ရေခပ်သမလေး

ရေခပ်သမလေး
Published 2 May 2018

ဟားခါးမြို့တွင် သောက်သုံးရေခပ်နေသူများကို တွေ့ရစဉ်

ခုနစ်အရွယ်မျှသာရှိသေးသော ကလေးမလေး ‘မြသွေး’သည် နံနက်မိုးလင်းလာပြီဆိုသည်နှင့် ရေအိုးလေးတစ်လုံးကို ပိုက်ကာ ရွာထိပ်ရှိ ရေကန်လေးဆီသို့ ရောက်လာလေ့ရှိသည်။ တကယ်တော့ မြသွေး အသက် ငါးနှစ်ရှိကတည်းက ယခုကဲ့သို့ ရေခပ်တာဝန်ကို ထမ်းဆောင်လာခဲ့ရခြင်ဖြစ်ပါသည်။ မြသွေးကလည်း နံနက်ခင်း ရေခပ်ဆင်းလာရတိုင်း အမြဲပျော်သည်။ နေ့စဉ် ရေခပ်ရသောကြောင့်  တစ်ခါမှ မညည်းညူခဲ့စဖူးပါ။ အဘယ်ကြောင့်ဆိုသော် ရေခပ်ဆင်းရခြင်းကို သူ၏နေ့စဉ်အလုပ်ဝတ္တရားဟု ခံယူထားသောကြောင့်ဖြစ် သည်။ ထို့အပြင် သူ ခပ်လာသောရေကို အဖေ နှင့် အမေချိုးရသည်။ ထိုရေကိုပင် အမေက ဘုရားသောက်တော်ရေအဖြစ် လဲလှယ်ပူဇော်သည်။ ထိုရေကိုပင် ဘုရားပန်းအိုးထဲသို့ ထည့်ရသည်။ ထိုရေကိုပင် ထမင်းဟင်းချက်ပြုတ်ရာတွင် အသုံးပြုရသည်။ ပြောရလျှင် မြသွေး ခပ်လာခဲ့သောရေသည် တစ်အိမ်လုံးအတွက် အသုံးဝင်ဆုံး မရှိမဖြစ် မပါမဖြစ်ဟုပင် ဆိုလောက်ပါပေသည်။ ထို့ကြောင့် ရေခပ်ရသည်ကို မြသွေး ပျော်သည်။

