ၊ အိုင်စီအက်စ်ဦးလှရှိန်၊ ဆရာမင်းသုဝဏ်၊ ဦးမျိုးမင်း၊ ပန်းချီဦးအုန်းလွင်၊ ဦးငွေကိုင်၊ ဦးစံဝင်း၊ ဦးဘကြည်တို့နှင့်အတူ ပန်းချီကားများကို စိစစ်ရွေးချယ်ပေးခဲ့သည်။ ထို စာပေဗိမာန်ပန်းချီပြပွဲသည် မြန်မာပန်းချီ ဆရာအများအပြားကို မြေတောင်မြှောက်ပေးနိုင်ခဲ့သည်။ ပန်းချီမောင်ငွေထွန်း၏ ဆရာကြီး သခင်ကိုယ်တော်မှိုင်း မင်ခြစ်ပန်းချီကိုကြည့်၍ “ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပုံဆွဲတဲ့နေရာမှာ ပန်းချီမောင်ငွေထွန်းရဲ့လက်ရာဟာ သိပ်ကောင်းတာပဲ”ဟု ဆိုခဲ့သည်။

မော်ဒန်အတ်နှင့်ပတ်သက်၍လည်း  ဆရာဇော်ဂျီက “အနောက်နိုင်ငံများ၌ ယခုအခါ ခေတ်စားနေသော မော်ဒန်အတ်ခေါ် ခေတ်ပန်းချီ (ဝါ) စိတ္တဇပန်းချီသည် မြန်မာနိုင်ငံသို့ရောက်လာပြီဟု မဆိုသာသေးချေ။  မျက်မြင်ရုပ်သွင်ဖြင့် တင်စားရေးဆွဲခြင်း မပြု သော ရုပ်မဲ့ စိတ္တဇပန်းချီမျိုးကို မဆိုထားဘိ၊  မျက်မြင်ရုပ်သွင်ဖြင့် တင်စားရေးဆွဲခြင်းပြုသော ရုပ်ရှိ စိတ္တဇပန်းချီမျိုးကိုပင် မြန်မာပရိသတ်က ယခု အဆင့်တွင် လက်ခံနိုင်ဦးမည်ဟု မထင်မိချေ။ သို့ရာတွင် စိတ္တဇပန်းချီလမ်းစဉ် ကို ကြားနေမြင်နေကြသော ပွင့်သစ်စ ပန်းချီဆရာငယ်များအနက် ဦးနန်းဝေနှင့်ဦးအောင်စိုးတို့သည် အားပေးမှုကို မရကြသော်လည်း၊  လက်တည့်စမ်းခဲ့ကြလေပြီ။ ထိုဆရာငယ်နှစ်ဦးသည် မျက်မြင်ရုပ်ဝတ္ထု၏ အသွင်ကို  ရှောင်နိုင်သမျှ ရှောင်၍ မိမိတို့၏ စေတနာကို  ဖွဲ့နွဲ့ရေးဆွဲရန် အားထုတ်လိုဟန်ရှိ၏ဟု ထင်မိသည်”ဟု သုံးသပ်ခဲ့လေသည်။ တစ်ကြိမ်က  ဖန်မီးအိမ်ကဗျာဆရာတင်မိုးကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တက္ကသိုလ်၊ ပုဂံလမ်းရှိ ဆရာ   ကြီးနေအိမ်တွင် ထမင်းစားပွဲတစ်ခု ကျင်းပခဲ့သည်။ ဆရာကြီးသည် ဦးဘဇော် မြန်မာ့ပန်းချီလောကကို တိုးတက်အောင် ဆောင်ရွက်ခဲ့ခြင်းများကို ပြောပြီး ပန်းချီနန်းဝေကိုလည်း အများကြီး မျှော်လင့်ထားကြောင်း ဆိုခဲ့သည်။

ရည်ညွှန်း

မျက်မှောက်ခေတ် မြန်မာပန်းချီ (ဇော်ဂျီ)

မြန်မာအနုပညာ ဝေဖန်ချက် (ဇော်ဂျီ)

ပန်းချီမေတ္တာစာ (ဇော်ဂျီ)

ရှေးရိုးမြန်မာ ပန်းချီ (ဇော်ဂျီ)

ရှန်တိနိကေတန်မှ ပန်းချီပညာသင်ဘဝ

(ဗဂျီအောင်စိုး)

ဆရာဇော်ဂျီနှင့် ကျွန်တော် (ပန်းချီလှတင်ထွန်း)

စာရေးသူ၏မှတ်စုများ

Most Read

Most Recent