သို့သော် ရေကန်ထဲသို့ ထိုးထားသည့် ဝါးတံတားလေးပေါ်လျှောက်ကာ ရေကန်ထဲ အိုးနှစ်ခါနီးတိုင်း မြသွေး သတိထားရသော အရာတစ်ခုရှိသည်။ ထိုအရာမှာ ကြည်လင်နေသည့် ကန်ရေပြင်မှာ ပေါ်လာသည့် မိမိ မျက်နှာလေးကို မကြည့်မိအောင် သတိထား ရခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ယောင်မှားပြီး သတိမေ့ကာ ကြည့်မိလေတိုင်း မြသွေး စိတ်ဆင်းရဲရသည်။ ကန်ရေပြင်ကြေးမုံမှာပေါ်နေသော သူ့မျက်နှာ မလှမပက သူ့ကို ခြောက်လှန့်နေသကဲ့သို့ ခံစားရသည်။ ထိုအခါ မြသွေး မပျော်တော့။ မြသွေး စိတ်မချမ်းသာတော့။ ‘ငါ သိပ်အရုပ်ဆိုးတာပဲ’ဟု တွေးမိကာ သူ့ပါးပြင်ကို ယောင်ရမ်းပွတ်သပ်မိသည်။ မြသွေးသည် လူမှန်းသိတတ်စအရွယ်ကတည်းက သူ့ကိုယ်သူ ‘လှ’သည် ‘ချော’သည်ဟု မခံစား ခဲ့ရ။ သူ့ပတ်ဝန်းကျင်ကလည်း မြသွေးကို ‘ချောလိုက်တာ’ ‘လှလိုက်တာ’ဟု တစ်ခါမှ မ ချီးမွမ်းစဖူးခဲ့ချေ။ ယုတ်စွအဆုံး အမေနှင့် အဖေကလည်း ‘ငါ့သမီးလေးက ချောလိုက်တာ’ ဟု တစ်ခွန်းမျှပင် မပြောပြခဲ့ဖူးချေ။ ထို့ကြောင့်  မြသွေးသည် သူ့ကိုယ်သူ ချောသည် လှသည်ဟု မထင်မိ။ မထင်ရုံတင်မက ‘ရုပ်ဆိုးသည်၊ အကျည်းတန်’သည်ဟုပင် ထင်မြင်နေမိပါ တော့သည်။ ထိုကဲ့သို့ ထင်မြင်ယူဆမိသည့် နောက်ပိုင်း မြသွေးတစ်ယောက် ရေခပ်ဆင်းတိုင်း ကြေးမုံကန်ရေပြင်ကို ငုံ့ကိုင်းကာ မကြည့်မိအောင် သတိထားလာခဲ့ပါသည်။ ရေပြင်နှင့် အနီးဆုံး ဝါးတံတားထိပ်နားကို ရောက်သည်နှင့် အသာအယာထိုင်ချကာ ရေအိုးကို ကန်ရေပြင်ထဲ ဆွဲနှစ်လိုက်သည်။ ဂယက်ထသွားသော ကန်ရေပြင်ထဲမှ သူ့ပုံရိပ်က မတည်မငြိမ် လှုပ်ရှားယိမ်းယိုင်နေလေသည်။ ထိုအခါ သူ့မျက်နှာကိုလည်း ပီပီပြင်ပြင် မမြင်ရတော့ချေ။ သူ ရုပ်ဆိုးသလား၊ ရုပ်လှသလား ဆိုသည်ကိုလည်း မသိရတော့ချေ။ ရေပြည့် အိုးလေးကို ခေါင်းပေါ်ရွက်ကာ မြသွေး ဝါးတံတားလေးအတိုင်း ကမ်းပေါ်တက်လာခဲ့သည်။ ဤသို့ဖြင့် မြသွေးသည် နံနက်မိုးလင်းတိုင်း သူ့အိမ်ရှင် စဉ့်အိုးနှစ်လုံး ရေမပြည့်မချင်း အခေါက်ခေါက် အခါခါ ရေခပ်ဆင်းနေမိပါတော့သည်။

ထိုကဲ့သို့ နေ့စဉ်ရက်ဆက် မပျက်မကွက် ရေခပ်ဆင်းလာခဲ့ရာ ယခုဆိုလျှင် မြသွေးတစ်ယောက် အပျိုပေါက်လေးပင် ဖြစ်လာခဲ့ပါပြီ။ ပျိုရည်ပျိုသွေးရွှန်းစိုစ ပန်းဖူးငုံလေးသဖွယ်မို့ ရွာထဲရှိ ကာလသားလူပျိုကလေးများကလည်း မြသွေးကိုမြင်လျှင် စချင်နောက်ချင် ဖိုသံပစ်ချင်နေကြလေသည်။ သို့သော် မြသွေး သည် ကာလသားများနှင့် ရောရောနှောနှော ရယ်ရယ်မောမော နေလေ့မရှိပါ။ ဣန္ဒြေတစ်ခွဲသားနှင့် မျက်နှာကို ခပ်တည်တည်ပင်ထားကာ ခပ်မှန်မှန်ပင် နေလေ့ရှိသည်။ ပြောစရာရှိလျှင် ပြောသည်။ လုပ်စရာရှိလျှင် လုပ်သည်။ ရွာထဲမှာ သာရေးနာရေးရှိလာပါက မိမိတတ်နိုင်သည့်နေရာမှ ကူညီလုပ်ကိုင်ပေးလေ့ရှိသည်။ ရွာထဲတွင် ရှင်ပြုပွဲရှိပါက ကွမ်းတောင်ပန်းတောင်ကိုင် လှပျိုဖြူများထဲသို့ မြသွေးတစ်ယောက် ရောနှောက ဝင်ပါလေ့မရှိချေ။ လူမသိ သူမသိ ခပ်လှမ်လှမ်းတစ်နေရာမှ သာ မသိမသာ လိုက်ပါသွားလေ့ရှိသည်။ သို့ သော် မြသွေးစိတ်ထဲ အားငယ်သလို ဝမ်းနည်းသလိုလည်း မဖြစ်မိချေ။ ‘ငါနဲ့ သင့်တော်တဲ့ ငါလုပ်နိုင်တဲ့ နေရာကနေ ငါ နိုင်သလောက် ဝင်ကူညီပေးမယ်’ဟုသာ သူ စိတ်ပိုင်းဖြတ်ထားလေသည်။ ကွမ်းတောင် ပန်းတောင်မကိုင်ရ၍ မြသွေး ဝမ်းမနည်းပါ။ မိမိ ကူညီနိုင်ပါလျက် မကူညီလိုက်ရလျှင်သာ မြသွေး စိတ်မကောင်းဖြစ်နေမှာ သေချာသည်။ မြသွေးသည် ပင်ကိုကပင် စကားလည်းနည်း ထင်ထင်ပေါ်ပေါ်လည်း နေလေ့မရှိသောကြောင့် အပေါင်းအသင်းသူငယ်ချင်းလည်း နည်းရှာပါသည်။ တိုးတိုးဖော် တိုင်ပင်ဖက်တစ်ယောက်စ နှစ်ယောက်စသာ ရှိရှာလေသည်။ သို့သော် မြသွေး ဘယ်လိုမှမနေ ဘယ်လိုမှမဖြစ်။ စိတ်လည်း မညစ်ပါ။ အေးအေးဆေးဆေး သာသာယာယာပါပဲ။

ပုံမှန်နံနက်တိုင်း ရေခပ်ဆင်းသည့် ဓလေ့ကတော့ ယခုအချိန်ထိ မြသွေး တစ်နေ့တစ်ရက်မျှ မပျက်ကွက်ခဲ့ပါ။ ရေပြည့်အိုးလေးရွက်ကာ ရေခပ်လာသော မြသွေးကို လမ်း သွားလမ်းလာများက ငေးကြည့်နေလေ့ရှိသည်။ ခြေလှမ်းတိုင်း လှုပ်နေသော ရေအိုးထဲမှ စီးကျလာသောရေများသည် မြသွေး၏ မျက်နှာကလေးကို မျက်နှာသစ်ပေးနေသကဲ့သို့ ထင်မှတ်ရသည်။ သနပ်ခါးလူးထားသော မြသွေးပါးပြင်ပေါ်သို့ စီးကျလာသည့်ရေကြောင့် သနပ်ခါးလေးတွေ ဘယ်တော့မှ မခြောက်။ အမြဲစိုနေကြလေသည်။ သနပ်ခါးစိုစိုလေးနှင့် မြသွေးမျက်နှာလေးသည် တက်သစ်စနေရောင်အောက်မှာ ချောမွေ့ဝင်းမွတ်နေသလိုလို။ ကာလသားအချို့သည် သူ့ကို ချောင်းကြည့်နေကြမှန်း သိပင်သိငြားသော်လည်း ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့ အမူအရာနှင့် ခြေလှမ်းမမှားအောင် ဂရုတစိုက်လှမ်းသည်။ အိုးထဲမှရေ မဖိတ်စင်ဘဲ စဉ့်အိုးထဲ ချောချောမောမောရောက်ဖို့ အရေးကိုသာ မြသွေးတွေးပါသည်။ ‘ငါ ခပ်လာတဲ့ရေကို အဖေနဲ့ အမေ နေ့စဉ်ချိုးနေရပါလား’ဟု တွေးရင်း မြသွေး ကြည်နူးမိပါသည်။ ‘ဘုရားသောက်တော်ရေ သုံးတော်ရေ ပန်းတော်ရေ လဲတာကလည်း ငါ ခပ်လာတဲ့ ရေနဲ့ပါလား’ဟု စဉ်းစားရင်း မြသွေးပီတိဖြစ်မိပါသည်။ ‘ဟင်းချက် ထမင်းချက်တော့လည်း ငါခပ်လာတဲ့ရေနဲ့ပဲ။ အို နေရာတိုင်းမှာ ငါ ခပ်လာတဲ့ရေနဲ့ မလွတ်ကင်းပါလား’ဟု လမ်းတစ်လျှောက် တွေးရင်း တွေးရင်း မြသွေးတစ်ယောက် ပျော်နေမိသည်။ မိမိခြေထောက်နှင့် မြေပြင်မထိသလိုပင် ခံစားရကာ မြသွေးစိတ်ထဲ မြောက်ကြွမြောက်ကြွ ဖြစ်နေမိပါသည်။ ယနေ့ မြသွေးအဖို့ ခါတိုင်းထက်ပင် ပိုပျော်နေသလို ခံစားရသည်။

ရေကန်ဆီသို့လျှောက်လာသည့် လမ်းတစ်လျှောက် မြသွေးခြေထောက်တွေ သွက်လက်မြူးကြွနေသည်။ စိမ်းလဲ့နေသော ကန်ရေပြင်ပေါ်သို့ နေရောင်က ဖြာကျလျက်ရှိသည်။ ပကတိကြည်လင်နေသော ကန်ရေ ပြင်သည် ဧရာမကြေးမုံချပ်ကြီးသဖွယ်။ လာလှည့်ပါ ရှုလှည့်ပါဟု ဖိတ်ခေါ်နေသည့်အလား။ ကန်ရေပြင်ကို ဖြတ်တိုက်လာသော လေနုအေးသည် မြသွေးမျက်နှာလေးကို ပွတ်သပ်ကျီစယ်သွားသည်။ အို ကြည်နူးစရာ ကောင်းလိုက်တာ။ ဝါးတံတားလေးအတိုင်း မြသွေး ဆင်းလာခဲ့သည်။ တံတားထိပ်သို့ ရောက်သောအခါ အသာထိုင်ချလိုက်ပြီး လက်ထဲမှာ ကိုင်ထားသည့်အိုးကို ဆွဲနှစ်ဖို့ရန် ပြင်လိုက်စဉ်မှာ။ အို ... ဘုရားရေ။ ကြည့်စမ်း ချောမောလှပလိုက်တဲ့ ကောင်မလေး တစ်ယောက်။ ဘယ်သူပါလိမ့်။ မြသွေး ဆတ်ခနဲ ရင်ခုန်သွားသည်။ ကြေးမုံကန်ရေပြင်မှာ မိန်းမလှလေးတစ်ယောက်။ ချောမွေ့ဝင်းမွတ်နေသည့် မျက်နှာလှလှလေး။ မြသွေး ခေတ္တ ခဏ မှင်တက်မိသွားသည်။ သူ့နောက်မှာ ဘယ်သူများ ရောက်နေပါလိမ့်ဟု တွေးကာ ဗြုန်းခနဲ လှည့်ကြည့်လိုက်သည်။ ဟင် ဘယ်သူမှ မရှိပါလား။ ဒါ ... ဒါဆို။ အို ဒီမျက်နှာ လှလှလေးက ငါလား။ ဒါ မြသွေးလား။ အို ဖြစ်နိုင်ပါ့မလားကွယ်။ မြသွေး သူ့ပါးပြင်လေးကို ယောင်ယမ်းပွတ်သပ်လိုက်မိသည်။ ဘုရားရေ ကြေးမုံပြင်ထဲမှာလည်း ကောင်မလေးက သူ့ပါးပြင်ကို သူ ပြန်ပွတ်လို့။ အို မယုံနိုင်စရာပါပဲလားကွယ်။ မြသွေး ရေခပ်ရန် မေ့နေသည်။ ကန်ရေပြင်ထဲမှ သူ့ပုံရိပ်ကို မယုံနိုင်သလို ငေးမောနေမိသည်။ နောက်မှ သတိရကာ ရေအိုးကို ခပ်သွက်သွက် ဆွဲနှစ်ကာ မယူပြီး ခေါင်းပေါ်ရွက်တင်လိုက်သည်။ မြသွေး စိတ်အရမ်းစောနေသည်။ အိမ်ကို မြန်မြန်ရောက်ချင်နေသည်။ သူ့ခြေထောက်များ မြေကြီးနှင့်ပင် ထိသည်ဟု မထင်တော့ချေ။

အိမ်သို့ရောက်သောအခါ စဉ့်အိုးထဲသို့ ရေကိုလောင်းထည့်ကာ အိမ်ပေါ်သို့ ခပ်သုတ် သုတ်တက်လာခဲ့သည်။ အမေသည် မီးဖိုချောင်ထဲမှာ ထမင်းအိုး တည်ရင်း ထိုင်နေသည်။ အမေ့အနားမှာ ကပျာကယာ ထိုင်ချလိုက်သော မြသွေးကို အမေက မော့ကြည့်သည်။

‘ဟဲ့ သမီး ရေခပ်လို့ ပြီးပြီလား’

မြသွေးသည် အမေ့မေးခွန်းကို ပြန်မဖြေအား။

‘အမေ ... အမေ .. သမီးမျက်နှာကို ကြည့်ပါဦး’

အမေ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း မြသွေး အမောတကော မေးမိသည်။

‘သြော် ငါ့သမီးနှယ် ဘာများဖြစ်လာသတုံး။ မှန်း ငါ့သမီးမျက်နှာကို သေချာကြည့်ပါဦးမယ်’

မြသွေးသည် တဆတ်ဆတ်ခုန်နေသော ရင်ဖြင့် အမေ့မျက်လုံးများကို လိုက်ကြည့်နေမိသည်။ အမေ့မျက်လုံးများသည် ပထမတော့ သာမန်ပင်။ သို့သော် တဖြည်းဖြည်း ပြူးကျယ် ဝိုင်းစက်ကာ တအံ့တသြအသွင် ဆောင်သွားကြလေသည်။

‘ငါ့သမီးမျက်နှာကို အမေ သတိထားမကြည့်မိတာ တော်တော်လေးကြာပြီ။ ကြည့် စမ်း အခုမှ သေချာကြည့်မိတယ်။ ငါ့သမီး မျက်လုံးလေးတွေက ဝိုင်းစက်ပြီး ကြည်လင်နေတာပဲ။ ပါးလေးတွေကလည်း ချောမွေ့ ဝင်းမွတ်နေလိုက်တာ။ နှုတ်ခမ်းလေးကလည်း ဘာမှမဆိုးရဘဲ သဘာဝအတိုင်းလေး စွေးစွေးနီလို့။ တကယ်တော့ အမေ့သမီးက မိန်းမချော မိန်းမလှလေးတစ်ယောက်ပါပဲ’

‘အမေ အမေ တကယ်ပြောတာလား ဟင်’

‘သြော် သမီးရယ် အမေ တကယ်ပြော နေတာပါကွယ်’

‘ဝမ်းသာလိုက်တာ အမေရယ်’

အခုတော့ မြသွေးတစ်ယောက် မိန်းမလှလေးတစ်ယောက် ဖြစ်သွားခဲ့ပါပြီ။

Most Read

Most Recent